ဘဝစာမေးပွဲ

ဘဝစာမေးပွဲ
Published 9 August 2018

သူမ ဖတ်နေတဲ့ နာရေးကြော်ငြာတွေထဲမှာ မှတ်မိနေဆဲ အမည်တစ်ခုကို သတိပြုမိလိုက်ပါတယ်။ အသက်က ၄၄ နှစ်။ ဇနီးနဲ့ ကလေးသုံးယောက် ကျန်ခဲ့တာပဲ။ သူ့ဖခင်ရဲ့ ကြီးမားတဲ့ရာထူးနောက်မှာ အခုတော့ (ငြိမ်း) ဆိုတဲ့ စာသားနဲ့။ သူမရဲ့ တက္ကသိုလ်ကျောင်း သူဘဝကို စိတ်ဆင်းရဲမှု၊ စိတ်ကျဉ်းကျပ်မှုများစွာနဲ့ ကျော်ဖြတ်စေခဲ့တဲ့ အဲဒီလူနဲ့ အဲဒီအချိန်ကာလတွေကို သူမ ပြန်လည်သတိရလိုက်မိပါတယ်။ သူမ ပထမနှစ်တက္ကသိုလ် ကျောင်းသူဘဝမှာ သူက ဒုတိယနှစ်တက္ကသိုလ် ကျောင်းသား။

ထက်လင်းသော်ဆိုတဲ့ သူ့အမည်က သူမတို့ ပတ်ဝန်းကျင်က မိန်းကလေးတွေ ပါးစပ်ဖျားထဲမှာ အလွန်ကို ရေပန်းစားသတဲ့။ အထင်ကြီးကြသူတွေ၊ ခင်မင်ရင်းနှီးလိုကြသူတွေ၊ အပိုင်သိမ်းလိုသူတွေကြားမှာ အဲဒီအရာတွေကို စိတ်မဝင်စားလှဘဲ ကိုယ့်ကမ္ဘာ လေးထဲမှာကိုယ် ပျော်ရွှင်ကျေနပ်နေတဲ့ သူမကိုမှ လာပြီးစိတ်ဝင်စားသတဲ့။ သူ့ကို သူမ စိတ်မဝင်စားခဲ့တာက အထာပေးတာလည်း မဟုတ်၊ ဈေးကိုင်တာလည်း မဟုတ်ခဲ့ပါ။ အမှန်တကယ်ကို ဘယ်လိုမှအထင်ကြီးစိတ် ဝင်စားလို့ မရခဲ့တာ။ အဲဒါက သူ့ကိုစိန်ခေါ် တယ်လို့ သူခံစားခဲ့ရတာ သူမ အပြစ်မဟုတ်ဘူးလို့ ယနေ့တိုင် ယုံကြည်နေဆဲ။ သူ့ကို စိတ်ဝင်စားနေတဲ့ အခြားမိန်းကလေးတွေ ရှိနေတာပဲ။ ဘာလို့ သူမကိုမှ စိတ်အနှောင့် အယှက် ပေးချင်ရသလဲ။ သူမမှာလည်း ယောက်ျားလေးတစ်ယောက်ကို လွတ်လပ်စွာ စိတ်မဝင်စားခွင့် ရှိပါတယ်။ အဲဒါက အခြားစိတ်ဝင်စားသူရှိလို့လည်း မဟုတ်။ မာနကြီးလို့လည်း မဟုတ်။ စိတ်ဝင်စားလို့မရခြင်း သက်သက်ကြောင့်အတွက်သာ။ အဲဒီအပြင် သူ့ထံမှာရှိတဲ့ တစ်စုံတစ်ခုကမှားယွင်းနေတယ်လို့ သူမခံစားခဲ့ရပါတယ်။ အဲဒါက ဘာဆိုတာ အဲဒီအချိန်က အမည်မတပ်နိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ အဲဒါက 'လေးစားမှု မရှိခြင်း' ဆိုတာကို သဘောပေါက်လာခဲ့ပါတယ်။ လူတစ်ယောက်ရယ်လို့ သူမကို လေးစားမှု မရှိတာ။ သူမရဲ့ သဘောထား၊ သူမ ရဲ့ရွေးချယ်မှု၊ သူမရဲ့ စိတ်ချမ်းသာမှု အဲဒါတွေကို သူက တစ်စက်ကလေးတောင်မှစိတ် မဝင်စား။ သူ့အတ္တနဲ့ သူ့မာနတွေအတွက်သာ စဉ်းစားတတ်ခဲ့သူ။ သူမရဲ့ မေတ္တာကိုရရှိခြင်း ဆိုတာက သူ့အတွက် ဆုတံဆိပ်တစ်ခုလို လူတွေကိုပြပြီး ကြွားနိုင်ဖို့ သက်သက်။ နောက်ဆုံးမှာတော့ သူမက သူ့ကို မငြင်းပယ်နိုင်ခဲ့ပါ ဆိုတာကို အများကိုပြသနိုင်ဖို့သာ။ အဲဒီလိုလူမျိုးနဲ့ ဘဝတစ်လျှောက်လုံး လက်မတွဲချင်သလို၊ ခဏတာလည်း လက်မတွဲချင်ခဲ့တာ သူမအတွက် သေချာလွန်းလှပါတယ်။

