ဟိုးဝေးဝေးက လေရဟတ်

ဟိုးဝေးဝေးက လေရဟတ်
Published 17 August 2018

Photo ; Element Power

အရင်တုန်းက နေခဲ့ဖူးတဲ့ အိမ်ရဲ့ရှေ့မှာတော့ ကြည့်စရာက ဂိုဒေါင်ကြီးတစ်လုံးပဲရှိတယ်။ ကတ္တရာပုံးအဟောင်းတွေကို ပြားပြီး အမိုးမိုး၊ ပတ်ပတ်လည်ကာ၊ ဂိုဒေါင်တစ်ခုလုံးကို ကတ္တရာပုံးအဟောင်းတွေနဲ့ချည်း လုပ်ထားတာဆိုတော့ ဂိုဒေါင်ကြီးက မည်းမည်းခြောက်ခြောက်ကြီးပေါ့။ အပြင်ဘက်ကကြည့်ရင် မည်းခြောက်ခြောက်ပဲဆိုပေမယ့် ဂိုဒေါင်ထဲမှာထားတဲ့ ပစ္စည်းတွေက ဘိလပ်မြေအိတ်၊ သံချောင်းစတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေမို့ ဘိလပ်မြေအမှုန့်တွေနဲ့ဆိုတော့ တစ်ခါတစ်ခါ ဂိုဒေါင်တံခါးကြီး ဖွင့်ထားလို့ ကြည့်မိရင် ကြမ်းပြင်ကတော့ ဖွေးဆွတ်နေလို့ပဲ။ ဂိုဒေါင်အပေါ်ဘက် အမှောင်ထဲမှာ တောက်ပနေတဲ့ ပင့်ကူအိမ်ကြီးတွေကိုတောင် လှမ်းမြင်နေရသေးတယ်။ အတော်ကြီးကို ရုပ်ကြမ်းသဘောဆောင်တဲ့ ဂိုဒေါင်ကြီး။ တစ်နေ့တစ်နေ့ ဂိုဒေါင်ကြီးကို ဖွင့်၊ ကားကြီးတစ် စီးပေါ်ကနေ ဘိလပ်မြေအိတ်တွေကို အလုပ်သမားတွေ သယ်ထည့်ကြ။ နောက်တစ်နေ့ကျတော့ အရင်ရက်က သယ်ထည့်ထားတဲ့ ဘိလပ်မြေအိတ်တွေကို သယ်ထုတ်သွားကြ။ သွင်းလိုက်၊ ထုတ်လိုက်၊ သယ်လိုက်၊ ချလိုက်ပဲ။ စိတ်ဝင်စားစရာရယ်လို့ အနည်းငယ်ပြော နိုင်တာကတော့ ဒီဘိလပ်မြေအိတ်တွေကို သယ်ကြ၊ ချကြတဲ့ မိန်းမယောကျ်ား အလုပ်သမားတွေပဲ။

