ကျွန်တော် တွေ့မိသည့် တရုတ်-မြန်မာ ဆက်ဆံရေး (အပိုင်း-၁)

ကျွန်တော် တွေ့မိသည့် တရုတ်-မြန်မာ ဆက်ဆံရေး (အပိုင်း-၁)
Published 21 August 2018

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁ ရက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင်ပင်းတို့ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမ၌ တွေ့ဆုံစဉ် (ဓာတ်ပုံ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Facebook)

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ် အရှည်လျားဆုံး ထိစပ်နေတာက တရုတ်နိုင်ငံပါ။ မြန်မာ-တရုတ် နယ်နိမိတ်က ကီလိုမီတာ ၂၂၀၀ ကျော် ရှည်ပါတယ်။ သမိုင်းစဉ်တစ်လျှောက် ပြန်ကြည့်ရင်လည်း မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြားမှာ နက်ရှိုင်းတဲ့ ဆက်ဆံမှုတွေ တည်ရှိခဲ့ပါတယ်။ အစိုးရအဆက်ဆက် မြန်မာနဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးဟာ အခြားအိမ်နီးချင်း နိုင်ငံတွေထက် ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးလို့ ယူဆနိုင်ပါတယ်။ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးလို့တောင် ကင်ပွန်းတပ်ခဲ့ကြပါတယ်။ ၂၀၁၀ မတိုင်ခင်နဲ့ ၂၀၁၀ နောက်ပိုင်း ကာလများအတွင်း အစိုးရအချင်းချင်းသော် လည်းကောင်း၊ တပ်မတော် အချင်းချင်းသော် လည်းကောင်း ဆက်ဆံရေး ကောင်းခဲ့ပါတယ်။ ၂၀၁၅ နောက်ပိုင်းမှာတော့ တဖြည်းဖြည်း မသိမသာ ဆက်ဆံရေး ကျဲလာခဲ့ပါတယ်။ အထူးသဖြင့် အစိုးရချင်း ဆက်ဆံရေးက သိသိသာသာ အေးစက်လာတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းက တရုတ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Wei Fenghe မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး Wei Fenghe ဟာ တရုတ်နိုင်ငံ စစ်ကော်မရှင်အဖွဲ့ဝင် ဖြစ်သလို နိုင်ငံတော် ကောင်စီဝင်လည်း ဖြစ်ပါတယ်။ ခရီးစဉ်အတွင်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မြန်မာတပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ် ကာကွယ်ရေးဝန်ကြီးကို ဇေယျာသီရိ ဗိမာန်ရှေ့မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပြီး ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်မယ့် အခြေအနေ၊ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊ ပြည်သူများ လုံခြုံမှုရှိရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးမှု၊ နှစ်နိုင်ငံ တပ်မတော်အကြား မဟာဗျူဟာ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ စစ်ဘက်ဆိုင်ရာ ဆေးပညာ အပြန်အလှန် ဖလှယ်ရေး၊ အားကစားကဏ္ဍ၊ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကဏ္ဍနဲ့ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့တဲ့အကြောင်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာစစ်တပ်ဘက်က တရုတ် ကာကွယ်ရေးဝန်ကြီးကို အခမ်းအနားနဲ့ ကြိုဆိုခဲ့တဲ့ ကိစ္စအပေါ် မေးခွန်းထုတ်စရာလေးတွေ စဉ်းစားမိပါတယ်။ နိုင်ငံတကာမှာရော ဒီလိုမျိုး ကြိုဆိုရဲ့လား၊ ဘာကြောင့် မြန်မာစစ်တပ် ဘက်က တရုတ် ကာကွယ်ရေးဝန်ကြီးကို အလေးထားပြီး ခမ်းခမ်းနားနား ကြိုဆိုရတာလဲ ဆိုတာကို စဉ်းစားတွေးတော မိပါတယ်။ တရုတ် ကာကွယ်ရေးဝန်ကြီးကို မြန်မာစစ်တပ်ဘက်က ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုတာဟာ တပ်မတော်အနေနဲ့ တရုတ်ကို ကိုယ်ရှိန်ကိုယ်ဝါ ပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သို့ပေမဲ့ မြန်မာအစိုးရဘက်ကို ကြည့်ရင်တော့ အလေးအနက်ထားတာမျိုး မတွေ့ခဲ့ရပါဘူး။ ဗိုလ်ချုပ်ကြီး Wei Fenghe ကို မြန်မာသမ္မတ ဦးဝင်းမြင့်က လက်ခံတွေ့ဆုံခြင်း မရှိခဲ့သလို ဒေါ်အောင်ဆန်းစုကြည်သာ လက်ခံတွေ့ဆုံတာ တွေ့ရပါတယ်။ ဦးထင်ကျော် လက်ထက်ကတည်းက နိုင်ငံတော်သမ္မတဟာ ပြည်ပက အဆင့်မြင့်ပုဂ္ဂိုလ်တွေကို ဒေါ်အောင်ဆန်းစုကြည်က တွေ့ခွင့်ပေးမှ တွေ့ခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ အခုဖြစ်စဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က တွေ့ခွင့် မပေးတာလား၊ မအားတာလား ဆိုတာကတော့ ကာယကံရှင်တွေပဲ သိကြမှာပါ။