အဲဒီအချိန်မှာ သူမက သူ့ကိုပြန်မကြိုက်ရအောင် သူမကဘာမို့လဲလို့ စကားတင်းဆိုကြသူတွေက သူမနဲ့ အသက်အရွယ်မတိမ်းမယိမ်းက မိန်းကလေးတွေ ဖြစ်နေခဲ့ကြပါတယ်။ အခြားမေဂျာတွေက သူမကို တကူးတက လာကြည့်ကြသူတွေလည်းရှိရဲ့။ သူတို့မှာ မိန်းကလေးအချင်းချင်း ကိုယ်ချင်းစာစိတ်တွေ ဘယ်ရောက်နေကြပါလိမ့်။ ထင်သလိုပြောကြတဲ့ စကားလုံးတွေကြားထဲမှာ သူမရဲ့ စိတ်ကျဉ်းကျပ်မှု၊ စိတ်ဆင်းရဲမှုတွေကို ဖွဲ့ဆိုစရာ စကားလုံးတောင် ရှာလို့မရနိုင်ခဲ့ပါ။ အနားမှာ သူမကိုနားလည်တဲ့ မိန်းကလေး သူငယ်ချင်းနှစ်ယောက်ရှိခဲ့တာ သူမ ကံကောင်းတယ်လို့ ဆိုရပါမယ်။

