တယ်လီဖုန်း ငှားဆက်သူများ

တယ်လီဖုန်း ငှားဆက်သူများ
Published 10 August 2018

 

Photo ; Vecteezy

တစ်စုံတစ်ဦးကသာ ကျွန်တော်အကြိုက်ဆုံး အစားအစာ ဘာများဖြစ်မလဲဟု မေးလာခဲ့မည်ဆိုလျှင် ‘မုန့်ဟင်းခါး’ ကို အကြိုက်ဆုံးဟု ကျွန်တော် မဆိုင်းမတွပင် ပြန်ဖြေဖြစ်လိမ့်မည် ထင်ပါသည်။ တကယ်လည်း အစားအစာများထဲ၌ မုန့်ဟင်းခါးကို ကျွန်တော်အကြိုက်ဆုံး ဖြစ်ပါသည်။ ကြိုက်မိသည့် အလျောက်လည်း နံနက်အိပ်ရာကနေ နိုးထ၍ မျက်နှာသစ်၊ သွားတိုက် တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ပြုဖွယ်ရာကိစ္စကလေးများကို ပြုလုပ်ပြီးသည်နှင့် လမ်းထိပ်၌ရှိသည့် မုန့်ဟင်းခါးဆိုင်လေး၌ မုန့်ဟင်းခါးကို အကြော်၊ အိုးဘဲဥ စုံစုံလင်လင်ဖြင့်  ကျွန်တော် စားလေ့ရှိပါသည်။ မုန်ဟင်းခါး စားပြီးမှသာလျှင် လက်ဖက်ရည်သောက်ခြင်းကဲ့သို့  အခြားသော အစားအစာများကို ကျွန်တော်စားသုံး လေ့ရှိပါသည်။ တကယ်လည်း ကျွန်တော်ကြိုက်မိနှစ်သက်မိသည့် မုန့်ဟင်းခါးကို ကြုံသည့်နေရာ ရောက်သည့်အရပ်တွင် စားတတ်ပါသည်။ တခမ်းတနား ဆိုင်ကြီးများဖြင့် ရောင်းချသည့်နေရာများတွင် စားသကဲ့သို့ တစ်ပိုင်တစ်နိုင် ပခုံးထမ်းဖြင့် လှည့်လည်ကာ လမ်းဘေးတွင် ရောင်းချတတ်သည့် မုန့်ဟင်းခါးသည်များထံမှလည်း ကျွန်တော် ဝယ်ယူစားသောက်ပါသည်။ ပြောရလျှင် ကျွန်တော့်ခံတွင်း၊ ကျွန်တော့်စိတ်နှင့် တွေ့သည့် မုန့်ဟင်းခါးဆိုင်ဆိုလျှင် ဘယ်လောက်ဝေးဝေး ကျွန်တော်မရောက်ရောက်အောင် သွားရောက်စားသောက်လေ့ ရှိပါသည်။ သို့သော် ကျွန်တော် ကံကောင်းသည်က ကျွန်တော့်အကြိုက် ကျွန်တော့်စိတ်နှင့် တွေ့သည့် မုန့်ဟင်းခါးဆိုင် လေးတစ်ဆိုင်က ကျွန်တော် နေထိုင်ရာလမ်း၏ ထိပ်၊ ကျွန်တော် အလုပ်သွား အလုပ်ပြန်ရာ ကားမှတ်တိုင်ကလေး၏ အနီးအနားမှာပင် တည်ရှိနေခဲ့ခြင်း ဖြစ်ပါသည်။ ဆိုရပါလျှင် နံနက်တစ်ကြိမ်၊ ညနေအလုပ်က ပြန်လာလျှင် တစ်ကြိမ် တစ်နေ့နှစ်ကြိမ်တိတိ ဆိုင်ကလေးမှာ နေ့စဉ်နီးပါး မုန့်ဟင်းခါးကို ကျွန်တော် ဝင်ရောက်စားသောက် ဖြစ်လေ့ရှိပါသည်။

