မဏ္ဍိုင်ကြီးခြောက်ရပ်သည် ဒီမိုကရေစီ နိုင်ငံရေး၏ အခြေခံအုတ်မြစ်များဖြစ်ပြီး ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့ဘဝတို့နှင့် တစ်သားတည်းကျနိုင်မှသာ အုတ်မြစ်က အခြေခိုင်မည်ဖြစ်သည်။ အပြန်အလှန် ထိန်းကျောင်းမှုသည် ဒီမိုကရေစီ၏ အခြေခံပြဋ္ဌာန်းချက်ဖြစ်ပြီး ပွင့်လင်းမြင်သာမှုဘောင်ကို ချဲ့ထွင်နိုင်ဖို့လည်း အရေးကြီးမည်ဖြစ်သည်။ ဒီမိုကရေစီ ခရီးရှည်ကြီး လမ်းသာဖို့ဆိုလျှင် မဏ္ဍိုင်ကြီးခြောက်ရပ်နှင့်အတူ အပြန်အလှန် ထိန်းကျောင်းနိုင်မည့် ခြေလှမ်းသစ်များ လှမ်းနိုင်ရေးသည် ဗျူဟာမြောက် အရေးပါသည်ထက် အရေးပါလာမည်ဖြစ်သည်။
ဒီမိုကရေစီပြုရေးတွင် မဏ္ဍိုင်ကြီးသုံးရပ်ဖြစ်သည့် လွှတ်တော်များ၊ အစိုးရများနှင့် တရားရုံးများသည် ပွင့်လင်းမြင်သာ၊ အားကောင်းခိုင်မာရမည်ဖြစ်ပြီး အပြန်အလှန် ထိန်းကျောင်းနိုင်ရမည်ဖြစ်သည်။ အဆိုပါ မဏ္ဍိုင်ကြီးသုံးရပ်သည် သတင်းမီဒီယာ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းနှင့် ဖေ့စ်ဘွတ်၊ အင်တာနက်ဟူသည့် မဏ္ဍိုင်ကြီးသုံးရပ်နှင့် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အပြန်အလှန် ထိန်းကျောင်းနိုင်ရေးသည်လည်း လတ်တလော စိန်ခေါ်ချက်ပင်ဖြစ်သည်။ လွှတ်တော်၊ အစိုးရ၊ တရားရုံးဟူသည့် မဏ္ဍိုင်ကြီးသုံးရပ်သည် သတင်းမီဒီယာ၊ အရပ်ဘက်အဖွဲ့၊ ဖေ့စ်ဘွတ် လူမှုကွန်ရက် စသည့်မဏ္ဍိုင်ကြီးသုံးရပ်နှင့် မိတ်ဖက်အသွင်၊ ကျောချင်းကပ် အလုပ်လုပ်နိုင်မှသာ ဒီမိုကရေစီပြုရေးသည် ခရီးတွင်မည်ဖြစ်သည်။
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုသည့် မဏ္ဍိုင်ကြီးသုံးရပ်သည် ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်ပင်ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၁၁ (က) တွင် နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီ ရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုသည်ဟု ပြဋ္ဌာန်းထားသည်။ မဏ္ဍိုင်ကြီးသုံးရပ် (သို့မဟုတ်) အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်နှင့်အညီ မည်၍မည်မျှ ပိုင်းခြားသုံးစွဲနိုင်၊ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းနိုင်သည်ကို ဆန်းစစ်၊ သုံးသပ်၊ ထိန်းကျောင်းဖို့ကလည်း ပဓာနကျမည်ဖြစ်သည်။
ဒီမိုကရေစီ၏ မဏ္ဍိုင်ကြီးသုံးရပ်သည် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်ပြီး တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲ၍ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေက ဖွင့်ဆိုသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်ဟု ပြဋ္ဌာန်းထားရာ နိုင်ငံသားများသည် အချုပ်အခြာအာဏာ ခက်မသုံးဖြာ၏ မူလပိုင်ရှင်များပင်ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံသားများသည် မဏ္ဍိုင်ကြီးသုံးရပ်ကို စောင့်ကြည့်၊ ထိန်းကျောင်း၊ တည့်မတ်နိုင်ရန် တာဝန်ရှိသည်ဟု ဆိုနိုင်သည်။ နိုင်ငံသားများအား မျက်နှာမူလျက်၊ အကျိုးရှေးရှုလျက်၊ အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာကို တည့်မတ်၊ ထိန်းကျောင်းနိုင်ရေးတွင် နိုင်ငံသားပြည်သူများနှင့် အနီးစပ်ဆုံး ပြည်သူ့မဏ္ဍိုင်သုံးရပ်ဖြစ်သည့် သတင်းမီဒီယာ၊ အရပ်ဘက်လူမှုအဖွဲ့၊ ဖေ့စ်ဘွတ်လူမှုကွန်ရက်တို့မှာ ကြီးကြီးမားမား တာဝန်ရှိမည်ဖြစ်သည်။
