အိပ်မက်များအကြောင်း

အိပ်မက်များအကြောင်း
Published 17 August 2018

Photo: Learn Mind Power

အိပ်မက် ဆိုတာကတော့ ကျွန်တော်တို့ အမြဲတစေ ထိတွေ့ဆက်ဆံနေကျ၊ ရင်းနှီးကျွမ်းဝင်ဖူးကြတဲ့ အရာတစ်ခုပါပဲ။ လက်ဆုပ် လက်ကိုင်ပြဖို့ ခက်ခဲတယ် ဆိုပေမယ့် ကျွန်တော်တို့နဲ့ အမြဲအတူရှိနေတဲ့ အရာတစ်ခုလည်း ဖြစ်နေပြန်တယ်။ အိပ်မက် မမက်ဖူးသူရယ်လို့ မရှိသလိုပဲ ရှင်သန်နေသမျှ ကာလပတ်လုံးလည်း ကျွန်တော်တို့ဟာ အမျိုးမျိုးသော အိပ်မက်တွေကို ဆက်လက်မြင်မက် နေကြရဦးမှာပါ။ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အိပ်မက်တွေ၊ ကြည်နူးပျော်ရွှင်ဖွယ် အိပ်မက်တွေ ပြီးတော့ ဆွေးမြည့်ကြေကွဲဖွယ်၊ ကြောက်ရွံ့ထိတ်လန့်ဖွယ် အိပ်မက်တွေ စတဲ့အမျိုးမျိုးသော အိပ်မက်တွေကို ကျွန်တော်တို့ မြင်မက်ခဲ့ကြဖူးတယ်။

အိပ်မက်တွေအကြောင်း တွေးမိတော့ ခပ်ငယ်ငယ် ကလေးဘဝတုန်းက ကိုယ်နှစ်သက် သဘောကျတဲ့ ကာတွန်း ဇာတ်ကောင်ကလေးတွေ၊ ပုံပြင်ထဲက ဇာတ်လိုက်ကလေးတွေကို အိပ်မက်ထဲ ထည့်မက်ဖူးတာလေးတွေ ပြန်အမှတ်ရမိတယ်။ တချို့ညတွေဆို အဲဒီ ဇာတ်ကောင်လေးတွေ နေရာမှာ ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ရတဲ့ အိပ်မက်ကလေးတွေကိုလည်း ကျွန်တော်တို့ မြင်မက်ဖူးခဲ့ကြတယ်။ အိပ်မက်ထဲ မောင်စူပါလေး ဖြစ်လိုက်၊ အီးတီကို အနိုင်ကျင့်ရတဲ့ ဘိုဘိုကလေး ဖြစ်လိုက်၊ မြင်းဖြူကြီး စီးပြီး ရန်သူတွေကို လိုက်လံ နှိမ်နင်းရတဲ့ မင်းသားလေး ဖြစ်လိုက်နဲ့ ကြည်နူးပျော်ရွှင်ဖွယ် အိပ်မက်ကလေးတွေကို မြင်မက်ခဲ့ရတာ အခုထိ မှတ်မိနေဆဲပါ။ တစ်ခါတလေ ကျတော့လည်း အဲဒီအိပ်မက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ကြောက်ရွံ့ ထိတ်လန့်ဖွယ် အိပ်မက်တွေကို မြင်မက်ခဲ့ရပြန်တယ်။ အိပ်မက်ထဲမှာ ကိုယ့်အနောက်ကို လူဆိုးတွေ လိုက်လို့ ထွက်ပြေးရတာတွေ၊ ကျားတွေ ဆင်တွေလိုက်လို့ ထွက်ပြေးခဲ့ရတာတွေ စတဲ့ အိပ်မက်ဆိုးတွေကိုလည်း မြင်မက်ခဲ့ရတာပါ။

