ထွေရာစိတ်ကူး “ကက်ဘလူး”

ထွေရာစိတ်ကူး “ကက်ဘလူး”
Published 19 August 2018

Cat Ballou (1965) ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်း တစ်ခန်း

“အဝေးကြည့်မှန်ပြောင်း တစ်လက်ကို ပြောင်းပြန်ကိုင်ပြီး လူ့ဘဝကိုကြည့်လို့ မြင်တွေ့လိုက်ရတဲ့ အရာတွေဟာ ထွေရာစိတ်ကူးတွေပဲ” လို့ သူငယ်ချင်း တစ်ယောက်က ကျောင်းမှာတုန်းက ပြောခဲ့ဖူးပါတယ်။ အင်္ဂလိပ်လို Fantasy မြန်မာလို “ဆန်းဆန်းပြားပြား”၊ “စိတ်ကူးယဉ်သက်သက်” နဲ့ “စိတ်ကူးယဉ်အိပ်မက်” လို့လည်း ခေါ်လေ့ရှိကြတဲ့ ဒီထွေရာစိတ်ကူးဆိုတဲ့ အရာကို အကောင်းမြင်တဲ့လူတွေလည်း ရှိကြပါသေးတယ်။ “ထွေရာစိတ်ကူး ဆိုတာသာမရှိရင် လူ့ဘဝမှာနေလို့ မရဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ လူတွေဟာ လက်ရှိ တကယ့်လက်တွေ့ဘဝက ပူနွေးလှတဲ့ ဒုက္ခဆင်းရဲဆိုတဲ့ ရေပူစမ်းထဲမှာ အမြဲဝင်ထိုင်နေရသလို ဖြစ်နေမှာမို့ပဲ၊ ဒါ့ကြောင့် အေးမြတဲ့ ထွေရာစိတ်ကူးဆိုတဲ့ ကုန်းပေါ်ကို တစ်ခါတလေလောက်တော့ဖြင့် တက်နေသင့်ကြပါတယ်” လို့ သူတို့က ပြောကြပါတယ်။ အဲဒီလို ထွေရာစိတ်ကူးကို အမျိုးမျိုး မှတ်ချက်ပြုကြသူတွေထဲမှာ သဘာဝလည်းကျ သိပ္ပံနည်းလည်းကျအောင် မှတ်ချက်ပြုသွားကြတဲ့ လူတချို့ရဲ့ မှတ်ချက်ကတော့ တော်တော်လက်ခံချင်စရာပါ။ အဲဒါကတော့“လောကကြီးမှာ ထွေရာစိတ်ကူးဆိုတာသာ မရှိခဲ့ရင် ကမ္ဘာကြီးဟာ ဘယ်လိုမှ တိုးတက်လာနိုင်စရာ အကြောင်းမရှိဘူး၊ ထွေရာစိတ်ကူးလေး ရှိလာခဲ့ရင်လည်းဟာ ဒါကတော့ မဖြစ်နိုင်ပါဘူးလို့ စမလုပ်ခင်ကတည်းက လက်လျှော့ချင်စိတ် ပေါက်နေရင် လူ့လောကဟာ ကျောက်ခေတ်တုန်းကအတိုင်း ဖြစ်နေမှာ အသေအချာပါပဲ၊ ဥပမာအားဖြင့် လူတွေဟာ ငှက်တွေကိုကြည့်ပြီး လူတွေ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ငှက်လို ပျံနိုင်မှာ မဟုတ်ပါဘူးဆိုတဲ့ အသိက အရိုးစွဲနေရင် လေယာဉ်ပျံ ဆိုတာဟာလည်း ပေါ်လာမှာ မဟုတ်ဘူး”လို့ သူတို့က ဆိုကြပါတယ်။ အနုပညာလောက အထူးသဖြင့် ရုပ်ရှင်လောကမှာ ဆိုရင်လည်း အကင်းပါးတဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေဟာ ဒီသဘောတရားကို နားလည်ကြပါတယ်။ ပရိသတ်ရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်ချင်တယ်၊ ဘယ်လို ထွေရာ စိတ်ကူးလေးတွေ ရှိတယ်ဆိုတာကို သူတို့က သိကြပါတယ်။ ဒီတော့ ပရိသတ်ရဲ့ထွေရာစိတ်ကူးလေးတွေ ရှိရာဆီကို နှစ်နာရီဝန်းကျင်လောက် ပို့ပေးလိုက်တာနဲ့ ရုပ်ရှင်ဟာ အောင်မြင်ပြီး အမြတ်ငွေတွေလည်း ဝေါခနဲ ဝင်လာကြတာကို တွေ့ရပါတယ်။ ၁၉၆၅ ခုနှစ်က အဲဒီလိုကားမျိုး တစ်ကားပေါ်ခဲ့တာ အခုနှစ် ၅၀ ကျော်လာတဲ့တိုင် အဲဒီဇာတ်ကားကို လူတွေမျက်စိထဲမှာ မြင်ယောင်နေကြဆဲပါပဲ။ အဲဒီဇာတ်ကားကတော့ နှစ်ကိုယ်ခွဲပြီး ပါဝင် သရုပ်ဆောင်ခဲ့တဲ့ Lee Marvin အော်စကာဆု ရသွားတဲ့ Cat Ballou (1965) ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်တယ်။ စီးပွားရေးအရလည်း အလွန်အောင်မြင်ခဲ့ပါတယ်။ အောင်မြင်ဆို ၉၇ မိနစ်လောက်အကြာ ဒီဇာတ်ကားကို ကြည့်နေစဉ်အတွင်းမှာ ရုပ်ရှင်က ပရိသတ်ကြီးကို ရေပူစမ်းထဲကနေ အေးမြတဲ့ ကုန်းပေါ်ကို ခဏတာ ခေါ်ထုတ်သွားနိုင်တာကိုး။