ပထမနှစ်နဲ့ ဒုတိယနှစ်တက္ကသိုလ် ကျောင်းသူဘဝက သူမဘဝမှာ အပျော်ရွှင်ဆုံး၊ အလွတ်လပ်ဆုံးအချိန်တွေ ဖြစ်သင့်ခဲ့ပါလျက်နဲ့ ဖြစ်ခွင့်မရခဲ့ပါ။ သူမ တတိယနှစ် တက်နေချိန်မှာ သူမရဲ့ဖခင် လေဖြတ်ပြီးအိပ်ရာထဲ လဲခဲ့ပါတယ်။ စိတ်ဖိစီးပင်ပန်းမှုတွေနဲ့ သူမ အရင်ကထက် ဒေါသကြီးတတ်လာခဲ့ပါတယ်။ သူမကို လက်မလျှော့စွာ နှောင့်ယှက်နေဆဲဖြစ်တဲ့ အဲဒီလူကို အရင်ကထက် ဒေါသတကြီး တုံ့ပြန်တတ်လာခဲ့ပါတယ်။ လက်တွေ့အတူတူလုပ်ရင်း ခင်ခဲ့တဲ့ ယောက်ျားလေး သူငယ်ချင်းတွေ အနားမှာရှိနေခဲ့ပြီမို့ သူ အရင်ကလောက် သူမကို မနှောင့်ယှက်ရဲတော့ပုံလည်း ရပါတယ်။ အဲဒီနှစ်တွေမှာ သူမနဲ့ စာအတူတူ ပိုကျက်၊ ပိုတွဲဖြစ်ခဲ့တဲ့ မင်းမင်းကို သူမနဲ့ ချစ်သူတွေဖြစ်တယ်လို့ အများက ယူဆလာခဲ့ကြရာက သူကိုယ်တိုင်လည်း အဲဒီလို ထင်လာပုံရပါတယ်။ လွတ်လပ်တဲ့ မိန်းကလေးတစ်ယောက်က ဟင့်အင်းလို့ ငြင်းတာကို လွယ်လွယ်ကူကူ လက်မခံခဲ့ပေမယ့် ရည်းစားရှိသွားပြီလို့ ယူဆချိန်မှာတော့ အခြေအနေက တစ်မျိုးဖြစ်သွားခဲ့ပါတယ်။ ပတ်ဝန်းကျင်ကထင်သလို မင်းမင်းနဲ့ သူမဘယ်တုန်းကမှ ချစ်သူ မဖြစ်ခဲ့ကြပါ။ တစ် ယောက်ကိုတစ်ယောက်နားလည်ကာ စကားပြောလို့ရ၊ တိုင်ပင်လို့ရတာမို့ မောင်နှမလို ခင်မင်တွယ်တာခဲ့ကြခြင်းသာ ဖြစ်ပါတယ်။ ယခုတိုင်ခင်မင်ကာ ရံဖန်ရံခါအဆက်အသွယ် ရှိနေဆဲ။ မင်းမင်းက ပြည်ပနိုင်ငံတစ်ခုမှာ နိုင်ငံခြားသူနဲ့ အိမ်ထောင်ကျကာ အလွန် ချစ်စရာကောင်းတဲ့ အမြွှာလေးနှစ်ယောက်ရဲ့ ဖခင်ဖြစ်နေခဲ့ပြီ။

ကျောင်းပြီးတော့လည်း တစ်ယောက်တည်း ရုန်းကန်နေရတဲ့ မိခင်ကို စာနာစိတ်နဲ့ ဝိုင်းဝန်းကူညီဖို့သာစဉ်းစားရင်း သူမ အဖော်ရှာဖို့ မစဉ်းစားဖြစ်ခဲ့ပါ။ အစ်ကိုနဲ့ အစ်မ အိမ်ထောင်အသီးသီး ကျသွားကြချိန်မှာ သူမက မိခင်နဲ့ကျန်ရစ်ခဲ့ပါတယ်။ အိမ်ထောင်ဦးစီးဖြစ်တဲ့ ဖခင်က အိပ်ရာထဲလဲနေခဲ့တာမို့ ယောက်ျားလေးတွေရဲ့ တာဝန်လို့ သတ်မှတ်ထားတာတွေကို သူမ ထမ်းဆောင်ရပါတော့တယ်။ မီးချောင်းတက်လဲတာ၊ ရေတိုင်ကီ တက်ဖာတာလို အသေးအဖွဲကလေးတွေကနေစပြီး မိသားစုကို ကိုယ်စားပြု ဆောင်ရွက်ရတဲ့ လူမှုရေးတွေ၊ စီးပွားရေးတွေ အထိပါပဲ။ မိန်းမကောင်းလေးတွေဆိုတာ ဘယ်လိုနေ ဘယ်လိုထိုင်ရတယ်ဆိုတဲ့ အမျိုးသမီးသေတ္တာထဲကနေ သတ္တိမွေးကာ သူမ တစ်လှမ်းချင်း တိုးထွက်ခဲ့ရပါတယ်။

