တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ (၁၁)

တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ (၁၁)
Published 21 August 2018

Photo ; Judicial Corruption

ဗိုလ်ချုပ်ကြီးခင်ညွန့်၏ မိန့်ခွန်းနှင့် ဟုတ်ကဲ့ဘတ်

အောက်လမ်းဆရာမှာ သူမွေးသည့် သရဲက သူ့ပြန်ပြီး ကုပ်ချိုးသတ်မည့် အခြေအနေ ဆိုက်လာသည့်အခါ ကမ္မဝါစာ ဖတ်ရတော့သည်။ (၂၂.၈.၁၉၉၄) ရက်နေ့တွင် သူနာပြုတက္ကသိုလ် အစည်းအဝေးခန်းမ၌ နဝတအတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးခင်ညွန့်က တရားရုံးချုပ်၊ ပြည်နယ်နှင့်တိုင်း၊ ခရိုင်တရားသူကြီးများ၊ ဥပဒေအရာရှိများလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။ ‘မင်းပင်ကောင်းလျက် မင်းမြှောင်ဖျက်’၊ ‘ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်’ စသည့် စကားပုံများ သုံးစွဲကာ တရားစီရင်ရေးကို လက်ညှိုးထိုးတော့သည်။ တရားရုံးချုပ်ကလည်း ၎င်း၏ လမ်းညွှန်မိန့်ခွန်းကို ၁၉၉၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးများ စာအုပ်အဖွင့်တွင် ထည့်သွင်းဖော်ပြခဲ့သည်။ စစ်အာဏာရှင်များလက်ထက် တရားစီရင်ရေး၏ ရုပ်လုံးအား သူ့မိန့်ခွန်းမှ ကောက်နုတ်တင်ပြလိုက်ရပါတော့သည်။

“တရားစီရင်ပိုင်ခွင့်ကို ကိုယ်ကျိုးအသုံးပြုပြီး ဆောင်ရွက်ကြတဲ့ သာဓကအချို့ကို ပြောရမယ်ဆိုရင်

- ဘိန်းဖြူချက်လုပ်ရာမှာ အသုံးပြုတဲ့ အက်စစ်ရည်များနဲ့ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိတဲ့အမှုမှာ တရားခံက ဝန်ခံထွက်ဆိုခဲ့ပါလျက်နဲ့ လာဘ်ငွေရယူပြီး တရားခံကို လွှတ်ပေးခဲ့ပါတယ်။ ဒီအမှုမှာ တရားသူကြီးနဲ့ သက်ဆိုင်ရာ ဥပဒေအရာရှိနှစ်ဦးစလုံးဟာ တရားခံ ရှေ့နေထံကတစ်ဆင့် လာဘ်ငွေတွေ ရယူခဲ့တာကို အရုပ်ဆိုးအကျည်းတန်စွာ ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။

- ငွေစက္ကူအတုတွေ လက်ခံဖြန့်ဝေတဲ့ အမှုတစ်ခုမှာ ငွေစက္ကူအတုတချို့ မြေမြှုပ်ဖျောက်ဖျက်ထားတာကို သိမ်းဆည်းမိတဲ့အပြင် ငွေစက္ကူအတုတချို့ကို မီးရှို့ဖျက်ဆီးထားတဲ့ အထောက်အထားနဲ့ တရားခံသုံးဦးရဲ့ ဖြောင့်ချက်တို့ ပါရှိပါလျက်နဲ့ တရားခံတွေကို လွှတ်ပစ်ခဲ့တာ တွေ့ရပါတယ်။

- မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌတစ်ဦးက မြို့နယ်အတွင်း အဆောက်အအုံ ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး လာဘ်ငွေတောင်းခံခဲ့တဲ့အမှုမှာ ပြည်သူ့ရဲမှုခင်းတပ်ဖွဲ့ရဲ့ အစီအစဉ်နဲ့ နံပါတ်မှတ်သားပြီး ဆေးမှုန့်ဖြူးထားတဲ့ လာဘ်ငွေကို ပေးစေပြီးမှ သက်သေနဲ့တကွ ရှာဖွေသိမ်းဆည်းရမိခဲ့တဲ့ အထောက်အထားတွေရှိပေမဲ့ မှားယွင်းမှုအဖြစ် လွှတ်ပစ်ခဲ့တာ တွေ့ရပါတယ်။