အိပ်မက်ဆိုးတွေကနေ ကြောက်လန့်တကြား အော်ဟစ်ရင်း လန့်နိုးလာရတဲ့ အခါမျိုးဆို လူကြီးမိဘတွေက အိပ်ခါနီး ဘုရားရှိခိုးဖို့ ကျွန်တော်တို့ကို ပြောပြဆုံးမကြတယ်။ ရတနာသုံးပါးနဲ့ မိဘဆရာသမားတွေကို ရှိခိုးပြီးအိပ်ရင် အိပ်မက်ဆိုးတွေ မမြင်မက်နိုင်ဘူးလို့လည်း ပြောပြခဲ့ကြတယ်။ တကယ်လည်း အဲဒီလိုမျိုး ရှိခိုးပြီးအိပ်တဲ့ ညတွေဆို အိပ်မက်ဆိုးတွေရဲ့ နှောင့်ယှက်ခြင်းကနေ ကျွန်တော်တို့ ကင်းလွတ်ခဲ့ကြပြီး ပျော်ရွှင်ကြည်နူးဖွယ် အိပ်မက်ကလေးတွေကိုသာ မြင်မက်ခွင့် ရခဲ့ကြတယ်။ ဒါကြောင့်လည်း အခုအချိန်ထိ ညအိပ်ရာဝင်ခါနီးတိုင်း ဘုရားရှိခိုး ဦးချပြီးမှ အိပ်တတ်တဲ့ အကျင့်ကလေးဟာ အိပ်မက်ကလေးတွေနဲ့ တစ်နည်းတစ်ဖုံတော့ ပတ်သက်ခဲ့တယ်လို့ ကျွန်တော်ကတော့ တွေးထင်နေမိပါတယ်။

အဲဒီနောက်မှာတော့ ဖြူစင်သန့်ရှင်းတဲ့ ကလေးဘဝကနေ တဖြည်းဖြည်း အရွယ်ရောက်လာတယ်။ ကျွန်တော်တို့ရဲ့ ခံစားချက်တွေ ပြောင်းလဲလာသလိုပဲ၊ ကျွန်တော်တို့ မြင်မက်ရတဲ့ အိပ်မက်ကလေးတွေဟာလည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲခဲ့ပါတယ်။ ပျော်ရွှင်ကြည်နူးဖွယ် အိပ်မက်ကလေးတွေကနေ ရင်ခုန်လှိုက်မောဖွယ် အိပ်မက်ကလေးတွေကို ပြောင်းလဲပြီး မြင်မက်လာရတယ်။

ကလေးဘဝတုန်းကလို ကာတွန်း ဇာတ်ကောင်ကလေးတွေ၊ ပုံပြင်ထဲက ဇာတ်လိုက်ကလေးတွေ နေရာမှာ အရောင်စုံ ပန်းခင်းကြီးတွေနဲ့ ပြီးတော့ စီးဆင်းနေတဲ့ စမ်းချောင်းကလေးရယ်၊ တေးဆိုနေကြတဲ့ ငှက်ကလေးတွေရယ်က အစားထိုး ဝင်ရောက်လာကြတယ်။

တစ်ခါတစ်ခါ အရောင်စုံ ပန်းခင်းကြီးထဲ တစ်စုံတစ်ယောက်ရဲ့ လက်ကို ဆုပ်ကိုင်ရင်း လမ်းအတူလျှောက်လို့။ ဒါမှမဟုတ် ပန်းခြံထဲက ခုံတန်းလျားလေးပေါ်မှာ ကိုယ်က တစ်စုံတစ်ယောက်ကို တိုးတိတ် ငြိမ်သက်စွာ စောင့်မျှော်နေလို့သာပေါ့။ အဲဒီလို ရင်ခုန်လှိုက်မောဖွယ် အိပ်မက်ကလေးတွေအပြင် အပြင်ဘက်လောကရဲ့ အဆင်မပြေမှုတွေ၊ သိသင့်သလောက် သိရှိနားလည်လာရတဲ့ စိတ်ပင်ပန်းနွမ်းနယ်စရာတွေကိုလည်း အိပ်မက်ထဲထိ သယ်ဆောင်လာမိလျက်သား ဖြစ်နေပြန်ပါသေးတယ်။ ငယ်ငယ်တုန်းကလိုမျိုး သန့်ရှင်းဖြူစင်တဲ့ အိပ်မက်ကလေးတွေ နေရာမှာ အရောင်အမျိုးမျိုး စွန်းထင်းနေတဲ့ အိပ်မက်တွေကို ပြောင်းလဲပြီး မြင်မက်လာရ ပြန်တယ်။

