စီးပွားရေး အကျပ်အတည်းကြားက ခေတ်စားလာတဲ့ လေလှိုင်းပေါ်ကလိမ်လည်မှုများ

စီးပွားရေး အကျပ်အတည်းကြားက ခေတ်စားလာတဲ့ လေလှိုင်းပေါ်ကလိမ်လည်မှုများ
Published 20 August 2018

လက်ရှိမြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုး ကျဆင်းမှုတွေ၊ အမေရိကန်ဒေါ်လာဈေး စံချိန်တင် မြင့်တက်မှုနေမှုတွေ ဖြစ်ပေါ်နေတဲ့အပြင် ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ၊ စီးပွားရေးအကျပ်အတည်းတွေနဲ့ အခြေခံလူတန်းစားပြည်သူလူထုက  ကြုံတွေ့ရတဲ့အချိန်မျိုး မှာ အွန်လိုင်းနဲ့ မိုဘိုင်းဖုန်းတွေကနေတစ်ဆင့်  ပြည်သူများကို မက်လုံးပေးပြီး ဒုက္ခပေးဖို့ စောင့်ကြည့်နေတဲ့ မသမာသူတွေရှိနေတာကို သတိပြုစေချင်ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဆက်သွယ်ရေးမိုဘိုင်းဖုန်းဆင်းမ်ကတ်တွေကို ကျပ်ငါးသိန်း၊ ကျပ်နှစ်သိန်းကနေ ကျပ် ၁၅၀၀ အထိ တဖြည်းဖြည်းချင်း ဆင်းမ်ကတ်ဈေးနှုန်းများ ကျဆင်းခဲ့ပါတယ်။ ဒါကြောင့်လည်း လက်ရှိမှာ မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ရွာပါမကျန် မိုဘိုင်းဖုန်းအသုံးပြုသူ များပြားလာမှုနဲ့အတူ လူမှုကွန်ရက်အင်တာနက်အသုံး ပြုသူတွေလည်း များပြားလာတာကို တွေ့ရပါတယ်။

အဲဒီလို မိုဘိုင်းဆင်းမ်ကတ်တွေ အသုံးပြုသူ ပေါများလာမှုနဲ့အတူ  ပြည်သူလူထုတွေ နစ်နာနိုင်တဲ့ လိမ်လည်မှုပုံစံအမျိုးမျိုးကို မိုဘိုင်းဖုန်းအသုံးပြုပြီး လုပ်ဆောင်လာတွေကို တွေ့ရပါတယ်။ လိမ်လည်မှုပုံစံအမျိုးမျိုးထဲက ပြည်သူများကြုံတွေ့နေတာတဲ့ မိုဘိုင်း ဖုန်းအသုံးပြုပြီး ဖုန်းနံပါတ်ကံစမ်းမဲပေါက်လို့ ဖုန်းဈေးလျှော့ရောင်းပေးမှာပါဆိုတဲ့ လိမ်လည်မှုတွေ၊ အွန်လိုင်းလူမှုကွန်ရက်စာ မျက်နှာတွေကနေ စီးပွားရေးလုပ်ငန်းတွေ ဖော်ပြပြီး မက်မောလောက်တဲ့ အမြတ်ငွေပေးမယ်ဆိုပြီး ရှယ်ယာငွေကြေး အလိမ်ခံရမှုတွေ၊ အွန်လိုင်းပေါ်က တရားမဝင် စုမဲအရောင်းအဝယ်လုပ်ပြီး စုမဲမပေးဘဲ လိမ်လည်မှုတွေအပြင် ပြည်သူများဆီ တိုက်ရိုက်လာရောက်ပြီး လူသုံးကုန်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေ လိမ်လည်ရောင်းချတာတွေစတဲ့ လိမ်လည်မှုအမျိုးမျိုးကို ပြည်သူလူထုတွေ ကြုံတွေ့ကြရပါတယ်။

မိုဘိုင်းဖုန်းအသုံးပြုပြီး လိမ်လည်တဲ့ပုံစံတွေထဲက ဖြစ်စဉ်တစ်ခုကတော့ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ဇီးကုန်းကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာတစ်ဦးရဲ့ဖုန်းကို ဆက်သွယ်ပြီးတော့ ဖုန်းနံပါတ်ကို ကွန်ပျူတာစနစ်နဲ့ ရွေးချယ်ပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ကျပ်သိန်း ၃၀၀ ထောက်ပံ့ကြေးရတယ်။ အရင်ဆုံး ထောက်ပံ့ငွေ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော်ကို အခွန်သွင်းရမှာဖြစ်လို့ ကျပ် ၁၂ သိန်း ဘဏ်ကို အရင်လွဲှပေးဖို့ ပြောဆိုလိမ်လည်ခဲ့တာပဲ ဖြစ်ပါတယ်။

