ဘဝသည် အက်ဆေးရေးဆရာ

ဘဝသည် အက်ဆေးရေးဆရာ
Published 18 August 2018

Photo: Bored Art

ကျွန်တော့်စိတ်ထဲ စွဲထင်နေတဲ့ အက်ဆေးလေးတွေရှိတယ်။ အဲဒီ အက်ဆေးလေးတွေဟာ ဘယ်အချိန်ပြန်ဖတ်ဖတ် အမြဲသစ်နေတယ်။ အမြဲလတ်ဆတ်နေတယ်။ အမြဲဆွဲဆောင်မှု ရှိနေတယ်။ အဲဒီ အက်ဆေးလေးတွေထဲကနေ ကျွန်တော် ဘယ်လိုမှ ရုန်းထွက်လို့ မရခဲ့ဘူး။ တစ်ခါတလေ အဲဒီအက်ဆေးလေးတွေကို စာပေမိတ်ဆွေတွေနဲ့ဆုံတိုင်း အမြဲပြောပြဖြစ်ခဲ့တယ်။ မိတ်ဆွေတွေကလည်း ခေါင်းတညိတ်ညိတ်နဲ့ အမြဲနားထောင်ပေးခဲ့တယ်။ တစ်ခါတလေကျတော့လည်း ကိုယ့်ဘာသာ တစ်ယောက်တည်း အဲဒီအက်ဆေးလေးတွေအကြောင်း ထိုင်တွေးနေမိတယ်။ အဲဒီလို တွေးနေရင်းနဲ့ ဘာလို့ ဒီအက်ဆေးလေးတွေက ဆွဲဆောင်မှု ရှိနေတာလဲလို့ ပြန်ဆန်းစစ်ကြည့်မိတယ်။

မိတ်ဆွေတွေကိုလည်း စကားလက်ဆုံကျကြရင် ကျွန်တော် မကြာခဏ မေးကြည့်မိတယ်။ သူတို့ စွဲစွဲထင်ထင် ကြိုက်နှစ်သက်ရတဲ့ အက်ဆေးလေးတွေများ ရှိနေသလားလို့ပေါ့။ အဲဒီအခါကျတော့မှ သူတို့ဆီကနေ အက်ဆေးလေးတွေ အလျှိုအလျှို ထွက်ပေါ်လာတော့တယ်။ တလိမ့်ခေါက်ကွေး ပြုတ်ကျလာတော့တယ်။ အပြေးအလွှား ပြေးဝင်လာတော့တယ်။ သီချင်းလေးတအေးအေးနဲ့လည်း ပေါ်လာတတ်တယ်။ တချို့မိတ်ဆွေတွေကျတော့လည်း သူတို့ကိုယ်တိုင် အလိုအလျောက် အက်ဆေးလေးတွေအကြောင်းကို ဖွင့်ပြောပြလာတတ်တယ်။ အဲဒီလို ပြောပြတဲ့အခါတိုင်း အက်ဆေးလေးတွေဟာ သူတို့ကိုယ်ထည်တွေထဲမှာ ပူးဝင်စီးကပ်နေသလို၊ ချုပ်လုပ်ဝတ်ဆင်ထားသလိုပဲ ကျွန်တော် ခံစားရတယ်။