ဤနေရာ၌ မုန့်ဟင်းခါးဆိုင်ကလေး၏ အသွင်အပြင်နှင့် တည်နေရာပတ်ဝန်းကျင် အနေအထားအကြောင်းကို အနည်းငယ်မျှ ပြောပြချင်ပါသည်။ တကယ်တော့ ကျွန်တော်စားသောက်နေကျ မုန့်ဟင်းခါးဆိုင်ကလေးမှာ လမ်းနံဘေး၌ ခုံကလေးများ ချခင်း၍ ရောင်းချသည့် သာမန်မုန့်ဟင်းခါးဆိုင်လေး တစ်ဆိုင်သာ ဖြစ်ပါသည်။ မုန့်ဟင်းခါးဆိုင် ကလေး၏ ညာဘက်အခြမ်းတွင် အများသုံး PCO ဖုန်းဆိုင်ကလေးတစ်ဆိုင် ရှိနေခဲ့ပြီး မုန့်ဟင်းခါးဆိုင်ကလေး၏ ဘယ်ဘက်အခြမ်း၌ ကွမ်းယာ၊ စီးကရက်၊ ချိုချဉ်၊ အချဉ်ပေါင်း၊ ပီကေ အစရှိသည်တို့ကို ရောင်းချသည့် ဆိုင်ကလေးတစ်ဆိုင် ရှိနေခဲ့ပါသည်။ လက်ရာကောင်းသည့် ဆိုင်ကလေးတစ်ဆိုင်ဖြစ်သည် နှင့်အညီ မုန့်ဟင်းခါးဆိုင်လေးသည် စားသောက်သူများဖြင့် အမြဲတမ်း ထိုင်စရာနေရာ မရှိအောင် ပြည့်နေတတ်ပါသည်။ အထူးသဖြင့် ညနေအလုပ်ပြန်ချိန်များတွင် လူများပိုမိုကာ များပြားနေတတ်လေ့ရှိပါသည်။ ထို့ကြောင့် ကျွန်တော်လည်း နေ့တိုင်းလိုလိုပင် ထိုင်စရာနေရာမရ ဖြစ်တတ်ပါသည်။ ထိုသို့ ထိုင်စရာ နေရာမရသည့် အခါတိုင်းလည်း မျက်မှန်းတန်းမိနေသူများဖြစ်၍ ကွမ်းယာသည်အစ်မမှာ ပိုနေသည့် သူ၏ထိုင်ခုံကလေး တစ်ခုံအား ကျွန်တော့်အတွက် ငှားရမ်းပေးလေ့ရှိပါသည်။ ထိုင်ခုံ ငှားရမ်းပေးရုံသာမကသူ၏ ကွမ်းယာဆိုင်ကလေးအရှေ့မှာပင် ထိုင်၍စားရန် ခွင့်ပြုပေးလေ့ရှိပါသည်။