စတုတ္ထမဏ္ဍိုင်ဟုဆိုသည့် သတင်းမီဒီယာများသည် နိုင်ငံသားများ၏ ရင်ဘတ်များကို ထင်ဟပ်လျက် မဏ္ဍိုင်ကြီးသုံးရပ်ကို စောင့်ကြည့်၊ ထိန်းကျောင်းကြသည်။ ပြည်သူလူထုအသံ၊ ဆန္ဒ၊ အနာတို့နှင့် ရင်ဘတ်ချင်းကပ်နိုင်သဖြင့် သတင်းစာနှင့် သတင်းမီဒီယာများကို တိုင်းပြည်၏ နားနှင့်မျက်စိဟု သတ်မှတ်ကြသည်။ ဒီမိုကရေစီသည် ပြည်သူက လွတ်လပ်စွာ ရွေးချယ်သည့် အစိုးရစနစ်ဖြစ်သဖြင့် ပြည်သူ့အသံ၊ ဆန္ဒကို ဆင်ခြင်ရင်း ပြည်သူကို မျက်နှာမူရပ်တည်နိုင်ဖို့ အရေးကြီးမည်ဖြစ်သည်။ သို့ဖြစ်၍ စတုတ္ထမဏ္ဍိုင်အား ကောင်းမောင်းသန်ရေးကို ရည်မှန်းချက်ထားကြရမည် ဖြစ်သည်။
စစ်အေးနိဂုံး၏ နိဒါန်း သို့မဟုတ် စစ်အေးခေတ် အသွင်ပြောင်းကာလတွင် ပဉ္စမ မဏ္ဍိုင်ပေါ်လာခဲ့ပြီး ၂၁ ရာစု နည်းပညာအခြေပြု ခေတ်စနစ်ပြောင်း ခရီးရှည်ကြီးနှင့်အတူ ဆဋ္ဌမမဏ္ဍိုင် အသက်ဝင်လာခဲ့သည်။ ပြည်သူကိုမျက်နှာမူ၊ ကျောချင်းကပ်နိုင်ဖို့ဆိုလျှင် မဏ္ဍိုင်နှစ်ရပ် တိုးထွက်လာသည်မှာ တိုးတက်သည့် လက္ခဏာပင်ဖြစ်သည်။ ပဉ္စမမဏ္ဍိုင်၊ ဆဋ္ဌမမဏ္ဍိုင်တို့ အားကောင်းမောင်းသန်မည်ဆိုလျှင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်ကို စောင့်ကြည့်၊ ထိန်းကျောင်းနိုင်ရေး ပိုမိုခရီးတွင်မည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။
အရပ်ဘက် လူမှုအဖွဲ့အစည်းများသည် လူ့အဖွဲ့အစည်းအတွင်း ပြည်သူလူထုကို မျက်နှာမူ၊ တစ်သားတည်း၊ ကျောချင်းကပ်ရပ်တည်၊ ပြည်သူလူထုကို အကျိုးပြုရင်း ပဉ္စမမဏ္ဍိုင်အဖြစ် အသိအမှတ်ပြု၊ နေရာပေးခံကြရသည်။ ပဉ္စမမဏ္ဍိုင်-အရပ်ဘက်အဖွဲ့အစည်းများသည် ကျောမွဲပြည်သူလူထုနှင့် ရပ်တည်၊ အကျိုးပြုရင်း ပြည်သူလူထု၏အနာအိုင်းများ၊ အမာရွတ်များနှင့် နပန်းလုံးကြရလေ့ရှိသည်။ သူတို့သည် ပြည်သူနှင့် အနီးကပ်ဆုံးနေရာတွင် ရှိတတ်ပြီး ပြည်သူလူထု ညည်းတွားသံ၊ ရင်ဖွင့်သံတို့ကို စဉ်ဆက်မပြတ် နားစွင့်နေလေ့ရှိကြသည်။
ဖေ့စ်ဘွတ်၊ တွစ်တာ အပါအဝင် လူမှုကွန်ရက် စာမျက်နှာများကို ဆဋ္ဌမမဏ္ဍိုင်အဖြစ် သတ်မှတ်ကြသည်။ ဖေ့စ်ဘွတ်၊ တွစ်တာ စသည့် လူမှုကွန်ရက်စာမျက်နှာတွင် အသံဗလံပေါင်းစုံကို ကြားနိုင်၊ သိနိုင်သည့် အခွင့်အရေး ရှိနေသည်။ မျက်မှောက်ခေတ် ဖေ့စ်ဘွတ်စာမျက်နှာတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်နှင့် ဆက်စပ်သည့် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒတို့သည် ကျယ်လောင်သည်ထက် ကျယ်လောင်လျက်ရှိနေသည်။ လူမှုကွန်ရက် စာမျက်နှာများဖြစ်သည့် ဖေ့စ်ဘွတ်၊ တွစ်တာတို့သည် မဏ္ဍိုင်ကြီးသုံးရပ်ကို ထိန်းကျောင်း တည့်မတ်လျက်ရှိသည်ဆိုသောစကားမှာ ယုံတမ်းစကားသက်သက် မဟုတ်တော့ကြောင်း ထင်ရှားသထက် ထင်ရှားလျက် ရှိနေသည်။