၂၀၁၅ မတိုင်ခင် သမ္မတ ဦးသိန်းစိန် လက်ထက်ကဆိုရင် ပြည်ပက ခေါင်းဆောင်တွေကို နိုင်ငံတော် သမ္မတက မြန်မာ့ရိုးရာ ဝတ်စုံဖြစ်တဲ့ တိုက်ပုံဝတ်၊ မောင့်ကျက်သရေ ခေါင်းပေါင်းစ တလူလူ၊ ချိတ်ကြီးပုဆိုးနဲ့ ဂုဏ်ပြု ကြိုဆိုခဲ့တာကို တွေ့ရပါတယ်။ လက်ရှိ အစိုးရအနေနဲ့ ယခင်အစိုးရ လက်ထက်ကလိုမျိုး တခမ်းတနား ကြိုဆိုခြင်း မရှိတာနဲ့ပတ်သက်ပြီး အဆောင်အယောင် ပကာသနတွေ လျော့တယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာနဲ့ ယှဉ်ရင်တော့ လုပ်သင့်မလုပ်သင့် စဉ်းစားသင့်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုအလေ့အထရှိရင် နိုင်ငံတော်အဆင့်မှာလည်း ဒီလိုမျိုး လုပ်သင့်ပါတယ်။

နောက်တစ်ချက်ကတော့ တရုတ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Wei Fenghe ဟာ မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာ ကမ္ဘောဒီးယားနိုင်ငံကို ဆက်လက် ထွက်ခွာခဲ့ပါတယ်။ ခရီးစဉ်အတွင်းမှာ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး တရုတ်က ကမ္ဘောဒီးယားကို စစ်ရေးအကူအညီ ဒေါ်လာ သန်း ၁၃၀ ထက်မနည်း ပေးအပ်ဖို့ သဘောတူခဲ့ကြောင်း သတင်းများက ဆိုပါတယ်။ စစ်သင်တန်းပေးခြင်း၊ လေ့ကျင့်ခြင်းများသာမက စစ်လက်နက် ကိရိယာများ ပေးအပ်ခြင်းတို့ကိုလည်း ပြုလုပ်မယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဗိုလ်ချုပ်ကြီး ချဟန်းဆိုချက်က ဇွန်လ ၁၉ ရက်နေ့က ပြောဆိုခဲ့ပါတယ်။ တရုတ် ကာကွယ်ရေးဝန်ကြီးဟာ ငါးရက်ကြာ ကမ္ဘောဒီးယား ခရီးစဉ်အတွင်း စစ်ရေးကိစ္စများ အကျေအလည် ညှိနှိုင်းခဲ့သလို တရုတ်-ကမ္ဘောဒီးယား စစ်ဘက်ဆိုင်ရာပြပွဲသို့ တက်ရောက်ခဲ့တဲ့အပြင် အစိုးရအဖွဲ့ အကြီးအကဲ ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘောဒီးယားကို စီးပွားရေး အဓိက ထောက်ပံ့နေသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်ကျော်ကလည်း ရင်းနှီးမြှုပ်နံှမှုနှင့် ပံ့ပိုးမှု ဒေါ်လာ သန်းနှင့်ချီပြီး လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ တရုတ် ကာကွယ်ရေးဝန်ကြီးရဲ့ ကမ္ဘောဒီးယား ခရီးစဉ်နှင့်ပတ်သက်တဲ့ သတင်းများ ပေါ်လွင် ထင်ရှားခဲ့ပေမယ့် သူ့ရဲ့ မြန်မာပြည် ခရီးစဉ်ကတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်း သတင်းစာအချို့မှာပင် မထင်မရှား ရှိနေခဲ့ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က တရုတ် ကာကွယ်ရေးဝန်ကြီးကို တီမောလက်စ်တေသမ္မတနိုင်ငံ သမ္မတဟောင်း၊ အမေရိကန် အိမ်ဖြူတော်မှ အာရှရေးရာ အကြီးတန်း ညွှန်ကြားရေးမှူးတို့နဲ့ တစ်ရက်တည်း သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သာမန် သတင်းလောက်သာ အစိုးရထုတ် သတင်းစာတွေမှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။