အိမ်ထောင်မပြုသေးဘူးလားဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကို သူမ ခပ်ပြုံးပြုံး ရင်မဆိုင်နိုင်ခဲ့ပါ။ အများသတ်မှတ်ထားတဲ့ စံနှုန်းတွေထဲမှာ ဘောင်ဝင်စွာ၊ အဆင်ပြေစွာ အများနည်းတူ နေထိုင်ချင်ခဲ့သူပါ။ သို့ပေမဲ့ သူမရဲ့ လွတ်လပ်လိုစိတ်၊ အိမ်ထောင်ရေးကို ကြောက်စိတ်တွေအပြင် ချစ်ရ နှစ်သက်ရမယ့်သူ တစ်ယောက်နဲ့မှ မဆုံတွေ့ခဲ့ခြင်းစတဲ့ အကြောင်းများစွာနဲ့ သူမ အိမ်ထောင်မပြုဖြစ်ခဲ့ပါ။ ပိုပြီးတွေးခေါ် စဉ်းစားတတ်လာလေ ပိုပြီးစိစစ်ရွေးချယ်မှုတွေ များပြားလာလေပါပဲ။ အဲဒီမှာလည်း သူမရဲ့ အိမ်ထောင်မရှိခြင်းဆိုတဲ့ အနေအထားကို ဝေဖန်ကဲ့ရဲ့၊ အတင်းအပြောဆုံးသူတွေက သူမနဲ့ ဘဝတူ အမျိုးသမီးတွေကပဲ အဓိကဖြစ်နေတာကို တွေ့ရပြန်ပါတယ်။

သူမ အသက် ၄၀ နားကပ်လာချိန်မှာ ဖခင်ဆုံးပါးသွားခဲ့ပါတယ်။ သူမရဲ့မိခင်က ဘာသာရေးဘက်ကို ပိုလုပ်ရင်း တရားရိပ်သာကို မကြာခဏ ဝင်နေတတ်ပါတယ်။ သူမရဲ့ ရုန်းကန်ခဲ့ရတဲ့ဘဝကလည်း အတော်လေး ငြိမ်သက်အဆင်ပြေလာသလို ခံစားခဲ့ရပါတယ်။ အဓိက,ကတော့ ပိုပြီးစိတ်ထား တတ်လာခဲ့တာ။ အသက် ၄၀ နောက်ပိုင်းမှာတော့ အိမ်ထောင်ပြုဖို့ကိစ္စကို လူတွေ မမေးကြ၊ မပြောကြတော့ပါ။ မေးလာရင်တောင် အရင်လိုဝေဖန်သလို လှောင်ပြောင်သလို အနေအထားမျိုး မဟုတ်တော့တာမို့ သူမ အသက်ရှူချောင်လာပါတယ်။ သူမ ဘဝကို အားကျတယ်လို့ ဆိုသူတွေက ဆိုလာကြပြန်ပါတယ်။ အပြောခံခဲ့ရဖူးတဲ့ စကားတွေကို သတိရမိတဲ့အခါ “သူတို့ပဲ အမျိုးမျိုး” လို့ ပြောချင်မိပေမယ့် သူမ ပြုံးပြီးတော့ပဲနေဖြစ်ခဲ့ပါတယ်။ အသက် ၄၀ ကျော် ပြီးနောက်မှာ သူမ အသံကို သူမ စတင်ရှာဖွေ တွေ့ရှိလာခဲ့ပြီ။ သူမကြိုက်တာ၊ မကြိုက်တာတွေကို ရဲရဲတင်းတင်း ပြန်ပြောတတ်လာခဲ့ပြီ။ ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်တတ်လာပြီ။ တစ်ခါတစ်ရံတော့ သူမ တက္ကသိုလ် စတက်စအချိန်တွေမှာသာ ဒီလိုသတ္တိနဲ့ ရင့်ကျက်မှုတွေရှိခဲ့ရင် ဘယ်လောက်ကောင်း မလဲလို့ တွေးဖြစ်ခဲ့ပါတယ်။ တချို့အမြင် တွေက အချိန်ကာလနဲ့ အတွေ့အကြုံတွေကို ဖြတ်သန်းပြီးမှ ရရှိခဲ့တာ။ အချို့ကိစ္စတွေကလည်း နောက်ကိုပြန်ကြည့်မှသာ နားလည် နိုင်ခဲ့တာ။

