မိုးသည်းထဲမှာ

မိုးသည်းထဲမှာ
Published 7 August 2018

Photo ; Jooiworld

ခါတိုင်း ည ၈ နာရီမှ ဆင်းရမယ့် အတန်းကို ငါးမိနစ် စောဆင်းလိုက်တယ်။ အတန်း စောစော ဆင်းရတယ်ဆိုတာ ဆရာလည်း ပျော်၊ ကျောင်းသားလည် ပျော်။ ဒါပေမဲ့ ဒီနေ့ကတော့ ဆရာခမျာ မပျော်နိုင်ရှာဘူး။ မိုးတွေက သဲကြီးမဲကြီး ရွာနေတယ်လေ။ ကလေးတွေက အဆောင်ကဆိုတော့ ပြန်စရာမလိုဘူး။ အေးအေးဆေးဆေးပဲ။ ကိုယ်ကတော့ ဆိုင်ကယ်နဲ့ ပြန်ရမှာကို ထီးလည်း မပါ၊ မိုးကာအင်္ကျီလည်း မပါ။ မိုးကလည်း ထီးလေး၊ မိုးကာအင်္ကျီလေးတောင် မဆောင်နိုင်လောက်အောင် အပျင်းကြီးတဲ့ကိုယ့်ကို မှတ်လောက်သားလောက် ရွာချနေသလား အောက်မေ့ရတယ်။ တဝေါဝေါနဲ့လေ။

မိုးရေထဲ ထွက်ဖို့ဆိုတာ မစဉ်းစားတတ်အောင်ပဲ။ ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်နေတဲ့ ကိုယ့်ကို အဆောင်မှာနေတဲ့က လေးမတစ်ယောက်က သူ့ထီးလေး လာငှားရှာတယ်။ “မယူတော့ပါဘူး သမီးရယ်၊ အစိုပဲ ခံလိုက်တော့မယ်” ဆိုတော့ သူက ဇွတ်အတင်း ပေးရှာတယ်။ အဲဒါဟာ ကလေးငယ်လေးတွေရဲ့ ဖြူစင်ရှင်းသန့်တဲ့ စိတ်စေတနာပါပဲ။ သူတို့ကို ဘယ်လိုဆူဆူ၊ ဘယ်လိုငေါက်ငေါက်၊ ဘယ်လိုအပြစ်ပေးပေး (တစ်ခါတလေ ထိုင်ထ လုပ်ခိုင်းတယ်၊ တစ်ခါတစ်လေ သီချင်းအော်ဆိုခိုင်းတယ်။ တအားစိတ်ဆိုးလာရင် ဝါးခြမ်းပြားနဲ့ ဆော်ပလော်တီးလိုက်တယ်) သူ့စေတနာကို လေးစားသောအားဖြင့် မငြင်းတော့ဘဲ ယူလိုက်တယ်။ ယူပြီးတော့မှ သြော်သူ့မှာ တစ်ဆောင်နဲ့တစ်ဆောင် ကူးချင်ရင် ထီးမရှိ ဘယ်လိုလုပ်မလဲ တွေးမိတယ်။ ဒါပေမဲ့လည်း ကိုယ့်မှာက ရွေးချယ်စရာ လမ်းကြောင်းရှိမနေတဲ့အတွက် သူပေးတဲ့ထီး ခပ်နွမ်းနွမ်းလေးကို ယူလိုက်မိပါတယ်။