- ကျွန်းသစ်ခွဲသား ၈၅ ချောင်းကို မော်တော်ယာဉ်ပေါ်မှာ ဖမ်းဆီးရရှိမှုနဲ့ ကျွန်းသစ် ၆၈ လုံးကို တောတွင်းမှာဖမ်းဆီးရမိမှုမှာ တရားခံတွေကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက် ဥပဒေပုဒ်မ ၆(၁) နဲ့ တရားစွဲဆို တင်ပို့ခဲ့ပါတယ်။ ဒါကို သစ်တောဥပဒေပုဒ်မ ၄၃ (က) နဲ့ ပြောင်းပြီး ဒဏ်ငွေကျပ် ၂၅၀၀ နဲ့ ထောင်ဒဏ် တစ်လစီသာ အမှုနှစ်ခုစလုံးအတွက် တပေါင်းတည်း ချမှတ်ခဲ့တာ တွေ့ရပါတယ်။

- ကျောက်စိမ်းအရိုင်းတုံး ကျပ်တစ်သိန်းကျော် ဖိုးဖမ်းဆီးရမိတဲ့အမှုမှာ လာဘ်ငွေရယူပြီး တရားခံတွေကို ထောင်ဒဏ် ၁၅ ရက်နဲ့ ဒဏ်ငွေ ကျပ် ၃၀၀၀ ချမှတ်ခဲ့တာလည်း ရှိပါတယ်။

- ရေကြောင်းဦးစီးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ ရေယာဉ်တည်ဆောက်တာကို စီမံချက်နဲ့ အရေးယူတဲ့အမှုမှာ လှေတစ်စင်းကို ကျပ် ၅၀၀ နှုန်း လာဘ်ငွေယူခဲ့တာလည်း တွေ့ရပါတယ်။

- ချဲထီထိုးနေတုန်း သက်သေခံစာရွက်စာတမ်း၊ ငွေကြေးတွေနဲ့အတူ တွေ့ရှိဖမ်းဆီးမိတဲ့ အမှုတစ်ခုမှာ ချဲထီထိုးသူကိုသာ ထောင်ဒဏ်ချမှတ်ခဲ့ပြီး ချဲထီဒိုင်ကို လွှတ်ပစ်ခဲ့တာတွေ့ရပါတယ်။

- ဒါတင်မက တရားသူကြီးတချို့ရဲ့ ကျင့်ဝတ်သိက္ခာနှင့်မလျော်ညီဘဲ အများအမြင် မတင့်တယ်အောင် ဆောင်ရွက်နေတဲ့သာဓကတချို့ကိုလည်း တွေ့ရှိရပါတယ်။

ဒါတွေကတော့

- အာမခံရရှိရေး၊ ဒါမှမဟုတ် အာမခံမပေးရေးအတွက် လာဘ်ငွေတောင်းခံတာတွေ၊ အာမခံကိစ္စ၊ စွဲချက်ကိစ္စနဲ့ အပြီးသတ် အမိန့်ချမှတ်ရာမှ အဆင့်အလိုက် လာဘ်ငွေတောင်း ခံတာတွေ၊ အမှုကျေအေးပေးဖို့အတွက် အများအမြင်မရှင်းဖွယ် ဝင်ရောက်စေ့စပ် ဆောင်ရွက်ပေးတာတွေ၊

- သက်သေခံပစ္စည်းကို ခံဝန်နဲ့ ပြန်လည်ထုတ်ပေးရာမှာ ရုံးပိတ်ရက်မှာ ထုတ်ပေးတဲ့အတွက် အများအတွက် သံသယရှိစရာဖြစ်ရတာတွေ၊

- သက်သေခံအဖြစ် သိမ်းဆည်းထားတဲ့ မော်တော်ယာဉ်ကို တရားသူကြီးက မောင်းနှင်အသုံးပြုတာတွေ၊

- ဥပဒေအရ စီရင်ပိုင်ခွင့်မရှိတဲ့ အမှုတွေကို တရားလက်လွှတ်လက်ခံ စီရင်နေတာတွေ၊

- အမှုသည်တွေ၊ ပြင်ပရှေ့နေတွေနဲ့ အများပြည်သူ အမြင်မရှင်းဖွယ်ရာ ပေါင်းသင်းဆက်ဆံ သွားလာစားသောက်နေကြတာတွေ၊

ပြစ်မှုနဲ့ပြစ်ဒဏ် လျော်ညီအောင် မချမှတ်ဘဲ တရားသူကြီးနဲ့ ဥပဒေအရာရှိပူူးပေါင်းပြီး ပြစ်ဒဏ်လျော့နည်းသက်သာအောင် ဖန်တီးတာတွေ၊ စတဲ့ အဖြစ်အပျက်တွေကို ကြုံတွေ့နေရပါတယ်။