မဏ္ဍိုင်ကြီးသုံးရပ်ကို မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် ပြန်လည်ထိန်းကျောင်း၊ တည့်မတ်မည့် ခြေလှမ်းများသည် ကျယ်ပြန့်သထက် ကျယ်ပြန့်လာနေသည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်အကြား အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှုသည် အရေးကြီးသကဲ့သို့ သတင်းမီဒီယာ၊ အရပ်ဘက်အဖွဲ့အစည်းနှင့် ဖေ့စ်ဘွတ်၊ တွစ်တာ လူမှုကွန်ရက်စာမျက်နှာဟု ဆိုနိုင်သည့် မဏ္ဍိုင်ကြီးသုံးရပ်အနေဖြင့် လွှတ်တော်၊ အစိုးရနှင့် တရားရုံးများကို စဉ်ဆက်မပြတ် စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် သော့ချက်ကျမည် ဖြစ်သည်။
ဆဋ္ဌမမဏ္ဍိုင်ဟု ဆိုနိုင်သည့် ဖေ့စ်ဘွတ်၊ တွစ်တာစသည့် လူမှုကွန်ရက်စာမျက်နှာများသည် အင်တာနက်ကို အသုံးပြုသည့် ခေတ်သစ်ခရီးရှည်ချီတက်ပွဲ သို့မဟုတ် နည်းပညာ စြင်္ကံလမ်းမကြီးများပင်ဖြစ်သည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်ကို စတုတ္ထမဏ္ဍိုင် (သတင်းမီဒီယာ) နှင့် ပဉ္စမမဏ္ဍိုင် (အရပ်ဘက်အဖွဲ့အစည်း)တို့က စောင့်ကြည့်၊ တည့်မတ်၊ ထိန်းကျောင်းလျက်ရှိပြီး ဆဋ္ဌမမဏ္ဍိုင် (အင်တာနက်အခြေပြု ဖေ့စ်ဘွတ်၊ တွစ်တာ) သည် ရှေ့က မဏ္ဍိုင်ကြီးငါးရပ်စလုံးကို စောင့်ကြည့်၊ ထိန်းကျောင်း၊ တည့်မတ်ပေးနိုင်သည်အထိ အားကောင်းမောင်းသန်လျက် ရှိသည်။
ဒီမိုကရေစီနိုင်ငံရေး၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်းနှင့် ဒီမိုကရေစီဝန်းကျင်တို့တွင် အပြန်အလှန် ထိန်းကျောင်းမှု၊ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူရည်တူရှိမှု၊ မတူကွဲပြားခြားနားမှုတို့ကို တည့်မတ်ထိန်းကျောင်းရာတွင် မဏ္ဍိုင်ကြီးခြောက်ရပ်စလုံး အားကောင်းမောင်းသန်ပြီး အချင်းချင်း အပြန်အလှန် တည့်မတ်ထိန်းကျောင်းနိုင်ရန် ပဓာနကျမည်ဖြစ်သည်။ အင်တာနက်ခေတ်ပြောင်း တော်လှန်ရေးနှင့်အတူ ဆဋ္ဌမမဏ္ဍိုင်သည် မဏ္ဍိုင်ကြီးငါးရပ်၏ အားနည်းချက်များ၊ အားသာချက်များ၊ အပြစ်အနာအဆာများကို ထင်ဟပ်သည်ထက် ထင်ဟပ်လာနေသည်။
အချုပ်ဆိုရသော် ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်ဖြစ်မည်ဆိုလျှင်၊ ဟန်ချက်ပျက်မည်ဆိုလျှင်၊ အပြောတစ်မျိုး အလုပ်တစ်မျိုးဖြစ်မည်ဆိုလျှင် ပြည်သူလူထုအနေဖြင့် ဒီမိုကရေစီနိုင်ငံရေးနှင့်ပတ်သက်၍ နားလည်မှု လွဲကောင်းလွဲသွားနိုင်သည်ကို ဆင်ခြင်၊ နှလုံးသွင်းသင့်သည်။ လွှတ်တော်၊ အစိုးရ၊ တရားရုံးတို့သည် သတင်းမီဒီယာ၊ အရပ်ဘက်အဖွဲ့အစည်း၊ အင်တာနက်ဖေ့စ်ဘွတ်တို့နှင့် ဗျူဟာမြောက်၊ ဟန်ချက်ညီညီ၊ အပေးအယူတည့်တည့် အပြန်အလှန်ထိန်းကျောင်း၊ တည့်မတ် အလုပ်လုပ်နိုင်ရန် သော့ချက်ကျမည်ဖြစ်သည်။ မဏ္ဍိုင်ကြီးခြောက်ရပ်အကြား ဝါး အစည်းပြေနေမည်၊ မိတ်ဖက်သဘောထက်၊ ရန်သဘောကဲနေမည်ဆိုလျှင် မြန်မာ့ဒီမိုကရေစီပြုရေးနှင့် ဒီမိုကရေစီခရီးရှည်ကြီးသည် နှောင့်နှေးကြန့်ကြာနေဦးမည်မှာ ဧကန်မုချပင်ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။