အိမ်နီးချင်းနိုင်ငံများ၌ H1 N1 ဖြစ်ပွားမှုများရှိနေသည့်အတွက် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်/ ထွက်ပေါက်များတွင် အနီအောက်ရောင်ခြည်သုံး ကိုယ်အပူချိန်တိုင်းကိရိယာဖြင့် စောင့်ကြပ်ကြည့်ရှု

အိမ်နီးချင်းနိုင်ငံများ၌ H1 N1 ဖြစ်ပွားမှုများရှိနေသည့်အတွက် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်/ ထွက်ပေါက်များတွင် အနီအောက်ရောင်ခြည်သုံး ကိုယ်အပူချိန်တိုင်းကိရိယာဖြင့် စောင့်ကြပ်ကြည့်ရှု
Published 28 August 2017

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကိုယ်အပူချိန်တိုင်းကိရိယာဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ဆောင်နေစဉ်

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများတွင်လည်း H1 N1 ဖြစ်ပွားမှုများရှိနေသည့်အတွက် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်များတွင် အနီအောက်ရောင်ခြည်သုံး ကိုယ်အပူချိန်တိုင်းစက်ပစ္စည်း (Infra - red Fever Screening System) ဖြင့် ပြည်တွင်းသို့ ဝင်ရောက်လာသူများအား ကိုယ်အပူချိန် တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ထို့အတူ နယ်စပ်ဖြတ်ကျော်ဂိတ်များ၌ ပြည်တွင်းသို့ ဝင်ရောက်လာသူများအနက် နေမကောင်းဖျားနာနေသူများအား ထိတွေ့ရန်မလိုအပ်သည့် ကိုယ်အပူချိန်တိုင်း ကိရိယာ (Non - Contact Thermometer) များဖြင့် လူနာ၏ကိုယ်အပူချိန်ကို တိုင်းတာပေးလျက်ရှိကြောင်း၊ ဖျားနာလူနာများ တွေ့ရှိပါက ရာသီတုပ်ကွေးရောဂါလူနာ အဓိပ္ပာယ်သတ်မှတ်ချက်အရ သံသယလူနာများအား သက်ဆိုင်ရာ ရောဂါကာကွယ်ရေးနည်းလမ်းများ လိုက်နာဆောင်ရွက်စေပြီး သက်ဆိုင်ရာဆေးရုံ သို့မဟုတ် ကျန်းမာရေးဌာနများ၌ ပြင်ပလူနာအဖြစ် ပြသနိုင်စေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် နိုင်ငံအတွင်းဖြစ်ပွားလာနိုင်သော ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် ထိန်းချုပ်နှိမ်နင်းခြင်း လုပ်ငန်းများနှင့် အခြားနိုင်ငံများမှ ကူးစက်ရောဂါများ မိမိနိုင်ငံအတွင်းသို့ ကူးစက်ဝင်ရောက်လာခြင်း၊ မိမိနိုင်ငံမှတစ်ဆင့် အခြားနိုင်ငံများသို့ ပျံ့နှံ့ကူးစက်ခြင်းများ မဖြစ်ပွားစေရန် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးစည်းမျဉ်း (IHR) နှင့် အညီ ရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရာသီတုပ်ကွေးရောဂါ ဖြစ်စေသော ဗိုင်းရပ်စ်ပိုးအမျိုးအစားသုံးမျိုး (Type A,B,C) ရှိပြီး ယခုနှစ် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုဖြစ်စဉ်မှာ Seasonal Influenza Virus Type A ၏ အမျိုးအစားခွဲတစ်ခု ဖြစ်သည့် Subtype A (H1 N1) pdm 09 ကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ Seasonal Influenza A(H1 N1)pdm 09  Strain  သည် ကမ္ဘာပေါ်တွင် မက္ကဆီကိုနိုင်ငံ၌ ၂၀၀၉ ခုနှစ် ဧပြီတွင် စတင်ကူးစက်၍ ကမ္ဘာ့နိုင်ငံအများအပြား၌ ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့ကြောင်း၊ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Public Health Emergency of International Concern (PHEIC) အဖြစ် ကြေညာခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ကမ္ဘာ့လူတုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

၂၀၁၀ ခုနှစ် သြဂုတ်လနောက် ပိုင်းမှစ၍ ထို Seasonal Influenza A(H1 N1)pdm 09  သည် ကူးစက်မှုမြန်ဆန်သော်လည်း ပြင်းထန်မှုနှင့် သေဆုံးမှုနည်းပါးသောကြောင့်  PHEIC အဖြစ်မှ ၂၀၁၀ ပြည့်နှစ် သြဂုတ် ၁၀ ရက်တွင် ရုပ်သိမ်းခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်၌ ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့သော အဆိုပါ Seasonal Influenza A(H1 N1) pdm 09 ဗိုင်းရပ်စ်ပိုးသည် ၂၀၁၀ ပြည့်နှစ်မှစ၍ ကပ်ရောဂါအသွင် ဆက်လက်ဖြစ်ပွားမှုမရှိတော့ဘဲ ကမ္ဘာ့နိုင်ငံများ၌ လူများအကြား ရာသီတုပ်ကွေးရောဂါ Seasonal Influenza အဖြစ်သာ ကူးစက်မှု ဆက်လက်ရှိနေခဲ့ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း အဆိုပါ ဗိုင်းရပ်စ်ပိုးအား ရာသီတုပ်ကွေးရောဂါပိုးအဖြစ် သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ရာသီတုပ်ကွေးရောဂါအဖြစ်သာ နှစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most Recent