အရင် တရုတ်နိုင်ငံက အကြီးအကဲတွေ လာတုန်းကဆိုရင် နိုင်ငံတော်အတွက်ရော၊ တပ်မတော်အတွက်ရော ထောက်ပံ့သွားတာတွေ ရှိခဲ့ပါတယ်။ အခု ခရီးစဉ်မှာတော့ တစ်ခုမှ ကူညီသွားတာ၊ ထောက်ပံ့သွားတာ၊ သဘောတူသွားတာ မရှိပါဘူး။ အခြားသတင်းရပ်ကွက်က ကြားတာကတော့ မြန်မာတပ်ချုပ်နဲ့ နှစ်ယောက်ချင်းတွေ့ပြီး တပ်မတော်ကို နှစ်နိုင်ငံ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်လို့ သတိပေးမှုတွေ လုပ်သွားတယ်ဆိုပြီး သတင်းတွေ ကြားရပါတယ်။ တရုတ်က မြန်မာကို စစ်ရေးအကူအညီတွေ ပေးနေတယ် ဆိုသော်လည်း အခုအခါမှာတော့ ဘာသံမှ မကြားရပါဘူး။

ဆယ်စုနှစ်များစွာ စီးပွားရေး၊ စစ်ရေး၊ ငွေရေးကြေးရေး ကူညီထောက်ပံ့နေတဲ့ အင်အားကြီး ဆွေမျိုးပေါက်ဖော် နိုင်ငံကြီးတစ်ခုက အဆင့်မြင့် ခေါင်းဆောင်တစ်ယောက် ရောက်လာပြီး ဘာမှ မထောက်ပံ့ခဲ့ခြင်းဟာ ထူးခြားမှု ဖြစ်ပါတယ်။ အခြားသတင်းများအရ နယ်စပ်ပြဿနာတွေမှာ တရုတ်အနေနဲ့ သတိပေးတာတွေ၊ စစ်ရေးအင်အား ပြတာတွေ ရှိနေတာလည်း တွေ့ရပါတယ်။ မြန်မာတို့ အကျပ်ကိုင်ခံနေရပြီလားလို့ ယူဆရပါတယ်။

တရုတ်က မြန်မာမှာရှိတဲ့ စီးပွားရေး အခြေအနေကို ပြန်လေ့လာကြည့်ရင် ဒေါ်လာ တစ်ထရီလျံတန် ခေတ်သစ်ပိုးလမ်းမစီမံကိန်း (One Belt One Road) ကိစ္စမျိုးမှာ မြန်မာက အရေးပါတဲ့ ကဏ္ဍမှာရှိနေပါတယ်။ ဒါ့အပြင် တရုတ်က အလေးထား ဆောင်ရွက်နေတဲ့ ရေနံပိုက်လိုင်းကိစ္စ၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကိစ္စတွေလည်း ရှိနေသလို ဒေါ်လာ ၃ ဒသမ ၉ ဘီလျံတန်မြစ်ဆုံနဲ့ ကိစ္စကလည်း လိပ်ခဲတည်းလည်း ဖြစ်နေပါသေးတယ်။

တရုတ်နိုင်ငံဟာ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံတန် ကျောက်ဖြူစီမံကိန်းရဲ့ ဆိပ်ကမ်းပိုင်းကို တန်ဖိုးဒေါ်လာ ၇ ဒသမ ၅ ဘီလျံ သတ်မှတ်ခဲ့တာကြောင့် အငြင်းပွားမှုတွေ ရှိခဲ့ပေမယ့် နှစ်နိုင်ငံအကြား စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ပြီး နောက်ပိုင်း ၁ ဒသမ ၃ ဘီလျံနဲ့ ရင်းနှီးမြှုပ်နှံမှု စတင်ပြုလုပ်ဖို့ သတ်မှတ်ခဲ့ တယ်လို့ သိရပါတယ်။ ကျောက်ဖြူမှာ လုပ်ငန်းတချို့ ပြီးစီးခဲ့ပေမယ့် တရုတ်က မျှော်လင့်ထားသလို ကြီးမားတဲ့ ရေနက်ဆိပ်ကမ်းတစ်ခု ဖြစ်လာဖို့ကတော့ ဆယ်စုနှစ် တစ်ခုကျော် ကြာမြင့်ခဲ့သည်အထိ ပုံစံစာရွက်ပေါ်မှာသာ ရှိနေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ ၂၀၁၃ ခုနှစ်က စိုက်ပျိုးရေး စက်ကိရိယာများ တရုတ်နိုင်ငံမှ ဝယ်ယူရေးအတွက် တရုတ်ဆီက ချေးထားတဲ့ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကို ပြန်ဆပ်နေရသလို မြစ်ဆုံ စီမံကိန်းအတွက် တရုတ်တို့ သုံးစွဲပြီးဖြစ်တဲ့ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကို ပြန်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။ တကယ်တော့ တရုတ်ဟာ ၎င်းရဲ့ကိုယ်ကျိုးစီးပွားကို အထိခိုက်မခံတဲ့ သဘောရှိပြီး မြန်မာနိုင်ငံကို ခြောက်တစ်ခါ ချော့တစ်လှည့် ဆက်ဆံနေတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီအတိုင်းတော့ နေမယ်မထင်ပါဘူး။ အပေးအယူတော့ အနည်းဆုံး လုပ်ရပါလိမ့်မယ်။