ဇာတ်လမ်းစစချင်း “မိတ်ဆွေတို့ရေ နားဆင်ကြ “ကက်ဘလူး” ဆိုတဲ့ ဇာတ်လမ်း ကဗျာလေး တစ်ပုဒ်ကို သီဆိုပြမယ်၊ ဒီနေ့ကတော့ “ဝိုင်ယိုမင်း” ပြည်နယ်က ကျွန်တော်တို့ရဲ “ဝံပုလွေ”ဆိုတဲ့ မြို့လေးမှာ ကြိုးပေးပွဲတစ်ခု ရှိသဗျ၊ အချိန်ကတော့ ၁၈၉၄ ခုနှစ်ပေ့ါ။ ကြိုးပေးခံရမယ့် သူကတော့ ဒီမြို့လေးက လူတစ်ယောက်ကို သတ်ခဲ့တဲ့ “ကက်ဘလူး” ဆိုတဲ့ အပျိုချောလေးပါပဲ။ ကက်ဘလူးရဲ့ မျက်လုံးတွေဟာ ပြာရည်လဲ့နေကြတယ်။ နတ်မိမယ်တမျှ လှပတဲ့ ကက်ဘလူး တစ်ချက်ပြုံးလိုက်ပြီ ဆိုရင်တော့ ခင်ဗျား အရည်ပျော်ကျသွားဖို့သာ ပြင်ပေတော့၊ အဲဒီလောက်တောင် ချောတဲ့လှတဲ့ ကက်ဘလူး ကြမ်းပြီ ရမ်းပြီဆိုရင်တော့ ယောကျ်ားသား လူမိုက်ကြီးတွေကတောင်မှ ဆရာ ခေါ်ရမတတ်ပဲခင်ဗျ”လို့ လူမည်း အဆိုတော်တစ်ယောက် Nat King Cole နဲ့ လူဖြူတစ်ယောက်တို့က ဘင်ဂျိုကိုယ်စီ တီးပြီး ဝံပုလွေမြို့လေးထဲက လမ်းမပေါ်မှာ သီချင်းဆိုနေကြပါတယ်။ နောက်ဘက်မှာလည်း လူသုံးလေးယောက် လောက်က ဝါးတစ်ပြန်သာသာလောက်မြင့်မယ့် ကြိုးစင်ကို သစ်သားတွေနဲ့ ရိုက်ပြီး စနစ်တကျ ပြင်ဆင်နေကြပါတယ်။ ဒီကြိုးပေးမယ့်ပွဲကို လာကြည့်မယ့် မြို့သူမြို့သားတွေကလည်း ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ပြီး ပြုံးပျော်ရွှင်မြူးစွာနဲ့ မြို့ထဲမှာ လမ်းသလားနေကျတော့ ဒီဇာတ်ကားဟာ စိတ်ကူးယဉ် ဖျော်ဖြေရေး ဇာတ်ကားတစ်ကား ဖြစ်မှာပဲလို့ ထင်ခဲ့မိတာကတော့ အမှန်ပါပဲ။

