ကိုဖီအာနန်၊ ၈၂ မြန်မာနိုင်ငံသား ဥပဒေနဲ့ ကြီးထွားလာတဲ့ ရခိုင်မီး

ကိုဖီအာနန်၊ ၈၂ မြန်မာနိုင်ငံသား ဥပဒေနဲ့ ကြီးထွားလာတဲ့ ရခိုင်မီး
Published 28 August 2017

မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့သို့ ရွာလုံးကျွတ်ပြောင်းရွှေ့လာသော ဒေသခံများအား တွေ့ရစဉ်

ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်ထဲမှာရှိတဲ့ ရဲကင်းစခန်း ၃၀ ကို သြဂုတ် ၂၅ ရက် နံနက်အစောပိုင်းက စတင်ပြီး အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်တွေက အင်အားအလုံးအရင်းနဲ့ တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ဒီလို တိုက်ခိုက်ရာမှာ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေဘက်က လက်လုပ်မိုင်းတွေ ဖောက်ခွဲတဲ့အပြင် လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ တုတ်၊ ဓားတွေကိုင်ဆောင်ပြီး လူအင်အားအများ အပြားနဲ့ တိုက်ခိုက်ခြင်း၊ တံတားတွေကို မိုင်းနဲ့ဖောက်ခွဲဖျက်ဆီးခြင်း၊ တပ်မတော်စစ်ကြောင်းတွေကို မိုင်းဆွဲတိုက်ခိုက်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေက သြဂုတ် ၂၅ ရက် နံနက် ၁ နာရီကစလို့ မောင်တောမြို့နယ် ပဒင်းခေါင်းတကာ ကျေးရွာအနီး မိုင်းခုနစ်လုံးဖောက်ခွဲပြီး မောင်နီကျေးရွာအဝင်တံတား၊ ပညောင်ပင်ကြီးကျေးရွာအနီး တံတား၊ စေတီပြင်ကျေးရွာအနီး တံတားနဲ့ ကျောက်ပန္တုကျေးရွာ အနီးမှာရှိတဲ့ ကွန်ကရစ်တံတား စုစုပေါင်းတံတားလေးစင်းကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သလို မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေထဲက တမန်းသား၊ နံ့သာတောင်၊ သင်္ဘောကွေ့၊ ကျီးကျွန်း၊ မီးတိုက်ချောင်းဝ၊ နတ်ချောင်း၊ ဇီးပင်ချောင်း၊ လောင်းဒုံ၊ မောင်းနီ၊ သီဟိုဠ်၊ ဇင်ပိုင်ညာ၊ ကျောက်ပြင်ဆိပ်၊ ပဒင်းခေါင်းတကာ၊ ပညောင်ပင်ကြီး၊ ရွှေရင်အေး၊ သရေကုန်းဘောင်၊ ချိန်ခါလီ၊ မြင်းလွတ်၊ အလယ်သံကျော်၊ ဥဒေါင်း၊ နှာခေါင်းတို ချောင်းဝ၊ သဝန်ချောင်း၊ ကိုးတန်ကောက်၊ တောင်ဘဇာ၊ ဖောင်တော်ပြင်က ရဲကင်းစခန်းတွေနဲ့ မောင်တောမြို့ပတ်ဝန်းကျင်မှာရှိတဲ့ ရဲကင်းစခန်း ငါးခု၊ စုစုပေါင်း ရဲကင်းစခန်း ၃၀ ကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အကြမ်းဖက်ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ခိုက်ခံရတဲ့ ရဲကင်းစခန်း ၃၀ ထဲက လောင်းဒုံးအခြေအနေကိုတော့ လောင်းဒုံးရွာသားတစ်ဦးဖြစ်သူ ဦးကျော်ဝင်းက အခုလို ပြောပြပါတယ်။

“နံနက် ၃ နာရီ ၂၅ မိနစ်မှာ စလိုလောင်းဒုံ ရဲကင်းကို ဘင်္ဂါလီတွေ လာပစ်ခတ်တာဖြစ်တယ်။ ပစ်တာက အပြန်အလှန်ပစ်ကြတယ်။ ရွာမှာ အမျိုးသမီးတွေ ကလေးတွေ ငိုနေကြတာ မကြားဝံ့ဘူး” လို့ သူက ဆိုပါတယ်။

အဲဒီနေ့ နံနက် ၃ နာရီမှာပဲ ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာမှာရှိတဲ့ ခမရ (၅၅၂) နယ်မြေခံတပ်ဌာနချုပ်ကို  အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် အင်အား ၁၅၀ လောက်က နှစ်ဖွဲ့ခွဲပြီး ဝင်ရောက်တိုက်ခိုက်ဖို့ ကြိုးစားပေမယ့် တပ်မတော်သားတွေက ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် နံနက် ၅ နာရီလောက်မှာ အကြမ်းဖက်အဖွဲ့ကနေ အလောင်းခြောက်လောင်း ကျန်ရှိပြီး ထွက်ပြေးသွားခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန်ပါတယ်။

ဒီလို အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ ဝင်ရောက်တိုက်ခိုက်မှု ဖြစ်စဉ်တွေကြောင့် တပ်မတော်စစ်သည် တစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး ကျဆုံးခဲ့တဲ့အပြင် ဒဏ်ရာရ တပ်ဖွဲ့ဝင် ၁၁ ဦးထဲမှာ သုံးဦးက စိုးရိမ်ရပြီး ရဲကင်းစခန်းတွေကနေ လက်နက်ငယ် ခြောက်လက် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေဆီ ပါသွားတယ်လို့ သိရပါတယ်။

တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ပြန်လည်တိုက်ခိုက်ရာမှာ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား နှစ်ဦးကို အရှင်ဖမ်းမိခဲ့ပြီး အလောင်း ၇၇ လောင်း ရရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သြဂုတ် ၂၅ ရက် က သတင်းထုတ်ပြန်ပါတယ်။

 

ပြောင်းရွှေ့ကယ်ထုတ်

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်တွေက ရဲကင်း၊ ရဲစခန်းတွေကို တိုက်ခိုက်မှုကြောင့် မောင်တောမြို့နယ်ထဲက ကျေးရွာတွေက နေ ဘေးကင်းမယ့် နေရာတွေမှာ သွားရောက်စုရုံး နေထိုင်လျက်ရှိ ကြပါတယ်။

“တမန်းသားမှာဆိုရင် ချောင်းတစ်ဖက်ကမ်းက ဘင်္ဂါလီတွေ လူအုပ်စုကြီးက ကမ်းနားတစ်လျှောက်မှာ ဟန်ရေးပြနေတဲ့အတွက် တမန်းသားရွာက ရွာသားအားလုံး ဈေးတန်းဘက်မှာ စုရုံးလာရောက် ခိုလှုံနေကြတယ်။ ကျွန်တော်တို့ အနီးကို လုံခြုံရေးတွေကလည်း မလာဘူး။ သူတို့စခန်းမှာသာ ကင်းစောင့်နေကြတယ်။ အရှေ့ရွာ၊ အနောက်ရွာတွေကတော့ ဘုန်းတော်ကြီးကျောင်းမှာ စုပြီးနေထိုင်ကြတယ်။ ရွာကို အမျိုးသားအချို့စောင့်ပြီး နေကြပေမယ့် စိတ်မချရတော့ဘူး။ တစ်ညလုံးလည်း မအိပ်ရသလို အခုဆိုရင် ဘင်္ဂါလီရွာတွေက အော်ဟစ်ကြွေးကြော်သံတွေကိုလည်း ဆက်တိုက်ကြားနေရတယ်။ လုံခြုံရေး အမြန်လာစေချင်တယ်။ လုံခြုံရေးတပ်ဖွဲ့ တစ်ခုလောက် အနားမှာ ရှိနေစေချင်ပါတယ်” လို့ တမန်းသား ကျေးရွာသား ဦးသိန်းလှက သြဂုတ် ၂၅ ရက် နံနက်ပိုင်းက ပြောပါတယ်။

မောင်တောမြို့နယ် ခမောင်းဆိပ်မြို့၊ တောင်ပြိုလက်ဝဲမြို့နဲ့ မြင်းလွတ်မြို့တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ၊ အပြစ်မဲ့ ဒေသခံတွေကို လုံခြုံရေးရှိတဲ့ နေရာတွေဆီ ပြောင်းရွှေ့ကယ်ထုတ်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သြဂုတ် ၂၅ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့က ထွေအုပ်ဝန်ထမ်း ၁၁ ဦးနဲ့ မိသားစုဝင် ငါးဦး ၊ နလတ ဝန်ထမ်း တစ်ဦးနဲ့ မိသားစုဝင် ခုနစ်ဦး၊ လမ်းဦးစီးဝန်ထမ်း နှစ်ဦးတို့ကို နယ်ခြားစောင့် ရဲတပ်ရင်းနယ်မြေ ၁ ရဲစခန်းကို ပို့ဆောင်ပေးခဲ့ပါတယ်။

မြင်းလွတ်မြို့က ထွေအုပ်ဝန်ထမ်း ၁၇ ဦးကို မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးနဲ့ ပညာရေးဝန်ထမ်း ၁၂ ဦးကိုတော့ နယ်ခြားစောင့်ရဲ မောရဝတီစခန်းဆီ ခေတ္တပြောင်းရွှေ့ပေးခဲ့တယ်လို့ သိရပါတယ်။

ခမောင်းဆိပ်မြို့က ထွေအုပ် ဝန်ထမ်းခြောက်ဦး၊ ပညာရေးဝန်ထမ်း ၁၀ ဦးကတော့ မင်းခမောင်း တိုင်းရင်းသားကျေးရွာမှာ သွားရောက်ပူးပေါင်းနေထိုင်လျက်ရှိပြီး ဒီဝန်ထမ်းတွေကို လုံခြုံရေးရှိတဲ့ နေရာဆီ ပြောင်းရွှေ့ကယ်ထုတ်နိုင်ရေးအတွက် စီစဉ်နေတယ်လို့ သိရပါတယ်။

မောင်တောမြို့နယ်အတွင်းရှိ နံ့သာတောင် ပရဟိတကျောင်းက ကလေး၊ အမျိုးသမီး၊ ရွာသား စုစုပေါင်း ၄၀၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တောင်ပြိုအထက်တန်းကျောင်းဆီ ပြောင်းရွှေ့နေရာချထားပြီး အောင်ဗလကျေးရွာမှ ရွာသူရွာသား ၁၅၀ ကတော့ ဘူးသီးတောင်မြို့က သာသနာ့ဗိမာန်ကြီးမှာ ခေတ္တရောက်ရှိနေထိုင်နေတယ်လို့ သိရပါတယ်။

ဘူးသီးတောင်မြို့နယ်အတွင်းက တောင်ဘဇာကျေးရွာနဲ့ ပီရွက်ကျေးရွာနေ ရွာသူ၊ ရွာသားတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ခမရ ၅၅၂ တပ်ရင်းဆီပြောင်းရွှေ့ရာမှာ အန္တရာယ်ကင်းစွာ ရောက်ရှိသွားပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။

ဆက်လက်ပြီး တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က မောင်တောဒေသထဲမှာရှိတဲ့ ကျေးရွာတွေက အပြစ်မဲ့ ပြည်သူတွေကို ဘေးကင်းလုံခြုံတဲ့ နေရာတွေဆီ ဆက်လက်ပြောင်းရွှေ့ပေးလျက်ရှိပြီး နယ်မြေစိုးမိုးနိုင်ရေး ရှင်းလင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေ အင်အားအလုံးအရင်းနဲ့ ရဲကင်းစခန်းငယ်တွေကို ထပ်မံဝင်ရောက်တိုက်ခိုက်ခြင်း မပြုလုပ်နိုင်ဖို့အတွက် ရဲကင်းစခန်း ၂၃ ခုကို ကင်းစခန်း၊ နယ်မြေစခန်းတွေဆီ သွားရောက် ပူးပေါင်းစေခဲ့ပါတယ်။