အက်ဆေးလေးအကြောင်းကို တစ်ယောက်ယောက်က စပြောလိုက်ပြီဆိုတာနဲ့ အဲဒီအက်ဆေးလေးထဲကို အနီးအနားက လူတွေ အကုန်လုံး တိုးဝင်သွားတော့တယ်။ အက်ဆေးလေးကလည်း သူ့အနီးအနားက လူတွေအကုန်လုံးကို ဖမ်းစားထားတော့တယ်။ အက်ဆေးစည်းဝိုင်းထဲ ကျရောက်နေခဲ့သလိုပေါ့။ ဘယ်လိုမှ ရုန်းထွက်လို့ မရဘူး။ ကျွန်တော်တို့တစ်တွေ။ မျှော်လင့်မထားတဲ့ အဖြစ်အပျက်တွေ၊ ပုံသေ ယူဆထားလို့မရတဲ့ အကြောင်းတွေ၊ ပြောင်းလဲသွားတဲ့ စရိုက်တွေနဲ့ အက်ဆေးလေးတွေဟာ ကျွန်တော်တို့ကို ဖမ်းစားထားတယ်။ တစ်ခါတလေ ကျွန်တော်တို့ အသက်ရှူသံတွေကို တိုင်မင်ပြောင်းသွားစေသလို ဖြစ်ခဲ့ရတယ်။ ဟန်ချက်လွဲသွားသလိုလည်း ခံစားရတယ်။ ပြန်လည်တည့်မတ်ပေးလိုက်တာတွေလည်း ရှိခဲ့တယ်။ သတ္တိတွေကို မွေးဖွားပေးလိုက်သလိုလည်း ခံစားလာရတတ်တယ်။ ဒီလိုနဲ့ အက်ဆေးလေးတွေရဲ့ အနီးအနား၊ စည်းဝိုင်းထဲကနေ ဘယ်လိုမှ ရုန်းထွက်လို့ မရခဲ့ဘူး။

တစ်ခါတလေ အက်ဆေးလေးတွေထဲကနေ ရုန်းထွက်ဖို့ ကျွန်တော် ကြိုးစားကြည့်မိတယ်။ အဲဒီလို ရုန်းထွက်ဖို့ ကြိုးစားလေလေ အက်ဆေးလေးတွေထဲ တိုးဝင်မိလေလေ ဖြစ်ခဲ့ရတယ်။ အက်ဆေးလေးတွေရဲ့ ကိုယ်ထည်ထဲမှာ ကျွန်တော်ကိုယ်တိုင် ဝင်ရောက်နေမိတာလည်း ဖြစ်နိုင်ပါတယ်။ လောကဓံရဲ့ အဆင်မပြေမှုတွေ၊ အခက်အခဲတွေနဲ့ ကြုံတိုင်း ကျွန်တော် အက်ဆေးလေးတွေကို မေ့ပျောက်သွားပြီလို့ ထင်လိုက်မိတယ်။ ထွက်ပြေးသွားပြီလို့ ထင်လိုက်မိတယ်။ အဲဒီလို ထင်လိုက်မိချိန်မှာပဲ ‘ဘွားခနဲဆို’ အက်ဆေးလေးက ကျွန်တော့်ကို ကိုယ်ထင်ပြလာတော့တယ်။ ဘယ်လိုမှ ရှောင်လို့မလွတ်ခဲ့ဘူး။ တစ်ခါတလေ ပျော်စရာအဖြစ်အပျက်တွေထဲ ပျော်ဝင်နေတဲ့ အချိန်တွေမှာလည်း အက်ဆေးလေးကို ကွယ်ပျောက်သွားပြီလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ အက်ဆေးလေးက ကျွန်တော့်နောက်ကျောကနေ ပခုံးကို လှမ်းပုတ်ပြန်ပါတယ်။

တစ်ခါတုန်းက စာပေမိတ်ဆွေတစ်ယောက်ပြောပြတဲ့ အက်ဆေးလေးကတော့ ကျွန်တော်တို့ အနီးအနားမှာရှိတဲ့ လူတွေအားလုံးကို အထိတ်တလန့် ဖြစ်စေခဲ့ပါတယ်။ သူ ကိုယ်တိုင် အက်ဆေးထဲမှာ ဝင်ရောက်နေခဲ့တာလို့ ဆိုပါတယ်။ အဲဒီလို ဝင်ရောက်နေခဲ့တာကို သူကိုယ်တိုင်လည်း မသိခဲ့ရှာဘူး။ သူ ကိုယ်တိုင် မသိသလို ကျွန်တော်တို့ကို ပြောပြနေချိန်မှာ ကျွန်တော်တို့လည်း မသိခဲ့ပါဘူး။ ဒီလိုပဲ သူပြောပြတာကို နားထောင်နေခဲ့ရုံပါပဲ။ သူ့ဘဝအတွက် အံ့သြဖွယ်ရာ အလှည့်အပြောင်းတွေ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြောပြနေချိန်မှာ အက်ဆေးလေးက သူ တင်မက ကျွန်တော်တို့ရဲ့ ဘဝတွေထဲကိုပါ ခုန်ဝင်လာသလို ခံစားလိုက်ရတယ်။