စကားတပြောပြော ရယ်ရယ်မောမောနဲ့ လုပ်နေကြတာ။ တစ်ခါတစ်ရံ ကျွန်တော်လည်း အားနေတဲ့ ရက်တွေဆိုရင် သူတို့ အလုပ်လုပ်တာကို ပြတင်းပေါက်ကနေ စိတ်ဝင်စားတယ်ရယ်တော့ မဟုတ်ဘဲ ကြည့်နေမိတယ်။ မိန်းမတွေက ဆံပင်ကို ဘိလပ်မြေအမှုန်တွေ မပေအောင် ပုဆိုးစုတ်ကလေးတွေ ခြုံထားတယ်။ လေးငါးခြောက်ဆယ်အရွယ် မိန်းမတွေပါသလို နှစ်ဆယ် အစိတ်အရွယ် မိန်းကလေးတွေလည်း ပါတာပဲ။ ရုပ်ရည်တွေကတော့ ချောရဲ့လား လှရဲ့လား ခန့်မှန်းဖို့ မလွယ်ဘူး။ လှတပတကလေး ရှိတယ်လို့ ထင်မိလို့ ကြည့်မိတော့လည်း လက်ဆစ်ခြေဆစ် အကြီးကြီး တွေနဲ့ရယ်။ ဘဝကို ဘယ်လိုဖြတ်သန်းလာ ရသလဲ မေးကြည့်ဖို့တောင် မလိုအောင် သိသာလှတာပေါ့။ တချို့ဆိုရင် ကလေးတန်းလန်းပါလာတော့ မြေကြီးပေါ် မြွေရေအိတ် ကလေးခင်း အဲဒီအပေါ် ကလေးကို ချထားပြီး ဆော့ကစားခိုင်းထားရတာပဲ။ သိပ်လည်း ဗာဟီရများမနေဘူး။ ကလေးကလည်း သူ့ဟာသူ နေတာပဲ။ မြေကြီးတွေ ကောက်စားချင်လည်း ကောက်စားလို့ပဲ။ တစ်ခါတစ်လေ ဝင်းထဲရှိတဲ့ ခွေးတွေက ကလေးမျက်နှာကို၊ တင်ပါးကလေးကို ဝင်ဝင်အနံ့ခံ နမ်းရှုပ်သွားတာကို မြင်ရတတ်သေး။

ယောက်ျားတွေကတော့ လူငယ်တွေများတယ်။ ဆေးဆိုးထားတဲ့ ရွှေအိုရောင်၊ အဝါရောင်၊ အနီရောင် ဆံပင်တွေကတော့ ဘိလပ်မြေမှုန်ဖွေးဖွေး အဖြူရောင်ပဲ ရှိတော့တယ်။ ရှေ့ဆံပင်ကို တမင်တကာ ရှည်ထားတော့ နှာခေါင်းလောက်အထိ ကျကျလာတဲ့ ဆံပင်ကို သပ်သပ်တင်နေရတာကိုက လုပ်အားခပေးသင့်တဲ့  အလုပ်တစ်ခု။ တစ်ယောက်နဲ့တစ်ယောက် တစ်ကြိမ်တည်း အိတ်ဘယ်နှ အိတ်ထမ်းနိုင်သလဲ၊ ဘယ်လောက်မြန်မြန်  သယ်ပို့နိုင်သလဲ ပြိုင်ကြသေးတာ။ ဒီလိုလုပ်ရင်း ညစ်ညစ်ညမ်းညမ်း ဟာသတွေထင်တယ် ကြားညှပ်ပြောပြောပြီး ရယ်နေကြတာပဲ။ တစ်ခါတလေ နားစွန်နားဖျားကြားရလို့သာ ပြောတာပါ။ တကယ်တော့ သူတို့ရယ်သမျှ မောသမျှတိုင်းရဲ့ အကြောင်းရင်းတိုင်းကို ကျွန်တော့်အနေနဲ့ မသိနိုင်ဘူး။

သူတို့ အဲဒီလို နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါ ဂိုဒေါင်ကြီးထဲကို ဘိလပ်မြေအိတ်တွေ၊ သံချောင်းတွေ ထည့်လိုက်၊ ပြန်ထုတ်လိုက် လုပ်နေတာတွေကို မြင်ရဖန်များတော့ ဒါအတွက် အခကြေးငွေ ဘယ်လောက်များရကြ တုန်းလို့ ကျွန်တော် မေးကြည့်ဖူးတယ်။ ဘိလပ်မြေတစ်အိတ်ကို ငွေတစ်ရာကျပ် ရကြသတဲ့။ သံချောင်းကတော့ ပုတ်ပြတ်ပဲ။ ဒါပေမဲ့ အတော့်ကိုနည်းတဲ့ အဖိုးအခပါပဲ။ တစ်ယောက်ကို တစ်ထောင့်ငါးရာ နှစ်ထောင်တော့ ရကြမယ်ထင်တယ်။ နေ့တိုင်း ဒီအလုပ်ကလည်း ရှိတာမဟုတ်တော့ သူတို့တစ်တွေရဲ့ ပင်မအလုပ်လည်း မဟုတ်ကြပါဘူး။ တချို့လည်း ဈေးသည်၊ တချို့လည်း ခဝါသည်တွေပေါ့။ နေ့စဉ်နေ့စဉ် အလုပ်နဲ့ လက်မပြတ်အောင် လုပ်နေကြရပြီး ပင်ပန်းနေရတယ်ဆိုပေမယ့်လည်း သူတို့ ကြည့်လိုက်ရင် အမှုန်တဖွေးဖွေးကြားမှာ သယ်ရင်းပြုရင်း ဝေါခနဲ ရယ်လိုက်သံတွေ၊ ရယ်လွန်းလို့ ခေါင်းပေါ်က ဘိလပ်မြေအိတ် ပြုတ်ကျမသွားအောင် လက်ကပါ ထိန်းနေပြုနေရတာတွေကို မြင်နေရတာပါပဲ။

