မာစီဒီး၊ ဖို့ဒ်နှင့် အဝါရောင်ကျောင်းကားများ ပြဿနာ

မာစီဒီး၊ ဖို့ဒ်နှင့် အဝါရောင်ကျောင်းကားများ ပြဿနာ
Published 12 August 2018

လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော တန်ဖိုးကြီးကားများ ထားရှိသော ဂိုဒေါင်အတွင်းမြင်ကွင်း

အမျိုးသားဒီမိုကရေစီ အစိုးရအဖွဲ့သက်တမ်း နှစ်နှစ်ကျော်ကာလမှာ ရန်ကုန်တိုင်းဒေသကြီးက ဝန်ကြီးတွေ စီးနင်းမယ့် မော်တော်ယာဉ်ကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ ထွက်လာပါတယ်။

အစပြုခဲ့တာကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်တိုင်းလွှတ်တော်မှာ မော်တော်ယာဉ်စီးနင်းဖို့ ဘတ်ဂျက်တောင်းခံခြင်းကနေ အစပြုခဲ့တာပဲ ဖြစ်ပါတယ်။

မေ ၃၁ ရက်မှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ အစိုးရအဖွဲ့က ၂၀၁၈-၂၀၁၉ ခုနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ အရအသုံးမှန်းခြေ ငွေစာရင်းမှာ ကျပ်သိန်း ၁၀၀၀ တန် FORD ကား ၁၀ စီးဝယ်ယူဖို့ ကျပ်သန်း ၁၀၀၀ ထည့်သွင်းတောင်းခံခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ စီးနင်းအသုံးပြုနေတဲ့ မော်တော်ယာဉ်တွေက ဟောင်းနွမ်းနေပြီ ဖြစ်တာကြောင့် အခုလို တောင်းခံရခြင်း ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းပဲ ဖြစ်ပါတယ်။

အစိုးရသက်တမ်း နှစ်နှစ်ကျော်သာ ကျန်ရှိတဲ့အချိန်မှာ အခုလို မော်တော်ယာဉ်အသစ် စီးနင်းဖို့ တောင်းဆိုတာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် အများစုက ဝေဖန်ခဲ့ပြီး နောက်မှာတော့ ဒီကားတွေကို ဝယ်ယူမယ့် ငွေကြေးအတွက် ပြည်ထောင်စု ဘတ်ဂျက်ထဲကနေ ဝယ်ယူခြင်းသာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြန်လည်ပြောကြား ခဲ့ပါတယ်။

အဲဒီလိုပြောကြားပြီး မကြာမီမှာပဲ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ယခင်အစိုးရအဖွဲ့ လက်ထက်မှာ ဝယ်ယူသွားတဲ့ မော်တော်ယာဉ်တွေ ရှိပြီးတော့  အဲဒီမော်တော်ယာဉ်တွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကို ခွဲဝေပေးမယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

အဲဒီမော်တော်ယာဉ်တွေက ယခင်အစိုးရလက်ထက်က ဝယ်ယူခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ် ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီး အစည်းအဝေးတွေ ပြုလုပ်ချိန်မှာ ဧည့်သည်တော်တွေ စီးနင်းဖို့ ဝယ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီမော်တော်ယာဉ်တွေထဲမှာ တန်ဖိုးကြီး မာစီဒီး အမျိုးအစားယာဉ် အများစုဖြစ်ပြီးတော့ အဲဒီမော်တော်ယာဉ်တွေကို ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေး ဦးစီးဌာနက တာဝန်ယူ ထိန်းသိမ်းထားခဲ့တာပဲ ဖြစ်ပါတယ်။

မာစီဒီးတွေကို ဘယ်လိုပြန်တွေ့တာလဲ

ဦးသိန်းစိန်အစိုးရ လက်ထက်က ဝယ်ယူခဲ့တဲ့ မာစီဒီးအမျိုးအစား မော်တော်ယာဉ်အပါအဝင် ဇိမ်ခံမော်တော်ယာဉ်မျိုးစုံ ၁၇၂ စီးအတွက် ၂၀၁၃ ခုနှစ်မှာ လွှတ်တော်ကို ကျပ် ၁၈ ဘီလျံ တောင်းခံခဲ့ပါတယ်။ ငွေကြေးပမာဏများတဲ့ အတွက်ကြောင့် လွှတ်တော်ကိုယ်စားလှယ် အချို့က ကန့်ကွက်ခဲ့ပေမယ့် အစိုးရအဖွဲ့က ဝယ်ယူခဲ့ပါတယ်။