မောင်တောခရိုင်အတွင်း သြဂုတ် ၂၅ ရက်ကစပြီး ညမထွက်ရ အမိန့်မှာ အချိန်ကို တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

အရင်က ည ၉ နာရီကနေ နံနက် ၅ နာရီအထိ သတ်မှတ်ထားပေမယ့် လက်ရှိအချိန်မှာတော့ ည ၆ နာရီ ကနေ နံနက် ၆ နာရီအထိ တိုးမြှင့် သတ်မှတ်လိုက်တာကို အသံချဲ့စက်နဲ့ လိုက်လံကြေညာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ခုနကပဲ အသံချဲ့စက်နဲ့ မြို့ကိုလှည့်ပြီး ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ညမထွက်ရအချိန်က ညနေ ၆ နာရီက နေ နံနက် ၆ နာရီအထိ ဖြစ်သွားပါပြီ” လို့ မောင်တောမြို့ခံ ဦးစိန်လှဖြူက သြဂုတ် ၂၅ ရက်က ပြောကြားပါတယ်။

 

ခေတ္တကျေးရွာအုပ်ချုပ်ရေးမှူးတွေ အသတ်ခံရ

မောင်တောမြို့နယ် မြောက်ပိုင်းက လိပ်ရကျေးရွာမှာ သြဂုတ် ၂၅ ရက်ညပိုင်းက ခေတ္တကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအကူနဲ့ အစိုးရသတင်းပေးလို့ သံသယရှိသူတွေကို အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေက သတ်သွားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီကနေ သြ ဂုတ် ၂၆ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သတ်ဖြတ်ခံရသူတွေကတော့ လိပ်ရကျေးရွာ ခေတ္တအုပ်ချုပ်ရေးမှူး ဆွေတာလောင်၊ ရာအိမ်မှူး ဆိုက်ကူလာ ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး အကူဖော်တာတူလာနဲ့ အစိုးရသတင်းပေးသူလို့ သံသယရှိသူ အလယ်သံကျော် ကျေးရွာက ဇာဟိတ်တူဆောင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားလာလှုပ်ရှားမှုကို အဟန့်အတားဖြစ်စေဖို့ မိုင်းတွေထောင်ထားတယ်လို့လည်း သိရပါတယ်။

မောင်တောမြောက်ပိုင်း ကြိမ်ချောင်းကျေးရွာရဲ့ နေရာငါးခုမှာ သြဂုတ် ၂၅ ရက် နံနက်ပိုင်းက ငါးကြိမ် မိုင်းပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ကြိမ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က ဆိုပါတယ်။

“လောင်းဒုံစခန်းကို တိုက်ခိုက်နေချိန်မှာ နံနက် ၂ နာရီခွဲခန့်မှာ ကြိမ်ချောင်းကသွားတဲ့ လုံခြုံရေးကားကို ရွာအထွက် လမ်းကွေ့က ရေကျော်တံတားမှာ ဖောက်ခွဲမှုဖြစ်တယ်။ တစ်နာရီလောက် အကြာမှာ ငါးဈေးတန်းမှာ ပေါက်တယ်။ နောက်ရဲစခန်းရှေ့ ရွာလယ်လမ်းဆုံမှာ ပေါက်တယ်။ အဲဒီနောက်မှာ အထကကျောင်းရှေ့မှာ ပေါက်တယ်။ နောက်ဆုံးအလုံးက နံနက် ၅ နာရီခန့်မှာ တိုက်နယ်ဆေး ရုံရှေ့မှာ ပေါက်ပါတယ်။ အခုလုံခြုံရေးတွေ ရှင်းလင်းရေးလုပ်နေပါတယ်” လို့ သြဂုတ် ၂၅ ရက်တုန်းက သူက ပြောကြားပါတယ်။

ဘင်္ဂါလီတွေ သီးသန့်ရှိတဲ့ မောင်တောမြို့နယ် ရပ်ကွက် (၅)က မောင်တော-မြို့ဦး(အီတလျာ)-သီဟိုဠ်ခြံသွားရာ ကားလမ်းကြောင်းတစ်လျှောက် နေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားလာလှုပ်ရှားမှုကို အဟန့်အတားဖြစ်စေဖို့ မိုင်းတွေထောင်ထားပြီး ဘင်္ဂါလီရွာသားတွေကို ဒီလမ်းကြောင်းတစ်လျှောက် မသွားဖို့ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေက မှာထားတယ်လို့ သိရပါတယ်။

နယ်မြေစိုးမိုးရေး ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ မော်တော်ယာဉ် သုံးစီးကို  သြဂုတ် ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲက မောင်တောမြို့နယ် နယ်မြေ ၆ ထဲက မောင်နှမကြီးကျေးရွာ ရွာလယ်လမ်းမပေါ်အရောက်မှာ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေက ရှေ့နောက်လက်လုပ် ရှော့တိုက်မိုင်းနင်းမိ ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်ကားတွေ မိုင်းထိမှန်ပြီးနောက်မှာတော့ အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားတွေက လုပ်သေနတ်နဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အနီးဝန်းကျင်နေရာများသို့ လိုက်လံရှင်းလင်းရာမှာ ပြောင်းဝကျယ် လုပ်သေနတ်တစ်လက်၊ အနီ၊ အနက်ဝိုင်ယာကြိုးနဲ့ ဘက်ထရီအိုးသေးတစ်လုံး ရှာဖွေသိမ်းဆည်းရမိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီအကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကနေ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်တဲ့အချိန်၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၂ ရက်ကနေ ၂၅ ရက်အထိ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပမယ့်အချိန်ကို အချိန်ကိုက် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖန်တီးကာ တိုက်ကွက်ဖော်ဆောင်လာတာ ဖြစ်ကြောင်း သုံးသပ်ရတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ

မြန်မာနိုင်ငံ အကြမ်းဖက် တိုက်ဖျက်ရေးဗဟိုအဖွဲ့ကနေ သြဂုတ် ၂၅ ရက်က အမိန့်စာတစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၇၂၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ဒီအမိန့်စာကို ထုတ်ပြန်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအမိန့်စာထဲမှာ သြဂုတ် ၂၅ ရက်က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ ပါဝင်တဲ့ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေနဲ့ ဒီအကြမ်းဖက်သမားတွေအတွက် တာဝန်ရှိတဲ့ Arakan Rohingya Salvation Amy (ARSA) တို့ကို အကြမ်းဖက်အုပ်စုဖြစ်တယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(င)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့ အတည်ပြုချက်နဲ့ ကြေညာလိုက်တယ်ဆိုတဲ့ အချက်အပါအဝင်အချက် ခြောက်ချက်ပါဝင်ပါတယ်။ 

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ထုတ်ပြန်ချက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မှာ သြဂုတ် ၂၅ ရက် က အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးတပ်ဖွဲ့တွေအပေါ် အကြမ်းဖက်သမားတွေရဲ့ ကြမ်းတမ်းရက်စက်တဲ့ တိုက်ခိုက်မှုလုပ်ရပ်တွေကို ပြင်းထန်စွာ ရှုတ်ချတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

စိန်ခေါ်မှုအများအပြားကို ရင်ဆိုင်ရာမှာ သတ္တိရှိရှိ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ရဲဝန်ထမ်းတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလည်း ချီးကျူးဂုဏ်ပြုလိုက်ပြီး နိုင်ငံအတွက် အသက်ပေးလှူသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း တစ်သားတည်း ရပ်တည်လျက်ရှိပြီး ထပ်တူထပ်မျှ ဝမ်းနည်းရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတော်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်မှုနဲ့ အချိန်ကိုက်ပြီး တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ဖွယ်ရာရှိတာကို အရင်ကတည်းက ကြိုတင်မှန်းဆထားတဲ့အတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေကိုလည်း ညွှန်ကြားချက်များ ပေးထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီလို တိုက်ခိုက်မှုဟာ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုနဲ့ သဟဇာတဖြစ်မှုတို့အတွက် ကြိုးပမ်းအားထုတ်နေမှုတွေကို ထိခိုက်ယုတ်လျော့သွားစေဖို့ ဦးတည်ချက်ရှိရှိ စနစ်တကျ စီမံဆောင်ရွက်နေတဲ့ လုပ်ရပ်များဖြစ်တာ ထင်ရှားနေပေမယ့် အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ ရက်စက်ပြင်းထန်တဲ့ လုပ်ရပ်တွေကြောင့် မိမိတို့လုပ်ငန်းတွေ ယိမ်းယိုင်သွားမည် မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ လတ်တလောဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ သံရုံးတွေက သြဂုတ် ၂၅ ရက်က ကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ ကိုဖီအာနန်ကတော့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေဟာ စိုးရိမ်စရာအရှိန်မြင့်တက်မှုကို ဖော်ပြနေပြီး ရခိုင်ပြည်နယ်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအတွက် အဖြေမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်သူတွေကို တရားဥပဒေအတိုင်းဆုံးဖြတ်ဖို့ ဖမ်းဆီးထိန်းသိမ်းရမှာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေနဲ့ နယ်မြေအေးချမ်းစေရေး အခြေအနေ ဆောင်ရွက်ရာမှာ အပြစ်မဲ့အရပ်သားတွေ အန္တရာယ်မကျ ရောက်စေဖို့ စနစ်တကျ ထိန်းသိမ်းလုပ်ဆောင်သင့်တယ်လို့ကို ဖီအာနန်က တိုက်တွန်းထားပါတယ်။

ဆက်လက်ပြီး အဖွဲ့အစည်းတွေနဲ့ အသိုင်းအဝိုင်းအားလုံးက အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ကို ငြင်းပယ်ကြဖို့ သူက အခိုင်အမာ တိုက်တွန်းလိုက်ပါတယ်။

ဒီလို အကြမ်းဖက်တိုက်ခိုက်မှုတွေအပေါ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာကိုဖီအာနန်ကနေ ပြင်းထန်စွာရှုတ်ချကြောင်း ကြေညာချက်ကို ကြိုဆိုတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ 

အမေရိကန်သံရုံးကလည်း လုံခြုံရေးစခန်းများ တိုက်ခိုက်ခံရခြင်းနဲ့ ပတ်သက်လို့ ရှုတ်ချကြောင်းနဲ့ အသက်စွန့်လွှတ်ခဲ့ရသူတွေနဲ့ သူတို့မိသားစုဝင်တွေအတွက် ဝမ်းနည်းကြောင်းကို သြဂုတ် ၂၅ ရက်မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက်မှုလုပ်ရပ် ကျူးလွန်သူတွေကို လက်ရဖမ်းဆီးမိရေး၊ အကြမ်းဖက်မှုတွေ ထပ်မံမဖြစ်ပွားရေး အစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အရေးယူဆောင်ရွက်ဖို့ တာဝန်ရှိကြောင်းနဲ့ နောက်ထပ်အကြမ်းဖက်မှု မဖြစ်ပွားရေးကို ဆောင်ရွက်ဖို့ အမေရိကန်သံရုံးက တိုက်တွန်းလိုက်ပါတယ်။

ဒီလိုပဲ ဗြိတိန်သံရုံးကလည်း သြဂုတ် ၂၅ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချတဲ့အပြင် အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုအကူ အညီရရှိရေးဆောင်ရွက်ပေးဖို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂကလည်း အကြမ်းဖက်သမားတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြင်းထန်စွာ တိုက်ခိုက်မှုတွေအပေါ် ရှုတ်ချလိုက်ပြီး အသက်ဆုံးရှုံးသူတွေနဲ့ သူတို့မိသားစုဝင်တွေအတွက် ဝမ်းနည်းကြောင်း မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် မစ္စစ်ရီနာတာက ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂအနေနဲ့ ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးအခြေအနေအပေါ် စိုးရိမ်ပူပန်ပြီး အခြေအနေကို ဆက်လက်စောင့်ကြည့်သလို အာဏာပိုင်တွေနဲ့ အဆက်အသွယ်ရှိနေမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