အဲဒီအိမ်မှာ နေရစဉ်တုန်းကတော့ ဒီလို အိမ်ရှေ့မှာ လူတွေ ပင်ပင်ပန်းပန်း လုပ်နေကြရတာကို ကျွန်တော့်မှာ ပြတင်းပေါက်ကနေ လှမ်းလှမ်းငေးရင်း ဆိုင်တော့ မဆိုင်လှပေမယ့် စိတ်မလုံသလို ခံစားရတယ်။ ကျွန်တော့်မှာလည်း အဲဒီပြဿနာက တော်တော်ကြီးတယ်။ ကိုယ့်တာဝန်မပါဘဲ ဖြစ်နေတဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ရကောင်းလားဆိုပြီး ကိုယ့်ဘာသာကိုယ် ဝမ်းနည်းနေမိတာမျိုးပေါ့။ သူတို့တွေမှာ အဲဒီလို သယ်ရင်းပြုရင်းက ကလေးက ငိုနေလို့ အိတ်ကိုချ ကလေးဆီသွား အင်္ကျီကလေးလှစ်လို့ နို့ပြေးတိုက်၊ တစ်ကိုယ်လုံး အမှုန်တွေ ပေကျံနေမှတော့ ကလေးစို့မယ့် ဒီနို့သီးခေါင်းကလေးမှာလည်း ဘိလပ်မြေမှုန့်တွေ ကပ်နေမှာပါပဲ။ အမှုန်တွေက ဘယ်လောက်များ များသလဲဆိုရင် သူတို့ကိုယ် ခန္ဓာတွေ လှုပ်ရှားလိုက်တိုင်းမှာကို တဖွားဖွား လွင့်နေတဲ့ ငွေရောင်အမှုန်တွေဟာ ကိုယ်ရောင်ကိုယ်ဝါ တောက်နေတဲ့ နတ်သမီးတွေအလား ဖြစ်နေတာ။ ဒီလို ကလေးကို နို့ထိုင်တိုက်နေလို့ချည်း မပြီးသေးတော့ အိတ်ကလေး ပြေးရွက်။ ကျွန်တော့်မှာ ဒီကိစ္စတွေကို ငေးလို့သာကြည့်နေရတယ်။ လူက နုန်းတုံးတုံးပဲ။ ရေခဲသေတ္တာထဲက အေးမြနေတဲ့ ရေဘူးကလေးထုတ် နည်းနည်းအမောပြေ ပြေစေရော့ဆိုတဲ့ သဘောနဲ့ တစ်ခါတစ်ခါ စိတ်လိုလက်ရသွားပေးမိပေမယ့်လည်း မြေကြီးပေါ်က ကလေးပေါက်စတွေကိုကြည့်ပြီး ဘယ်မှာ စိတ်ချမ်းသာသာ နေနိုင်ပါ့မလဲ။