နောက်ရုပ်ရှင်က စာတန်းထိုးပြီး နောက်ကြောင်း ပြန်သွားပါတယ်။ အဲဒီနေ့ကတော့ “ဖရန်ကီဘလူး” ရဲ့သမီး (Catherine Ballou) ရဲ့အတိုကောက်ဖြစ်တဲ့ “ကက်ဘလူး” Cat Ballou (Jane Fonda) အထက်တန်းကျောင်း ပြီးသွားတဲ့ နေ့ပေါ့။ အမေရိကားမှာတော့ အဲဒီလို အထက်တန်း ကျောင်းထွက်လက်မှတ် ယူတဲ့နေ့ကို Graduation Day လို့ ခေါ်ကြပါတယ်။ အဲဒီနေ့မှာ ကက်ဘလူးဟာ အသက် ၂၀ ဝန်းကျင်လောက်ပဲ ရှိပါသေးတယ်။ မိန်းကလေး တစ်ယောက်အတွက် အလှပြည့်စုံတဲ့ အရွယ်လို့ပဲ ဆိုရမှာပေါ့။ ကျောင်းအုပ်ဆရာမကြီးက ကက်ဘလူးကို “ညည်းက ကျုပ်ကျောင်းမှာ အချောဆုံး စာအတော်ဆုံး ဆိုတော့ စိတ်ကူးမလွဲနဲ့ တကယ့်ကို နာမည်ကျော် ကျောင်းဆရာမကြီး တစ်ယောက်ဖြစ်မှာ သေချာပေါက်ပဲအေ့” လို့ မြှောက်ပေးထားတော့ နဂိုကတည်းက ရိုးအလှတဲ့ ကက်ဘလူးဟာ ပိုပြီး အရှက်အကြောက်ကြီးသလို ဖြစ်နေပါတယ်။ အထက်တန်းကျောင်းရှိရာ မြို့လေးကနေ မွေးရပ်မြို့လေးဖြစ်တဲ့ “ဝံပုလွေမြို့” Wolf City (စိတ်ကူးယဉ်) ကို မီးရထားနဲ့ ပြန်လာရာလမ်းမှာတော့ ကက်ဘလူး တစ်ယောက်တည်းပါ။

ရထားတွဲပေါ် ရောက်တော့ သူနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဝတ်ရုံအနက်နဲ့ တရားဟောဆရာဟာ စောစောစီးစီး မူးနေပါပြီ။ “ဒါ ကျွန်တော့်ဘဝမှာ ပထမဆုံးအကြိမ် အရက်သောက်ဖူးတာပါပဲ”လို့ ကက်ဘလူးကို အာလေးသံကြီးနဲ့ ဆိုနေပါသေးတယ်။ တကယ်တော့ ဒါဟာ တရားဟောဆရာအစစ် မဟုတ်ပါဘူး။ နွားခိုးမှုနဲ့ ရထားပေါ်မှာ အချုပ်နဲ့ ပါလာတဲ့ “ကလေး” ဆိုသူရဲ့ ဦးလေး “ဂျက်” ဆိုသူ ဖြစ်ပါတယ်။ သူဟာ တူဖြစ်သူကို ကယ်တင်ဖို့ အယောင်ဆောင်လာတာ ဖြစ်ပါတယ်။ ဦးလေးဖြစ်သူဟာ အစောင့်တွေကို တစ်ပတ်ရိုက်ပြီး ရထားတွဲပေါ်မှာ ချုပ်ထားတဲ့ သူ့တူကို လွတ်သွားအောင် လုပ်နိုင်ခဲ့ပါတယ်။ ကက်ဘလူး ဝံပုလွေမြို့က အဖေ့ခြံကို ပြန်ရောက်တဲ့အခါမှာ မြို့ဖွံ့ဖြိုးရေးအဖွဲ့က ခြံကို သိမ်းဖို့ ပြင်ဆင်နေကြတာကို တွေ့ရပါတယ်။ ဒီလူတွေကို တစ်ယောက်တည်း ဒိုင်ခံ ခုခံနေသူကတော့ ခြံက အဖေ့တပည့် ရက်အင်ဒီးယန်းနွယ်ဖွား “ဂျက်ဆင်”ဆိုသူပဲ ဖြစ်ပါတယ်။ မကြာခင်မှာ ကလေးနဲ့ သူ့ဦးလေး ဂျက်တို့ ကက်ဘလူးကို ကူညီဖို့ ပေါက်ချလာကြပါတယ်။ အဲဒီအချိန်မှာ “တင်” Lee Marvin ဆိုတဲ့ သေနတ်သမားဟာလည်း အဖေ့ကိုသတ်ဖို့ ခြိမ်းခြောက်နေပါတယ်။ ဒါရိုက်တာ ကြံကြံဖန်ဖန် ထွင်ထားတဲ့ ထွေရာစိတ်ကူး လုပ်ပေါက်ကိုလည်း ကြည့်ပါဦး။ “တင့်”နှာခေါင်းက သေနတ်မှန်ပြီး ပြတ်သွားလို့ သံနှာခေါင်း အတုတစ်ခုနဲ့ နှာခေါင်းပြတ်ကို စွပ်ပြီး ကြိုးနဲ့ခေါင်းကို သိုင်းပြီး ဆွဲထားရသတဲ့။ “တင့်” ရန်ကြောင့် ကက်ဘလူးဟာ ဝိုင်ယိုမင်းပြည်နယ်က အကျော်ဇေယျ သေနတ်သမား “ရှလင်း” Lee Marvin ဆိုသူကို ငှားရမ်း လိုက်ရပါတော့တယ်။