အဲဒီမော်တော်ယာဉ်တွေကို အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပချိန်မှာ ရောက်လာမယ့် နိုင်ငံ့ခေါင်းဆောင်တွေ စီးနင်းဖို့ ဝယ်ယူခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေး ဦးစီးဌာနက ထိန်းသိမ်းထားခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာတော့ ဝန်ကြီးဌာနတွေ တင်ပြထားတဲ့ အသုံးစရိတ်တွေကို စိစစ်နိုင်ဖို့အတွက် ပြည်ထောင်စု လွှတ်တော်က အဖွဲ့ ၁၇ ဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီအဖွဲ့ ၁၇ ဖွဲ့မှာ အဖွဲ့နံပါတ် ၆ ကိုတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဦးဆောင်ပြီးတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က အတွင်းရေးမှူး ဖြစ်ပါတယ်။ အဲဒီအဖွဲ့က နာမည်ကြီးနေတဲ့ မော်တော်ယာဉ်တွေနဲ့ ပတ်သက်ပြီး ထိန်းသိမ်းထားတဲ့ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေး ဦးစီးဌာနကို စစ်ဆေးရပါတယ်။

“ပူးပေါင်းစိစစ်ရေးအဖွဲ့ ၆ ပါ။ ကျွန်မတို့က မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ စီမံဘဏ္ဍာဝန်ကြီးဌာနကို စစ်ရတယ်။ စီမံဘဏ္ဍာဝန်ကြီးဌာန အောက်မှာရှိတဲ့ ဗဟိုစက်ပစ္စည်း စာရင်းဌာနကလည်း ကျွန်မတို့ စစ်ရတဲ့ ဌာနထဲမှာ တစ်ခုအပါအဝင်ပဲ” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

သူတို့ ဝင်စစ်ရတဲ့ အကြောင်းရင်းကတော့ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေး ဦးစီးဌာနက တောင်းခံထားတဲ့ မော်တော်ယာဉ် ပြင်ဆင်ထိန်းသိမ်း စရိတ်တွေ များနေလို့ ဖြစ်ပါတယ်။

“နိုင်ငံတော်က သိမ်းထားတဲ့ယာဉ်တွေ ပြင်ဆင်ရတာရှိတယ်။ နောက်တစ်ခုက နိုင်ငံတော်ရဲ့ အဆောင်အယောင်ယာဉ်တွေကို ထိန်းသိမ်းထားရတာရှိတယ်။ ဒီကားတွေကို တစ်လနှစ်ကြိမ် နှိုးစမ်းပြီးတော့ မောင်းရတဲ့အခါမှာ ဒီအတွက် ကုန်ကျရတဲ့ ဆီဖိုးတွေရှိတယ်။ နောက်တစ်ခုက နိုင်ငံတော်မှာ ပွဲကြီးတွေ လုပ်တဲ့အခါမှာ ဒီကားတွေကို သုံးစွဲရတဲ့အခါမှာ ကုန်ကျရတဲ့ စက်ဆီချောဆီတွေရှိတယ်။ ဒါတွေကို တင်ပြလာတာ” လို့ ဒေါ်ခင်စန်းလှိုင်က ဆိုပါတယ်။

အဲဒါကြောင့် မြေပြင်ကွင်းဆင်း စစ်ဆေးတဲ့အချိန်မှာပဲ တန်ဖိုးကြီး ဇိမ်ခံမော်တော်ယာဉ်တွေကို တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

အခုလိုစစ်ဆေးတာက ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနရဲ့ ဂိုဒေါင် ၁၀ လုံးအနက် သုံးလုံးကို ဝင်ရောက်စစ်ဆေးခဲ့တဲ့ အချိန်မှာ တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စစ်ဆေးတွေ့ရှိထားတဲ့ မော်တော်ယာဉ် အစီးရေကတော့ တစ်ထောင်ကျော် ရှိပါတယ်။

မာစီဒီးယာဉ်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်လိုက်တဲ့ ယခင်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ

အရင်အစိုးရ လက်ထက်တုန်းက ဝယ်ယူထားတဲ့ မာစီဒီး အပါအဝင် ဇိမ်ခံမော်တော်ယာဉ်တွေနဲ့ ပတ်သက်လို့ အဲဒါတွေကို အမျိုးသားဒီမိုကရေစီ အစိုးရအဖွဲ့ကို စာရင်းဇယားနဲ့ လွှဲပြောင်းပေးခဲ့တာလို့ ဦးရဲထွဋ်က ဆိုပါတယ်။