ဒါ့အပြင် တချို့အမှုတွေမှာ ဥပဒေ၊ ကျင့်ထုံး၊ လုပ်ထုံးလုပ်နည်းတို့အရ ချွတ်ယွင်းအားနည်းချက် အနည်းအကျဉ်းရှိနေတာကို အခွင့်ကောင်းယူပြီး လိုရာဆွဲယူ ဆုံးဖြတ်တာတွေလည်း ရှိနေပါတယ်။ ဥပမာအနေနဲ့ ပြောရရင်-

- မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုတွေမှာ ရှာဖွေပုံ အနည်းငယ်နည်းလမ်းမကျတာကို အကြောင်းပြပြီး လက်ဝယ်တွေ့ရှိသူကို လွှတ်ပစ်တာတွေ။

- ပြည်သူပိုင်ပစ္စည်းဖြစ်ကြောင်း ပေါ်ပေါက်နေပါလျက် သက်ဆိုင်ရာဌာနက မိမိတို့ပစ္စည်း ပျောက်ဆုံးမှုမရှိဘူးလို့ ထွက်ဆိုရုံနဲ့ တရားမဝင် လက်ဝယ်တွေ့ရှိထားသူကို လွှတ်ပစ်တာတွေ၊

- တရားရုံးရှေ့မှာ သက်သေတွေက ကွယ်ဝှက်ထွက်ဆိုတာ၊ ရှေ့နောက်မညီအောင် တမင်လုပ်ကြံထွက်ဆိုတာကို အခွင့်ကောင်းယူပြီး ယုံကြည်ထိုက်တဲ့ သက်သေခံချက်မရှိဘူးလို့ သုံးသပ်ပြီး လိုရာဆွဲဆုံးဖြတ်တာတွေလည်း တွေ့ရှိနေရပါတယ်။

တရားမမှုတွေမှာလည်း တရားဥပဒေ နည်းလမ်းအတိုင်း ဖြစ်သင့်ဖြစ်ထိုက်တာတွေ ဖြစ်မလာတဲ့အတွက် မကျေနပ်မှုတွေ၊ တိုင်ကြားမှုတွေ၊ အမြောက်အမြားရှိနေတာကို ကြည့်ခြင်းအားဖြင့် တရားစီရင်ရေးကို အများက ယုံကြည်ကိုးစားမှု နည်းပါးလာနေတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

တရားသူကြီးတွေဟာ နိုင်ငံတော်က ပေးအပ်ထားတဲ့ စီရင်ပိုင်ခွင့်ကို ကိုယ်ပိုင်အာဏာလို သဘောထားပြီး ပြည်သူတွေအပေါ် နှိပ်စက်ညှဉ်းပန်းတဲ့လက်နက်လို ပြည်သူတွေအပေါ် ညစ်နိုင်တဲ့၊ ညှစ်နိုင်တဲ့လိုင်စင်လို အသုံးမပြုမိဖို့ အထူးပဲအရေးကြီးပါတယ်။ စီရင်ပိုင်ခွင့်ကို မသမာတဲ့စိတ်နဲ့ အလွဲအသုံးပြုခြင်းဟာ လာဘ်လာဘရယူတာနဲ့မခြား ပြစ်မှုကျူးလွန်ရာရောက်ပါတယ်။ ဒါကြောင့် တရားသူကြီးတွေအနေနဲ့ တည်တည်ငြိမ်ငြိမ်၊ ရိုးရိုးဖြောင့်ဖြောင့်၊ သမာဓိရှိရှိ ဆောင်ရွက်ကြဖို့ အထူးသတိပေးလိုပါတယ်။

ယနေ့ရရှိတဲ့ သတင်းတွေနဲ့ တွေ့ကြုံရတဲ့ ဖြစ်ရပ်တချို့ကို ကြည့်လိုက်ရင် တရားသူကြီးတချို့ဟာ ဆင်ခြင်တုံတရားရှိတဲ့ ဝန်ထမ်းတစ်ဦးအနေနဲ့ ကျူးလွန်ဖို့ ခက်ခဲတဲ့ အမှုမျိုးကိုပင် လွယ်လွယ်ကျူးလွန်နေတာကို စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့မြင်ကြားသိနေရပါတယ်။