သြဂုတ် ၂၆ ရက်က မီးရှို့မှုများ

သြဂုတ် ၂၅ ရက်က အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီးချိန်မှာတော့ မောင်တောမြို့နယ် မြင်းလွတ်မြို့၊ ဘင်္ဂါလီကျေးရွာထဲက ဘင်္ဂါလီတွေဟာ တပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဝါဒဖြန့်ခဲ့ပေမယ့်  သြဂုတ် ၂၆ ရက် နံနက် ၅ နာရီမှာ သူတို့ကိုယ်တိုင်မီးရှို့ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ခြင်းဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

ဒီမီးလောင်မှုကြောင့် မောင်တောမြို့နယ် မြင်းလွတ်မြို့ အရှေ့ပိုင်းရပ်ကွက်မှာ အိမ်ရှစ်လုံး၊ ဈေးဆိုင် ၁၃ ဆိုင်၊ ကားလေးစီး၊ အလယ်ပိုင်းရပ်ကွက်မှာ အိမ် ၂၄ လုံး ၊ ဆိုင်ခန်း ၅၁ ခန်း၊ ဗလီတစ်ခု ၊ အာရဗီကျောင်းခြောက်ခု ၊ အနောက်ပိုင်း ရပ်ကွက်မှာ အိမ် ၄၅ လုံး၊ အာရဗီ ကျောင်းတစ်ခု၊ ရှီဒါရပ်ကွက်မှာ အိမ် ၁၁ လုံး၊ ဈေးဆိုင် ၄၁ ဆိုင်၊ ကားငါးစီး ၊ ဗလီတစ်ခု၊ အာရဗီကျောင်းတစ်ခု၊ ဆိုင်ကယ်လေးစီး၊ စုစုပေါင်း အိမ် ၈၈ လုံး၊ ဈေးဆိုင် ၅၄ ဆိုင်၊ ဆိုင်ခန်း ၅၁ ခန်း၊ ဗလီနှစ်ခု၊ အာရဗီကျောင်း ရှစ်ကျောင်း ၊ ကားကိုးစီးနဲ့ ဆိုင်ကယ်လေးစီး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဒီလို အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေက သူတို့နေအိမ်ကို မီးရှို့ပြီး ထွက်ပြေးတာတွေဟာ အရင်ကတည်းက လုပ်ခဲ့တာ ဖြစ်တယ်လို့ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

“ရခိုင်ရွာနဲ့ ထိစပ်နေတဲ့အတွက် သူတို့က အိမ်တွေကို မီးရှို့ပြီး ထွက်ပြေးသွားကြတယ်။ အရင်ကလည်း သူတို့ကိုယ့်အိမ်ကိုယ် မီးရှို့ပြီး ထွက်ပြေးမှုတွေ ရှိခဲ့တယ်။ အခုလည်း လုပ်ပြန်ပြီ။ ဒေသခံရခိုင်တွေကတော့ ဘာမှမလုပ်ဘူး။ မီးကူးမှာစိုးလို့ ဘင်္ဂါလီတွေ ထွက်သွားတာနဲ့ မီးကို ငြှိမ်းသတ်လိုက်ကြတယ်။ အိမ်တချို့တော့ မီးလောင်သွားတယ်” လို့ စေတီပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးက သူ့အတွေ့အကြုံကို ပြောပြပါတယ်။

သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ သြဂုတ် ၂၆ ရက်မှာလည်း ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေစိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ထွက်ခွာလာချိန်မှာ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေက အင်အားအများအပြားနဲ့ ဓားရှည်တွေ ကိုင်ဆောင်ပြီး ဝိုင်းဝန်းတားဆီး ပိတ်ဆို့အကြမ်းဖက်တာတွေ၊ ချောင်းမြောင်းပစ်ခတ်ခြင်း၊ ဆွဲမိုင်းတွေနဲ့ အဝေးကနေ မိုင်းထောင်ဖောက်ခွဲ အကြမ်းဖက်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မောင်တောမြို့မ တောင်ရပ်ကွက် ဆယ်အိမ်မှူး အဗူ (ခေါ်) ဘီဘီကို သြဂုတ် ၂၆ ရက် မွန်းလွဲ ၁ နာရီက အကြမ်းဖက်သမားတွေက နေအိမ်အတွင်း ဝင်ရောက်သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

အဲဒီနေ့ မွန်းလွဲ ၂ နာရီမှာ မောင်တောဆေးရုံရှေ့ ဇောတိကာရုံ ဘုန်းတော်ကြီးကျောင်းအနီးက ဟိန္ဒူဘာသာဝင်တွေနေထိုင်တဲ့ နေအိမ်ထဲကို အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားတွေက လက်နက်ငယ်နဲ့ လေးချက်ပစ်ခတ်ရာ အပြစ်မဲ့အရပ်သား ဟိန္ဒူကလေးငယ်တစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ်၊ နယ်မြေ (၆) ဇင်ပိုင်ညာ လမ်းဆုံအနီးမှာ သြဂုတ် ၂၆ ရက် မွန်းလွဲ ၂ နာ ရီ ၄၅ မိနစ်ကနေ ညနေ ၄ နာရီ ၄၂ မိနစ်အထိ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေ ထောင်ထားတဲ့ လက်လုပ်မိုင်း ၁၇ လုံး ဆက်တိုက် ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

မောင်တောမြို့ နံ့သာတောင် ရွာသူရွာသားများ တောင်ပြိုလက်ဝဲမြို့သို့ ပြောင်းရွှေ့လာသည်ကို သြဂုတ် ၂၆ ရက်က တွေ့ရစဉ်

 

ဌာနေတိုင်းရင်းသားတွေ တိုက်ခိုက်ခံရ

မောင်တောမြို့နယ်၊ နယ်မြေ ၂၊ ရန်ကာစေတီကျေးရွာမှ (ဒိုင်းနက်) တိုင်းရင်းသား ၂၀ လောက်ဟာ အောင်ဇံတိုင်းရင်းသားကျေးရွာဆီ သွားရောက်ပူးပေါင်းနေထိုင်ဖို့ သြဂုတ် ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲက ထွက်ခွာလာရာ ဆာလေကျေးရွာအုပ်စု၊ ကြောင်ဒိုးကျေးရွာအဝင် တံတားအနီးအရောက်မှာတော့ ကြောင်ဒိုးကျေးရွာက အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား အင်အား ၁၀၀ လောက်က တုတ်၊ ဓားကိုယ်စီနဲ့ ဝင်ရောက်ထိုးခုတ် ရိုက်နှက်ခဲ့ပါတယ်။

ဒီလို ထိုးခုတ်ရိုက်နှက်ချိန် ဦးမောင်ဘစိန် တစ်ဦးသာ လွတ်မြောက်ခဲ့ပြီး ကျန်ကျေးရွာသားတွေက ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။ ကျန်သူတွေကတော့ သေသလား။ ရှင်သလား မသိဘူးလို့ ထွက်ပြေးလွတ်မြောက်လာတဲ့ ဦးမောင်ဘစိန်က အောင်သပြေနယ်မြေရုံးကို လာရောက်သတင်းပို့ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

အဲဒီနေ့ ညနေ ၅နာရီမှာ အစွန်းရောက်ဘင်္ဂါလီအကြမ်း ဖက်သမား ခုနစ်ဦးလောက် အဖွဲ့နှစ်ဖွဲ့ခွဲပြီး တောင်ပြိုလက်ဝဲမြို့နယ်ခွဲ အထက်တန်းကျောင်းမှာ ရောက်ရှိနေတဲ့ နံ့သာတောင် ပရဟိတဘုန်းတော်ကြီး စာသင်ကျောင်းမှ ကျောင်းသား ကျောင်းသူ ၃၇၀ လောက်ကို လာရောက်တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်စစ်ကြောင်းတွေကနေ ပြန်လည်ခုခံတိုက်ခိုက်ရာမှာ အကြမ်းဖက်ဘင်္ဂါလီတွေ ပြန်လည်ဆုတ်ခွာသွားပြီး အကြမ်းဖက်ဘင်္ဂါလီအလောင်း နှစ်လောင်းရရှိခဲ့တယ်လို့ သိရပါတယ်။

 

အကာအကွယ်မဲ့နေတဲ့ တိုင်းရင်းသားတွေ

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တွေက တိုင်းရင်းသားကျေးရွာတွေကို အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေက ဝင်ရောက်တိုက်ခိုက်မှုတွေရှိနေတာကြောင့် တိုင်းရင်းသားတွေမှာ အကာအကွယ်မဲ့နေသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ကျွန်တော်တို့ အကူအညီ လိုအပ်နေပြီ။ ဘင်္ဂါလီတွေက ရွာတိုင်းမှာ စုစည်းနေကြသလို ဗလီတွေမှာလည်း တုတ်၊ ဓားတွေနဲ့ စုရုံးပြီး ဒီနေ့အပြတ်သိမ်းမယ်လို့ အော်နေကြတယ်။ တမန်းသားအရှေ့ရွာ၊ အနောက်ရွာ၊ သက်ရွာ၊ ရေနောက် ငါးသားဒိုင်းနက်ရွာက လူတွေ ဘုန်းတော်ကြီးကျောင်းမှာ စုနေကြပေမယ့် ငါတို့မှာ ဘာလက်နက်မှ မရှိဘူး။ အချိန်မီ မကယ်နိုင်ရင် အားလုံးသေလိမ့်မယ်။ ပြေးစရာလမ်း မရှိတော့ဘူး။ အခုနားက လက်ယျာချောင်း ရဲကင်းစခန်းကိုဝိုင်းပြီး တိုက်ခိုက်တယ်။ အခု အဲဒီစခန်းဘက်က မီးတောက်နေတာကို တွေ့နေရတယ်။ နေဝင်မှာကို အရမ်းစိုးရိမ်နေရပြီ။ နောက်ပြီးရေနောက် ငါးသားဒိုင်းနက်ရွာအနီးကို သေနတ်တွေကိုင်ဆောင်ထားတဲ့ ဘင်္ဂါလီတွေ ချဉ်းကပ်လာတဲ့အတွက် သူတို့ကလည်း တမန်းသားဘက်ကို ထွက်ပြေးလာကြပါတယ်” လို့ တမန်းသား ကျေးရွာချုပ်ရေးမှူး ဦးမောင်သိန်းက သြဂုတ် ၂၅ ရက်က ပြောကြားပါတယ်။