သူမရဲ့ပတ်ဝန်းကျင်က သူမ အားကျခဲ့ရတဲ့ အိမ်ထောင်ရေးတွေကို ပြန်ကြည့်မိတော့ အဆင်ပြေသူတွေ ရှိကြသလို ကွဲကွာမှုတွေနဲ့ အဆုံးသတ်ခဲ့ကြသူတွေလည်း ရှိကြပါတယ်။ သူမသိသူတွေထဲမှာ အမျိုးသားဘက် က အိမ်ထောင်ရေး ဖောက်ပြန်မှုတွေကြောင့် ကွဲကွာခဲ့တာတွေကများပေမယ့် အမျိုးသမီးဘက်က အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် ကွဲကွာခဲ့တဲ့ စုံတွဲတစ်တွဲလည်း ရှိခဲ့ပါတယ်။ သဘောထား မတိုက်ဆိုင်မှုတွေကြောင့် ကွဲကွာတာတွေလည်း ရှိပါတယ်။ ကလေးရှိသူတွေအတွက် သူတို့ရဲ့ ကလေး တွေကိုကြည့်ရင်း သနားမိပေမယ့် မိဘဖြစ်သူတွေကို အပြစ်တင်တဲ့စကား မဆိုမိအောင် သူမကြိုးစားခဲ့ပါတယ်။ သူတို့အကြောင်းနဲ့ သူတို့ မဟုတ်လား။ စကားလုံးတွေရဲ့ ဒဏ်ကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသူမို့ သူတစ်ပါးရဲ့ လေးပင်နေပြီးသားဘဝကို သူမရဲ့ စကားလုံး တွေနဲ့ ပိုမိုမဖိစီးစေချင်ပါ။ အလွန်လိုက်ဖက် ညီတဲ့စုံတွဲလို့ သူမသတ်မှတ်ခဲ့မိတဲ့ သူမ သူငယ်ချင်းနှစ်ဦးရဲ့ အိမ်ထောင်ရေးမှာတော့ အမျိုးသား မမျှော်လင့်ဘဲ ဆုံးပါးသွားခဲ့တာကြောင့် သူမသူငယ်ချင်းလည်း အခုအချိန်မှာ သူတို့ရဲ့ သမီးလေးကို တစ်ယောက်တည်း အုပ်ထိန်းရတဲ့ မိခင်ဖြစ်နေခဲ့ပါတယ်။ ဘဝက ဘာတွေကို ပေးလာမယ်ဆိုတာ သူမတို့ ဘယ်လိုမှ ကြိုမသိနိုင်ခဲ့ကြပါ။ ဖြစ်လာတဲ့ အခြေအနေတွေကို မိမိအတတ်နိုင်ဆုံးအနေအထားနဲ့ အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းသွားဖို့ပဲ ရှိတာပါပဲ။ အဲဒီအချိန်တွေမှာ ကိုယ့်မှာ ရှိတယ်လို့တောင် ထင်မထားတဲ့ သတ္တိတွေကလည်း အလိုအလျောက် ပါ်ထွက်လာတတ်ကြပါတယ်။

“ဘဝက အလွန်ခက်ခဲတဲ့ စာမေးပွဲ ဖြစ်ပါတယ်။ လူအများအပြား ကျရှုံးကြရတဲ့ အကြောင်းက လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ မေးခွန်းစာရွက်တွေ ရှိကြတယ်ဆိုတာကို မသိဘဲ သူတစ်ပါးရဲ့အဖြေတွေကို ကူးချကြတဲ့အတွက်ဖြစ်တယ်” လို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်စာသားလေးကို သူမ အင်တာနက်စာမျက်နှာတစ်ခုကနေ ဖတ်ခဲ့ဖူးပါတယ်။ အဓိပ္ပာယ်ပြည့်ဝလွန်းတာကြောင့် သူမ ကူးယူ သိမ်းဆည်းထားရင်း မကြာခဏ ပြန်ကြည့်ဖြစ်ခဲ့ပါတယ်။ လူတွေက မျိုးစုံပြော နေကြမှာပါပဲ။ မျိုးစုံ နှိုင်းယှဉ်နေကြမှာပါပဲ။ မျိုးစုံ ဝေဖန်နေကြမှာပါပဲ။ တကယ်တော့ ဘယ်သူတွေဘာပြောပြော ကိုယ့်ဘဝအတွက် စာမေးပွဲကို ကိုယ့်ဘာသာကိုယ် အကောင်းဆုံး ဖြေကြရမှာပါ။ အဖြေတွေရဲ့ ရလဒ်တွေကို ကိုယ်တိုင်သာ ခံစားရင်ဆိုင်ကြရမှာ မဟုတ်လား။