“ကျွန်တော့်ဆီကို ဖုန်းဆက်ပြီးတော့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနကပါဆိုပြီးတော့ ငွေလိမ်တာပေါ့။ ဒီလိုမျိုးလိမ်နေတာတွေက ကျွန်တော်တင်မဟုတ်ဘူး။ ကျွန်တော့်ရဲ့ မူရင်းပို့စ်အောက်မှာကို လာပြီးမန့်တဲ့သူတွေထဲမှာ ကျပ်သိန်း ၅၀ ပါတဲ့သူတွေ၊ သိန်း ၁၀၀ ပါတဲ့သူတွေ အများကြီးပဲ။ ဒီလိုမျိုး လာမန့်ကြတော့ ကျွန်တော်တင်မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာ ဒီလိုမျိုးလိမ်နေတာတွေ အများကြီးတွေ့ရတယ်။ အခုနောက်ပိုင်းတော်တော်များ ကြုံနေရတာပါ” လို့ လိမ်လည်ဖုန်းဆက်မှုကို ကြုံတွေ့ခဲ့ရတဲ့ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်မှ ကျောင်းဆရာ ဦးသန့်ဇင်က ပြောပါတယ်။

ဒါ့အပြင် နယ်မြို့များမှာနေထိုင်ပြီး ရိုးသားတဲ့ပြည်သူများဆီ ဖုန်းနဲ့ဆက်သွယ်ပြီး နိုင်ငံတော်သမ္မတထံက ထောက်ပံ့ကြေးရတယ်။ အဲဒီလို ထောက်ပံ့ကြေးရတဲ့အတွက် အခွန်ဆောင်ဖို့အတွက် ကျပ်သိန်းဆယ်ဂဏန်းအထက် လွဲှပေးရမယ်ဆိုပြီး လိမ်လည်ဆက်သွယ် တောင်းခံတဲ့ပုံစံမျိုးတွေ၊ ထီဆုကြီး ပေါက်တယ်ဆိုပြီး ဖုန်းနဲ့အကြောင်းကြား ပိုက်ဆံလိမ်လည်တောင်းခံမှုတွေ ရှိခဲ့ပါတယ်။ အဲဒီလိမ်လည်သူတွေက လိမ်လည်တောင်းခံတဲ့ငွေတွေကို အမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာတွေပါမှ ငွေလွဲှနိုင်တဲ့ ဘဏ်လုပ်ငန်းတွေကနေ တောင်းခံတာ မဟုတ်ဘဲ ဖုန်းအချင်းချင်း ဆက်သွယ်ရုံနဲ့ ငွေလွဲနိုင်တဲ့ ဝန်ဆောင်မှုတွေကနေတစ်ဆင့် ငွေလွဲှပေးဖို့ လိမ်လည်တောင်းခံနေတာတွေကို ကြားသိရပါတယ်။ ဖုန်းနဲ့ဆက်သွယ်လိမ်လည်သူတွေက လိမ်လည်ပြီးနောက် ဖုန်းစက်ပိတ်သွားပြီး လိမ်လည်တောင်းခံတဲ့ ဖုန်းနံပါတ်ကိုတိုင်ကြားဖို့ ဖုန်းအော်ပရေတာတွေကို အကြောင်းကြားပေမယ့် ဖုန်းအော်ပရေတာတွေက ဖြေရှင်းမပေးနိုင်ဘူးလို့သာ အကြောင်းပြန်တယ်လို့ ဖုန်းနဲ့လိမ်လည်ခံရသူတွေက ပြောပါတယ်။

“အသုံးပြုသူတွေ အလိမ်မခံရအောင် အော်ပရေတာတွေအနေနဲ့ တာဝန်ယူပေးစေချင်ပါတယ်။ အစိုးရဘက်ကဆိုရင်လည်း သက်ဆိုင်ရာအစိုးရတွေ၊ ဝန်ကြီးဌာနတွေက ဒါတွေကို ကြပ်ကြပ်မတ်မတ် လုပ်ပေးဖို့လိုမယ်လို့ ထင်ပါတယ်” ဟု ကျောင်းဆရာ ဦးသန့်ဇင်က ပြောပါတယ်။

ထိုနည်းတူပါပဲ ပြည်သူတွေကြား လိမ်လည်မှုတစ်ခုအကြောင်းကို ပြောဆိုမှုရှိနေပါတယ်။ ဒါကတော့ လေလှိုင်းမှတစ်ဆင့် မိုဘိုင်းဖုန်းနဲ့ အများပြည်သူထံကို ဆက်သွယ်ပြီး ဖုန်းကံစမ်းမဲ ပေါက်ပါတယ်။ ဖုန်းကံစမ်းမဲပေါက်တဲ့အတွက်  ပရိုမိုးရှင်းကာလအဖြစ် ကာလတန်ဖိုး သုံးသိန်းကျော်ရှိ စမတ်ဖုန်းကို ထက်ဝက်ဈေးဖြင့် ရရှိမယ်ဆိုတဲ့အပြင် ဖုန်းဝယ်ရင် လက်ဆောင်အနေနဲ့ သုံးသောင်းဖိုး ရရှိမယ်ဆိုပြီး မက်လုံးပေးပြောဆို သွေးဆောင်ကြတာပဲ ဖြစ်ပါတယ်။