ဘူးသီးတောင်မြို့နယ်မှာ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေက တချို့ရွာတွေကို ဝိုင်းထားတဲ့အတွက် ဒေသခံတိုင်းရင်းသားကျေးရွာသားတွေဟာ အပြင်ထွက်မရဘဲ ပိတ်မိနေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ရွာထဲမှာ ပိတ်မိနေပြီး လုံခြုံရေးလည်း မရှိဘူး။ ဘင်္ဂါလီတွေက ရွာကိုဝင်တိုက်မယ်လို့ အပြင်ကနေ ခြိမ်းခြောက်နေပြီ။ သူတို့မှာ လူအင်အားက သိပ်များတယ်။ ကျွန်တော်တို့မှာက လူနည်းနည်းလေး။ ဘာလုပ်လို့ရမှာလဲ။ တပ်မတော်သားတွေ ရောက်မလာရင် အကုန်သေကုန်လိမ့်မယ်။ ကျွန်တော်တို့ကို ကယ်ပါလို့ တောင်းဆိုချင်တယ်” လို့ ဘူးသီးတောင်မြို့နယ် တောင်ဘဇာကျေးရွာသားတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် ဘူးသီးတောင်မြို့နယ်ထဲမှာ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ ရန်ကိုကြောက်ပြီး ရွာလုံးကျွတ် နေရပ်စွန့်ခွာမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ဘူးသီးတောင်မြို့နယ် ရွှေကျင်ဘုန်းတော်ကြီးကျောင်းမှာ သဘော့ချောင်းကျေးရွာကနေ အိမ်ထောင်စု ကိုးစုနဲ့ သပိတ်တောင် ကျေးရွာကနေ အိမ်ထောင်စုလေး စု၊ စုစုပေါင်း ၁၃ စု လူဦးရေ ၄၁ ဦး ရောက်ရှိနေတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ လူမှုရေးအသင်း အဖွဲ့တွေပေါင်းပြီး နေရာချထားပြီး စားသောက်ရေး စီစဉ်နေပါတယ်။ ကျား ၁၆ ဦးနဲ့ မ ၂၅ ဦး လတ်တလော ရောက်နေပြီ။ အခု တောင်ဘဇာ တစ်ရွာလုံး ပြေးလာတယ်” လို့ ဘူးသီးတောင်မြို့ခံတစ်ဦးက ပြောပါတယ်။

ဒီလို ဌာနေတိုင်းရင်းသားတွေက နေရပ်စွန့်ခွာမှုတွေ ရှိနေတဲ့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူလူထုကို အကာအကွယ်ပေးစေချင်တယ်လို့ ဘူးသီးတောင် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ဆိုပါတယ်။

“ကျွန်တော်တို့ ပြောချင်တာကတော့ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူလူထုကို အကာအကွယ်ပေးပါလို့ ပြောချင်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ကို အကာအကွယ်ပေးနေတာတွေက မလုံလောက်ဘူး။ ကျွန်တော်တို့ အသက်ရော၊ စည်းစိမ်ရော၊ ဥစ္စာရော၊ အိမ်ရော၊ မြေရော၊ ကျွန်တော်တို့ ပြည်သူလူထုက ဆုံးရှုံးနေရပါပြီ။ ဒါကို နိုင်ငံတော်အစိုးရက လျစ်လျူရှုထားမယ်ဆိုရင် နိုင်ငံတော်လုံခြုံရေးကို တာဝန်ယူထားတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ်။ အဲဒီအတွက်ကြောင့် ရခိုင်ပြည်နယ်မှာရှိနေတဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အစိုးရမှာ တာဝန်ရှိတဲ့အတွက်ကြောင့် အစိုးရက ပြည်သူလူထုကို ကာကွယ်ပါလို့ ပြောချင်ပါတယ်” လို့ ဦးထွန်းအောင်သိန်းက ပြောပါတယ်။

ရခိုင်အမျိုးသမီးအစည်းအရုံးမှ ဒေါ်စောစံငြိမ်းသူကလည်း “ကျွန်မတို့ ရခိုင်အမျိုးသမီး အစည်းအရုံးအနေနဲ့က သက်ဆိုင်ရာတွေကို တိုက်တွန်းနေတဲ့အပိုင်းတွေ ရှိတယ်။ အဓိက, ကတော့ လုံခြုံရေးအပိုင်းမှာ အားနည်းနေတဲ့အပိုင်းတွေ ရှိနေသေးတယ်။ အစိုးရဘက်ကတော့ လုံခြုံရေးတွေကို လုံလုံလောက်လောက် ချပေးထားတယ်လို့ ပြောပေမယ့် တကယ်တမ်းကျတော့ လုံခြုံရေးတွေ လုံလုံလောက်လောက် မရှိနိုင်သေးဘူး။ တစ်နေရာမှာဖြစ်ပြီးနောက် တစ်နေရာမှာဖြစ်ပြီဆိုရင် အဲဒီနေရာမှာ လုံခြုံရေး မရှိဘူး။ အဲဒီလိုဆိုတော့ မရှိတဲ့နေရာကို ရှိတဲ့နေရာက ပြန်ပြီးသွားရတဲ့အခါကျတော့ ဒီဘက်မှာက လုံခြုံရေးက မရှိတော့ဘူး။ အဲဒီလိုမျိုးဆိုတော့ တော်တော့်ကို စိုးရိမ်ဖွယ်ရာဖြစ်နေတယ်။ အထူးသဖြင့် အခုဆိုရင် မေယုတောင်တန်း တစ်လျှောက်ကို မူဆလင်တွေက ရောက်သွားပြီ။ အဲဒီအခါကျတော့ ရသေ့တောင်နယ်ဘက်မှာရှိနေတဲ့ မေယုဒေသက ပြည်သူတွေအတွက်က တော်တော့်ကို စိုးရိမ်ဖွယ်ရာ ဖြစ်နေပါတယ်။ အခု ဖြစ်ပွားနေတဲ့ အထူးသဖြင့် ဘူးသီးတောင်မောင်တော ဘက်အခြမ်းကနေ တစ်ဖက်ခြမ်းကို ရောက်လာနိုင်ဖွယ်ရှိတယ်။ အဲဒီတောင်တန်းကို ရောက်ပြီဆိုရင် ဒီဘက်က အထူးသဖြင့် ရသေ့တောင် မြို့နယ်မှာရှိနေတဲ့ ရွာတွေဘက်ကို ပိုပြီးတော့မှ ရောက်လာနိုင်ဖွယ် ရှိတယ်။ ဒီဘက်မှာ ရသေ့တောင်နယ် ဘက်မှာဆိုရင် လုံခြုံရေးက လုံးလုံးမရှိသလို ဖြစ်နေတယ်။ ဟိုဘက်မှာလည်း လုံလောက်တဲ့ လုံခြုံရေးတွေ ချထားတယ်ဆိုပေမယ့် အဲဒီဘက်မှာလည်း လုံခြုံရေးက အလုံအလောက် ရှိမနေဘူး။ တော်တော့်ကို စိုးရိမ်ဖွယ်ရာ ဖြစ်နေပါတယ်။ အရေးကြီးဆုံးကတော့ လုံလောက်တဲ့ လုံခြုံရေးချပေးဖို့ အရေးကြီးနေပါတယ်” လို့ ဆိုပါတယ်။

 

အသက်ဘေးမှ လွတ်မြောက်လာသူတစ်ဦးရဲ့ ကိုယ်တွေ့ဖြစ်ရပ်

ဖောင်တော်ပြင်စခန်းကို အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်ဝင်ရောက် တိုက်ခိုက်ခံခဲ့ရပေမယ့် အသက်ဘေးက လွတ်မြောက်လာသူကတော့  ဘူးသီးတောင်မြို့နယ် ဖောင်တော်ပြင် ဆေးပေးခန်းမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သူ ကိုဇော်မျိုးအောင်ပဲ ဖြစ်ပါတယ်။

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေက ဓားနဲ့ခုတ်ထားတာကြောင့် ကိုဇော်မျိုးအောင်ရဲ့ လက်မှာ ဒဏ်ရာရထားပြီး ဘူးသီးတောင်ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေပါတယ်။

သြဂုတ် ၂၅ ရက် နံနက် ၃ နာ  ရီလောက်မှာ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား အယောက် ၁၀၀ လောက်က ဖောင်တော်ပြင်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကိုဇော်မျိုးအောင်က အခုလို ပြောပါတယ်။

“မနက် ၂ နာရီခွဲကနေ ၃ နာ ရီကြားဖြစ်တာက ကျွန်တော်တို့က ဖောင်တော်ပြင်ရဲစခန်းမှာ မနက် ၅  နာရီလောက်အထိ မီးစက်မောင်းတယ်။ ည ၁ နာရီလောက်ဆို ဘယ်သူမှ မအိပ်သေးဘူး။ မီးကိုတော့ ထွန်းထားတယ်။ သူတို့က အဲဒီဟာကို သိတယ် ဖြစ်တာက ၂ နာရီခွဲနဲ့ ၃ နာရီကြားမှာ။ ဘယ်လိုဝင်လဲဆိုတော့ ရှေ့ပေါက်ကနေ လူ ၁၀၀ ဝန်းကျင်နဲ့ စုပြုံပြီးတော့ တံခါးကို တွန်းလိုက်တယ်။ တံခါးပွင့်ထွက်သွားတော့ ဝင်လာရော။ ရှေ့မှာ ရဲကင်းက တစ်ယောက်ကို အရင်ဆုံး ဓားနဲ့ထိုးတယ်။ ပြန်ခုခံတော့ ကင်းစောင့်တုတ်၊ ဓားနဲ့ဝိုင်းရိုက်တယ်။ ကင်းစောင့်ရဲသားနှစ်ယောက်လေ။ ၁၂ နာရီ ၃ နာရီနှစ်ယောက်၊ ၃ နာရီ ၆ နာရီနှစ်ယောက် အဲဒီအချိန်က ကင်းပြောင်းတဲ့အချိန်လေ။ ဖြစ်တာက ၃ နာရီဆိုတော့ သုံးခြောက်သမားပေါ့။ အဲဒီတစ်ယောက်ကို ဓားနဲ့ထိုးတယ်။ အဲဒီတစ်ယောက်ကလည်း နောက်ဆုတ်ပြေးတာပေါ့။ ဖြစ်ချင်တော့ ကံဆိုးတာက အခုကျသွားတဲ့ ဆရာစိုးဝင်း ဒုတပ်ကြပ်ထင်တယ်။ သူက သေနတ်ရှိတယ်။ ခုခံမလို့လုပ်တုန်းမှာ သေနတ်က မောင်းကျပ်နေတယ်။ သူ့ကို နို့အုံအောက်က နံရိုးကို ဓားနဲ့တစ်ချက်တည်း ထိုးလိုက်တယ်။ ခေါင်းတွေကိုလည်း နှစ်ယောက်သုံးယောက်လောက် ဝိုင်းရိုက်တယ်ထင်တယ်။ အဲဒီဆရာက မှောက်လျက်ပဲသေသွားတယ်။ ကျွန်တော်တို့လည်း အဲဒီချိန်မှာ ဘာမှမသိသေးဘူး။ အပြင်မှာပြီးတော့ အထဲက ကျွန်တော်တို့ဘက်ကို ရောက်လာတယ်။ ကျွန်တော်တို့က အိပ်နေတယ်။ အခုကျသွားတဲ့ ဗိုလ်လေးလည်း အိပ်နေတယ်။ အရင်ဆုံး သူ့အခန်းကို ဗုံးသဘောမျိုး လက်လုပ်မိုင်း ပစ်ထည့်လိုက်တယ်။ ပေါက်ထွက်သွားတော့ ဗိုလ်လေးလည်း တော်တော်ဆိုးရွားတယ် အခြေအနေ။ သူသေတာတောင် သူသိလိုက်မှာ မဟုတ်ဘူးလို့ထင်တယ်။  မိုင်းခွဲဒဏ်ရာကြောင့်ရော၊ ဓားထိုးတာ ရောပါတယ်။ မိုင်းကဗုံးမဟုတ်ဘူး။ ကိုယ့်ဘာသာလုပ်ထားတဲ့မိုင်းကို ပြောတာ။ အဲဒီမှာ အရင်ဆုံး ဓားနဲ့ထိုးတာ။ ပြီးရင်မိုင်းထည့်လိုက်တာ။ သူ့အခန်းနဲ့ မျက်စောင်းထိုးမှာ ကျွန်တော့်အခန်းလေ။ အဲဒီမှာ ကျွန်တော့်ဘက်လှည့်လာတယ်” လို့ သူတွေ့ကြုံခဲ့တာတွေကို ကိုဇော်မျိုးအောင်က ပြောပြပါတယ်။