ဒါပေမဲ့ တကယ်တော့ ရှလင်းဟာ ကက်ဘလူးထင်သလို အပျံစား သေနတ်သမား မဟုတ်ဘဲ ဇိုးသမားကြီး ဖြစ်နေပါတယ်။ ခါးကြားထဲက သေနတ်ကို ဆွဲထုတ်တာတောင်မှ ဘောင်းဘီကျွတ်ကျတဲ့ သေနတ်သမားပါ။ ဂိုဒေါင်နံရံမှာ ကပ်ထားတဲ့ ရှစ်လက်မစက္ကူ ပစ်မှတ်ကို ပစ်တာ ဂိုဒေါင်ထိပ်က လေတိုက်နှုန်းကို သိရအောင် ထောင်ထားတဲ့ ရဟတ်ဒလက်ကို သွားမှန်တဲ့အထိ လက်ကလည်း ဖြောင့်တာ ဖြစ်ပါတယ်။ ဒါနဲ့ပဲ “တင်” ခြံနားလာပြီး ချောင်းပစ်သွားလို့ အဖေဖြစ်သူ “ဖရန်ကီဘလူး” အသက်ဆုံးရှုံး သွားခဲ့ရပါတယ်။ ဒါ့ကြောင့် ကက်ဘလူးဟာ အဖေ့အတွက် တင့်ကို တရားရုံးပေါ် တင်နိုင်ဖို့ ကြိုးစားရင်းနဲ့ပဲ ကက်ဘလူးဆိုတဲ့ နာမည်ကျော် လူဆိုးဂိုဏ်း ခေါင်းဆောင်ကြီး တစ်ဦးဖြစ်လာခဲ့ရတော့တာပါပဲ။ ကက်ဘလူးတို့ ဂိုဏ်းဟာ ဝံပုလွေမြို့က အမှုထမ်းတွေအတွက် လစာတွေကို တင်ဆောင်လာတဲ့ ရထားကို ဓားပြတိုက် ကြပါတယ်။ နောက် ပြည်နယ် အစွန်အဖျားက လူဆိုးမှန်သမျှရဲ့ ခိုအောင်းရာ နေရာဖြစ်တဲ့ ဓားပြရွာထဲမှာ သွားပြီး ပုန်းအောင်းနေကြပါတယ်။ ရှလင်းဟာ ကက်ဘလူးကို သနားတာနဲ့ အရက်ဖြတ်ပြီး သေနတ်ကို အရင်တုန်းကလို ပုံမှန်ပြန်ပစ်နိုင်အောင် လေ့ကျင့်ပါတယ်။ နောက်အသားနားဆုံး ငွေရောင်သေနတ်သမား ဝတ်စုံကို ဝတ်ဆင်ပြီး “တင်” ကို ရင်ဆိုဖို့ မြို့ထဲကို ထွက်လာခဲ့ပါတယ်။ တင်ဟာ ငါ့ညီများလား မသိဘူး၊ ငါ့ညီဖြစ်နေရင်တော့ ဒုက္ခဆိုတဲ့ သံသယနဲ့သွားခဲ့တာ ဖြစ်ပါတယ်။ ကံမကောင်း အကြောင်းမလှချင်တော့ တင်ဟာ တကယ့် သူ့ညီအရင်း ဖြစ်နေတယ် ဆိုတာကို တွေ့လိုက်ရပါတယ်။ ဒါ့ကြောင့် ရှလင်း ရှောင်ထွက်ဖို့ ကြိုးစားတဲ့အခါ တင်က သူ့နောက်ကျောကို ပစ်မယ်လုပ်လို့ ကိုယ့် ကိုယ်ကိုယ် မဖြစ်မနေ ကာကွယ်လိုက်ရရင်းနဲ့ ကံဆိုးတဲ့ ညီဖြစ်သူတင်ဟာ ကျည်သင့်ပြီး သေဆုံး သွားပါတော့တယ်။