ယူပြီးမှ ရွာမှာ နွားခွေ့ခံရလို့ သေသွားတဲ့ ဦးလေးကြီးတစ်ယောက်ကို သတိရတယ်။ နွားခွေ့တော့ ရှောင်ရင်း ဖယ်ရင်း ရုန်းရင်းဆန်ခတ်ဖြစ်ရင်း နွားချည်ကြိုးနဲ့ငြိပြီး မပြေးနိုင်တော့လို့ အသေခံသွားရတာလေ။ ဘာလို့ သတိရတာလဲဆိုရင် အဲဒီဦးလေးကြီးကို နွားစခွေ့တဲ့အချိန်မှာ (ကြိုးမငြိသေးခင်ကတည်း ကပေါ့) ဘေးအိမ်က အစ်မကြီးတစ်ယောက်က လှမ်းမြင်သတဲ့။ ကြိုးငြိသွားတာလည်း သူမြင်နေရတာပဲ။ သူသာ စောစောသွားပြီး နွားကြိုးကို ဖြတ်ပစ်လိုက်တာဖြစ်ဖြစ်၊ မိန်းမသားမို့ မဝင်ရဲရင်လည်း ဘေးဘီကို အော်ဟစ် အကူအညီတောင်းတာပဲဖြစ်ဖြစ် လုပ်ပေးခဲ့မယ်ဆိုရင် အဲဒီဦးလေးကြီး မသေလောက်ဘူး။

သူ ဘာလို့မလုပ်ပေးတာလဲ၊ သူတို့ချင်း မတည့်လို့လား၊ ရန်သူလား၊ စီးပွားပြိုင်ဘက်တွေမို့လို့ လားဆိုတော့ မဟုတ်ဘူး။ သူ့ခမျာ လက်ကလေး မအားလို့တဲ့၊ ထမင်းအိုးငှဲ့ရင်း တန်းလန်းမို့  သွားမကူညီခဲ့တာတဲ့။ ကိုယ့်ထမင်း အိုးလေးတစ်လုံး ပစ်ရမှာကြောက်တာနဲ့ သူ့အသက်ကို မကယ်တင်ခဲ့တာ။ ဒီလို သေသွားမယ်လို့ မထင်လို့လည်း ပါမှာပေ့ါ။ ရွာမှာတော့ အဲဒီအမျိုးသမီးကို အပြစ်ပြောကြ၊ ဦးလေးကြီးကို သနားကြနဲ့၊ နောက်ဆုံးတော့လည်း ထုံးစံအတိုင်း သူသေနေ့စေ့လို့ပေ့ါဆိုပြီး ကိစ္စကို ဖော့လိုက်ကြတာပဲ။ ကလေးသာသာ ကိုယ်ကတော့ ဦးလေးကြီးနေရာ နေကြည့်လိုက်၊ အစ်မကြီးနေရာ နေကြည့်လိုက်နဲ့၊ တော်တော်ကြာအောင် ဒီကိစ္စကို မမေ့နိုင်ဘူး။ အခု ထိပဲလေ။

အဲဒီအဖြစ်ကနေ သူများကိစ္စ ဘယ်လိုဖြစ်နေနေ ကိုယ့်ကိစ္စသာ အရေးကြီးဆုံးလို့ သဘောထားတတ်ကြတာ သိလာတယ်။ ကိုယ်သာဆိုရင်ရော အဲဒီလိုပဲ လုပ်သွားမလားဆိုပြီး တွေးပြီး ထိတ်လန့်မိတယ်။ မပြောနိုင်ဘူးလေ၊ အဲဒီထက်တောင် ဆိုးဆိုးဝါးဝါး လုပ်မိမလားဆိုတာ။ အခုဆိုရင်ပဲ မိုးစိုသွားလည်း ဘာအကျိုးစီးပွားမှ မထိခိုက်နိုင်တဲ့ အသေးအဖွဲကလေးမှာတောင် ကိုယ့်ကိစ္စကိုပဲ ဦးစားပေးလာခဲ့တာ မဟုတ်လား။

ပြည်သူ့ဆေးရုံတွေမှာ ခဏခဏ ပြဿနာ တက်ကြတာတွေ့ရတာလည်း ဒီအတ္တစိတ်ကြောင့်ပဲနေမှာ။ ဆရာဝန်၊ ဆရာမတွေက ဝန်နဲ့အားနဲ့ မမျှတဲ့ အလုပ်ခွင်မှာ များပြားလှတဲ့ လူနာတွေထဲက အသက်အန္တရာယ်နဲ့ နီးကပ်တဲ့လူကို အရင်လုပ်ပေးလိုက်ကြရော။ အဲဒီမှာ ဒီ့ပြင်လူတွေက ငါတို့ကိုကျတော့ ဂရုမစိုက်ဘူး။ ဒီမှာ ဘယ်လိုခံစားနေရတာ၊ ကိုယ်ချင်းမစာဘူး၊ ဘာဘူးညာဘူးဆိုပြီး ပူညံပူညံတွေ ဖြစ်ကုန်ကြရော။