အခုအချိန်မှာ သူမ ဘယ်လောက်မှန်သလဲ၊ ဘယ်လောက်မှားသလဲ သူမဘယ်လိုမှ မသိနိုင်ပါ။ နောက် ၁၀ နှစ်မှာ သူမရဲ့လက်ရှိအခြေအနေကို ပြန်ကြည့်ရင် ဘယ်လို ခံစားရမယ်ဆိုတာ သူမ မသိနိုင်ပါ။ သို့ပေမဲ့ လက်ရှိမှာတော့ သူမရွေးချယ်ခဲ့တဲ့ ဘဝလမ်း ကြောင်းကို သူမ ကျေနပ်နေမိပါတယ်။ သူမရဲ့ အားလပ်ချိန်တွေမှာ သူမရဲ့ ကိုယ်ပိုင်အချိန်တွေကို သူမကြိုက်သလို အသုံးပြုခွင့် ရှိပါတယ်။ တရားမှတ်နေမလား၊ တရားခွေ နားထောင်နေမလား၊ စာဖတ်မလား၊ ရုပ်မြင်သံကြားကြည့်မလား၊ ဈေးပတ်မလား၊ သူမမှာ ငဲ့ညှာရမယ့်သူတွေ မရှိ။ သူမကို ထိန်းချုပ်ကန့်သတ်ထားတဲ့သူတွေ မရှိ။

ဖတ်မိတဲ့ နာရေးကြော်ငြာလေးတစ်ခုကနေ ပြန်စဉ်းစားသတိရမိတဲ့ အတိတ်တွေနဲ့ ပြန်သုံးသပ်မိတဲ့ သူမရဲ့ လက်ရှိဘဝအနေအထား။ “ရှေ့ကိုလည်း ကြိုပြီးတွေးမပူဘူး၊ နောက်ကိုလည်း ပြန်မကြည့်ဘူးဆိုရင် ငါ့ရဲ့ လက်ရှိအနေအထားက ငါ့ဘဝရဲ့ အကောင်း ဆုံးအချိန်ပဲ”လို့ သူမကျေနပ်စွာ ကောက်ချက်ချမိပါတယ်။ မသေချာမရေရာတဲ့ ဘဝခရီးမှာ သူမပိုင်ဆိုင်နိုင်တာက ပစ္စုပ္ပန်ကာလ ကလေးတစ်ခုသာရှိတာ မဟုတ်လား။ ဖြေခဲ့ပြီးတဲ့ ဘဝစာမေးပွဲတွေကို ဂုဏ်ထူးတွေ မထွက်ခဲ့ပေမယ့် သူမ အောင်မှတ်တွေ ရခဲ့ပြီးပါပြီ။ တစ်လျှောက်လုံးမှာ သင်ယူရရှိခဲ့တဲ့ သင်ခန်းစာတွေ၊ ဖြည့်ဆည်းခဲ့တဲ့ အရည် အသွေးတွေ၊ ကျယ်ပြန့်လာခဲ့တဲ့ အမြင်တွေ၊ မြင့်မားလာခဲ့တဲ့ ခံနိုင်ရည်တွေကြောင့် မေးခွန်းကြိုမသိဘဲ ဆက်ဖြေနေရဦးမယ့် ဘဝစာမေးပွဲတွေကိုလည်း အောင်မှတ်ရအောင် ဆက်ဖြေနိုင်ဦးမှာပဲလို့ သူမ ငြိမ်းချမ်းစွာ ယုံကြည်နေမိပါတော့တယ်။

Most Read

Most Recent