အဲဒီလိုကြုံတွေ့လာတဲ့အခါ မျက်စိပွင့်၊ နားပွင့်ရှိသူတွေက လိမ်လည်ပြောဆိုတော့မှာကို သိနားလည်ပေမယ့် တချို့ရိုးသားပြီး အခြေခံလူတန်းစား ပြည်သူအတွက်ကတော့ ကံစမ်းမဲပေါက်လို့ ဖုန်းကို တစ်ဝက်လျှော့ ဈေးနဲ့ရမှာကို ဝမ်းသာပျော်ရွှင်ပြီး ဝယ်ယူခဲ့လို့ နစ်နာခဲ့တဲ့သူတွေ ရှိပါတယ်။

“ကျွန်တော့်ဖုန်းနံပါတ်ကို ဘာဘာဟုတ်တယ်မလားဆိုပြီး မေးတယ်။ ပြီးတော့ ငါ့အစ်ကိုရေ ဝမ်းသာတော့ဆိုပြီး ပြောတယ်။ ဘာလို့ဝမ်းသာရမလဲဆိုတော့ ကျပ်သုံးသိန်း ခွဲတန်ဖုန်းကို ကျပ် ၁၄၀,၀၀၀ နဲ့ ရမှာ မဲပေါက်တယ်ဆိုပြီးတော့ ပြောတယ်။ ဝမ်းသာစေချင်လို့ ပြောတာဆိုပြီးလည်းပြောတယ်။ အဲဒါနဲ့ ကျွန်တော်က ဘာဖုန်းအမျိုးအစားလဲဆိုတော့ အောင်ရဲလင်းတို့၊ လွှမ်းပိုင်တို့ကြော်ငြာတဲ့ အမျိုးအစားပဲဆိုပြီး ပြောတယ်။ လက်ဆောင်အနေနဲ့ ကျပ်သုံးသောင်းဖိုးပါတယ်လို့ ပြောတယ်။ ဒါမျိုးတွေက ကျွန်တော်က ကြုံဖူးတော့ နားလည်တယ်” လို့ ဖုန်းလိမ်လည်ရောင်းချမှုနဲ့ ကြုံတွေ့ခဲ့ရတဲ့ ကျောက်ပံတောင်းမြို့နယ်နေ ကိုစည်သူက ပြောပါတယ်။

ဖုန်းလိမ်လည်ရောင်းချတာကို ကိုစည်သူလိုမျိုး ခေတ်လူငယ်တွေက လိမ်လည်ပြောမှန်း နားလည်သူဖြစ်လို့ နစ်နာမှုမရှိခဲ့ပေမယ့် နယ်မှာနေထိုင်ပြီး ရိုးသားတဲ့ပြည်သူတွေအတွက်ကတော့ ကျပ်သုံးသိန်းတန်ကို တစ်သိန်းလောက်နဲ့ ရောင်းချပေးမှာကို မက်မောမိနိုင်လို့ မနစ်နာစေချင်ဘူးလို့ ကိုစည်သူက ပြောပါတယ်။

“သူတို့ကလည်း သူတို့ရဲ့ဝမ်းစာဆိုပေမယ့် ကောင်းရောင်းကောင်းဝယ်လုပ်ရင်တော့ လက်ခံနိုင်ပေမယ့် ဒါမျိုးတွေက ဟိုး အရင်ကတည်းက လုပ်နေတာကို ကြုံတွေ့ဖူးတယ်လေ။ ဒါပေမဲ့ တချို့ရိုးတဲ့သူအတဲ့သူတွေ ခံရမယ်ဆိုရင်တော့ စိတ်မကောင်းဘူးဗျာ”လို့ ကိုစည်သူက ပြောပါတယ်။

ဖုန်းလိမ်လည်ရောင်းချခံရမှုနဲ့ ကြုံတွေ့ခဲ့သူများက လူမှုကွန်ရက် Facebook  စာမျက်နှာတွေမှာ တင်လိုက်တဲ့ ရုပ်သံဖိုင်တွေ၊ ဓာတ်ပုံတွေရဲ့ ပို့စ်အောက်မှာ ဖုန်းလိမ်လည်ရောင်းချခံရဖူးသူတွေက Comment ရေး သားပြောဆိုတွေ၊ ဖုန်းရဲ့အရည်အသွေးမမှန်တာနဲ့ ပျက်စီးမှားယွင်းမှုတွေအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့အကြောင်း Comment  ရေးသားပြောဆိုတာတွေ တွေ့ရပါတယ်။ ဒီလိုမျိုး လိမ်လည်ရောင်းချမှုတွေဟာ စားသုံးသူတွေကို လိမ်လည်တာဖြစ်လို့ စားသုံးသူအခွင့်အရေး ကာကွယ်သူအဖွဲ့ အစည်းများနဲ့ သက်ဆိုင်ရာရဲတပ်ဖွဲ့ကို တိုင်ကြားသင့်ပါတယ်။