သူနိုးလာတဲ့အချိန်မှာ သူ့ကို ဘင်္ဂါလီအကြမ်းဖက်သမားတစ်ဦးက သတ်ဖို့လုပ်နေတာကို ရဲသားတစ်ယောက်က ကယ်လိုက်တဲ့အတွက် သူအသက်ချမ်းသာရာရခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်ကလည်း ဘယ်ချိန်မှာ နိုးလာလဲဆိုတော့ ဆူညံပွက်လောရိုက်နေတဲ့အချိန်မှာ နိုးလာတယ်။ သူတို့ကလည်းအော်တယ်။ အလာဘာညာပေါ့။ ကျွန်တော်နိုးလာတော့ ကျွန်တော့်လက်တွေကို ခုတ်ထားတာ မသိသေးဘူး။ အဲဒီအချိန်မှာ နည်းနည်းတော့ ရက်စက်တယ်။ အလာဒ်လုပ်ဖို့ လုပ်ထားပြီးပြီ။ ဓားနဲ့ ကျွန်တော့်ကို ကိုင်စွဲတာပေါ့။ အဲဒီမှာ ရဲသားက သေနတ်ဒင်နဲ့ အဲဒီကုလားကို ရိုက်ထုတ်တာပေါ့။ အဲဒီမှာ ထွက်ပြေးသွားတယ်။ ကျွန်တော့်ကိုလည်း လက်ကိုခုတ်ထားတာ မသိသေးဘူး။ ကျွန်တော်ရယ်၊ အဲဒီကယ်တဲ့ရဲသားရယ်၊ နောက် ရဲသားတစ်ယောက် အားလုံးသုံးယောက် ထောင့်ကုပ်နေရတယ်။ ခုခံဖို့ကို လက်နက်ကျည်ဖြည့်တာပေါ့။ အပြင်မှာလည်း ဆူညံပွက်လောရိုက်နေတော့ ကျွန်တော်ကလည်း အစ်ကိုရေ ဘာလုပ်ရမလဲဆိုတော့ သူတို့ကလည်း သိတာပေါ့။ အသံမထွက်နဲ့ တိတ်တိတ်နေတယ်။ အဲဒီမှာ လက်နက်ဖြည့်ပြီးတော့ သူတို့က အပြင်ထွက်တော့ ကျွန်တော်တစ်ယောက်တည်း။ ဖြစ်ချင်တော့ အိပ်ရာနိုးပြီး သုံးမိနစ်အကြာတော့ လက်ကလည်း ထုံနေပြီဆိုတော့ ခံစားမိတာပေါ့။ အဲဒါနဲ့ ကျွန်တော် ဒီအတိုင်း ပက်လက်မြောနေတယ်။ မနက်အထိပဲ။ စစ်ကူရောက်လာတဲ့အထိ။ အဲဒီအချိန်မှာ တက်ပြီးခုတ်ရင်လည်း ကျွန်တော်ခံရပြီလေ။ ဒါပေမဲ့ ကိုယ့်ကံတရားပဲဆိုပြီး လွှဲချလိုက်တာပေါ့။ သူတို့ကလည်း လုံးဝမခေါ်ဘူး။ စခန်းအပြင်ကို ထွက်ပြေးသွားတာ။ အဲဒီခြံအပြင်မှာ အကုန်လုံးဝိုင်းနေတယ်။ ရဲတပ်သားကို ထောင့်တစ်တောင့်မှာ တစ်ယောက်ဆီ တစ်ပေါက်ပေါက်က အလွတ်ရတာနဲ့ ဝင်ပြီးတော့ဖြတ်ခုတ်ဖို့ အကုန်လုံးကို။ သူတို့မှာလည်း ဖောက်ခွဲဖို့ပစ္စည်းတွေ အကုန်လုံးပါလာတယ်။ အဲဒီမှာပဲ ဗိုလ်လေးပေါ့။ ဒုရဲအုပ်ဗိုလ်လေးလည်းကျတယ်။ ဒုတပ်ကြပ်လည်းကျတယ်။ ကျွန်တော်ရယ်၊ နောက်နှစ်ယောက်ရယ်၊ အားလုံးပေါင်း သုံးယောက်က ဒဏ်ရာရတယ်” လို့ သူလွတ်မြောက်လာပုံကို ကိုဇော်မျိုးအောင်က ရှင်းပြပါတယ်။

 

ပထမအကြိမ် အကြမ်းဖက်တိုက်ခိုက်မှု

လက်ရှိ ၂၀၁၇ ခုနစ် သြဂုတ် ၂၅ ရက်တုန်းကဖြစ်ပွားခဲ့တဲ့ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ ဒုတိယအကြိမ် တိုက်ခိုက်မှု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်မှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)၊ ကိုးတန်ကောက် ရဲကင်းစခန်းနဲ့ ငါးခူရနယ် မြေရုံးတွေကို အကြမ်းဖက်သမားတွေက အကြမ်းဖက် စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် စုစုပေါင်းကိုးဦး ကျဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၄၈ လက်၊ ကျည်မျိုးစုံ ၆၆၂၄ တောင့်၊ လှံစွပ် ၄၇ ချောင်း၊ ကျည်အိမ် ၁၆၄ ခု ဆုံးရှုံးခဲ့ရတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

ဒီဖြစ်စဉ်မှာပါဝင်တဲ့ အကြမ်းဖက်သမားရှစ်ဦးရဲ့ အလောင်းတွေကိုရရှိခဲ့ပြီး နှစ်ဦးကိုတော့ အရှင်ဖမ်းမိခဲ့ပါတယ်။ အကြမ်းဖက်သမားတွေဆီက လုပ်သေနတ်ပစ္စတိုတစ်လက်၊ ကျည်နှစ်တောင့်နဲ့ ကျည်အိမ်တစ်ခု သိမ်းဆည်းရမိခဲ့ပါတယ်။

အရှင်ဖမ်းဆီးရမိခဲ့တဲ့ အကြမ်းဖက်သမားနှစ်ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ အကြမ်းဖက်သမားနှစ်ဦးကို စစ်ဆေးဖော်ထုတ်ချက်တွေအရ မောင်တောဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ဟာ ပြည်ပကနေ ငွေကြေးထောက်ပံ့မှု၊ ပြည်ပအကြမ်းဖက်အဖွဲ့အစည်း ဝင်တွေရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ အချိန်ယူပြီး စနစ်တကျကြိုတင်ဆောင်ရွက်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်တယ်လို့ ၂၀၁၆ ခုနှစ်  အောက်တိုဘာ ၁၄ ရက်က နိုင်ငံတော်သမ္မတရုံးကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မောင်တောဒေသမှာ အများစု ရောက်ရှိနေထိုင်လျက်ရှိတဲ့ ဘာသာခြားတွေဟာ အစွန်းရောက် အကြမ်းဖက်ဝါဒ တိုးမြင့်လာစေဖို့ အချိန်ယူ စည်းရုံးသိမ်းသွင်းခဲ့တယ်လို့ ဆိုပါတယ်။

မောင်တောဒေသကို ခြေကုပ်ယူပြီး အရှေ့အလယ်ပိုင်း နိုင်ငံအချို့က အစွန်းရောက်ပုဂ္ဂိုလ်တွေရဲ့ ငွေကြေးပံ့ပိုးမှု အလုံးအရင်းကို ရယူခဲ့တာဖြစ်ပြီး ငွေကြေးထောက်ပံ့ရာမှာ အဖွဲ့အစည်းအလိုက် ဆောင်ရွက်တာမဟုတ်ဘဲ လူပုဂ္ဂိုလ်တစ်ဦးချင်း ဆက်သွယ်မှုနဲ့ လျို့ဝှက်ခဲ့တာ ဖြစ်တယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်ထဲမှာ ပါရှိခဲ့ပါတယ်။

မောင်တော အကြမ်းဖက်ဖြစ်စဉ်ဟာ RSO အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တဲ့ မောင်တောဒေသမှာ လှုပ်ရှားတဲ့ Aqa Mul Mujahidin (အကာလ်မူလ်မူဂျာဟီဒင်န်) အဖွဲ့ရဲ့ ဆောင်ရွက်ချက်ဖြစ်တယ်လို့ သိရပါတယ်။

ဒီအဖွဲ့ကို ဦးဆောင်သူဟာ မောင်တောမြို့နယ် ကျောက်ပြင်ဆိပ်ကျေးရွာနေ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်တစ်ဦးဖြစ်တဲ့ ဟာဗစ်တူဟာရ်ဖြစ်ပြီး ပါကစ္စတန်နိုင်ငံက တာလီဘန်တွေထံမှာ သင်တန်းခြောက်လ တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။

ဟာဗစ်တူဟာရ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာ့ဖ်အနီးက ကျေးရွာတစ်ရွာမှာ သွားရောက်နေထိုင်လေ့ရှိပြီး ဒုက္ခသည်အမည်ခံကာ အရှေ့အလယ်ပိုင်းနိုင်ငံတွေက အဖွဲ့အစည်းတချို့ထံကနေ ငွေကြေးထောက်ပံ့မှု ရယူခဲ့ပါတယ်။ အကြမ်းဖက်သမားအင်အား ၄၀၀ နီးပါးနဲ့ နေရာခြောက်နေရာကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အကြမ်းဖက် တိုက်ခိုက်ဖို့စီစဉ်ခဲ့ပေမယ့် ကျီးကန်းပြင်ဌာနချုပ်၊ ငါးခူရနယ်မြေစခန်းနဲ့ ကိုးတန်ကောက်ရဲကင်းစခန်း သုံးနေရာကိုသာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စခန်းအားလုံး တိုက်ခိုက်ပြီးပါက လက်နက်တွေနဲ့ ပစ္စည်းတွေယူကာ အနီးပတ်ဝန်းကျင်က တပ်မတော်နဲ့ ရဲတပ်ဖွဲ့စခန်းတွေကို ဆက်လက်တိုက်ခိုက်ဖို့ ဟာဗစ်တူဟာရ်က ညွှန်ကြားထားခဲ့ပြီး တိုက်ခိုက်မယ့် အစီအမံတွေကို စနစ်တကျ လုပ်ဆောင်ထားခဲ့တယ်လို့ သိရပါတယ်။

အစ္စလာမ်ဘာသာဝင် အများစုနေထိုင်ရာ ဘူးသီးတောင်၊ မောင်တောဒေသကို သိမ်းပိုက်ရယူပြီးနောက် ပြည်ပထောက်ခံမှု၊ ငွေကြေးပံ့ပိုးမှုတွေ မြင့်တက်လာစေဖို့အပြင် ပြည်တွင်း၊ ပြည်ပက ဘာသာရေးအ စွန်းရောက်တွေ ပူးပေါင်းပါဝင်လာစေဖို့အတွက် တာလီဘန်၊ အယ်လ်ကိုင်းဒါး၊ ISIS စတဲ့ အကြမ်းဖက အ ဖွဲ့အစည်းတွေရဲ့ နည်းနာအတိုင်း အင်တာနက်နဲ့ လူမှုကွန်ရက်တွေမှာ ဗီဒီယိုဖိုင်တွေ လွှင့်တင်ပြီး ဝါဒဖြန့်ချိတာတွေလည်း အကွက်ကျကျလုပ်ခဲ့ပါတယ်။