ဒီလိုပါပဲလေ၊ အက်ဆေးဆိုတာ။ လူတိုင်းဟာ ကိုယ်စီအကြောင်းလေးတွေကို ပြောမပြလည်း တစ်စုံတစ်ရာကိုတော့ ပြောပြနေသလိုပါပဲ။ တစ်ယောက်နဲ့တစ်ယောက် စကားလုံးတွေနဲ့ အပြန်အလှန် မပြောဖြစ်ကြလည်း အသက်ရှူသံတွေထဲမှာတော့ ပြောနေကြတာပါပဲ။ ဒါဟာ ဘဝ၊ ဘဝတွေထဲမှာ ပူးဝင်စီးကပ်နေတဲ့ အက်ဆေးကိုယ်ထည်လေးတွေပါပဲ။ အက်ဆေးကိုယ်ထည်လေးတစ်ခု အကြောင်းတော့ ကျွန်တော် ပြောပြချင်ပါတယ်။

အဲဒီအက်ဆေး ကိုယ်ထည်လေးတစ်ခုကို အက်ဆေးတစ်ပုဒ် ပြန်ရေးမယ်လို့ ကျွန်တော် အကြိမ်ကြိမ် စဉ်းစားမိခဲ့သေးတယ်။ ဒါပေမဲ့ စာရွက်ပေါ်အထိ ချမရေးဖြစ်ခဲ့ဘူး။ စိတ်ကူးထဲမှာပဲ ပေါ်လာလိုက်၊ ပျောက်သွားလိုက်နဲ့ပေါ့။ အမြဲတမ်းလည်း ပေါ်မနေတတ်သလို အမြဲတမ်းလည်း ပျောက်ဆုံးမသွားခဲ့ပါဘူး။ တစ်ခါတလေ ပေါ်လာတုန်းမှာ ရေးမယ်လို့ စိတ်ကူးလိုက်ရင် တစ်စုံတစ်ရာကြောင့် ကျွန်တော် ရေးဖို့ရာ တုံ့ဆိုင်းသွားခဲ့ရတယ်။ အက်ဆေးလေးဟာ သူ့ဘာသာ ကိုယ်ထည်လေးတစ်ခုအဖြစ်နဲ့ တည်ရှိနေတာ ကောင်းမလားလို့ပေါ့။ ကျွန်တော် ရေးလိုက်ရင် အက်ဆေးကိုယ်ထည်လေး ပျက်စီးသွားမလားဆိုပြီး စိတ်ပူနေခဲ့တယ်။ နောက် အက်ဆေးကိုယ်ထည်ထဲက ဇာတ်ကောင်ကိုလည်း ကျွန်တော် ပြန်စဉ်းစားရသေးတယ်။ သူဟာသူ့ ရှင်သန်နေခြင်းကို အက်ဆေးဆန်ဆန်နေရင်း နှစ်သက်မိနေခဲ့သလား။ ဒါမှမဟုတ် ကျွန်တော်ရေးမယ့် အက်ဆေးလေးထဲမှာပဲ ဝင်ရောက် နေထိုင်ချင်နေသလားဆိုတာ မှန်းဆရခက်ပါတယ်။