“စားသုံးသူအခွင့်အရေး ကာကွယ်ရေးပေါ့။ ပြောရမယ်ဆိုရင် ဒါက Customer ကို လိမ်နေတာပဲလေ။ စားသုံးသူအခွင့်အရေး နေရာကလည်း တကယ်နစ်နာတယ်။ တကယ်ခံလိုက်ရတဲ့သူတွေဆိုရင် ဒါမျိုးကိုတိုင်ပြီးမှ အရေးယူသင့်တယ်” လို့  မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမျိုးက ပြောပါတယ်။

ဒါ့အပြင် ဖုန်းနဲ့ဆက်သွယ်ပြီး လိမ်လည်မှုတွေ တွင်တွင်ကျယ်ကျယ်ဖြစ်လာတာကို ကြားရတဲ့အတွက် လွှတ်တော်ကတစ်ဆင့် သက်ဆိုင်ရာ ဆက်သွယ်ရေးဝန်ကြီးဌာနကို မေးမြန်းပြီး ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာ အဖြေတစ်ခု ရလာနိုင်ပါတယ်လို့ ဒေါက်တာလှမျိုးက ပြောပါတယ်။

စားသုံးသူအကာအကွယ်ပေးရေးဥပဒေ အခန်း (၇) စီးပွားရေးလုပ်ငန်းရှင်များအတွက် တားမြစ်ချက်များ (၉) တွင် စီးပွားရေးလုပ်ငန်းရှင်သည် အောက်ပါအခြေအနေများတွင် ဝယ်ယူသူ သို့မဟုတ် အသုံးပြုသူအား ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်၍ ရောင်းချရန်ကမ်းလှမ်းခြင်းသော်လည်းကောင်း၊ အရောင်းမြှင့်တင်ခြင်းသော်လည်းကောင်း၊ ကြော်ငြာခြင်းသော်လည်းကောင်း မပြုလုပ်ရ၊ (က) ထုတ်ဖော်ညွှန်းဆိုထားသော အရည်အသွေး စံချိန်စံညွှန်း၊ ပုံစံသို့မဟုတ် နည်းလမ်း၊ ထူးခြားသော လက္ခဏာ၊ အသုံးပြုမှုတို့နှင့် ကိုက်ညီမှုမရှိသည့် ဈေးနှုန်းလျှော့ပေးထားသော ကုန်စည်သို့မဟုတ် အထူးဈေးနှုန်း သတ်မှတ်ထားသော ကုန်စည်ဖြစ်ခြင်း၊ (ခ) သစ်လွင်ကောင်းမွန်သော အခြေအနေတွင် မရှိသည့် ကုန်စည်ဖြစ်ခြင်း၊ (ဂ) အခြားကုမ္ပဏီတစ်ခုခု၏ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ခိုင်မာသော ထောက်ပံ့မှုနှင့် အာမခံမှုပြုခြင်း၊ (ဃ) အသုံးမပြုနိုင်သော သို့မဟုတ် မရရှိနိုင်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဖြစ်ခြင်း၊ (င) အပြစ်အနာအဆာ၊ ချွတ်ယွင်းချက်များကို ဖုံးကွယ်ထားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဖြစ်ခြင်း၊ (စ) အခြားသော ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုကိုတိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ချိုးနှိမ်ဖော်ပြခြင်း၊ (ဆ) သတင်းအချက်အလက်အပြည့်အစုံ ခိုင်မာမှုမရှိသော ချဲ့ကားဖော်ပြမှုများကို အသုံးပြုခြင်း၊ (ဇ) မသေချာမရေရာသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုဖြစ်ခြင်း စတာတွေကို ဖော်ပြထားပါတယ်။

စားသုံးသူအကာအကွယ်ပေးရေး ဥပဒေအခန်း (၇) စီးပွားရေး လုပ်ငန်းရှင်များအတွက် တားမြစ်ချက်များ (၁၃) တွင် စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ အနှောင့်အယှက်ဖြစ်စေမည့် နည်းလမ်းတစ်ခုခုဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအား ရောင်းချရန် ကမ်းလှမ်းခြင်း သို့မဟုတ် ကြေညာခြင်းမပြုရလို့ ပြဋ္ဌာန်းထားပါတယ်။