အကြမ်းဖက်မှု တိုက်ခိုက်ခံရပြီးနောက် တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေဟာ စစ်ဆင်ရေး အသွင်ပြုလုပ်ပြီး နယ်မြေရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ နယ်ခြားစောင့်ရဲစခန်းတွေကို တိုက်ခိုက်ခံရစဉ်က အကြမ်းဖက်သမားတွေ ယူဆောင်သွားတဲ့ လက်နက်တွေကို အခုချိန်အထိ အပြည့်အဝပြန်လည် သိမ်းယူနိုင်ခြင်း မရှိသေးပါဘူး။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် နောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ဘင်္ဂါလီတွေ ဖြစ်ပေမယ့် အစိုးရအုပ်ချုပ်ရေး ယန္တရားနဲ့ နီးစပ်သူတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေနဲ့ အပြစ်မဲ့အရပ်သားတွေဟာ အသတ်ခံရမှု၊ ဖမ်းဆီးခေါ်ဆောင် ခံရမှုတွေကြောင့် ပျောက်ဆုံးမှုတွေ ရှိခဲ့ပြီးတော့ လက်ရှိအချိန်ထိလည်း မျက်နှာဖုံးစွပ်လူအုပ်စုတွေနဲ့ ဒီလိုလုပ်ဆောင်မှုတွေရှိနေဆဲ ဖြစ်ပါတယ်။

ဒီလို ဒေသမတည်ငြိမ်မှုတွေ ကြောင့် ဒေသခံတွေဟာ လုံခြုံရေးအတွက် များစွာစိုးရိမ်ပူပန်သောက ရောက်နေကြရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်ဖြစ်နေကြရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ကြရပြီးနောက်မှာ မိမိတို့ရဲ့ အိုးအိမ်နဲ့ အရပ်ဒေသကို စွန့်လွှတ်သွားကြတဲ့ သူတွေရှိနေကြသလို အခြေအနေမပေးတဲ့ ဒေသခံတွေကတော့ဖြစ်တဲ့ အခြေအနေမှာပဲ ဆက်လက်ရပ်တည်ဖို့ အကြောက်တရားနဲ့အတူ ဆုံးဖြတ်ချက်ချ နေထိုင်နေကြရတဲ့သူတွေလည်း ရှိနေပါတယ်။       

ဒီလိုအခြေအနေတွေမှာပဲထပ်ပြီး စိုးရိမ်စရာဖြစ်လာတာကတော့ ၂၀၁၇ ခုနှစ် ဇွန် ၂၀ ရက်က ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်မှာ အကြမ်းဖက် ခိုအောင်းမှုတွေရှိနေတယ်လို့ အစိုးရက အခိုင်အမာ ထုတ်ပြန်ခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းတဲ့အခါမှာ လိုဏ်ခေါင်းတစ်ခု၊ သေနတ်တွေ၊ လူနေတဲ၊ ဂိုဒေါင်တွေ၊ စားနပ်ရိက္ခာတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိပြီး ဓားနဲ့ရန်ပြုသူနှစ်ဦးနဲ့ ပြန်လည်တိုက်ခိုက်သူတစ်ဦး စုစုပေါင်းသုံးဦးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး  သတင်းထုတ်ပြန်ရေးကော်မတီကနေ သတင်းထုတ်ပြန်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ နေပြည်တော်က သမ္မတအိမ်တော်မှာ ဇွန် ၂၁ ရက်က သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး ရခိုင်ဒေသအခြေအနေတွေကို သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရှင်းလင်းပြောကြားရာမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေမှုတွေကို ၂၀၁၇ ဖေဖော်ဝါရီက စတင်ရပ်ဆိုင်းခဲ့ပြီး နယ်ခြားစောင့်တပ်နဲ့ နယ်မြေခံရဲတပ်ဖွဲ့က နယ်မြေတည်ငြိမ်ရေး ထိန်းသိမ်းဆောင်ရွက်နေချိန်မှာ အခုလို မေယုတောင်ကြောကို ခြေကုပ်ယူပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ကြိုးစားလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မောင်တောဒေသမှာ အကြမ်းဖက်သင်တန်းတက်ရောက်သူတွေကို ဖမ်းမိခဲ့ပြီး နေအိမ်မှာ စစ်သင်တန်းပေးတာ၊ သိုင်းသင်တန်းပေးတာ၊ အကြမ်းဖက်သင်တန်းတွေကို တက်ဖို့စည်းရုံးတာ၊ လက်နက်နဲ့ လေ့ကျင့်ပေးတာ၊ သင်တန်းသားတွေကို တစ်လငွေကျပ်နှစ်သိန်းပေးပြီး ငါးလကြာသင်တန်းပို့ချပေးတာ၊ ပြည်ပနိုင်ငံအချို့က သင်တန်းဆရာတွေကို ငွေပို့ပေးတာတွေကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်အဖွဲ့ နှစ်ဖွဲ့ပေါင်းပြီး ARSA ဆိုပြီးဖွဲ့စည်းထားသလို အဲဒီအဖွဲ့ရဲ့ ဘဏ္ဍာရေး တာဝန်ခံကိုလည်း ဖမ်းမိထားတယ်လို့ ဦးဇော်ဌေးက အတည်ပြုပြောခဲ့ပါတယ်။

Arakan Royigya Salvation Army (ARSA) အဖွဲ့ရဲ့ ဘဏ္ဍာရေးတာဝန်ခံ မော်လဝီဂျီရာဘူရာမန်ကို ကျွန်းဂေါကျေးရွာနေအိမ်မှာ ဇွန် ၂၀ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖမ်းမိခဲ့ပြီး ARSA အဖွဲ့ကို ၂၀၁၆ အောက်တိုဘာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ဆောင်ရွက်ခဲ့တဲ့  Aqua Mul Mujahidin - AMM အဖွဲ့နဲ့ Royigya National Security Committee - RNSA အဖွဲ့တို့က ၂၀၁၇ မတ် ၁၅ ရက်က ပူးပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်ရေးတာဝန်ခံအနေနဲ့ AMM အဖွဲ့မှ  ဟာဗစ်ဒူဟာ တာဝန်ယူတယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

မောင်တောဒေသ အကြမ်းဖက်သမားတွေရဲ့ နောက်ကွယ်မှာ ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေရှိပြီး ပြည်ပနိုင်ငံအချို့ကနေလာတဲ့ ငွေကြေးတွေကို အကြမ်းဖက်လုပ်ရပ်တွေမှာ အသုံးပြုနေတယ်လို့ ဦးဇော်ဌေးက ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ အောက်တိုဘာ အကြမ်းဖက်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ မောင်တောဒေသမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းခဲ့ရာမှာ လက်ရှိအချိန်အထိ အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်သူလို့ ယူဆရသူ ၆၁၂ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တဲ့ အနက် ၁၂ ဦးကို ပြန်လွှတ်ခဲ့ပြီး ၅၃၉ ဦးကို တရားရုံးက စစ်ဆေးနေဆဲဖြစ်ကာ ပြစ်ဒဏ်ချမှတ်ပြီးသူ ၁၃ ဦးအထိ ရှိနေပါတယ်။

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းမှာ အစွန်းရောက် အကြမ်းဖက်သမားတွေက အကြမ်းဖက်သတ်ဖြတ်မှုတွေကို တိုးမြှင့်ဆောင်ရွက်လာတာကြောင့် ၂၀၁၇ ခုနှစ် သြဂုတ် ၉ ရက်အထိ သေဆုံးသူ ၅၉ ဦးနဲ့ ပျောက်ဆုံးသူ ၃၃ ဦးအထိ ရှိလာတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကနေ သြဂုတ် ၁၁ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

ရခိုင်ကော်မရှင်နှစ်ခုရဲ့ အစီရင်ခံစာ

ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်ပြည်နယ်၊ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဟောင်း နိုဗယ်ဆုရှင် မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ‘ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်ရှင်ရဲ့ အစီရင်ခံစာ’ နှစ်ခုစလုံးရဲ့ အပြီးသတ် အစီရင်ခံစာ အပြည့်အစုံဟာ သြဂုတ်လအတွင်းမှာ ထွက်ရှိလို့ လာပါတယ်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲကို သြဂုတ် ၆ ရက်က  ရန်ကုန်မြို့ စိမ်းလဲ့ကန်သာမှာ ပြုလုပ်ခဲ့ပါတယ်။

ကော်မရှင်ဖွဲ့ပြီး ရှစ်လအကြာမှာ ကော်မရှင်ရဲ့ အစီရင်ခံစာအပြည့် အစုံကို သမ္မတဆီ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတဆီပေးပို့တဲ့ အစီရင်ခံစာအပြည့်အစုံမှာတော့တွင် စာမျက်နှာ ၇၇ မျက်နှာ၊ အပိုဒ် ၂၃၇ ပိုဒ်နဲ့ လိုအပ်တဲ့  နောက်ဆက်တွဲ ဖော်ပြချက်တွေနဲ့အတူ ရေးသားပြုစုထားတယ်လို့ ကော်မရှင်အတွင်းရေးမှူး ဦးဇော်မြင့်ဖေက ဆိုပါတယ်။

အစီရင်ခံစာအပြည့်အစုံမှာ ရခိုင်ပြည်နယ်ရဲ့အနေအထား၊ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်များရဲ့ နောက်ခံအခြေအနေ၊ မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ၊ ၂၀၁၆ မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်မှာ ဦးဆောင်ပါဝင်သူများ၊ မောင်တောဖြစ်စဉ်ရဲ့ ထူးခြားချက်၊ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးအတွက် ဆောင်ရွက်နိုင်မှု အခြေအနေ၊ ပြည်သူများရဲ့ လုံခြုံရေးနဲ့ အခြေခံအခွင့်အရေးများ အာမခံချက်ပေးနိုင်မှုအခြေအနေ၊ ပဋိပက္ခ ကြိုတင်ကာကွယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ ပြင်ပစွပ်စွဲပြောဆိုမှုများအပေါ် စိစစ်တွေ့ရှိချက်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ရဲ့ အစီရင်ခံစာပါ ဖော်ပြချက်များအပေါ် ကော်မရှင်ရဲ့သုံးသပ်ချက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကော်မရှင်အဖွဲ့ သွားရောက်စစ်ဆေးချက်၊ ကော်မရှင်ရဲ့ အကြံပြုချက်များ စတဲ့အခန်းများ ပါဝင်တယ်လို့ သိရပါတယ်။

ကော်မရှင်အနေနဲ့ မောင်တောဒေသကို ကွင်းဆင်းစစ်ဆေးမှုလေးကြိမ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တစ်ကြိမ်၊ ကော်မရှင်အစည်းအဝေး ၁၁ ကြိမ်နဲ့ အခါအားလျော်စွာ သတင်းထုတ်ပြန်မှု ငါးကြိမ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်သမ္မတဆီပေးပို့တဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာ အပြည့်အစုံမှာ လက်ငင်းဆောင်ရွက်ရမယ့် အချက်နဲ့ ရေရှည်မဟာဗျူဟာချမှတ် လုပ်ဆောင်ရမယ့် အချက်များဆိုပြီး အချက် ၄၈ ချက်ကို တင်ပြထားတယ် သိရပါတယ်။

အကြံပြုချက် ၄၈ ချက်မှာ အုပ်ချုပ်ရေးကဏ္ဍအတွက် ၁၃ ချက်၊ သတင်းမီဒီယာကဏ္ဍအတွက် သုံးချက်၊ UN နဲ့ INGO ကဏ္ဍအတွက် နှစ်ချက်၊ နိုင်ငံသားစိစစ်ရေးကိစ္စနဲ့ ပတ်သက်လို့ ငါးချက်၊ ဘာသာရေး၊ သာသနာရေးကဏ္ဍအတွက် သုံးချက်၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍအတွက် ခြောက်ချက်၊ အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်ဒေသ လုံခြုံရေးအတွက် ၁၂ ချက်၊ နိုင်ငံတကာ လုံခြုံရေးအဖွဲ့အစည်းများနဲ့ မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ တစ်ချက်၊ အထွေထွေ အကြံပြုချက်သုံးချက် ပါဝင်တယ်လို့  ဦးဇော်မြင့်ဖေက ရှင်းပြပါတယ်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ အပြည့်အစုံထွက်လာချိန်မှာ ဝေဖန်မှုတွေမရှိခဲ့ပေမယ့် ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာ အပြည့်အစုံ ထွက်ရှိလာချိန်မှာတော့ ဝေဖန်မှုတွေက မြင့်တက်လာခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာကို နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်သွင်းခဲ့ပြီးနောက် သြဂုတ် ၂၄ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာမှာ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးမှု၊ နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာသွားလာခွင့်၊ IDP ကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီများပေးနိုင်မှု၊ သတင်းယူခွင့်၊ ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါးများစတဲ့ ကဏ္ဍတွေ ပါဝင်ပါတယ်။