“အစိုးရတာဝန်လွှဲတော့လည်း ဒီကားတွေဟာ ဝန်ကြီးဌာန လွှဲပြောင်းလက်ခံမှာ ပါပြီးသားပါ။ ဒီကားတွေ ရှိတယ်။ သုံးလို့ရတယ်ဆိုတာ အစိုးရသစ် မသိစရာလည်း အကြောင်းမရှိပါဘူး။ သူတို့လက်ထက် နိုင်ငံတကာ အစည်းအဝေးတွေမှာလည်း သုံးခဲ့ပြီးသားပါ” လို့ ဦးရဲထွဋ်က ရေးသားထားပါတယ်။

အစိုးရအဖွဲ့ တာဝန်လွှဲပြောင်းတဲ့အထဲမှာ အဲဒီမော်တော်ယာဉ်တွေရဲ့ စာရင်းဇယားတွေ ပါပြီးသား ဖြစ်ပြီးတော့ အခုမှ တွေ့သလိုလို လုပ်တာကတော့ ပိန်းတယ်လို့ ဦးရဲထွဋ်က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

“အစိုးရပိုင်ကားမှန်သမျှ ငယ်စာရင်း၊ မွေးစာရင်း ECC ( ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေး ဦးစီးဌာန) မှာရှိတယ်။ စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးတာကို ခံရတယ်။ အရင်ကတော့ တစ်လတစ်ခါ အစိုးရအဖွဲ့ အစည်းအဝေးမှာ ECC မှာရှိတဲ့ ကားတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြရတယ်။ အစိုးရအဖွဲ့ အစည်းအဝေးက မှတ်တမ်းတင်တယ်။ လူမသိ သူမသိ ဝယ်ထား၊ သစ်ပင်ကြား ထိုးထားလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ အဲဒီလို ထင်နေရင်လည်း အတော်ပိန်းတယ်လို့ပဲ ပြောရမှာပဲ” လို့ ဦးရဲထွဋ်က ရေးသားထားပါတယ်။

အဲဒီကားတွေကို သူတို့လက်ထက်မှာ အမြဲတမ်း အဆင်သင့်စီးနိုင်အောင် လုပ်ထားရပြီးတော့ သွားလာမယ့် ခရီးစဉ်တွေကိုလည်း စမ်းသပ်မောင်းနှင်ခဲ့တယ်လို့ ဦးရဲထွဋ်က ဆက်လက်ရေးသားပါတယ်။

“အဲဒီကားတွေကို ECC က ထိန်းထားတယ်။ ပုံမှန်စစ်ဆေးရတယ်။ အချိန်မရွေး သုံးနိုင်အောင် အသင့်လုပ်ထားရတယ်။ ခရီးစဉ်ရှိတယ်ဆိုရင် အဲဒီခရီးစဉ်အတွက် သီးခြားထုတ်ပြီးစမ်းတယ်။ သွားရမယ့် လမ်းကြောင်းအတိုင်း ယာဉ်မောင်းတွေ အကျွမ်းတဝင်ဖြစ်အောင် မောင်းကြည့်တယ်။ ယာဉ်ထိန်း ဆိုင်ကယ်တွေကလည်း အတူလိုက်ပြီး စမ်းသပ်ရတယ်။ (တစ်ခါတုန်းက အဲဒီလို စမ်းသပ်မောင်းနှင်တဲ့ အချိန်မှာ ယာဉ်ထိန်းဆိုင်ကယ် မှောက်ဖူးတယ်)။ ခရီးစဉ်အတွက် တွဲထားတဲ့ယာဉ်တွေ တစ်ခုခုချို့ယွင်းရင် လဲလှယ်နိုင်ဖို့ အရန်ပြင်ထားရတယ်။ ယာဉ်တန်းမှာလည်း ကားအပို ထည့်ပေးရတယ်” လို့ ဦးရဲထွဋ်က ဆက်လက် ရေးသားထားပါတယ်။

မသုံးစွဲဘဲ ပစ်ထားရတဲ့ မော်တော်ယာဉ်တွေအကြောင်း သမ္မတ သိသလား

ယခင်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဓာတ်ပုံအထောက်အထားတွေနဲ့ ပြန်လည်ရေးသားထားမှု အပေါ်မှာတော့ လက်ရှိအစိုးရအဖွဲ့ကတော့ တုံ့ပြန်ပြောကြားခြင်း မရှိသေးပါဘူး။