ဖုန်းနဲ့လိမ်လည်မှု ကြုံတွေ့ရသူတွေရှိသလို အင်တာနက်အွန်လိုင်း အသုံးပြုသူများလာတဲ့ ဒီနေ့ခေတ်အခြေအနေမျိုးမှာ ငွေကြေးအတော်အတင့် အဆင်ပြေတဲ့သူတွေ ကို အွန်လိုင်းပေါ်ကနေ လုပ်ငန်းလုပ်ကိုင်ဖို့ အမြတ်ငွေမက်လုံးပေးတဲ့ အစုရှယ်ယာခေါ်ပြီး အလိမ်ခံရတဲ့ဖြစ်စဉ်မျိုးတွေ၊ အွန်လိုင်းပေါ်က စုမဲအရောင်းအဝယ်လုပ်ပြီး စုမဲမပေးနိုင်တဲ့အချိန်မှာ လိမ်လည်ထွက်ပြေးသွားတဲ့ ဖြစ်စဉ်မျိုးတွေကြောင့် နစ်နာတဲ့ ပြည်သူများရှိနေတာကိုလည်း သိရပါတယ်။ အွန်လိုင်းပေါ်ကတစ်ဆင့် စီးပွားရေးလုပ်ငန်း တွေဗန်းပြပြီး ရှယ်ယာတွေဝယ်ယူဖို့ ကြော်ငြာကြတာပါ။ ရှယ်ယာထည့် ဝင်မှုနှုန်းအတိုင်း တစ်လကို အမြတ်ငွေ အမြောက်အမြားပေးရမယ်လို့ မက်လုံးပေးပြီး နောက်ဆုံးအမြတ်ငွေမပေးနိုင်တဲ့ အခါမှာတော့ လိမ်လည်ထွက်ပြေးခဲ့တဲ့ဖြစ်စဉ်များ တွေ့ရပါတယ်။

အဲဒီလိုဖြစ်စဉ်တွေထဲကမှ လူသိများခဲ့တဲ့ ဖြစ်စဉ်တစ်ခုရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ Jude Jude Family ၊ သင့်မြတ်အများနဲ့ သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှာ အစုရှယ်ယာဝယ်ရင် ရှယ်ယာထည့်ဝင်သူတွေကို ကျပ်သိန်း ၄၀ အောက် ထည့်ဝင်တဲ့ သူတွေကို တစ်လကို ရာခိုင်နှုန်း ၃၀၊ ကျပ် ၉၉ သိန်းအထိ ၂၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀ နဲ့အထက်ကို ၂၀ ရာခိုင်နှုန်း သတ်မှတ်ပေးပြီး အမြတ်ငွေတွေကို ဘဏ်အကောင့်ကနေ လွဲှပေးခဲ့ပါတယ်။ အဲဒီလို အစပိုင်းအမြတ်ငွေပုံမှန်ရရှိတာကို အဟုတ်ထင်ပြီး ထပ်တိုးရှယ်ယာထည့်ဝင်မိတဲ့အခါမှာတော့ အမြတ်ငွေ မပေးနိုင်တော့ဘဲ လူ ၁၅၀၀ ကျော်ရဲ့ အစုရှယ်ယာငွေကြေး သိန်းပေါင်းများစွာကို လိမ်လည်ထွက်ပြေးတိမ်းရှောင်မှုတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်က Jude Jude Family ၊ သင့်မြတ်အများနဲ့ သက်ဆိုင်သော ကုမ္ပဏီလီမိတက်ရဲ့ တာဝန်ရှိသူတွေကို ရန်ကင်းမြို့ မရဲစခန်းမှာ ပုဒ်မ ၄၂၀ နဲ့အမှုဖွင့်ခဲ့ပြီး ကုမ္ပဏီ ဒါရိုက်တာတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ အမျိုးသမီးကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ သက်ဆိုင်ရာရဲစခန်းကနေ စုံစမ်းသိရပါတယ်။

အလားတူဖြစ်စဉ်မျိုး ရှိပါသေးတယ်။ အွန်လိုင်းပေါ်မှ Facebook စာမျက်နှာတစ်ခုဖြစ်တဲ့ Genius Media Advertising Agency  အမည်နဲ့ ကြော်ငြာဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသော မမေအိမ့်ဒါလီမွန်ဆိုသူက  အစုရှယ်ယာထည့်ဝင်ပါက ရင်းနှီးငွေ ရာခိုင်နှုန်း ၂၀ ကို လစဉ်အမြတ်အဖြစ် ပေးမည်ဟု မက်လုံးပေးကာ အစုရှယ်ယာဝင်များ ခေါ်ယူခဲ့ပါတယ်။ အစပိုင်းမှတော့ အစုရှယ်ယာတွေ ပုံမှန်ပေးခဲ့ပေမယ့် နောက်ပိုင်း လူ ၇၀၀ ကျော်ထည့်ဝင်ထားတဲ့ အစုရှယ်ယာငွေကြေး သိန်းပေါင်းလေးသောင်းခန့်ကို လိမ်လည်သွားခဲ့လို့ နစ်နာသူတွေကပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