ညဘက်တွေကျပြန်တော့လည်း ဒီဂိုဒေါင်ကြီး ကြည့်ရတာကိုက စိတ်မချမ်းသာ စရာကြီး။ မည်းမည်း မည်းမည်းနဲ့ သဘက်ကောင်ကြီးတစ်ကောင် ငုတ်တုတ်ထိုင်နေသလိုပေါ့။ ဂိုဒေါင်ကြီးက ငြိမ်သက်နေပေမယ့် သူ့အနောက်ဘက်မှာရှိတဲ့ အပင်မြင့်မြင့် ပင်စည်နွဲ့နွဲ့ အပင်တွေက လေတိုက်ရင် ယိမ်းကာလှုပ်ကာ နေလေတော့ ရုတ်တရက်ကြည့်မိရင် အပင်က လှုပ်သလို မထင်ရဘဲ ဒီဂိုဒေါင်ကြီးကပဲ ဘယ်ညာ လှုပ်ရှားနေသလို ဖြစ်နေတယ်။ အဲဒီဂိုဒေါင်ရှေ့က အိမ်ကနေ ပြောင်းရွှေ့ရတော့ ပျော်တယ် ရွှင်တယ်ရယ် မဟုတ်ပေမယ့် မနက်လင်းလို့ အိပ်ရာက ထ၊ မျက်နှာသစ်ဖို့ အိမ်ရှေ့ထွက်လာတာနဲ့ မြင်နေရတဲ့ စိတ်ပျက်စရာ ဂိုဒေါင်ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့လို့ ကိုယ့်ကိုယ်ကိုယ် အားပေးမိတယ်။

အခု လက်ရှိနေရတဲ့ အိမ်ရှေ့မျက်နှာစာကတော့ ဂိုဒေါင်မည်းမည်းကြီးထက်စာရင် အများကြီး စိတ်ချမ်းသာစရာ ကောင်းပါတယ်။ အိမ်ရှေ့မှာ ဈေးကိုသွားတဲ့ ၁၂ ပေလောက် ကျယ်မယ့် အပေါက်အချိုင့်တွေနဲ့ ကတ္တရာလမ်း။ လမ်းရဲ့တစ်ဖက်မှာ အပင်တန်းအုပ် အုပ်ကလေး။ သရက်ပင်၊ ထန်းပင်၊ ပိတောက်ပင်၊ ဆေးရိုးပင် အစရှိသဖြင့်ပဲ၊ အောက်ပိုင်းကလည်း ချုံနွယ်ပိတ်ပေါင်းနဲ့ ထူထူထပ်ထပ် ဆိုပါတော့။ စိမ်းစိမ်းစိုစိုဆိုတော့လည်း မျက်စိအေးသား။ ညနေခင်းဆိုရင် အပင်ကြားက တိုက်ခတ်လာတဲ့ လေတဖြူးဖြူးနဲ့မို့ အိမ်ရှေ့ ပက်လက်ကုလားထိုင်လေးချ၊ စာလေးထိုင် ဖတ် ဇိမ်ယူရင်း၊ မိသားစုလိုက်ထိုင်ရင်း အချိန်ဖြုန်းကြတာပေါ့။ သမီးကလေးကလည်း ဟိုဟိုဒီဒီ ပြေးနေ၊ သူ့အမေက တစ်ခါတစ်လေ နောက်ကလိုက်၊ “မီတော့မယ်နော် မီတော့မယ်နော် မေမေက” စသဖြင့်နဲ့၊ ဒီလိုဆိုတော့လည်း ဘဝဟာ နေပျော်လှတာပဲလို့ အကြိမ်ကြိမ်တွေးမိစေတဲ့ အခြေအနေပါပဲ။