ကျွန်တော်တို့ စိတ်ထဲ စွဲထင်နေခဲ့တဲ့ အကြောင်းအရာ အဖြစ်အပျက်တွေကို အိပ်မက်ထဲ ထည့်မက်တတ်ကြသလိုပဲ၊ ကျွန်တော်တို့ အမှတ်မထင် ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေကိုလည်း အိပ်မက်ထဲ ခေါ်ဆောင်မိကြ ပြန်ပါသေးတယ်။ တစ်ခါတစ်ရံ အိပ်မက်ကနေ နိုးထလာတဲ့အခါ အိပ်မက်ထဲက အဖြစ်အပျက်တွေကို ပြန်စဉ်းစားကြည့်မိတော့ ကိုယ်နဲ့ အမှတ်မထင် ဆုံခဲ့ဖူးသူတွေ၊ ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်တွေနဲ့ ဆက်စပ်နေတာကိုလည်း တွေ့ရှိရပါသေးတယ်။ နောက်တစ်ခုကလည်း ကျွန်တော်တို့ လေးစား အားကျရသူတွေရဲ့ ဘဝနေထိုင်မှုတွေနဲ့ သူတို့လို ဖြစ်ချင်မိတဲ့ စိတ်ဆန္ဒတွေကိုလည်း အိပ်မက်ထဲမှာ အကောင်အထည် ဖော်မိလျက်သား ဖြစ်တတ်ကြပါတယ်။ တစ်နည်းပြောရရင်လည်း အိပ်မက်တွေဟာ ကျွန်တော်တု့ိရဲ့ စိတ်ထွက်ပေါက်ကလေး တစ်ခုပါပဲ။ တကယ့်ဘဝရဲ့ အဆင်မပြေမှုတွေကို အိပ်မက်ထဲမှာ ဖောက်ခွဲတတ်ကြသလိုပဲ မပြည့်သေးတဲ့ ဆန္ဒတွေ၊ မဖြစ်နိုင်သေးတဲ့ ရည်မှန်းချက်တွေကိုလည်း တစ်ခါတစ်ရံကျတော့ အိပ်မက်ကလေးထဲမှာ အကောင်အထည်ဖော်ခွင့် ရှိနေတက်တာမျိုးပဲ မဟုတ်လား။

အိပ်မက်တွေဟာ ယေဘုယျအားဖြင့် ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေ၊ နှစ်ခြိုက် စွဲလမ်းမိတာတွေအပေါ် အခြေခံ ပေါက်ဖွားလာရတယ်လို့ ဆိုကြသလိုပဲ ကျွန်တော်တို့ မြင်မက်ရတဲ့ အိပ်မက်တွေနဲ့ ပတ်သက်ပြီးတော့ အမျိုးမျိုး ပြောဆိုတတ်ကြတာတွေလည်း ရှိနေပြန်ပါသေးတယ်။ မိုးလင်းခါနီး မက်တဲ့ အိပ်မက်က မှန်တတ်တယ် ဆိုတာမျိုးအပြင် တစ်ယောက်ယောက်ကို ဝတ်ကောင်းစားလှတွေနဲ့ ကျန်းကျန်းမာမာ ရှိနေတာကို မြင်မက်ရတဲ့အခါ ဆန့်ကျင်ဘက်အဖြစ် အဲဒီလူတော့ အဆင်မပြေဖြစ်နေပြီ၊ ကျန်းမာရေး ချို့ယွင်းနေပြီလို့ ယူဆတတ်ကြတာမျိုးလည်း ရှိပြန်ပါသေးတယ်။ ဒါကလည်း ကျွန်တော်တို့ မြင်မက်ခဲ့ရတဲ့ အိပ်မက်ထဲက အဖြစ်အပျက်တွေနဲ့ အပြင်ဘက် လက်ရှိဘဝမှာ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေကို နှိုင်းယှဉ်ပြီးတော့ ကောက်ချက်ချတတ်ကြတာမျိုးပါ။