“ကျွန်မတို့ကို စပြောတုန်းက အစုရှယ်ယာထဲမှာ ငါးသိန်းရင်းရင် တစ်လတစ်သိန်း အမြတ်ရမယ်ဆိုပြီး ပြောတယ်။ အစပိုင်းတော့ မှန်သေးတယ်။ နောက်ပိုင်း သိန်း ၁၀၀ လောက်သွင်းပြီးမှ လိမ်ပြေးသွားတာပါ။ ကျွန်မလိုပဲ တစ်လအမြတ်တစ်သိန်းရလည်း မနည်းဘူးဆိုပြီးယုံပြီး အစုရှယ်ယာထည့်သူတွေပါ  အလိမ်ခံရတာ အားလုံးပေါင်း ၇၀၀ ကျော်လောက်ရှိတယ်။ စုစုပေါင်းသိန်းလေး သောင်းလောက်ပါသွားတယ်” လို့ နစ်နာသူ တစ်ဦးဖြစ်တဲ့ မဝင်းဝင်းအေးက  သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့တဲ့ နစ်နာသူ အစုရှယ်ယာဝင် ၂၀ ခန့်က မအိမ့်ဒါလီမွန်ဆိုသူအား သာကေတမြို့မရဲစခန်းမှာ အမှုဖွင့်ထားပြီး  သက်ဆိုင်ရာဝန်ကြီးဌာနတွေကိုလည်း တိုင်စာပေးပို့ထားတယ်လို့ သိရပါတယ်။

ရာဇသတ်ကြီး လိမ်လည်မှုဥပဒေပုဒ်မ ၄၁၅ မှာ “မည်သူမဆို တစ်ဦးတစ်ယောက်သောသူအား လှည့်ဖြားခြင်းဖြင့်  ထိုသို့လှည့်ဖြားခံရသောသူက သူတစ်ပါးအား ပစ္စည်းတစ်ခုခု ပေးအပ်စေရန်ဖြစ်စေ၊ သူတစ်ပါးတွင် ပစ္စည်းတစ်ခုခုကို ဆက်လက်ထားရှိသည်ကို သဘောတူစေရန်ဖြစ်စေ၊ ထိုသို့လှည့်ဖြားခြင်း ခံရသောသူအား လိမ်လည်လှည့်ဖြားလို သောသဘောဖြင့် သော်လည်းကောင်း၊ မရိုးမဖြောင့်သော သဘောဖြင့်သော်လည်းကောင်း၊ သွေးဆောင်လျှင် သို့တည်းမဟုတ် တစ်ဦးတစ်ယောက်သောသူအား လှည့်ဖြားခြင်းဖြင့် ထိုသို့လှည့်ဖြားခြင်းခံရသောသူက အကယ်၍ လှည့်ဖြားခြင်းမခံရခဲ့သော် မိမိပြုမည် မဟုတ်သော သို့တည်းမဟုတ် မိမိပျက်ကွက် မည်မဟုတ်သော အရာကိုပြုစေရန်သော်လည်းကောင်း၊ မပြုဘဲပျက်ကွက်စေရန်သော်လည်းကောင်း၊ ထိုသို့လှည့်ဖြားခြင်းခံရသော သူအားတမင်သွေးဆောင်လျှင် ထို့ပြင်ထိုပြုလုပ်မှုက သို့တည်းမဟုတ် ထိုပျက်ကွက်မှုက ထိုသူ၏ ကိုယ်ကိုဖြစ်စေ၊ စိတ်ကိုဖြစ်စေ၊ ဂုဏ်သရေကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ ပျက်စီးနစ်နာစေခြင်းသော်လည်းကောင်း၊ အန္တရာယ် သော်လည်းကောင်းဖြစ်စေလျှင် သို့တည်း မဟုတ်ထိုသို့ဖြစ်စေတန်ရာလျှင် ထိုသူသည် လိမ်လည်သည်မည်၏” လို့ဖော်ပြထားပါတယ်။

အလားတူ လိမ်လည်မှုပုဒ်မ ၄၂၀ မှာ “မည်သူမဆို လှည့်ဖြားခြင်းခံရသောသူအား တစ်ခုခုသောပစ္စည်းကို သူတစ်ဦးတစ်ယောက်သို့ ပေးအပ်စေရန်သော်လည်းကောင်း၊ အဖိုးတန်စာတမ်း အမှတ်အသားအားလုံးကို သို့တည်းမဟုတ် တစ်စိတ်တစ်ဒေသကိုဖြစ် စေပြုစေရန် သို့တည်းမဟုတ် ပြင်ဆင်စေရန်သို့တည်းမဟုတ် ဖျက်ဆီးစေသော်လည်းကောင်း၊ ထိုလှည့်ဖြားခြင်းခံရသူအား လိမ်လည်၍ မရိုးမဖြောင့်သောသဘောနှင့် သွေးဆောင်လျှင် ထိုသူကို ခုနစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်” လို့ ပြဋ္ဌာန်းပါတယ်။

လိမ်လည်မှုတွေနဲ့ပတ်သက်လို့ ရဲစခန်း၊ တရားရုံးနဲ့ အကျဉ်းထောင်တွေအတွင်းမှာ လိမ်လည်ပုဒ်မ ၄၁၅၊ ပုဒ်မ ၄၂၀ နဲ့အမြောက် အများရှိနေပါတယ်။ ဒါပေမဲ့လိမ်လည်မှုတွေကိုတော့ ဥပဒေတစ်ခုတည်းနဲ့ ထိန်းချုပ်ဖို့ ခဲယဉ်းနိုင်တဲ့အတွက် ပြည်သူကိုယ်တိုင်က ဥပဒေနဲ့မညီညွတ်တဲ့ အခွင့်အရေးတွေကို  မမက်မောမိဖို့နဲ့ စိတ်အနေအထားတွေကို ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။