အဲဒီကားတွေရှိတယ် ဆိုတာကိုတော့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သိရှိထားပြီး ဖြစ်ပါတယ်။

ဇူလိုင် ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ မော်တော်ယာဉ်တွေအကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“သမ္မတက သိတယ်ဗျ။ သူပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ လုပ်တုန်းက အဲဒီကားတွေရှိတယ်ဆိုတာ သိထားတယ်။ အသုံးလိုတဲ့ အစိုးရအဖွဲ့တွေကို ခွဲဝေပေးမယ်။ ကိုယ့်ဘာသာကိုယ် ပြင်စရာရှိရင်လည်းပြင်၊ ဆီလည်း ကိုယ့်ဘာသာကိုယ်ထည့်ဆိုပြီး ပြောသွားတယ်” လို့ အဆိုပါ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒဂုံမြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

အဲဒီမော်တော်ယာဉ်တွေက အစီး ၁၀၀၀ ကျော်ရှိတယ်လို့ သိရပြီး လက်ရှိမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ စီးနင်းနေတဲ့ မော်တော်ယာဉ် အဟောင်းတွေ နေရာမှာ အစားထိုးနိုင်ဖို့ လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီယာဉ်တွေကို စစ်ဆေးပြီးတဲ့ အချိန်မှာတော့ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ တင်သွင်းထားတဲ့ နိုင်ငံတော် အဆောင်အယောင်အဖြစ် ထိန်းသိမ်းထားတဲ့ ဒီကားတွေရဲ့ ပြုပြင်ထိန်းသိမ်း စရိတ်တွေကို ပြန်လည်စိစစ်မယ်လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“နှစ်စဉ်နှစ်တိုင်းလည်း တင်သလောက် တောင်းသလောက် ပေးခဲ့တာ ဘယ်တုန်းကမှ မရှိဘူး။ ဖြတ်သင့်ဖြတ်ထိုက်တာ ဖြတ်ခဲ့တယ်။ ပေးသင့်ပေးထိုက်တာ ပေးခဲ့တယ်။ ဆိုလိုတာကတော့ နိုင်ငံတော်အတွက် ပေါ်လစီတစ်ရပ်၊ မူဝါဒတစ်ရပ် ချမှတ်နိုင်အောင် အတွက်တော့ ကျွန်မတို့ရဲ့ အစီရင်ခံစာကတစ်ဆင့် တင်ပြသွားမှာပေါ့။ ဆိုလိုတာကတော့ ဒီကားတွေရှိနေတယ်။ နောင်မှာ ဒီကားတွေ ဝယ်ဖို့ သင့်၊ မသင့်။ ဒါမှမဟုတ် ရှိနေတဲ့ မော်တော်ကားတွေကို ပျက်စီးမသွားအောင် နှစ်အလိုက် အရေအတွက်နဲ့ အချို့ဆိုရင် မော်ဒယ်တွေ အောက်ကုန်တာတွေ ရှိတဲ့အတွက် ဒါတွေကို အကျိုးရှိရှိ သုံးနိုင်အောင်အတွက် ဒါလေးတွေကို အကြံပြုသွားမှာ ဖြစ်ပါတယ်” လို့  ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

ရန်ကုန်တိုင်းက အစပြုခဲ့တဲ့ မော်တော်ယာဉ်ဇာတ်လမ်းမှာတော့ ပြည်သူ့ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ မော်တော်ယာဉ်တွေကို အသုံးပြုဖို့ ဖြစ်လာခဲ့ပါတယ်။ ဂိုဒေါင်ထဲမှာ ထည့်သိမ်းထားတဲ့ မော်တော်ယာဉ်တွေကို အသုံးပြုခွင့် ရခဲ့ပါတယ်။

ဒါပေမဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြည်သူ့ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ ကျောင်းကားတွေကတော့ လွှတ်တော်ရုံးက မြေကွက်လပ်ထဲမှာ အသုံးမပြုရသေးပါဘူး။

ရန်ကုန်အစိုးရအဖွဲ့ရဲ့ မပြီးဆုံးသေးတဲ့ ကျောင်းကား

ဝယ်ယူထားသော ကျောင်းကားများကို ၂၀၁၇ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ ယခင်ပညာသင်နှစ်မှာ ကျောင်းကားတွေကို ပုံစံပြောင်းလဲ ပြေးဆွဲသွားမယ်လို့ ကြေညာခဲ့ပါတယ်။