အပြင်အထူးကုဆေးခန်းကြီးတွေမှာတော့ စာအုပ်တွေ တင်ထားရပြီး အရင်ရောက်သူကို အရင်ခေါ်ကြည့်ပေးတယ်။ အရေးပေါ် အခြေအနေအရ အရေးပေါ်လူနာကိုပဲ ဦးစားပေးကြတာပါ။ မန္တလေးဆေးရုံက Ultrasound (တီဗွီဓာတ်မှန်) ရိုက်ပေးတဲ့ ဆရာမကြီးကတော့ ပြတ်တယ်။ သူ့ဆီ တင်ထားတဲ့ စာအုပ်တွေကြည့်ပြီး ဒါက ဘာရောဂါ၊ ဒါက အသက်အန္တရာယ်နဲ့ ပိုနီးတယ်၊ ဒီလူ ဦးစားပေးမယ်ဆိုပြီး လူနာတွေရှေ့တင် ဦးစားပေးစဉ်လိုက်တာ။ အသံဗလံနည်းသွားတယ်။ ဒါတောင် တို့က အရင်ရောက်တာ၊ ဘာညာဆိုပြီး အသံတော့ ထွက်ကြသေးတာပဲ။ ကိုယ့်ကိုပဲ ဦးစားပေးစေချင်ကြတာကိုး။

တသီကြီး တွေးရင်းတောရင်း အခု ကိုယ့်ကိစ္စ ဦးစားပေးပြီး ထီးယူလာခဲ့တဲ့ကိုယ်လည်း  မိုးရေထဲ ထွက်လို့ရသွားပြီ၊ လမ်းပေါ်ရောက်လာတော့ ခါတိုင်း ဥဒဟိုသွားလာနေတဲ့ လမ်းပေါ် လူသူလေးပါး ကင်းရှင်းနေတာ တွေ့ရရော။ ဝေးမှတစ်ခါ ကားမီးရောင်လေး၊ ဆိုင်ကယ်မီးရောင်လေး တွေ့ရတာ။ အဲဒါ မသွား မဖြစ်သွားရသူတွေ နေမှာပဲ။ ဒီလောက် မိုးသည်းနေတာဆိုတော့ မသွားသေးဘဲ ရွှေ့ဆိုင်းလို့ရတဲ့လူတွေက ကိုယ့်အိမ်ထဲမှာ ကိုယ်နှပ်နေကြမှာပဲလို့  တွေးမိတော့ ကိုယ်က ပထမ အမျိုးအစားထဲမှာ ပါနေရော။ စိတ်အားငယ် သလိုလို ဘာလိုလို ဖြစ်လာသေးတယ်။

အကြောက်ဆုံးကတော့ မိုးသည်းနေတုန်း လမ်းမီးတွေ မှိတ်ကုန်မှာပဲ။ သူတို့ မရှိတော့ရင် မှောင်မည်းမည်းလမ်းပေါ်မှာ ဘာကိုမှ မသဲကွဲတော့ဘူး။ ခေါင်းမှာ မီးသီးတစ်ပွင့်ပန်ထားတဲ့ သုံးဘီးဆိုင်ကယ်ကိုလည်း  နှစ်ဘီးဆိုင်ကယ်ထင်ပြီး ကပ်ရှောင်လိုက်မိ တတ်တယ်။ ပွတ်ကာသီကာလေး လွဲလွဲသွားတာ ခဏခဏဖြစ်ဖူးတယ်။ (မတော်တဆများ ကိစ္စချောသွားခဲ့ရင် ဘယ်သူဘယ်ဝါမှန်း သိအောင်လို့ မှတ်ပုံတင်လေး အမြဲဆောင် ထားရတယ်) ကားကတော့ မီးသီးနှစ်ပွင့်ပါ တာဆိုတော့ ကားမှန်း တန်းသိတယ်။ အဲ၊ အဲဒီ သုံးဘီးဆိုင်ကယ်ကျတော့ နှစ်ဘီးဆိုင်ကယ်လို့ပဲ မြင်မြင်နေတတ်တာကြောင့် လန့်တာ။