အက်ဆေးကိုယ်ထည်လေးအဖြစ် တည်ရှိနေတဲ့သူဟာ တစ်ချိန်က သူ့ဘဝအကြောင်း ကျွန်တော့်ကို ပြောပြခဲ့သေးတယ်။ သူဟာ ‘ပင်လယ်ကမ်းခြေမှာနေတဲ့ ရေလုပ်သားငါးဖမ်းသမား’ တစ်ယောက်ပါ။ နေ့တိုင်းနီးပါး ပင်လယ်ပြင်ကိုထွက်ပြီး ငါးဖမ်းရတယ်ပေါ့။ သူ့အကြောင်းတွေကို ကျွန်တော့်ကို ပြောပြချိန်မှာ ကျွန်တော်ဟာ သူ့အတွက်တော့ ကြောင်တောင်တောင်နိုင်တဲ့ လူတစ်ယောက် ဖြစ်နေနိုင်ပါတယ်။ သူက သူ့အလုပ်သာ အမြဲလုပ်နေတဲ့ သူတစ်ယောက်ပါ။ အဲဒီလိုလုပ်နေရင်း သူ့ဘဝရဲ့ အစိတ်အပိုင်းတွေကို တစ်ယောက်ယောက်ကို ပြောပြချင်နေခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

တစ်နေ့တာ ပင်လယ်ပြင်မှာ ငါးထွက်ဖမ်းလို့ ရတဲ့ငါးတွေကို ငါးအဝယ်ဒိုင်တွေမှာ ရောင်းချတယ်။ ပြီးတော့ သူ အိမ်ပြန်လာတယ်။ ဒါ သူ့ရဲ့ နေ့စဉ်ဘဝပုံစံပါပဲ။ ဘာမှ သိပ်ထူးထူးခြားခြားတော့ မရှိဘူး။ အဲဒီကာလတွေက ကျွန်တော်ကတော့ မြစ်ဝကျွန်းပေါ်သားပီပီ ကမ်းခြေကိုတော့ တစ်ခါတလေ ရောက်နေတတ်ပါတယ်။ ရောက်တိုင်းလည်း အဲဒီငါးဖမ်းရေလုပ်သားကို အမြဲတွေ့နေခဲ့တယ်။ ကြာလာတော့လည်း တစ်ယောက်နဲ့ တစ်ယောက် စကားပြောဖြစ်ကြရင်း ရင်းနှီးသွားရတော့တယ်။ တစ်ခါတစ်လေ ကျွန်တော် ကမ်းခြေကို ရောက်သွားတဲ့အချိန်တွေမှာသူ ပင်လယ်ပြင်ထဲ ငါးထွက်ဖမ်းနေလို့ မဆုံဖြစ်ခဲ့တာတွေ ရှိပါတယ်။ အဲဒီလိုအခါတွေကျရင် အဲဒီလူကို သတိရတာနဲ့အတူ ပင်လယ်ပြင်ဟာ ကျွန်တော့်အတွက် အတော်လေး စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ပင်လယ်ပြင်ဆိုတာ ဘာလဲ။ ဘာအတွက် တည်ရှိနေတာလဲ။ ရေလုပ်သား ငါးဖမ်းသမားတွေအတွက် သီးသန့်တည်ရှိနေတာလား။ အဲဒီလို တွေးရင် ဒါဟာ အတော်လေး တစ်ဖက်သတ်ဆန်တဲ့ အတွေးဆိုတာ သိသာနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မိတ်ဆွေ ရေလုပ်သားအတွက်တော့ ပင်လယ်ပြင်ဟာ သူတို့အတွက် သီးသန့် တည်ရှိနေတဲ့အရာလို့ စိတ်ထဲစွဲထင်ကောင်း ထင်နေနိုင်ပါတယ်။ သူ့အတွက် တိုက်ပွဲ။ သူ့ မိသားစုအတွက် အိပ်မက်။ ဒီလို ထင်နေနိုင်ပါတယ်။