“လိမ်လည်မှုတွေမှာ အပိုင်းနှစ်ခုရှိပါတယ်။ လိမ်လည်သူတွေက ဘယ်သူတွေကို သားကောင်အဖြစ် ထားသလဲဆိုရင် ငွေကိုလွယ်လွယ် အချောင်ရချင်တဲ့သူတွေပေါ့။ လိမ်လည်မှု ကြုံတွေ့ရတဲ့အခါမှာ အလိမ်ခံလိုက်ရတဲ့သူက ငွေကြေးတစ်ခု၊ အခွင့်အရေးတစ်ခုကို လွယ်လွယ်လေးနဲ့ အချောင်ရချင်တဲ့သူတွေဆိုတာ သွားတွေ့တယ်။ ကျွန်တော်တို့က လိမ်လည်မှုတွေ ဥပဒေတစ်ခုတည်းနဲ့ တားလို့ရသလားဆိုရင် တရားရုံးတွေမှာ ကြည့်လိုက်ရင် ၄၁၅ မှုတွေလည်း အများကြီးပါ။ ၄၂၀ တွေလည်း အများကြီးပဲ။ ဥပဒေကတော့ ရဲစခန်းတွေမှာ၊ တရားရုံးတွေမှာရော၊ ထောင်တွေမှာရော ကြုံတွေ့ပြီး ကျနေတာပဲ။ သို့သော် ဥပဒေရဲ့ထိန်းချုပ်မှုတစ်ခုတည်းနဲ့တော့ လိမ်လည်မှုတွေကို ထိန်းချုပ်လို့ မရနိုင်ပါဘူး။ ပြည်သူလူထုကိုယ်တိုင်ကကိုယ်ရဲ့စိတ်အနေအထားတွေကို ပြင်ဆင်ပြောင်းလဲဖို့လိုတယ်။ ဥပမာ ဥပဒေနဲ့ မညီညွတ်တဲ့ အခွင့်အရေးတစ်ခုဆိုရင် ကိုယ်ကိုယ်တိုင်က ရယူဖို့မကြိုးစားဖို့လိုတယ်။ အခုဖြစ်တဲ့ ပြဿနာတွေက ဥပဒေနဲ့မညီမှန်းလည်းသိတယ်။ ဒါပေမဲ့ ကိုယ်က ငွေတစ်ခုကို လွယ်လွယ်နဲ့ သုံးချင်တယ်။ ဟိုဘက်က အခွင့်အရေးအားလုံးကို ရမယ်ထင်ပြီးတော့ ကိုယ့်ဆီက အရင်ပါသွားတာပါ။ စုမဲတွေဆိုရင်လည်း စုကြေးရရင် ငွေသိန်းဘယ်လောက်ရမယ်ဆိုတာ ကိုယ်က မက်လိုက်တာ လွယ်လွယ်လေး။ အလုပ်မလုပ်ဘဲနဲ့ ရမယ်ပေ့ါ။ အဲဒါရရင် ငါဘယ်လို အလုပ်လုပ်မယ်ပေါ့။ ဒါက ကိုယ့်စိတ်ကူး။ ထည့်နေတုန်းမှာပဲ ကိုယ့်အလှည့်မရောက်ခင်မှာ ပိုင်ရှင်က ပြေးသွားပြီ။ ကိုယ်ထည့်လိုက်တာတွေက ဆုံးရှုံးသွားပြီ။ အဲဒီတော့ ပြည်သူတွေကိုယ်တိုင်ကိုက ဥပဒေမညီတဲ့ ကိုယ်ရပိုင်ခွင့်မရှိတဲ့ အခွင့်အရေးတွေကို ရယူဖို့ စိတ်ဆန္ဒမရှိဘူး။ အဲဒီလိုစိတ်တွေကို ဖယ်ရှားနိုင်မယ်ဆိုရင်တော့ လိမ်လည်တွေက ကင်းရှင်းသွားမှာပါ။ ဥပဒေတစ်ခုတည်းနဲ့ကတော့ ကျွန်တော့်အမြင်က ထိန်းချုပ်လို့မရနိုင်ပါဘူး” လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

အွန်လိုင်းကတစ်ဆင့် ရာဇဝတ်မှုကျူးလွန်တာတွေဖြစ်တဲ့ လိမ်လည်မှုတွေ၊ ခြိမ်းခြောက်ငွေတောင်းခံတာတွေ စတဲ့အကြောင်းအရာတွေ ဖော်ထုတ်နိုင်ဖို့ နည်းပညာတတ်ကျွမ်းတဲ့ Cyber Police တပ်ဖွဲ့ဆိုတာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ရှိပါတယ်။