အိပ်မက်ကလေးတွေရဲ့ ခေါ်ရာကို အနည်းနဲ့အများတော့ ကျွန်တော်တို့ဟာ လိုက်ပါဖူးကြသူတွေပါ။ တစ်ခါတစ်ရံမှာ သာယာကြည်နူးဖွယ် အဖြစ်အပျက်ကလေးတွေ မြင်မက်ရတဲ့အခါဆို အိပ်မက် မက်နေမှန်း သိလျက်နဲ့ မနိုးထချင်မိတဲ့ စိတ်ခံစားမှုမျိုးလည်း ခံစားဖူးခဲ့ကြပါတယ်။ သာယာကြည်နူးဖွယ် အိပ်မက်ကလေးတွေနဲ့ နိုးထလာရတဲ့ နေ့တွေမှာဆို တစ်နေကုန် ပေါ့ပါး လန်းဆန်းနေတတ်ပြီး အဲဒီအိပ်မက်ကလေးကိုပဲ တစိမ့်စိမ့်တွေးရင်း ပျော်ရွှင် နေတတ်ကြသေးတယ်။ အိပ်မက်ကလေးတွေဟာ ကျွန်တော်တို့ကို ဆွဲငင် ညှို့ယူတတ်သလိုပဲ မသိမသာလည်း လွှမ်းမိုး ချုပ်ကိုင်တတ်ပါသေးတယ်။ တစ်စုံတစ်ယောက်ကို အိပ်မက်ထဲ မြင်မက်မိတဲ့အခါ အဲဒီလူအကြောင်း တွေးနေမိတာမျိုး၊ အဆင်ပြေပါ့မလားလို့ စိုးရိမ်ပူပန်နေတတ်တာမျိုးနဲ့ အိပ်မက်တွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုတွေကိုလည်း ကျွန်တော်တို့ ခံစားရပြန်ပါတယ်။

နောက်ထပ် ကျွန်တော် သတိထားမိတာလေး တစ်ခုက အိပ်မက်ဆိုတဲ့ စကားလေးကိုပဲ တခြားနေရာ တစ်ခုမှာ သုံးစွဲတတ်ကြတာကိုပါ။ ဥပမာ ကျွန်တော့် အိပ်မက်က အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး ဖြစ်ချင်တယ် ဆိုတာမျိုး။ ကျွန်မ အိပ်မက်ကတော့ သရုပ်ဆောင် တစ်ယောက် ဖြစ်ချင်တယ် ဆိုတာမျိုး ပြောဆိုတတ်ကြတာကိုပါ။ ဒီနေရာမှာ သုံးစွဲကြတဲ့ အိပ်မက်ဆိုတဲ့ စကားလေးကရော ဘယ်လိုအဓိပ္ပာယ်မျိုး သက်ရောက်ပါသလဲ။ သေချာ တွေးတောကြည့်မယ် ဆိုရင်တော့ ဒီအိပ်မက်ဆိုတဲ့ စကားလေးထဲမှာပဲ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေအပြင် ထက်သန်တဲ့ စိတ်ဆန္ဒတွေကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ ဒါကြောင့်လည်း အိပ်မက်တွေဟာ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေ၊ မျှော်လင့်ချက်တွေနဲ့ တစ်နည်းတစ်ဖုံတော့ ဆက်စပ်နေတယ်လို့ ဆိုကြတာဖြစ်ပြီး အိပ်မက်တွေထဲမှာလည်း ကျွန်တော်တို့ဟာ ကိုယ့် ကိုယ်ကိုယ် ပြန်ရှာဖွေတတ်ကြပါသေးတယ်။

အိပ်မက်ကလေးတွေဟာ တကယ့် လက်တွေ့ဘဝနဲ့ ထပ်တူမကျနိုင်ဘူး ဆိုရင်တောင်မှ တကယ့် လက်တွေ့ဘဝထဲမှာတော့ အိပ်မက်ဆန်ဆန် အကြောင်းအရာ အဖြစ်အပျက်တွေကို ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့ဖူးခဲ့ကြပါ တယ်။ နောက်ပြီးတော့ အိပ်မက်ကလေးတွေဟာ ကျွန်တော်တို့ကို အမျိုးမျိုးသော ခံစားချက်တွေနဲ့ မနက်ခင်းတိုင်းမှာ နိုးထ သက်ဝင်စေခဲ့တာပဲ မဟုတ်လား။ ညစဉ် မြင်မက်နေကျ အိပ်မက်ကလေးတွေထဲ မှတ်မိတာလည်း ရှိ မမှတ်မိတာလည်း ရှိနဲ့။ ကောင်းမွန်တဲ့ အိပ်မက်ကလေးတွေလည်း ရှိသလို အိပ်မက်ဆိုးနဲ့ နိုးထခဲ့ရတာတွေလည်း ရှိခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် အိပ်မက်ကလေးတွေကတော့ ကျွန်တော်တို့နဲ့အတူ ရှိနေကြဦးမှာပါ။

Most Read

Most Recent