လေအနည်းငယ်ပြင်းသယောင်ရှိတဲ့ တစ်ညနေမှာတော့ လေးနှစ်သာရှိသေးတဲ့ သမီးငယ်က အိမ်ရှေ့မှာ ထိုင်နေကြတုန်း  “ဖေဖေရေ ဟိုမှာ ပန်ကာကြီး ရယ်နေတယ်” တဲ့ ပြောလို့ဘာများပြောပါလိမ့်လို့ လှမ်းကြည့်မိတယ်။ ဒီတော့မှ သစ်ပင်အုပ်အုပ်ကြားက ကြည့်လိုက်မိတော့ သစ်ပင်အုပ်ရဲ့ ဟိုးအနောက်မှာ လေရဟတ်ကြီးတစ်ခု၊ လေတိုက်တော့ လည်နေလေရဲ့။ သစ်ပင်စိမ်းစိမ်းစိုစိုကို အာရုံကျနေတော့လည်း နောက်က လေရဟတ်ကို မမြင်မိဘူးပေါ့။ ကလေးဆိုတာကတော့ စူးစမ်းဖွေရှာနေတတ်သူတွေဆိုတော့ အကုန်မြင်တာပဲ။ “ဟုတ်သားပဲ အဲဒါကို ပန်ကာလို့ မခေါ်ဘူး၊ လေရဟတ်လို့ ခေါ်ရတယ် သမီးလေးရဲ့” ဆိုတော့ သမီးငယ်က “ယေယဟတ် ယေယဟတ်” ရယ်လို့ စကားလုံးအသစ် တစ်ခုရလို့ အသံစမ်းထွက်ကြည့်နေတယ်။ ပြီးတော့ မေးခွန်းထုတ်ပြန်ပါလေရော “ယေ ယဟတ်ကြီးက ဘာလို့ ရယ်နေတာယဲ ဖေဖေ” တဲ့။ ကျွန်တော်လည်း လွယ်လွယ်ကူကူပဲ “လေ ရဟတ်ကြီးက လေတိုက်လို့ လည်နေတာပေါ့ သမီးလေးရယ်” လို့ ဖြေလိုက်တယ်။ ကျွန်တော့်အဖြေကို သူသဘောကျသွားပုံပါပဲ။ သူ့ဘာသာသူ တစ်ယောက်တည်း ခပ်တိုးတိုး ပြောနေလေရဲ့။ “ယေယဟတ်ကြီးက ရေတိုက်လို့ ရယ်နေတာနော့”တဲ့။ ကျွန်တော်လည်း သစ်ပင်ကြားက မြင်ရတဲ့ လေရဟတ်ကို ငေးနေမိလိုက်တယ်။ ဘာလုပ်ဖို့အတွက်ထားတဲ့ လေရဟတ်လဲပေါ့ သိချင်စိတ်ကလေးလည်း ဖြစ်မိတယ်။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးက သိရလို့လည်း ဘာမှ အကြောင်းထူးလှတာလည်း မဟုတ်တော့ တကူးတက ဘယ်သူ့မှ မေးမနေအားပါဘူး။ မေ့မေ့ပျောက်ပျောက် လေရဟတ်ဖြစ်သွားတာပေါ့။