သူက သူ့အလုပ်ကို ငြီးငွေ့လာကြောင်း ကျွန်တော့်ကို ပြောပြတယ်။ တစ်စုံတစ်ရာ ပြောင်းလဲလုပ်ကိုင်ချင်တယ်လို့လည်း ပြောတယ်။ သူ အဲဒီလို ငြီးငွေ့နေပေမယ့် သူ့အလုပ်ကိုသူ စွန့်လွှတ်နိုင်ဖို့ မတတ်နိုင်ခဲ့ဘူး ဖြစ်နေတယ်။ ဘာကြောင့်လဲလို့ ကျွန်တော်က မေးတော့ ဒီအလုပ်က သူတတ်စွမ်းတဲ့ အဓိက အသက်မွေးဝမ်းကျောင်း ဖြစ်နေခဲ့လို့ပဲ။ ဒါကို သူ ရုန်းမထွက်နိုင်ခဲ့ဘူး။ ဘယ်ရုန်းထွက်နိုင်မလဲလေ။ သူ့မှာ ဇနီးနဲ့၊ ကလေးတွေနဲ့ ဖြစ်နေတာကြောင့်ပါပဲ။ ဒီလိုနဲ့ သူလုပ်နေကျအတိုင်းပဲ ပင်လယ်ပြင်ကိုထွက်၊ ငါးဖမ်းတဲ့အလုပ်ကို ဆက်လုပ်နေခဲ့တယ်ပေါ့။

သူ့အလုပ်ပေါ် ငြီးငွေ့လာမှုကို ပြေပျောက်အောင် ကျွန်တော့်ဆီက အကြံဉာဏ်တွေ တောင်းခဲ့သေးတယ်။ ကျွန်တော်ကတော့ တစ်စုံတစ်ရာ အကြံပေးဖို့ မတတ်နိုင်ဘူးဖြစ်နေတယ်။ ကျွန်တော် ဘာမှ အကြံမပေးနိုင်တော့မှ သူ့ရဲ့အကြံအစည်ကို ပြောပြတော့တယ်။ အဲဒီအကြံအစည်အတိုင်းပဲ သူ့ဘဝရဲ့ ငြီးငွေ့လာမှုတွေကို ဖြေဖျောက်ပစ်ခဲ့ပါတယ်။ ဒါဟာ ရုတ်တရက်ကြည့်ရင် ယုံနိုင်စရာတော့ မရှိပါဘူး။ ဒါပေမဲ့ သူတကယ်ပဲ လုပ်နိုင်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်။

ငါးဖမ်းထွက်ရင်းနဲ့ပဲ တစ်နေ့ သူအိမ်ကို စောစောပြန်လာခဲ့တယ်ပေါ့။ အိမ်ပြန်ရောက်ရောက်ချင်း သူ့ဇနီးကို သူ မြို့ထဲကို ဈေးဝယ် ထွက်ခိုင်းခဲ့တယ်။ သူ့ဇနီးကို ဝယ်ခိုင်းတာတွေက သင်္ဘောဆေးဘူးမျိုးစုံတချို့ရယ်၊ ဆေးသုတ်ဖို့ စုတ်တံတချို့ရယ်။ နောက် ကလေးတွေရဲ့ ညနေစာအတွက် ကြိုက်တဲ့ အစားအစာတချို့ရယ်။ သူ့ဇနီးအတွက် ကြိုက်နှစ်သက်ရာ ဝယ်ဖို့အတွက်လည်း မှာလိုက်သေးတယ်။ သူ့ဇနီးကတော့ သူ့ယောကျ်ားသူ့အပေါ် ဒါ ပထမဆုံး ထူးထူးခြားခြား ဆက်ဆံတာလို့ တွေးရင်း သူ့ကို မျက်စိအကြောင်သားနဲ့ စိုက်ကြည့်နေခဲ့တယ်လို့ သူ ပြောပြတယ်။