ဥပမာအနေနဲ့ ပြောရရင်-

- မူးယစ်ဆေးဝါးသုံးစွဲတာ၊ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားလုပ်တာတွေ၊

- တရားရုံးကထုတ်တဲ့ ဝရမ်းစာမျိုး လိမ်လည်ပြုလုပ်ပြီး ငွေညှစ်တာတွေ၊

- တရားခံကို လွှတ်ပေးမယ်လို့ တရားခံရဲ့ အစ်မကို သွေးဆောင်ခေါ်ယူပြီး ရုံးခန်းအတွင်းမှာတင် မတရားပြုကျင့်တာတွေ၊

တခြားကြီးလေးတဲ့ လူမှုရေးပြစ်မှုမျိုး ကျူးလွန်တာတွေ စတဲ့တရားသူကြီးတစ်ဦးရဲ့ ကျင့်ဝတ်သိက္ခာနဲ့ ဘယ်လိုမှ မလျော်ကန်တဲ့ စက်ဆုပ်ရွံရှာဖွယ်ရာ အဖြစ်မျိုးတွေ လုပ်ဆောင်လာတဲ့အထိ လွန်ကဲလာကြတာတွေ တွေ့နေရပါတယ်” ဟူ၍ ပြောကြားခဲ့သည်။

ထိုသို့ ခိုင်းတုန်းကခိုင်းပြီး နှစ်ပြားမတန်အောင် ကြိမ်းမောင်းပြစ်တင်ခံရသည်ကို ပြန်လှန်ချေပရန်ဝေးစွ၊ ‘ဟုတ်ကဲ့ဘတ်၊ ဟုတ်... ဘတ်’ ဟု သံတော်ဦးတင်ခဲ့ကြပါသည်။ ချစ်ကြောက်ရိုသေလွန်အားကြီးသဖြင့် ‘အဘ’ ဟုပင်ပီအောင် မခေါ်နိုင်တော့ဘဲ ‘ဘတ်’ ဟုသာ အသံထွက်ခဲ့ကြသည်။

စစ်အာဏာရှင်ခေတ် စံပြစီရင်ထုံး

နိုင်ငံရေးနောက်ခံကားချပ်တွင် တင်ပြခဲ့သည့်အတိုင်း စစ်ထောက်လှမ်းရေးတို့ ဘုန်းမီးနေလ တောက်ပချိန်တွင် စစ်ထောက်လှမ်းရေးအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့် အလွန်ဓားထက်နေချိန်တွင် ၁၉၉၁ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံးများတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် ဦးရဲနောင်ပါ-၂ စီရင် ထုံးထွက်လာသည်။

အတိအကျပြောရပါက ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် ဦးရဲနောင်ပါ-၂ ၁၉၉၁၊ မ.တ.စ၊ စာ-၃၆ အမှုဖြစ်သည်။ ၁၉၉၁ ခုနှစ် ပြစ်မှုဆိုင်ရာ အထူးအယူခံမှုအမှတ် (၁) တရားရုံးချုပ်၊ တရားသူကြီးချုပ် ဦးအောင်တိုး၊ တရားသူကြီးများဖြစ်ကြသော ဦးအေးအုံး၊ ဦးကျော်တင့်၊ ဦးမျိုးလင်းထွန်းနှင့် ဦးကျော်ဝင်းတို့ရှေ့တွင် ကြားနာခဲ့ခြင်းဖြစ်သည်။ တရားရေးအကြံပေးမှာ တရားရုံးချုပ်ညွှန်ကြားရေးမှူး ဦးစိုးမြင့်ဖြစ်သည်။ ယင်းစီရင်ထုံး၏ အဓိကဆုံး ဖြတ်ချက်မှာ “အယူခံတရားခံရဲနောင်နှင့် မြင့်ဦး (ခ) မြဦးတို့အပြင် ပူးတွဲတရားခံများဖြစ်ကြသော ဝင်းနိုင်ဦးနှင့် ၎င်း၏ဇနီးဖြစ်သူ မသန်းသိန်းတို့မှာ တပ်မတော်ထောက်လှမ်းရေးအဖွဲ့ဝင်ရှေ့တွင် ပြစ်မှုကျူးလွန်ကြပုံများကို ကွင်းဆက်မိမိဖြင့် အစစ်ခံထားကြခြင်းမှာ သက်သေခံဥပဒေပုဒ်မ-၂၄ တွင် ဖော်ပြထားသော သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကတိပြုခြင်းတို့ ပြုလုပ်ကြောင်း ပေါ်လွင်ထင်ရှားခြင်းမရှိသည့်အတွက် ၎င်းတို့က တပ်မတော် ထောက်လှမ်းရေးအဖွဲ့ဝင်ထံတွင် ပေးခဲ့သော စစ်ကြောချက်များကို လက်မခံနိုင် စရာအကြောင်း မရှိချေ”  ဟူ၍ဖြစ်သည်။