ဒါ့အပြင် နိုင်ငံရေးကဏ္ဍနဲ့ လူ့အဖွဲ့အစည်းများမှာ ကိုယ်တိုင်ပါဝင်မှုနဲ့ ကိုယ်စားပြုမှု၊ လူ့အဖွဲ့အစည်းများအကြား ပေါင်းစည်းရေး၊ လုံခြုံရေးကဏ္ဍ၊ တရားမျှတမှုရရှိရေး၊ ယဉ်ကျေးမှုဆိုင်ရာဖွံ့ဖြိုးမှု၊ နယ်စပ်ဆိုင်ရာကိစ္စရပ်များနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်ဆံရေး၊ ဒေသအတွင်းရှိ နိုင်ငံများနဲ့ဆက်ဆံရေး၊ ကော်မရှင်ရဲ့ အကြံပြုချက်များကို  အကောင်အထည်ဖော်ဆောင်ရွက်မှု စတဲ့ကဏ္ဍများ ထည့်သွင်းဖော်ပြထားပါတယ်။

နိုင်ငံသားဖြစ်မှုကဏ္ဍမှာတော့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်နဲ့ ၁၉၈၂ နိုင်ငံသားဥပဒေဆိုပြီး အပိုင်းနှစ်ပိုင်းခွဲခြားထားသလို အဓိကတွေ့ ရှိချက်များနဲ့ အကြံပြုချက်များကို ဖော်ပြထားပါတယ်။

လွတ်လပ်စွာ သွားလာခွင့် ကဏ္ဍမှာတော့ ရခိုင်ပြည်နယ်မှာ နေထိုင်သူအားလုံး နိုင်ငံသားစိစစ်ခံရမယ့်သူရဲ့ သက်သေခံကတ်ပြား  (NVC) (သို့မဟုတ်) အမျိုးသားမှတ်ပုံတင် (သို့မဟုတ်) နိုင်ငံသားစိစစ်ရေး ကတ်ရှိမှုတို့အပေါ်မှာ အခြေမခံဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုသင့်ပါတယ်လို့ ထည့်သွင်းရေးသားထားပါတယ်။

ကော်မရှင်ရဲ့ အလေးအနက်ဖော်ပြခဲ့တဲ့ ကဏ္ဍတွေကတော့ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးမှု၊ နိုင်ငံသားစိစစ်မှု၊ နိုင်ငံသားကတ်ပြားထုတ်ပေးမှု၊ လွတ်လပ်စွာ သွားလာခွင့်၊ အခွင့်အရေးကိစ္စနဲ့ ဥပဒေရှေ့မှောက် တန်းတူညီမျှ ဖြစ်စေဖို့ စတာတွေဖြစ်ပြီး အကြံပြုချက်များအပေါ် ဦးစားပေးဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ကို နိုင်ငံတော်အစိုးရက အကဲဖြတ်မှာဖြစ်တယ်လို့ မစ္စတာ ကိုဖီအာနန်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 

၁၉၈၂ ဥပဒေကို ပြင်မှာလား

ကိုဖီအာနန်ရဲ့ ကော်မရှင် အစီရင်ခံစာမှာ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်လို့ သဘောထားအမြင်ကွဲလွဲမှုတွေရှိခဲ့ပြီး ဝေဖန်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

နိုင်ငံသားဖြစ်မှုမှာ ၁၉၈၂ ခု နှစ် နိုင်ငံသားဖြစ်မှုဥပဒေကို အစိုးရအနေနဲ့ ပြန်လည်သုံးသပ်တဲ့ လုပ်ငန်းစဉ် စတင်သင့်တယ်လို့ ကော်မရှင်က အကြံပြုထားပါတယ်။

နေပြည်တော်၊ ဘုရင့်နောင် ဧည့်ရိပ်သာမှာ သြဂုတ် ၂၄ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်တို့ တွေ့ဆုံချိန်မှာ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနဲ့ ပတ်သက်လို့ ဆွေးနွေးရာမှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေမှာ တည်ဆဲဥပဒေ ဖြစ်တာကြောင့် ဒီဥပဒေနဲ့အညီ လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ကုလသမဂ္ဂရဲ့ အထွေထွေပြဋ္ဌာန်းချက်မှာပင် လူတစ်ယောက် နိုင်ငံသားဖြစ်မှုအတွက် မှတ်ပုံတင်ဖို့လိုကြောင်း၊ ဒါကြောင့် ရခိုင်ဒေသရှိ ဘင်္ဂါလီအားလုံး မှတ်ပုံတင်ဖို့ လိုကြောင်း၊ NVC ကတ်ဟာ ဒီဘင်္ဂါလီတွေရဲ့ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခွင့်ပေးရေးအတွက် ခွဲခြမ်းစိတ်ဖြာဖို့ အခြေခံလိုအပ်ချက်ဖြစ်ကြောင်း၊ ဒါမှသာ ဘာသာရေး၊ လူမျိုးရေးနှင့် နိုင်ငံသားဖြစ်တည်မှုတွေကို ဆက်လက်လုပ် ဆောင်နိုင်မှာဖြစ်ကြောင်း၊ ခွဲခြားမရတဲ့သူတွေကို ထိန်းသိမ်းထားရပြီး ခွဲခြား၍ရသူတွေကို လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ပြုထားကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ပတ်သက်လို့  နိုင်ငံတကာအနေအထားနဲ့ ကြည့်မယ်ဆိုပါက အားနည်းချက်တွေ ရှိနိုင်ပေမယ့် လက်ရှိမှာ ဥပဒေကို ပြင်ဆင်မှာမဟုတ်ဘူးလို့  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက သြဂုတ် ၂၄ ရက်က ပြောကြားခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်အစည်းအဝေး တက်ရောက်လာတဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကို သတင်းထောက်တစ်ဦးက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်သွားဖို့ အစီအစဉ် ရှိ၊ မရှိကို မေးမြန်းရာမှာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“လောလောဆယ် ပြင်ဆင်စရာ အကြောင်းမရှိပါဘူး။ နိုင်ငံတစ်ခုမှာ သူ့နိုင်ငံရဲ့ သမိုင်းကြောင်း၊ ပတ်ဝန်းကျင်အခြေအနေ၊ နိုင်ငံရေး၊ လူမှုရေးအခြေအနေအပေါ် မူတည်ပြီးတော့ ကိုယ့်နိုင်ငံရဲ့ သဟဇာတဖြစ်မယ့် ကိစ္စတွေကို ကိုယ့်နိုင်ငံက ပြုစုထားတာ ဖြစ်ပါတယ်။ ဒီဥပဒေကိုလည်းပဲ ခြောက်နှစ်ကျော် အလွှာပေါင်းစုံ၊ လူမျိုးပေါင်းစုံ စိစစ်ပြီးတော့မှ ပြုစုထားတဲ့အတွက် အခုချိန်မှာ ဒါတည်မြဲနေတဲ့ ဥပဒေဖြစ်ပါတယ်။ နိုင်ငံတကာ အနေအထားနဲ့ ကြည့်မယ်ဆိုရင် အားနည်းချက်တွေ ရှိကောင်းရှိနိုင်တယ်လို့ သုံးသပ်နိုင်သော်လည်းပဲ လက်ရှိကတော့ ပြင်ဆင်သွားဖို့ အနေအထား မရှိသေးပါဘူး” လို့ ဦးသိန်းဆွေက ပြောကြားပါတယ်။

ရခိုင်အမျိုးသားပါတီမှ ရသေ့တောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “အန်တီတို့ကတော့ ၁၉၈၂ ဥပဒေကို ပြင်ဆင်ဖို့ လုံး၀ မလိုအပ်ပါဘူး။ အဖျက်လည်းမခံဘူး အန်တီတို့က။ ၈၂ ဥပဒေသည် တော်တော်လေး ရခိုင်ပြည်နယ်အတွက် အင်မတန်မှ ကောင်းတဲ့ဥပဒေ ဖြစ်တယ်။ အန်တီတို့အနေနဲ့ ၁၉၈၂ ဥပဒေကို ပြင်မယ်ဆိုလို့ရှိရင် ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ ပြောချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေတွေကို သူတို့အနေနဲ့ ဝင်ရောက်စွက် ဖက်ခြင်းမရှိဘူးလို့ အန်တီထင်တာပဲ။ ဒါပေမဲ့ သူက အပြုသဘောမျိုးနဲ့ အဲဒီလိုအကြံပြုတာကိုတော့ အန်တီတို့အနေနဲ့လည်း ဒါကို ကန့်ကွက်ရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကိုပြင်တဲ့နေ့ဟာ သမိုင်းတရားခံဖြစ်မယ့်နေ့ ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က သြဂုတ် ၂၆ ရက်က ပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့ Orchid ဟိုတယ်မှာ “နိုင်ငံတကာက ရခိုင်အရေးဘာလို့ အာရုံစိုက်မှု မြင့်နေတာလဲ” ခေါင်းစဉ်နဲ့ DVB သတင်းဌာနက ကျင်းပတဲ့ Debate အစီအစဉ်အပြီးမှာ ဒေါက်တာအေးမောင်က မီဒီယာတွေကို ပြောကြားခဲ့တာပါ။

“ကိုယ့်နိုင်ငံတွင်းမှာ လူထုထောက်ခံခဲ့လို့ရှိရင် မည်ကဲ့သို့ပင် ရှိပါစေ။ ကိုယ့်နိုင်ငံသားဖြစ်ရင် ဥပဒေကို ပြဋ္ဌာန်းပိုင်ခွင့်ရှိတယ်။ ကိုယ့်နိုင်ငံယဉ်ကျေးမှုနဲ့ လျော်ညီတဲ့၊ သမိုင်းနဲ့လျော်ညီတဲ့ ကိုယ့်နိုင်ငံရဲ့ အကျပ်အတည်းကြားထဲမှာ လိုအပ်တဲ့ နိုင်ငံသားဥပဒေကိုပြဋ္ဌာန်းပိုင်ခွင့် နိုင်ငံတိုင်းမှာ ရှိတယ်။ အခုဂျပန်မှာ မြောက်ကိုးရီးယားနိုင်ငံသားတွေ အများကြီးရှိတာပဲ။ ကိုးရီးယားနိုင်ငံသားတွေ အများကြီးရှိတာပဲ။ နိုင်ငံသား ရလို့လား။ မဲပေးပိုင်ခွင့် ရှိရဲ့လား။ ဂျပန်မှာမေးကြည့်။ နိုင်ငံတိုင်းမှာ နိုင်ငံသားနဲ့ပတ်သက်တဲ့ ပေါ်လစီကို လွတ်လွတ်လပ်လပ်ဆုံး ဖြတ်ပိုင်ခွင့်ရှိတယ်။ လာပြီးတော့ ဆရာကြီး လာမလုပ်ကြနဲ့။ ကျုပ်တို့ ဘာလုပ်ထားတယ်။ ကျုပ်တို့ ဘာလုပ်ထားတယ်။ တရုတ်ပြည်ကြီးကို သွားပြောကြ။ မြန်မာနိုင်ငံကို လာမပြောနဲ့။ အမေရိကန်သည် နှစ်ပေါင်း ၂၀၀ လောက်ပဲရှိသေးတယ်။ ဟိုကပေါင်း ဒီကပေါင်းလုပ်တဲ့နိုင်ငံက လာမပြောနဲ့။ ကိုယ့်နိုင်ငံမှာ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲဖို့အတွက် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ နိုင်ငံတစ်ခုဆိုတာကို နိုင်ငံကြီးတွေက လေးစားလိုက်နာဖို့လိုတယ်။ လာမစွက်စေချင်ဘူး။ အဲဒါပဲ။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကိုပြင်တဲ့နေ့က သမိုင်းတရားခံ ဖြစ်တဲ့နေ့ပဲ” လို့ ဒေါက်တာအေးမောင်က ပြောကြားပါတယ်။