ဒီလိုနဲ့ သူ့ဇနီး ဈေးဝယ်ရာကနေ ပြန်လာတော့ သူ့အလုပ်ကို စလုပ်ပါတော့တယ်။ ကလေးငယ်လေးတွေကတော့ ညနေစာကို တပျော်တပါးကြီးနဲ့ စားသောက်နေကြတော့တယ်။ သူကတော့ သဘောၤဆေးဘူးမျိုးစုံကို ဟိုအရောင်စပ်၊ ဒီအရောင်စပ်နဲ့ သူ့အိမ်လေးရဲ့ မျက်နှာစာတွေ၊ ဘေးအကာတွေကို လိုက်သုတ်ခဲ့တယ်။ အချိန်အတော်ကြာမှ သူ ဆေးသုတ်တာ ပြီးသွားခဲ့တယ်။ သူ့ဇနီးကို သူသုတ်ထားတဲ့ ဆေးအရောင်တွေ လှလားလို့ မေးကြည့်တော့ သူ့ဇနီးလည်း ဘာပြန်ပြောရမှန်းမသိ ဖြစ်နေခဲ့တယ်။ သူ့ဇနီးရဲ့ ပုံမှန်ဝတ်နေကျမဟုတ်တဲ့ အဝတ်အစားတွေ ဝတ်ထားတာကို ကြည့်ရင်း တဟားဟားနဲ့ သူရယ်မောနေခဲ့တယ်။ သူ့ဇနီးလည်း သူ့လိုပဲ သူဆေးသုတ်ထားတာကိုကြည့်ပြီး တဟားဟားနဲ့ ရယ်မောခဲ့တယ်ပေါ့။ သူ့ဇနီးက ရှင်ဒီနေ့ ဘာတွေလုပ်နေတာလဲ မေးတော့ သူ အဖြေတစ်ခုပေးဖို့ ကို တုံ့ဆိုင်းနေခဲ့တယ်လို့ ဆိုတယ်။ ဒါပေမဲ့ သူ ဘာပြောချင်တာလဲဆိုတာကိုတော့ သူရော၊ သူ့ ဇနီးပါ သိနေမှာပါ။

သူ အဲဒီလို ကျွန်တော့်ကို ပြောပြပြီးချိန်မှာ ကျွန်တော် သူ့ကို တစ်ခုမေးလိုက်တယ်။ ခင်ဗျား ဟိုအရင်က ပြောခဲ့တဲ့ ပင်လယ်ပြင်ထဲ နေ့စဉ် ငါးထွက်ဖမ်းရတဲ့အလုပ်ကို ငြီးငွေ့တယ်ဆိုတာကိုရော အခု ဘယ်လို စိတ်ထဲမှာ ခံစားမိနေသေးလဲလို့ မေးကြည့်မိတယ်။ ကျွန်တော် ပြောင်းလဲပစ်လို့ မဖြစ်နိုင်တဲ့အရာတွေနဲ့ အချိန်ကုန်မခံတော့ဘဲ ပြောင်းလဲပစ်ဖို့ အခွင့်သာတဲ့အရာတွေကိုပဲ ပြောင်းလဲပစ်ခဲ့တော့ ငြီးငွေ့ခြင်းဟာ ပျောက်ဆုံးသွားသလို ခံစားရတယ်လို့ဆိုတယ်။ ကျွန်တော့် အိမ်လေးကို ကျွန်တော် သင်္ဘောဆေးတွေ ကြုံသလို သုတ်ခဲ့တယ်။ ကလေးတွေနဲ့ မိန်းမကို အရင်နဲ့မတူတဲ့ အပြုအမူတွေ ပြုလုပ်စေခဲ့တယ်။ ဒါဟာ ကျွန်တော့်အလုပ်ရဲ့ ငြီးငွေ့မှုကို ချေဖျက်ဖို့ လုံလောက်တဲ့ အကြောင်းတွေလို့ ကျွန်တော် ထင်တယ်လို့ ဆိုပါတယ်။ ဒါဟာ ကျွန်တော့်အတွက် အပြောင်းအလဲတစ်ခုရော မဖြစ်နိုင်ဘူးလားလို့ ဆိုတယ်။

သူပြောပြတာတွေကို နားထောင်ရင်း၊ စဉ်းစားရင်းနဲ့ ကျွန်တော်ပါ လိုက်ပါပြောင်းလဲနေခဲ့တယ်လို့ ထင်မိတယ်။ ဘာပြောင်းလဲသွားလဲဆိုတော့ ကျွန်တော် သူ့အကြောင်း အက်ဆေးလေး တစ်ပုဒ်ရေးဖို့ အစီအစဉ်ကို နောက်ဆုတ်လိုက်ရတာပဲလို့ ထင်မိတယ်။

Most Read

Most Recent