မြန်မာစစ်တပ်နဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးကို ကြည့်ရင်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်ချုပ်ဖြစ်ကတည်းက တရုတ်နိုင်ငံကို လေးကြိမ်သွားရောက်ခဲ့ပြီး ဖြစ်သလို သူသွားတိုင်းမှာ သမ္မတကြီး ရှီကျင်ပင်း ကိုယ်တိုင် အရေးတယူတွေ့ဆုံတာကို တွေ့ရပါတယ်။ သတင်းဂျာနယ်တွေရဲ့ ဖော်ပြချက်အရ သမ္မတကြီး ရှီကျင်ပင်းဟာ ပြည်ပ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ မြန်မာတပ်ချုပ်ကို အများဆုံး တွေ့ဆုံခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

စဉ်းစားမိတာကတော့ တရုတ်နိုင်ငံအနေနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ဒေါ်အောင်ဆန်းစုကြည်အလွန်မှာ အနာဂတ် မြန်မာနိုင်ငံခေါင်းဆောင် ဖြစ်လာမယ့် သူလို့ ယုံကြည်နေဟန် ရှိပါတယ်။ တပ်ချုပ်ကလည်း တရုတ်နိုင်ငံရဲ့ နောက်ဆုံးခရီးစဉ်ကို သွားရောက်ရာမှာ မြစ်ဆုံစီမံကိန်းနဲ့ အလား သဏ္ဌာန်တူတဲ့ တရုတ်နိုင်ငံရဲ့အကြီးဆုံးဆည် တစ်ခုဖြစ်တဲ့ Three Gorges ကို သွားရောက် လေ့လာခဲ့တာ တွေ့ရသလို စက်မှုလက်မှု ထွန်းကားတဲ့နေရာတွေ၊ Bullet Train စီးကာ ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး လေ့လာတာတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် မြစ်ဆုံစီမံကိန်းကိစ္စ၊ One Belt One Road ကိစ္စတွေနဲ့ ဆက်နွှယ်နေတယ်လို့ ယူဆရပါတယ်။

တစ်ဖက်က မြန်မာအခြေအနေကို ကြည့်ရင် မြန်မာပြည်သူတွေက တရုတ်ရဲ့ လောင်းရိပ်ထဲ ကျသွားမှာကို စိုးရိမ်နေကြပါ တယ်။ လောင်းရိပ်ဆိုတာက တရုတ်ရဲ့ ထောက်ပံ့မှုတွေကြောင့် ပြန်ပေးရမှာတွေနဲ့ အကြွေးတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ထို့အတူ အနောက်နိုင်ငံတွေကလည်း ဒီလိုမဖြစ်အောင် နည်းမျိုးစုံနဲ့ ဝင်ရောက် လုပ်ဆောင် နေတာကို တွေ့ရပါတယ်။ ဒါတွေဟာ ဒေါ် အောင်ဆန်းစုကြည်အလွန်မှာ တစ်ဦးဦးသာ နိုင်ငံတော်ကို တာဝန်ယူရရင် တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ထိပ်တိုက်ရင်ဆိုင်ရမယ့် အချက်တွေဖြစ်သလို ဘယ်လိုကျော်လွှားသွားမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မဟုတ်ဘဲ အခြားတစ်ယောက် ဆိုရင်လည်း ဒီကိစ္စတွေအပေါ် ဘယ်လို ကျော်သွားမလဲဆိုတာ စဉ်းစားရမှာ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

Most Read

Most Recent