“ရဲစခန်းတစ်ခုခုမှာ အမှုဖွင့်မထားရင် Cyber Police ကရော CID ကရော အရေးယူဆောင်ရွက်ခွင့် မရှိပြန်ဘူး။ နစ်နာသူပြည်သူတစ်ဦးချင်းကနေမှ နစ်နာမှုကိုဖော်ပြပြီးတော့ အမှုဖွင့်လိုက်မှပဲ Cyber Police ကလည်း တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်လို့ရတယ်။ ကျွန်တော်တို့လည်း လက်တွေ့မဆောင်ရွက်ခင်တုန်းက Cyber Police ဆိုတာ အွန်လိုင်းပေါ်မှာ အမြဲတစေ ထောက်လှမ်းပြီးတော့မှ ပြည်သူလူထုတွေကို အွန်လိုင်းနည်းပညာသုံးပြီးတော့ လိမ်လည်မှုတွေကို ဖော်ထုတ်မယ်လို့ ထင်ခဲ့တာပါ” လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

နည်းပညာစနစ်တွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အတူ ပြည်သူလူထုသတိထားရမယ့် အရာတစ်ခုကတော့ IT နည်းပညာကိုအသုံးပြုပြီး ဘဏ်အကောင့်တွေကနေ ငွေလိမ်လည်ထုတ်ယူတာပဲ ဖြစ်ပါတယ်။ အဲဒီလို နည်းပညာအသုံးပြုပြီး ဘဏ်အကောင့်တွေက ငွေလိမ်လည်ထုတ်ယူသူ အများစုမှာ နိုင်ငံခြားသားတွေဖြစ်တာကို သိရပါတယ်။ အဲဒီနိုင်ငံခြားသားတွေ မြန်မာနိုင်ငံက နိုင်ငံသားတစ်ယောက်နဲ့ပူးပေါင်းပြီး ဘဏ်အကောင့်တွေထဲက အားနည်းချက်ရှိတဲ့ Custome အကောင့်တွေ၊ ငွေထုတ်ငွေသွင်းနည်းတဲ့ အကောင့်တွေ၊ ငွေပမာဏများများ ထည့်ထားတဲ့ အကောင့်ပိုင်ရှင်တွေကို ပစ်မှတ်ထားပြီး နည်းပညာအသုံးပြုပြီးတော့ လိမ်လည်ငွေထုတ်မှုဖြစ်စဉ်ရှိနေတာကို သတိပြုထားရမှာ ဖြစ်ပါတယ်။

“လိမ်လည်မှုပုံစံတွေက ပိုပြီးတော့ အဆင့်မြင့်လာတယ်။ အဲဒီတော့ ရဲတပ်ဖွဲ့အနေနဲ့ရော အစိုးရပိုင်းအနေနဲ့ရော ဒီလို ခေတ်မီနည်းပညာတွေသုံးပြီးလုပ်တဲ့ လိမ်လည်မှုတွေနဲ့ပတ်သက်လို့ အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတစ်ရပ် ဖြည့်စွက်ပြဋ္ဌာန်းပေးဖို့လိုလာပြီလို့ ကျွန်တော်မြင်ပါတယ်” လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ စီးပွားရေး အကျပ်အတည်းနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်တွေကို ကြုံတွေ့နေရချိန်မှာ အခြေခံလူတန်းစားပြည်သူလူထုကို နစ်နာနိုင်တဲ့ဖုန်း အသုံးပြုတဲ့ လိမ်လည်မှုတွေ၊ အွန်လိုင်းက မက်မောလောက်တဲ့ အမြတ်ငွေရမယ့်ဆိုတဲ့ လိမ်လည်ကြော်ငြာတွေ၊ တရားမဝင်စု မဲအရောင်းအဝယ်လုပ်ပြီး မပေးနိုင်တဲ့အခါ လိမ်လည်ခံရနိုင်တဲ့ ဖြစ်စဉ်မျိုးတွေကို ပြည်သူလူထုအနေနဲ့ သတိပြုစေချင်ပါတယ်။ ပြည်သူလူထုအနေနဲ့ လိုတာထက်ပိုတဲ့ အခွင့်အရေးမျိုးတွေ မမက်မောမိဖို့နဲ့ စိတ်အနေအထားကိုပြုပြင်ပြီး ဆင်ခြင်သုံးသပ်နိုင်ဖို့ လိုပါတယ်။

ဘယ်လိုအကြောင်းအမျိုးအမျိုးနဲ့ လိမ်လည်တာပဲဖြစ်ဖြစ် လူအသိုင်းအဝိုင်းကြားမှာ လိမ်လည်တာကို လက်မခံနိုင်သလို ဒါကတရားဥပဒေစိုးမိုးရေးကို စိန်ခေါ်တာပဲဖြစ်ပါတယ်။ လိမ်လည်သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ အစိုးရတာဝန်ရှိတွေက စိစစ်ဖော်ထုတ်ပြီး ပြည်သူလူထု နစ်နာဆုံးရှုံးမှုမရှိစေဖို့နဲ့ ဥပဒေကာကွယ်ဖို့ တာဝန်ရှိပါတယ်။

 

Most Read

Most Recent