ထိုနေ့ကလည်း  ထုံးစံအတိုင်း ကျွန်တော်သည် ကွမ်းယာဆိုင်ကလေး၏ အရှေ့မှာပင် မုန့်ဟင်းခါးကို ထိုင်၍ စားနေခဲ့မိပါသည်။ ကွမ်းယာသည်အစ်မကလည်းသည် ဘက်ခေတ် ဈေးသည်များ၏ ထုံးစံအတိုင်း ဝယ်သူမလာခင် အချိန်လေး၌ ဖုန်းတစ်လုံးနှင့် ဂိမ်းတစ်ခုကို အသည်းအသန်ပင် ကစား၍ နေခဲ့ပါသည်။ ထိုအခိုက်အတန့်မှာပင် ကွမ်းယာသည်အစ်မနှင့် အသက်အရွယ် မတိမ်းမယိမ်းခန့်ရှိမည့် အမျိုးသမီးတစ်ဦး ကွမ်းယာအဝယ် ရောက်လာခဲ့ပါသည်။ ကွမ်းယာသည် အစ်မမှာလည်း ဖုန်းကို နံဘေးသို့ ချ၍ ကွမ်းယာပေးပါသည်။ ထိုစဉ်တုန်းမှာပင် “ညီမရယ် အရေးတကြီး ပြောစရာလေးရှိလို့ ဖုန်းလေးခဏလောက်ပေးဆက်ပါလား” ဆို သည့်  ဈေးဝယ်သူ အမျိုးသမီးက ကွမ်းယာသည်အစ်မထံသို့ ပြောဆိုအကူအညီတောင်း လိုက်သံကို ကြားလိုက်ပါသည်။ ထို့အတူ “ဖုန်းဆိုင်က ဟိုဘက်မှာတင် ရှိတယ်လေ” ဆိုသည့် ကွမ်းယာသည်အစ်မက ဖုန်းပေးမဆက်နိုင်ကြောင်း ယဉ်ကျေးစွာ ငြင်းလိုက်သည့် စကားကိုလည်း ကြားလိုက်ရပါသည်။ အမှန်အတိုင်း ဝန်ခံရလျှင် ကွမ်းယာသည် အစ်မ၏ ငြင်းဆန်လိုက်မှုအတွက် ကျွန်တော်သည် ဈေးဝယ်လာသူ အမျိုးသမီးအပေါ် မဆီမဆိုင် အားနာသွားခဲ့မိပါသည်။ အားနာမိနေခဲ့ရုံသာမက ကွမ်းယာသည် အစ်မအပေါ်၌ပင် ဖုန်းလေးတစ်ခါ ဆက်လောက်အတွက် တွန့်တိုတတ်ရန်ကောဟု ထင်မြင်လိုက်မိပါသေးသည်။ မည်သို့ပင်ဖြစ်စေ ပုံမှန်အတိုင်းသာဆိုလျှင် အရေးကြီး၍ ဖုန်းဆက်ရန် အကူအညီတောင်းလာခဲ့သည့် အမျိုးသမီးသည် ကွမ်းယာသည်အစ်မ ညွှန်ပြလိုက်ရာ ဖုန်းဆိုင်လေးဆီသို့ ဖုန်းဆက်ရန် သွားလိမ့်မည်ဖြစ်သကဲ့သို့ ကွမ်းယာသည် အစ်မသည်လည်း ဈေးဝယ်သူ ရောက်မလာသေးလျှင် သူပြုလုပ်နေကျအတိုင်း ဂိမ်းဆော့ခြင်းအလုပ်ကို ဆက်လက်ပြုလုပ်လျက် ဤကိစ္စသည် ဤနေရာတွင်ပင် ပြီးသွားအဆုံးသတ်သွားလိမ့်မည် ဖြစ်ပါသည်။ သို့ပါသော်လည်း ထိုနေ့က အရေးတကြီးဖုန်းဆက်ရန် ဖုန်းဆိုင် မတွေ့သဖြင့် ဖုန်းလေးတစ်ခါလောက် ဆက်ပါရစေဟု အကူအညီတောင်းခံလာခဲ့သည့် အမျိုးသမီးသည် နီးကပ်စွာ မြင်တွေ့နေခဲ့ရပြီဖြစ်သည့် ဖုန်းဆိုင်ရှိရာဘက်ဆီသို့ မသွားခဲ့သကဲ့သို့ ကွမ်းယာသည်အစ်မသည်လည်း သူ၏ ဆော့လက်စဂိမ်းအား ဆက်လက်မဆော့သေးပါဘဲ ဈေးဝယ်သူမိန်းမ ထွက်ခွာသွားရာဘက်သို့ မျက်စိတစ်ဆုံး လိုက်၍ကြည့်ကာမည်ကဲ့သို့ အဓိပ္ပာယ်ရှိသည်ဟု နာမည်တပ်ပြရန် မလွယ်ကူသည့် အပြုံးတစ်ခုအား သူမ၏မျက်နှာ၌ တပ်ဆင်ထားသည်ကို တွေ့လိုက်ရပါသည်။