မထောက်မညှာပြောရပါက မြန်မာနိုင်ငံ တရားစီရင်ရေး သမိုင်းတစ်လျှောက်လုံး လက်ခံကျင့်သုံးခဲ့သည့် မွန်မြတ်သော အစဉ်အလာဖြစ်သည့် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ-၁၆၂ (၁) အရ ရဲထံအစစ်ခံချက် သက်သေခံမဝင်ဟူသည့်မူကို ထောက်လှမ်းရေးထံ ထွက်ချက်သက်သေခံဝင်ကြောင်း ဗြောင်ကျကျ ဆုံးဖြတ်လိုက်ကြခြင်းသာ ဖြစ်ပါသည်။

မြန်မာနိုင်ငံတရားစီရင်ရေးသမိုင်း တစ်လျှောက်လုံး အမှုစစ်ဆေးသူရဲအရာရှိ  (IO) ဟူသည့် စကားရပ်နှင့်ပတ်သက်၍ ရဲတစ်မျိုးတည်းသာ မဟုတ်ကြောင်း၊ (BSI) ၊ သူကြီးနှင့် သစ်တောစောင့် လက်နက်ကိုင်အပါအဝင် ကျယ်ပြန့်စွာ ကောက်ယူသင့်ကြောင်း စီရင်ထုံး အမြောက်အမြား အခိုင်အမာ တည်ရှိပြီးဖြစ်သည်။

ထောက်လှမ်းရေးထံထွက်ချက်သည် ရဲထံ ထွက်ချက်သာဖြစ်ပြီး အချိတ်အဆက် မိသည်ဖြစ်စေ၊ မမိသည်ဖြစ်စေ၊ ကွင်းဆက်မိသည်ဖြစ်စေ၊ မမိသည်ဖြစ်စေ၊ ခြိမ်းခြောက် မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ-၁၆၂(၁)အရ သက်သေခံ မဝင်ပါ။

ဤစီရင်ထုံးကို ထုံးဖွဲ့ခဲ့ကြသူများသည် ဒီမိုကရေစီခေတ် တရားစီရင်ရေးသမိုင်းရောက်လျှင် ကိုယ့်တာဝန်ကိုယ် ယူကြရပေလိမ့်မည်။ ယင်းစီရင်ထုံးနှင့်ပတ်သက်၍ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင် (AHRC) က ၂၀၁၅၊ ဇွန်တွင် ထုတ်ဝေသည့် အတွဲ(၁၄)၊ အမှတ်(၂) Article (2) မဂ္ဂဇင်းတွင် (The Legacy of Dictatorship  in Myanmar’s Judicial System) အင်္ဂလိပ်ဘာသာဆောင်းပါးတွင် ကျွန်တော် အကျယ်တဝင့် ဝေဖန်သုံးသပ်ပြီး ဖြစ်ပါသည်။

ဤမျှဆိုလျှင် စစ်အာဏာရှင်ခေတ် မြန်မာနိုင်ငံ တရားစီရင်ရေးအခြေအနေ အကဲဖြတ်ရန် လုံလောက်ပြီဟု ထင်ပါသည်။

နိဂုံးကမ္ပတ် အဆုံးသတ်ပါပြီ

ကျွန်တော်သည် ရှေ့နေတစ်ဦးမျှသာ ဖြစ်ပါသည်။ ဥပဒေပညာရှင် မဟုတ်ပါ။ သက်ရှိထင်ရှား ဥပဒေပညာရှင်ဟူ၍ ဆရာကြီး ဦးမြ၊ ဆရာကြီး ဦးမြစိန်နှင့် ဆရာကြီး ဦးသက်ဖေတို့ နေတစ်ဆူ၊ လတစ်ဆူ၊ ပညာဉာဏ်ရောင် ထွန်းပြောင်လျက်ရှိပါသေးသည်။