သို့သော်လည်း ကျွန်တော့်သမီးကလေး အတွက်ကတော့ အဲဒီလို မဟုတ်ဘူး။ သစ်ပင် အုပ်အနောက်က တစ်စွန်းတစ်စ မြင်ရတဲ့ လေရဟတ်ကို မြင်လိုက်ရပြီးနောက်ပိုင်း တစ်လနှစ်လလောက်အထိ သမီးကလေးမှာ နေ့စဉ်မနက်ခင်းမိုးလင်းတာနဲ့ အိမ်ရှေ့ထွက်၊ ဒီလေရဟတ်လည်မလည် ကြည့်ရတာအမောပဲ။ လေရဟတ်ဆိုတာကလည်း ဒလက်တွေက အကြီးကြီးတွေဆိုတော့ တော်ရုံတန်ရုံ လေတိုက်ရုံလောက်နဲ့ ဘယ်လည်မလဲ။ လည်မိပြန်တော့လည်း လှုပ်တယ်ဆိုရုံပဲ တစ်ပတ်လည်အောင်တောင် မလည်ပြန်ဘူး။ မလည်တဲ့အချိန်က ပိုများနေတာပေါ့။ သမီးလေးကတော့ ဒီလေရဟတ်မလည်ရင် သိပ်စိတ်ကြည်ပုံ မရဘူး။ သူ့မှာ လေရဟတ်လည်တာကို ကြည့်လို့ အားမရသေးပုံပါပဲ။ မိုးရွာလို့ ကျွန်တော်တို့ အိမ်ထဲမှာ ကုပ်နေကွေးနေချင်တဲ့ အချိန်မျိုးဆိုရင် သမီးကလေးက အိမ်တံခါး ပေါက်မှာထိုင်ရင်း တစ်ချက်တစ်ချက် လှုပ်သယောင်ပြတဲ့ လေရဟတ်ကို ထိုင်ငေးနေတာပဲ။ မိုးရွာတော့ လေက အနည်းငယ်ပါတာကိုး။ ပြီးတော့ တစ်ပတ်၊ ၁၀ ရက် လေက ငြိမ်သွားပြန်ရော။ အဲဒီရက်တွေမှာ ငြိမ်သက်လွန်းလှတဲ့ လေရဟတ်ကို ကြည့်ရင်း “ယေယဟတ်ကြီး ဘယ်တော့ ရယ်မှာယဲ ဖေဖေ” လို့တောင် တစ်ကြိမ်တစ်ခါ မေးနေသေးတယ်။ ကျွန်တော်လည်း သူ့နံဘေး ဝင်ထိုင်ပြီး ဘယ်လိုဖြေရပါ့မလဲ ရှည်ရှည်ဝေးဝေး စဉ်းစားပေမယ့် နောက်ဆုံးတော့လည်း “လေတိုက်ရင်တော့ လေရဟတ်ကြီးက လည်မှာပေါ့သမီးရဲ့” လို့ပဲ ဖြေရတာပါပဲ။ ဒီအပြင်လည်း ဘယ်လိုဖြေရမယ် မစဉ်းစားတတ်တော့ဘူးလေ။

ကလေးတွေရဲ့ မှတ်ဉာဏ်ဆိုတာကလည်း တစ်မျိုးရယ်။ ကလေးအရွယ်မှာ မှတ်ကြ၊ သားကြ၊ သင်ယူကြတယ်ဆိုပေမယ့် တဖြည်းဖြည်း အရွယ်ရောက်လာတဲ့အခါ ဦးနှောက်ကပါ ဖွံ့ဖြိုးလာတဲ့နောက် ငယ်ဘ၀ အဖြစ်အပျက်တော်တော်များများကို မမှတ်မိနိုင်တော့ဘူးတဲ့။ သိပ္ပံမဂ္ဂဇင်းတစ်ခုမှာ အဲဒီလို ဖတ်ဖူးတာပဲ။ ကျွန်တော့်သမီးငယ်လေးကတော့ ဒီလေရဟတ်ကို အချိန်ကာလတစ်ခုခုအထိတော့ မှတ်မိနေလိမ့်မယ်လို့တော့ ထင်မိတယ်။ လုံးလုံးမေ့သွားတာလည်း ဖြစ်ချင်ဖြစ်မှာ။ အတိအကျတော့ မပြောနိုင်ဘူး။ ဒါပေမဲ့လည်း မှတ်မိခဲ့သည်ရှိသော် ဒီလေရဟတ်နဲ့ပတ်သက်လို့ ဖေဖေနဲ့ သမီးဘယ်လို အမေးအဖြေရှိခဲ့တယ်၊ သမီးကလေးက ဘယ်လို စိတ်ဝင်စားခဲ့တယ်ဆိုတာလောက် တစ်ချိန်ပြန်ပြောပြနိုင်အောင်တော့ လေရဟတ်အကြောင်း ဒီထက်ပိုသိအောင်တော့ အားထုတ်ဦးမှလို့ တွေးမိတယ်။ အနည်းဆုံးတော့ သမီးငယ်ငယ်တုန်းက စိတ်ဝင်စားခဲ့တဲ့ သစ်ပင်အုပ်အုပ်ရဲ့ ဟိုးအနောက်က လေရဟတ်မှာ ဒလက်ဘယ်နှခုရှိတယ်လောက်တော့ သိဖို့ကောင်းတယ်လေ။

Most Read

Most Recent