ဘူးသီးတောင်မြို့နယ် တောင်ဘဇာကျေးရွာသားများ နေရပ်စွန့်ခွာလာကြသည်ကို သြဂုတ် ၂၅ ရက်က တွေ့ရစဉ်

ဆက်လက်ပြီး ဒေါက်တာအေးမောင်က “ဒီနေ့ ၈၂ ကိုပြင်ဖို့ လွှတ်တော်မှာတင်။ ဒီနေ့လမ်းပေါ်ကို လူတွေထွက်လာလိမ့်မယ်။ ၈၂ သည် မြန်မာနိုင်ငံသားအားလုံးရဲ့ အသက်ဖြစ်တယ်။ မြန်မာနိုင်ငံကို လျှာရည်ကျနေတဲ့ နိုင်ငံတွေ အများကြီးပဲ။ ပတ်ပတ်လည်ဝိုင်းနေတာ။ ရှိသမျှ သယံဇာတလည်းကုန်ပြီဗျာ။ ဒီကျန်ခဲ့တဲ့ သယံဇာတဒီနယ်မြေမှာ ကိုယ့်နိုင်ငံသားတွေ နှစ်ပေါင်းထောင်ချီ နေနိုင်ထိုင်နိုင်ဖို့အတွက် ခိုင်ခံ့တဲ့      နိုင်ငံသားပြုမှုဥပဒေတစ်ခု လိုအပ်တယ်။ နိုင်ငံသားဖြစ်သွားတဲ့ လူတစ်ယောက်ဟာ နိုင်ငံသားအခွင့်အရေး ရရမှာပေါ့။ နိုင်ငံသားဖြစ်သင့်တဲ့ အထောက်အထားတွေရှိရင်ပေးကို ပေးရမယ်။ အဲဒီနိုင်ငံသားဖြစ်သွားတဲ့ ပုဂ္ဂိုလ်သည် နိုင်ငံတွင်းမှာရှိတဲ့ဥပဒေကို လေးစားလိုက်နာရမယ်။ နိုင်ငံတော်အလံကို အလေးပြုရမယ်။ တည်ဆဲဥပဒေအားလုံးကို လေးစားလိုက်နာရမယ်။ အကြမ်းဖက်လို့မရဘူး။ အဲဒီလို နိုင်ငံသားဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေ နိုင်ငံတော်ရဲ့ဥပဒေ၊ နိုင်ငံတော်ရဲ့ လက်ရှိအနေအထားကို လေးစားလိုက်နာတဲ့ပုဂ္ဂိုလ်တွေနဲ့ အတူယှဉ်တွဲမနေထိုင်နိုင်စရာ အကြောင်းမရှိဘူး။ အဲဒါပဲ” လို့ ပြောပါတယ်။

၁၉၈၂ ခုနှစ် ဥပဒေကို နိုင်ငံတကာ စံနှုန်းများ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းရဲ့ ပုဒ်မ (၇) နဲ့ ပုဒ်မ (၈) အပါအဝင် မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ စာချုပ်တွေနဲ့ ချိန်ညှိရမယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က အကြံပြုထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ Fority Rights အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကျွမ်းကျင်သူ ဦးနစ်ကီဒိုင်းမန်းက “သဘောတူစာချုပ်တွေရဲ့ သဘောအရဆိုရင် ပြည်တွင်းမှာရှိတဲ့ ဥပဒေကအဲဒီလိုလာပြီး ပဋိပက္ခဖြစ်နေတယ်ဆိုရင် ပြည်တွင်း ဥပဒေကို နိုင်ငံတကာစံညွှန်းအတိုင်း ပြင်ပေးရလေ့ရှိတယ်။ တခြားနိုင်ငံတွေမှာလည်း အဲဒီလိုပဲလုပ်တယ်။  နိုင်ငံတကာမှာ လုပ်လေ့လုပ်ထရှိတာကို ဒီအစိုးရကလုပ်ဖို့ဆိုပြီးတော့ ကိုဖီအာနန် ကော်မရှင်က တိုက်တွန်းတာပေါ့။ ပြဿနာရှိတဲ့ဥပဒေကို ပြင်သင့်တာမျိုး။ တကယ်လို့ အဲဒီစာချုပ်ကို လက်မှတ်မထိုးထားခဲ့ဘူး ဆိုလို့ရှိရင် ဒါမှမဟုတ် အဲဒီစာချုပ်က နုတ်ထွက်လိုက်မယ်ဆိုရင် ၁၉၈၂  ဥပဒေကိုပြင်စရာ မလိုတော့ဘူး” ဟု ပြောကြားပါတယ်။

 

အစိုးရ ဘယ်လို ကိုင်တွယ်မလဲ

လက်ရှိအချိန်မှာ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်အရေးကိစ္စဟာ ပဋိပက္ခ အသွင်မဟုတ်တော့ဘဲ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာတဲ့ အခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်အရေးဟာ ပြည်တွင်း အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ခံနေရတဲ့အပြင် နိုင်ငံတကာဖိအားတွေကလည်း ကျရောက်နေတဲ့အတွက် သတိထားမကိုင်တွယ်တတ်ရင် ထိလွယ်ရှလွယ်ဖြစ်မယ့် အနေအထားမျိုး ဖြစ်နေပါတယ်။

၂၀၁၆ ခုနစ် အောက်တိုဘာ ၉ ရက် ပထမအကြိမ် အကြမ်းဖက် တိုက်ခိုက်ခံရမှု၊ အခု ၂၀၁၇ ခုနစ် သြဂုတ် ၂၅ ရက် ဒုတိအကြိမ် အကြမ်းဖက်တိုက်ခိုက်ခံရမှုမှာတော့ သတင်းထုတ်ပြန်ပေးတဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားဆိုပြီး စကားလုံးသုံးနှုန်းမှု ပြောင်းလဲလာတာကို တွေ့ရပါတယ်။

NLD အစိုးရက အကြမ်းဖက် အုပ်စုအဖြစ်ကြေညာခဲ့ပြီး အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်မှုကို အစိုးရအနေနဲ့ ရှုတ်ချကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှု မှန်သမျှကို တားဆီးကာကွယ်သွားမှာဖြစ်ကြောင်း၊ ဒါ့အပြင် အကြမ်းဖက်မှုမှာ ပါဝင်ကျူးလွန်သူတွေ၊ ငွေကြေးထောက်ပံ့သူတွေ၊ စီစဉ်ဆောင်ရွက်သူတွေ၊ ပူးပေါင်းကြံစည်သူတွေ၊ အားပေးကူညီသူတွေ အားလုံးကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

လက်ရှိ ဒုတိယအကြိမ် အကြမ်းဖက်တိုက်ခိုက်ခံရမှုမှာတော့ ကာလုံခေါ်ပြီး ရခိုင်မောင်တောဒေသကို စစ်အုပ်ချုပ်ရေးကြေညာပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ သြဂုတ် ၂၄ ရက်က သတင်းစာရှင်းလင်းပွဲမှာ စစ်အုပ်ချုပ်ရေး ကြေညာပေးဖို့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့သဘောထားကို သတင်းထောက် တစ်ဦးက မေးမြန်းရာမှာ အရပ်သား အုပ်ချုပ်ရေးက ပိုမိုသင့်လျော်တယ် လို့ ကော်မရှင်အဖွဲ့ဝင် ဦးအောင် ကြည် (ပြန်ကြားရေးဝန်ကြီးဟောင်း) က မှတ်ချက်ပြုခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ ရခိုင်မီးဟာ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် တဖြည်းဖြည်းကြီးထွားလို့ လာနေပြီဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ နိုင်ငံတကာကလည်း စောင့်ကြည့်နေမှာ ဖြစ်သလို NLD အစိုးရအနေနဲ့  သတိကြီးကြီး ကိုင်တွယ်ဖြေရှင်းနိုင်မှသာ အကောင်းဆုံးအဖြေတစ်ခု ရနိုင်မှာဖြစ်ပြီး ကိုင်တွယ်မှုမှာ တစ်ခုခု ချွတ်ချော်ခဲ့မယ်ဆိုရင်တော့ ဒီထက်ပိုပြီး ထိလွယ်ရှိလွယ် ဖြစ်လာနိုင်ပါတယ်။ အဓိက,ကတော့ ဌာနေအပြစ်မဲ့ တိုင်းရင်းသားတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကိုလည်း ထည့်တွက်ရမှာဖြစ်သလို နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ မထိခိုက်အောင်လည်း စီမံဆောင်ရွက်သွားရမယ့် အခြေအနေ ဖြစ်နေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးက “အခုအချိန်မှာ တပ်ကလည်း အရမ်းလုပ်လို့မရဘူး။ ဒီနေ့ဒီအချိန်မှာက ဂျီနီဗာကွန်ဗင်းရှင်းတို့၊ ဘာတို့နဲ့ ကန့်သတ်ချက်တွေ အများကြီးရှိတယ်။ အဲဒါကြောင့်မို့ ကောင်းမွန်တဲ့ အစီအမံတစ်ခုကို အစိုးရအနေနဲ့ အမြန်ဆုံးချမှတ်ပြီးတော့ ဆောင်ရွက်ဖို့လိုပါတယ်။ လွှတ်တော်မှာ ဆွေးနွေးနေတုန်းတောင်မှ အခုလို စခန်း ၂၄ ခု တိုက်ခိုက်ခံရတယ်ဆိုတော့ ပြောရမယ်ဆိုရင်တို့ ဖြတ်သန်းလာတဲ့သမိုင်းမှာ တော်တော်ဆိုးရွားတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ထိပါးလာတာ လုံးဝမလွယ်တဲ့ အနေအထားပါ။ စိတ်ပူရတဲ့ အနေအထားပါ။ အဲဒီတော့ အစိုးရရဲ့ ဆောင်ရွက်ချက်ကိုပဲ စောင့်ကြည့်ရမယ့် အနေအထားပါ။ အစိုးရအနေနဲ့ လျင်လျင်မြန်မြန်နဲ့ လုပ်သင့်လုပ်ထိုက်တဲ့ဥပဒေတွေ၊ အမိန့်တွေထုတ်ပြန်ပြီးတော့ လုပ်ပေးမယ်ဆိုရင်တော့ ရခိုင်ပြည်သူပြည်သားတွေအတွက် စိတ်အေးရမှာပေါ့။ ရခိုင်ပြည်သူပြည်သားတွေရဲ့ ဘဝကို ကြည့်နေတဲ့ တစ်နိုင်ငံလုံးက တိုင်းရင်းသားတွေ စိတ်အေးရမှာပေါ့။ သို့မဟုတ်ရင် အစိုးရအပေါ်လည်း အမြင်မကောင်းသလို လွှတ်တော်အပေါ်လည်း အမြင်မကောင်းနိုင်ဘူးပေါ့လေ” လို့ ပြောကြားပါတယ်။

Most Read

Most Recent