ဤစာတမ်းငယ်ကို ရှေးမြန်မာမင်းများလက်ထက် တရားစီရင်ရေးမှစ၍ ခြေရာခံခဲ့ရာ မြန်မာမင်းများလက်ထက် အုပ်ချုပ်ပုံ စာတမ်း၊ ဒေါက်တာဖိုးချမ်းမားနှင့် ဦးအောင်သန်းထွန်းတို့ကို အထူးတန်ဖိုးထား၊ အလေးအမြတ် ပြုရပါလိမ့်မည်။ သမိုင်းခြေရာကို သူတို့စာအုပ်များမှ ကျွန်တော် ကောက်ယူခဲ့ ပါသည်။ ကျွန်တော် လက်လှမ်းမီသရွေ့  ဉာဏ်မီသရွေ့ လေ့လာတွေ့ရှိချက်များအရ အောက်ပါအတိုင်း နိဂုံးချုပ်ရရှိပါသည်။

(၁) မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်ကို ၁၉၆၂ ကတည်းက စနစ်တကျဖျက်ဆီးခဲ့သူများမှာ စစ်အာရှင်များသာ ဖြစ်သည်။

(၂) မြန်မာတရားစီရင်ရေးသမိုင်းတွင် အမှောင်မိုက်ဆုံးကာလမှာ ဒုတိယစစ် အာဏာရှင်ခေတ်ကာလ ၁၉၈၈-၂၀၁၀ ဖြစ်သည်။

(၃) ထိုတရားမဲ့မှုများနှင့် ဥပဒေကို လိုရာသုံး ဖျက်ဆီးခဲ့မှုများအတွက် ပြည်သူတို့၏ အမျက်ဒေါသနှင့် ကျိန်စာသည် ယနေ့ခေတ် တရားစီရင်ရေးအထိ သင့်လျက်စူးရှနေသည်။

ပန်းသစ်ကို အိုးသစ်မှာ စိုက်ကြ

ထင်ရှားသည့် ကမ္ဘာကျော်တော်လှန်ရေး သမားနိုင်ငံရေးသုခမိန်တစ်ဦးက အခိုင်အမာ အခြေအနေကို အခိုင်အမာ ခွဲခြမ်းစိတ်ဖြာပေးရမည်ဟု ညွှန်ခဲ့သည်။ သူ၏ ထင်ရှားကျော်ကြားသည့် ကျမ်းတစ်စောင်မှာ ‘What is to be done ?’  ‘ကျုပ်တို့ ဘာလုပ်ကြရမည်လဲ’ ဟူ၍ ဖြစ်သည်။  သူ့စာအုပ်ခေါင်းစဉ်ကိုယူကာ တရားစီရင်ရေးအတွက် ‘What is to be done ?’ ‘ကျုပ်တို့ ဘာလုပ်ကြရမည်လဲ’ ဟူ၍ မေးရပါလိမ့်မည်။

အမှန်စင်စစ်အားဖြင့် တရားရုံး၊ အကျဉ်းထောင်၊ ပလိပ်ဂါတ်၊ စစ်တပ်နှင့် လွှတ်တော်ဟူသည့် အာဏာယန္တရား ခွေးသွားစိပ်မျှသာ ဖြစ်သည်။ စစ်အာဏာရှင်စနစ် အခြေခံ အုတ်မြစ်ပေါ်တွင် ယင်းတို့ အကျိူးစီးပွားအတွက် စစ်လွှတ်တော်က ပြဋ္ဌာန်းလိုက်သမျှ ပြည်သူကို ဖိနှိပ်၍ စစ်အာဏာရှင်စနစ်ကို ကာကွယ်ရန်သာ ဖြစ်ချိမ့်မည်။ ယင်း ဥပဒေများအရ စီရင်ရသော တရားရုံးသည်လည်း စစ်အာဏာရှင်တွေ၏ ‘လက်ကသုံး’ တောင်ဝှေးသာ ဖြစ်ပေမည်။

သို့ဖြစ်၍ ပန်းသစ်ကို အိုးသစ်တွင် စိုက်ရမည်။ ဒီမိုကရေစီအစိုးရ ဒီမိုကရက်တစ် လွှတ်တော်နှင့် ပြည်သူ့အကျိုးစီးပွားကို အာမခံသည့် ဥပဒေများ ပြဋ္ဌာန်းထားနိုင်မှသာ တရားရုံးက ပြည်သူ့အကျိုးကို ဆောင်နိုင်ပေလိမ့်မည်။ ‘များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့တွင်‘ဆက်လက်တင်ပြဆွေးနွေးပါမည်။

Most Read

Most Recent