ထို့အတူ သူတို့၏ အပြုအမူများကိုကြည့်၍ ကျွန်တော့်အတွေးများသည်လည်း ဆက်လက်ပြန့်ကျဲ၊ ရှည်လျားဆန့်ထွက်ခဲ့ရပါသည်။ တကယ်လည်း ဖုန်းဆက်ရန် အကူအညီတောင်းလာသည့် အမျိုးသမီးသည် အမှန်တကယ် ဖုန်းဆိုင်ကို မမြင်၊ အမှန်တကယ်အရေးကြီး၍ အကူအညီတောင်းခံလာခဲ့ခြင်းလား၊ အမှန်တကယ် အရေးကြီးနေသည်ဆိုပါလျှင် ဆက်၍ရသည့် ဖုန်းဆိုင်ကိုတွေ့ရပြီ ဖြစ်ပါလျက် အဘယ်ကြောင့် သွားရောက်အသုံးပြု မဆက်ခဲ့ပါသနည်း။ ထို့အတူ ကွမ်းယာသည် အစ်မကရော ထိုအမျိုးသမီး၌ အမှန်တကယ် အရေးတကြီးကိစ္စ မရှိမှန်းသိ၍ ငြင်းလိုက်ခြင်းလေလား။ သိသည်ဆိုလျှင် မည်သည့်အချက်များကြောင့် သိပါသနည်း။ စသည်စသည်ဖြင့် ကျွန်တော့်အတွေးများက ဆက်လက်ရှည်လျားခဲ့ရပါသည်။ တကယ်တော့ ကျွန်တော်တို့၏ ပတ်ဝန်းကျင်များ၌  ကျွန်တော်တို့ မသိနိုင်သည့် အကြောင်းအရာပေါင်း မြောက်မြားစွာ၊ ကျွန်တော်တို့ လိုက်မမီနိုင်သည့် အဖြစ်အပျက်ပေါင်း မြောက်မြားစွာပင် ရှိနေခဲ့ပါသည်။ တကယ်လည်း ခေတ်ကြီးက တစ်နေ့တစ်နေ့ မရိုးနိုင်သော အဖြစ်အပျက် အကြောင်းအရာများကို ဖန်တီးပြုလုပ် ပြသနေခဲ့ပါသည်။ ကယ်ပါယူပါ တစာစာ အော်ဟစ်၍ ပိုက်ဆံတောင်းရမ်းနေသူတစ်ဦးကို တစ်နေ့တည်းတွင် အခြားတစ်နေရာ၌ မူးယစ်ရမ်းကားနေသူတစ်ဦးအဖြစ် ပြန်လည်တွေ့မြင်ရသည်အထိ ဆန်းကြယ်ပြနေခဲ့ပါသည်။ နည်းလမ်းပေါင်းစုံဖြင့် လိမ်ညာပိုက်ဆံတောင်းသူများ၊ မက်လုံးအမျိုးမျိုးပေး၍ လိမ်လည်လှည့်ဖြားတတ်သူများကို နေရာအနှံ့အပြားဆီ၌ ပစ်ချပြသနေခဲ့ပါသည်။ ထိုမျှမက တစ်ခါတလေ မယုံနိုင်စရာ ကောင်းလှသည့် အဖြစ်အပျက်များကို ဘယ်လိုမှ ထင်မှတ်စရာမရှိသည့် သူများဆီမှ မယုံနိုင်စရာကောင်းလောက်အောင် တွေ့မြင်စေခဲ့ပါသေးသည်။ တကယ်တော့ မကြားချင်သော်လည်း ကြားနေရသည့် စကားများ မမြင်ချင်သော်လည်း မြင်တွေ့နေရသည့် မြင်ကွင်းများက ထမင်းလုံး တစ္ဆေခြောက်သကဲ့သို့ ကျွန်တော်တို့၏ စိတ်များကို ခြောက်လာနေခဲ့ခြင်းဖြစ်သည်ဟု ထင်ပါသည်။ ထို့အတူ ထိုအကြောင်းအရာများကပင် ကျွန်တော်တို့ တစ်ဦးအပေါ်ကိုတစ်ဦး သံသယမျက်စိများဖြင့် ကြည့်မိ၊ သံသယစိတ်များဖြင့် ဆက်ဆံလာမိခဲ့ကြခြင်း၏ အကြောင်းရင်းဖြစ်သည်ဟု ထင်ပါသည်။ သံသယမျက်စိများဖြင့် ကြည့်မိကြရလောက်အောင်လည်း ခေတ်ကြီးထဲ မရိုးမသား လုပ်ကိုင်စားသောက်သူများက တစ်နေ့ထက် တစ်နေ့ ပိုမိုတိုးပွားများပြားလာနေပါသည်။ တကယ်တော့ အကောင်းနှင့် အဆိုးတို့  ဒွန်တွဲနေတတ်သည့် လောကကြီး၏  နိယာမအတိုင်း နေရာတိုင်းဆီ၌ မရိုးသားသူများ ရှိတတ်သကဲ့သို့ ရိုးသားသူများလည်း ရှိသည်သာဖြစ်ပါသည်။ လိမ်ညာလှည့်ဖြား တတ်သူများရှိသကဲ့သို့ ရိုးသားဖြူစင်သူများလည်း ရှိမည်သာဖြစ်ပါသည်။ တကယ်တော့ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်၊ ဝါးလုံးရှည်နှင့် အရမ်းခံလိုက်ရသကဲ့သို့ မရိုးသားသူအချို့ကြောင့် ရိုးသားသူဖြူစင်သူများပါ နစ်နာကြ ရသည်ဟု ထင်မြင်မိပါသည်။ အမှန်တကယ် အခက်အခဲမရှိပါဘဲ အခက်အခဲရှိသယောင် လိမ်ညာဟန်ဆောင်တတ် သူတို့ကြောင့် အမှန်တကယ် အခက်အခဲရှိသူတို့ အခက်အခဲဖြစ်လာသည့်အခါ အခက်အခဲဖြစ်ကြရသည်ဟု ထင်ပါသည်။ တကယ်လည်း အမှန်တကယ် စရိတ်မပြတ်ပါဘဲ  စားရိတ်ပြတ်သယောင် လိမ်လည်တောင်းခံသူပေါင်း မြောက်မြားစွာကို တွေ့ခဲ့ရဖူးပါသည်။ ထို့အတူပင် ဖိနပ်ပြတ်၍၊ ထမင်းမစား ရသေး၍၊ ဆေးကုသစရိတ်မရှိ၍ အစရှိသည့် မဟုတ်မမှန် လိမ်ညာလုပ်ကြံဇာတ်လမ်းပေါင်း မြောက်မြားစွာလည်း ရှိနေခဲ့ပါသည်။ ထိုသူတို့ကြောင့်ပင် အမှန်တကယ် အခက်အခဲရှိသူတို့ပါ ယုံထင်၊ ကြောင်ထင် အဖြစ်ခံကြရ၊ အခက်အခဲ ဖြစ်နေကြရခြင်းဖြစ်သည်ဟု ထင်ပါသည်။ တကယ်တော့ မရိုးမသား လှည့်ဖြားလိမ်ညာတတ်သူများရှိသကဲ့သို့ အမှန်တကယ် အကူအညီလိုအပ်၊ အခက်အခဲရှိသဖြင့် အကူအညီ တောင်းခံကြရသည့် သူများလည်း ရှိနေမည်သာ ဖြစ်ပါသည်။ အမှန်တကယ် လုပ်ကိုင်စားသောက်ရန် အခက်အခဲရှိ၍ တောင်းရမ်းစားသောက်နေသူများ ရှိသကဲ့သို့ မည်သည့်ချွတ်ယွင်းချက် တစ်စုံတရာမရှိဘဲ ရေသာခို အချောင်လိုချင်စိတ်ဖြင့် တောင်းရမ်းစားသောက်နေသူများလည်း ရှိနိုင်ကြသည်သာ ဖြစ်ပါသည်။ အထူးသဖြင့် အကောင်းရှိလျှင် အဆိုးရှိသည်ဆိုသည့် နိယာမအတိုင်း အဆိုးရှိလျှင် အကောင်းလည်း ရှိလိမ့်မည်သာဖြစ်ပါသည်။ အမှန်အတိုင်း ဝန်ခံရလျှင် ကျွန်တော်ကိုယ်တိုင်လည်း လှည့်ဖြားလိမ်ညာတတ်သူအချို့၏ လိမ်ညာမှုကို တစ်ကြိမ်မကအောင်ခံခဲ့ရ  ဖူးသူတစ်ဦးသာ ဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ၊ ကျွန်တော်ကတော့ မုန့်ဟင်းခါးဆိုင်လေးဆီသို့ နေ့စဉ်နေ့တိုင်းလိုလို ရောက်ဖြစ်နေမြဲဖြစ်သကဲ့သို့ ရောက်ဖြစ်သည့်အခါတိုင်း၌လည်း ထိုင်စရာနေရာ မရတတ်မြဲပင် ဖြစ်ပါသည်။ ထို့အတူ ကွမ်းယာရောင်းသူအစ်မကလည်း ကျွန်တော်ထိုင်ရန် နေရာပေးမြဲဖြစ်သကဲ့သို့ သူ၏ ခုံကလေးကို လည်းငှားရမ်းခဲ့မြဲပင် ဖြစ်ပါသည်။ ထို့အတူ ဖုန်းကလေး တစ်ခါလောက် ဆက်ခွင့်ပြုပါရန် တောင်းခံလာသူများကိုလည်း ကျွန်တော်တို့၏ ပတ်ဝန်းကျင်များဆီ၌ မကြာခဏပင် တွေ့မြင်နေခဲ့ရသည်သာ ဖြစ်ပါတော့သည်။

 

Most Read

Most Recent