ရန်ကုန်မြို့ရဲ့ ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ကိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အခြေခံပညာကျောင်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသားအများစုက ကိုယ်ပိုင်မော်တော်ယာဉ်တွေနဲ့ မိဘတွေက လာကြိုကြတာကြောင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတာလို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထင်မြင်ယူဆခဲ့ပါတယ်။ နောက်တစ်ချက်က လက်ရှိပြေးဆွဲနေတဲ့ ကျောင်းကားတွေမှာ စီးနင်းနေတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ လုံခြုံရေး အခြေအနေတွေကြောင့် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

ကျောင်းကားစီးပွားရေးမှာ ရန်ကုန်အစိုးရ ဘယ်လောက်ရင်းနှီးမြုပ်နှံခဲ့တာလဲ

ရန်ကုန်မြို့တွင်းမှာရှိတဲ့ ပြေးဆွဲနိုင်ဖို့အတွက် ကျောင်းကားများ ပြုပြင်ပြောင်းလဲရေး စီမံချက်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျပ် ၁၀ ဘီလျံကျော် အသုံးပြုခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ရဲ့ လေ့လာချက်အရ ရန်ကုန်မြို့ရှိ ကျောင်း ၂၂ ကျောင်းမှာ တက်ရောက်ပညာ သင်ကြားနေတဲ့ ကျောင်းသားပေါင်း ၅၈၀၀၀ ကျော်ရှိပြီး ကျောင်းကြိုပို့ယာဉ်နဲ့ ကျောင်းတက်ရောက်နေသူ ၁၉၃၄၂ ဦး ရှိပါတယ်။

အဲဒီ ကျောင်းသားတွေထဲမှာ ကိုယ်ပိုင်ယာဉ် ၁၈၉၉ စီးနဲ့ ကျောင်းတက်ရောက်နေသူ၊ ကျောင်းကြိုပို့ယာဉ် ၈၄၅ စီးနဲ့ ကျောင်းတက်ရောက်သူတွေ ရှိတယ်လို့ သိရပါတယ်။

အဲဒီကျောင်းကားတွေထဲမှာမှ လိုက်ထရပ်ယာဉ် ၃၄၀ ခန့်ရှိပြီး ကျောင်းသားပေါင်း ၁၀၀၀၀ ကျော် စီးနင်းလျက် ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကျောင်းကားတွေအစား ရန်ကုန်တိုင်းဒေသကြီးက ရောင်းချမယ့် ကျောင်းကားတွေကို ဝယ်ယူပြီး ပြေးဆွဲရမယ်လို့ ကြေညာခဲ့ပါတယ်။

ဒါမှမဟုတ် နောက်ပွင့် လိုက်ထရပ်ယာဉ်တွေအစား နောက်ပိတ်ယာဉ်တွေနဲ့ ပြေးဆွဲရမယ်လို့ စည်းကမ်းထုတ်ခဲ့ပါတယ်။

ကျောင်းကား ပြေးဆွဲတဲ့သူတွေ အနေနဲ့ အစိုးရဆီကတစ်ဆင့် ဝယ်ယူနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဟွန်ဒိုင်းကုမ္ပဏီထံက ဝယ်ယူထားတဲ့ ကျောင်းကားတွေအနက် ပထမအသုတ်အဖြစ် အစီးရေ ၂၀၀ ဟာ ၂၀၁၇ ခုနှစ် ဇွန်လအတွင်းက ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။

အဲဒီကျောင်းကားတွေမှာ ကျောင်းသားဦးရေ ၂၈ ဦးဆံ့ပြီး ၂၀၁၇ ခုနှစ်ထုတ် ကိုရီးယားနိုင်ငံထုတ် ဖြစ်ပြီးတော့ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၆၈၄၀ ရှိပါတယ်။

အဲဒီကားတွေကို ဝယ်ယူမယ်ဆိုရင် အခွန်နှုန်းထား သက်သာခြင်း၊ အသစ်ဖြစ်ခြင်း၊ ဘဏ်ချေးငွေ ရရှိနိုင်ခြင်း စတာတွေရမယ်လို့ အစိုးရအဖွဲ့ လက်အောက်မှာရှိတဲ့ YRTA အဖွဲ့ က ကြေညာခဲ့တယ်။ ဒါ့အပြင် ဒီကားတွေကို အပြင်ပြခန်းမှာ သွားဝယ်မယ် ဆိုရင်တော့ ဒီထက်ဈေးပိုများ နိုင်တယ်လို့လည်း ၂၀၁၇ ခုနှစ် မေ ၁၂ ရက်က ကျောင်းကားကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့ပါတယ်။

မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ ကျောင်းကား

ဘဏ်ချေးငွေတွေရမယ်၊ အခွန်သက်သာမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မက်လုံးပေး ဆွဲဆောင်ခဲ့ပေမယ့် ကျောင်းကားအစီအစဉ်ကို ယာဉ်ပိုင်ရှင်တွေက စိတ်မဝင်စားခဲ့ပါဘူး။

ဘာကြောင့်ဆိုရင်တော့ ပထမဆုံးအနေနဲ့ ကျောင်းကားက ဈေးကြီးပါတယ်။ နောက်တစ်ချက်ကတော့ ကျောင်းကားစီးတဲ့ ကလေးငယ်တွေကို အိမ်ရှေ့အထိ လာကြိုနိုင်မလားဆိုတဲ့ မေးခွန်းပါ။ နောက်မေးခွန်း တစ်ခုကတော့ အဲဒီယာဉ်တွေနဲ့ ကျောင်းကြိုပို့လုပ်ပြီဆိုရင် ကျောင်းကားခ တက်ပါပြီ။ အဲဒီအတွက်ကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ စီမံချက်က လွဲမှားသွားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

“ကျောင်းကား အစီး ၂၀၀ က နှစ်ချီပြီး အောင်းနေရတာ။ စီမံမှုတွေက အလွဲလွဲ အချော်ချော်တွေ ဖြစ်နေတာ။ YBS ပြီးတော့ မဖြစ်သင့်တဲ့ အမှားလို့ပဲ ပြောချင်တယ်။ YRTA က မနိုင်ဘူး။ အဲဒီအောက်မှာ လုပ်ငန်းတွေက အများကြီး။ အခုကျောင်းကားပါ ကိုင်တယ်ဆိုတော့ သူတို့မနိုင်ဘူး” လို့  ဦးကျော်ဇေယျက ပြောပါတယ်။

အစိုးရအဖွဲ့က ကျောင်းကားပြေးဆွဲဖို့ စီစဉ်တုန်းကတော့ Golden Hand အမည်ရှိတဲ့ ကုမ္ပဏီတစ်ခု တည်ထောင်ပြီး ပြေးဆွဲပေးမယ်လို့ ကြေညာခဲ့ပေမယ့် အခုထိတော့ အဲဒီကုမ္ပဏီက ကျောင်းကားနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ လှုပ်ရှားမှု မရှိသေးပါဘူး။

ကျောင်းကား ပြေးဆွဲသူတွေရဲ့ တစ်လအမြတ်မှာ ဆီဖိုး၊ ယာဉ်မောင်းစရိတ်၊ ယာဉ်ပြင်ခတွေ နုတ်လိုက်မည်ဆိုလျှင် ကျပ်လေးသိန်းခန့် ရရှိပါတယ်။

ကျောင်းကားတွေကို မဝယ်နိုင်ပါက အစိုးရက ငှားရမ်းပေးမယ်လို့ ဆိုပေမယ့် ငှားရမ်းခက တစ်လလျှင် ၁၀ သိန်းကျော်ရှိတော့ ကျောင်းကား ပြေးဆွဲသူတွေအတွက် တွက်ခြေမကိုက်ပါဘူး။

ကျောင်းကား ပြောင်းလဲပြေးဆွဲမယ်ဆိုရင် လက်ရှိကောက်ခံနေတဲ့ ကျောင်းကားလခထက် အနည်းဆုံး ကျပ်တစ်သောင်း ပိုမိုကောက်ခံရတော့မှာပဲ ဖြစ်ပါတယ်။

ထို့အတူ တန်ဖိုးကျပ်သိန်း ၅၀၀ တန် ရင်းနှီးမြုှပ်နှံထားပေမယ့် တစ်လကျပ်လေးသိန်းသာ ပြန်ဝင်မယ့်အတွက် ကျောင်းကားပြေးဆွဲသူတွေ အနေနဲ့ မရင်းနှီးနိုင်ပါဘူး။