အဖေဖြစ်သူကို သတ်ပေးဖို့ တင့်ကို ငွေပေး စေခိုင်းခဲ့တဲ့သူဟာ သူတို့ခြံကို သိမ်းယူဖို့လည်း ကြိုးစားခဲ့တဲ့ ဝံပုလွေမြို့ မြို့စည်ပင်သာယာရေးဥက္ကဋ္ဌ “ဆာဟယ်ရီ” ဆိုသူပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကက်ဘလူးဟာ သူ့ကိုယ်သူ အပြာမယ် တစ်ယောက်လို အယောင်ဆောင်ပြီး ဆာဟယ်ရီကို သွားတွေ့ပါတယ်။ အဲဒီအချိန်မှာ ဆာဟယ်ရီက ကက်ဘလူးရဲ့လက်ထဲက သေနတ်ကို ဆွဲလုရင်းနဲ့ ကျည်ထွက်သွားလို့ ဆာဟယ်ရီ သေသွားပါတယ်။ ဒါ့ကြောင့် ကက်ဘလူးလည်း သေဒဏ် ကျခံသွားရပါတယ်။ ကြိုးစင်ပေါ် ရောက်လာတဲ့ ကက်ဘလူးရဲ့ လည်ပင်းကို လက်မရွံ့ မြို့က ရဲတပ်သားတွေက ကြိုးကွင်း စွပ်လိုက်ကြပါတယ်။ အဲဒီအချိန်မှာ အနားမှာရှိနေတဲ့ တရားဟောဆရာ ဂျက်ဟာ ကက်ဘလူးရ ဲ့ လည်ပင်းကို စွပ်ထားတဲ့ ကြိုးကွင်းနဲ့ ဆက်ထားတဲ့ကြိုးကို ဓားနဲ့ဖြတ်ချလိုက်ပါတယ်။ ဒေါက်ဖြုတ်ချလိုက်လို့ အံတံခါးပွင့်ပြီး အောက်ကို ကျလာတဲ့ ကက်ဘလူးကို အရှိန်နဲ့ မောင်းဝင်လာတဲ့ အမိုးဖွင့် ရထားလုံးတစ်စီးက အောက်ကအသင့် ထိုးခံလိုက်ပြီး ရှလင်း ဦးစီးတဲ့ ကက်ဘလူးရဲ့ဂိုဏ်းသားတွေဟာ မြားတစ်စင်းရဲ့ အမြန်နှုန်းနဲ့ ကက်ဘလူးကို ကယ်ထုတ်သွားကြတဲ့ အချိန်မှာ ရုပ်ရှင်လည်း ပြီးသွားပါတယ်။

ဖြစ်နိုင်တာ မဖြစ်နိုင်တာ အပထားပြီး ဒီထွေရာစိတ်ကူး ရုပ်ရှင်ဇာတ်ကားဟာ ပရိသတ်ကြီးကို ရေပူစမ်းထဲက ခဏတာ ထွက်လာနိုင်အောင် လုပ်ပေးနိုင်ခဲ့လို့ ပရိသတ်တွေက သဘောကျကြပါတယ်။ ထွေရာစိတ်ကူးဆိုတာ သုံးတတ်ရင် နိုင်ငံ့အတွက်လည်း လက်နက်ကောင်း တစ်ခုပါ။ ၂၀၁၂ ခုနှစ် လန်ဒန်နွေရာသီ အိုလံပစ်ပွဲတော်တုန်းကလည်း မစ္စတာဘင်း (Mr. Bean) က ထွေရာစိတ်ကူး ဇာတ်မြူး သရုပ်ဆောင်မှုတစ်ခုနဲ့ တိုက်ရိုက် ထုတ်လွှင့်ပြီး ကူခဲ့လို့ ပွဲတော်ပိုမို စိုပြည်သွားခဲ့ရပါတယ်။ ပွဲတော်အပြီး လူတွေ မှတ်မိနေကြတာဟာလည်း ပင်လယ်ကမ်းစပ်မှာ ကမ္ဘာကျော် အပြေးသမားတွေနဲ့အတူ သူပါ လိုက်ပြေးနေခဲ့တဲ့ Mr. Bean ရဲ့ စိတ်ကူးယဉ်ခန်းလေးကို သာပါပဲ။ ဒါ့ကြောင့် ဒီဇာတ်ကားကို ကြည့်ပြီး နိုင်ငံတွေဟာ ထွေရာစိတ်ကူးတွေကို နိုင်ငံ့အရေးတွေမှာ ပိုင်ပိုင်နိုင်နိုင် အသုံးချသင့်ကြပါလားလို့ အတွေးပေါက်မိရပါတယ်။

Most Read

Most Recent