“သိန်း ၅၀၀ ကျော် ရင်းဖို့ကြတော့ မိဘတွေအနေနဲ့လည်း မတတ်နိုင်ကြဘူး။ ကျွန်မတို့ကလည်း မဝယ်နိုင်ဘူး။ အဲဒီတော့ လက်ရှိ ကျောင်းကားကိုပဲ သူတို့သတ်မှတ်ထားတဲ့ မူဝါဒတွေကို လိုက်နာလိုက်တယ်လေ။ အခက်အခဲတွေက လက်ရှိ ညာပေါက်ကားတွေကို ခွင့်မပြုတော့ဘူးဆိုတော့ ငိုတဲ့သူကငို။ အကြွေးတွေက မကြေသေးဘူးလေ” လို့ ကျောင်းကားပြေးဆွဲနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲဒီအတွက်ကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရောင်းချပေးမယ့် ကျောင်းကားကို ဝယ်ယူဖို့ လက်တွန့်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

၂၀၁၈- ၂၀၁၉ စာသင်နှစ်မှာတော့ အစိုးရက ရောင်းချတဲ့ ကျောင်းကားကို ဝယ်ယူပြီး ပြေးဆွဲနေတဲ့ ကျောင်းက TTC တစ်ကျောင်းတည်းသာ ရှိပါတယ်။

“အခုကတော့ ကျွန်တော်သိသလောက်ဆိုရင် TTC တစ်ကျောင်းပဲရှိတယ်။ ကျွန်တော့်မဲဆန္ဒနယ်မြေဖြစ်တဲ့ ဒဂုံ (၁) မှာတောင် ဆွဲဖို့လုပ်တာ အဆင်မပြေသေးဘူး။ အစပိုင်းတုန်းကတော့ ဆွဲမလို လုပ်ပေမယ့် မဆွဲဖြစ်ဘူး” လို့ ဒဂုံမြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုပါတယ်။

ကျောင်းကားပြေးဆွဲဖို့ အဓိက အတားအဆီး နှစ်ခုကတော့ ကျောင်းကားခ ဈေးကြီးခြင်းနဲ့ ကျောင်းကား ဝယ်ယူရတဲ့ ဈေးနှုန်းပဲ ဖြစ်ပါတယ်။

နှစ်နှစ်ကျော် ကြာလာတဲ့ အချိန်မှာတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကျောင်းကား ၂၀၀ အနက် ၁၀၀ ခန့်သာ အသုံးပြုနိုင်ခဲ့ပြီး ကျန်တဲ့အစီး ၁၀၀ ကျော်ကတော့ ရွာနေတဲ့မိုး၊ ပူနေတဲ့ နေရောင်အောက်မှာ အသက်မဲ့နေတုန်းပဲ ဖြစ်ပါတယ်။

အစိုးရအဖွဲ့ အနေနဲ့လည်း ဝယ်ယူထားတဲ့ ကျောင်းကားတွေကို ဘယ်နေရာမှာ ပြန်သုံးမလဲ ဆိုတာက အဖြေလည်း မရှိသေးပါဘူး။

ပြည်သူ့ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ ကျောင်းကား အလကားဖြစ်ပြီလား

ယခင် မထသအဖွဲ့ထံမှ ကျပ်ငါးဘီလျံကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လွှဲပြောင်းရယူခဲ့ပြီး အဲဒီ ငွေကြေးတွေကိုတော့ YBS စနစ်ကို ပြောင်းလဲခြင်းနဲ့ ကျောင်းကားဝယ်ယူရေးအတွက် အသုံးပြုခဲ့ပါတယ်။

မထသအဖွဲ့က ရရှိထားတဲ့ ငွေကြေးတွေကလည်း ပြည်သူတွေဆီက ရရှိထားတဲ့ ငွေကြေးတွေပဲ ဖြစ်ပါတယ်။

မေ ၃၁ ရက်မှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၃၇ ရက် မြောက်နေ့မှာ ၂၀၁၈-၂၀၁၉ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အရအသုံးမှန်းခြေငွေစာရင်း (လျာထားချက်)နဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ရာမှာတော့ ပြည်သူ့ဘဏ္ဍာကို အလေးထား သုံးစွဲဖို့ ထောက်ပြခဲ့ကြပါတယ်။

“ဘတ်ဂျက်ဆိုတာ ပြည်သူ့ဘဏ္ဍာဖြစ်လို့ ပြည်သူတွေ လိုအပ်တဲ့ဟာကို အဓိကထား ရေးဆွဲရမှာ ဖြစ်ပါတယ်။ နှစ်စဉ် ဘတ်ဂျက်လိုငွေပြနေလို့ အင်မတန်မှ အလေးထားပြီး ရငွေတွေကို စိစိစစ်စစ်ကောက်ဖို့ လိုသလို သုံးငွေတွေ သုံးစွဲရမှာလည်း အစိုးရဘတ်ဂျက်လို့ မသတ်မှတ်ဘဲ မိမိပိုင်ငွေကို မိမိလိုအပ်သလိုမျိုးကို စိစစ်ဖို့ အင်မတန်မှ အရေးကြီးလှပါတယ်” လို့ လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက ပြောကြားခဲ့ပါတယ်။

မထသဆီက လွှဲပြောင်းရယူထားတဲ့ ကျပ်ငါးဘီလျံကျော်ကလည်း ပြည်သူတွေဆီက ကောက်ခံထားတဲ့ ငွေကြေးတွေပဲ ဖြစ်ပါတယ်။

အဲဒီလို ရရှိထားတဲ့ ငွေကြေးတွေကို အလဟသ မသုံးစွဲမိစေဖို့ အစိုးရတစ်ရပ် အနေနဲ့ အရေးကြီးပါတယ်။

အားနည်းချက်တွေ များလှတဲ့ ရန်ကုန်မြို့ကို ပြုပြင်ဖို့အတွက် လိုအပ်ချက်တွေ များပြားလှတဲ့အချိန်မှာ ပြည်သူ့ဘဏ္ဍာငွေကို အကျိုးမရှိတဲ့ နေရာမှာ မသုံးစွဲဖို့ ဆင်ခြင်ရမှာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မအောင်မြင်တဲ့ ကျောင်းကားစနစ်ကြောင့် ဘဏ္ဍာငွေအများအပြား နစ်နာနေပြီ ဖြစ်ပါတယ်။ ပြည်သူတွေဆီက ကောက်ခံထားတဲ့ငွေကို အလိုအပ်ဆုံးနေရာမှာ အသုံးပြုဖို့က အစိုးရတစ်ရပ်ရဲ့ စီမံခန့်ခွဲမှု ဆိုတာ အရေးကြီးတဲ့ နေရာမှာ ရှိပါတယ်။ တိုးကောက်ထားတဲ့ ဘီးခွန်လိုဟာမျိုးကို လမ်းပြုပြင်ရာမှာ မသုံးစွဲတဲ့ အတွက်ကြောင့် ပျက်စီးနေတဲ့ ရန်ကုန်မြို့ရဲ့ လမ်းတွေကို နေရာအနှံ့အပြားမှာ တွေ့နေရပြီ ဖြစ်ပါတယ်။

အဲဒီလိုပဲ ကျောင်းကားစနစ်ကို ပြောင်းလဲဖို့အတွက် အကောင်အထည်ဖော်တဲ့ နေရာမှာ အောက်ခြေမြေပြင် အခြေအနေကို မစုံစမ်းဘဲနဲ့ လုပ်ကိုင်ခဲ့တဲ့ အတွက်ကြောင့် တစ်စီးကို ကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိတဲ့ ကျောင်းကားတွေက နေဒဏ်မိုးဒဏ်တွေကြောင့် ပျက်စီးတော့မယ့် အနေအထားပဲ ဖြစ်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေအတွက် လိုအပ်တဲ့ကားတွေကို ဘတ်ဂျက်ထဲက မထိဘဲနဲ့ ရှိတဲ့ကားတွေကို ထုတ်သုံးဖို့ နိုင်ငံတော်သမ္မတက ညွှန်ကြားနေတဲ့ အချိန်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ပြည်သူ့ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ မော်တော်ယာဉ်တွေကတော့ အခုချိန်ထိ ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူကို ချပြခြင်း မရှိသေးပါဘူး။ ပြည်သူ့ဘဏ္ဍာငွေနဲ့ အစိုးရအဖွဲ့က စီးပွားရေး လုပ်နေတဲ့ အချိန်မှာ အဲဒီစီးပွားရေး တိုးတက်သလား ဆုတ်ယုတ်နေသလား ဆိုတာကိုလည်း ပြည်သူ့ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။

၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှာ ပြောင်းလဲကျင့်သုံးခဲ့တဲ့ YBS စနစ်ဆိုရင်လည်း နှစ်နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်ပေမယ့် အခုချိန်ထိ ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်း မရှိသေးပါဘူး။ ထို့အတူပဲ မအောင်မြင်တဲ့ ကျောင်းကားစနစ်က ဆုံးရှုံးသွားတဲ့ ပြည်သူ့ဘဏ္ဍာ တွေကိုလည်း ဘယ်လိုပုံစံနဲ့ ပြန်ဆယ်မလဲဆိုတာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို မေးခွန်းထုတ်ရမယ့် အခြေအနေပဲ ဖြစ်ပါတယ်။

Most Read

Most Recent