နောက်တစ်ခု လန့်တာက ရှေ့မီးနောက် မီးဘာမီးမှမပါတဲ့ဆိုင်ကယ်၊ စက်ဘီးနဲ့ မြင်းလှည်းတွေကို တွေ့မှာကိုပဲ။ မှောင်နဲ့မည်းမည်း ဆိုင်ကယ်က အနက်ဆိုတော့ နီးမှဘွားခနဲ တွေ့တာများတယ်။ စက်ဘီးတို့ မြင်းလှည်း တို့ဆိုလည်း အဲဒီလိုပဲ။ စီးတဲ့လူက အရောင်တောက်တောက်လေး ဝတ်ထားရင် တော်သေးတယ်။ မဟုတ်လို့ကတော့ ဘရိတ်ကို ကျွီခနဲပဲ။

တော်သေးတာ၊ အဲဒီ မီးသီးလေးတွေကို ဆက်လင်းခွင့်ပေးထားတဲ့ EPC ကျေးဇူးပေ့ါ။ လမ်းမီးလင်းပြီး လူသွားလူလာ ပြတ်တာပဲရှိတာ၊ စိတ်ကလည်း တစ်နေရာ လုံခြုံသွားရင် နောက်တစ်နေရာကို တွေးပူတတ်တော့ အဲဒီလူပြတ်တာကိုလည်း တစ်မျိုးကြောက်နေပြန်တာပဲ။ ဒီအနေအထားကို ကြိုက်ပြီး ဒီအချိန်မှ လှုပ်ရှားတတ်တဲ့လူတွေ ရှိနေလို့ပေ့ါ။ တို့မြို့က ဘယ်အိမ်၊ ဘယ်ဆိုင် အဖောက်ခံရလို့၊ ဘယ်သူတွေ ဘယ်လမ်းမှာ ဘာအလုခံရလို့နဲ့ မကြာမကြာ ကြားရဖူးတယ်လေ။ ပစ္စည်းယူသွားတာ ပြဿနာမဟုတ်၊ လူကို အန္တရာယ်ပေးမှ ဒုက္ခ။

အဲဒီလိုနေတုန်း နောက်က ဆိုင်ကယ်မီး ရောင်ကလေး တွေ့လိုက်တော့ လမ်းပေါ်မှာ ငါတစ်ယောက်တည်း မဟုတ်ဘူးဆိုပြီး အားတက်သွားတယ်။ နောက်ကလာတဲ့ ဆိုင်ကယ် မီလာတော့၊ ထီးဆောင်းထားရင်း ဆိုင်ကယ်စီးရတာမို့ ဆိုင်ကယ်တစ်ဘီးချင်း လှိမ့်နေတဲ့ ကိုယ့်ကို “ဟေ့ ဆံပင်တွေ စိုကုန်ပြီလေ” လို့ အော်ပြောပြီး ကျော်တက်သွားရော။ အင်းမိုးသံ ဆိုင်ကယ်သံတွေကြားမှာ ပီပီသသ အော်နိုင်တာလည်း နည်းတဲ့စကေး မဟုတ်ဘူးလို့ တွေးမိတယ်။ ခေါင်းသာသာလုံတဲ့ ထီးအောက်လည်းရောက်ရော သူပြောသလို စိုကုန်တာပေ့ါ။ ထီးလန်ပြီး၊ လန်သွားတဲ့ထီးကို သတိလက်လွတ် လိုက်ဖမ်းရာက ခေါင်းကွဲမှာ ကြောက်လို့လည်း ရှေ့ကို ခပ်ငိုက်ငိုက် ဆောင်းထားရသေးတာလေ။ ဒီအခြေအနေမှာ ထီးတစ်ချောင်းနှမြောလို့ ကွဲသွားတဲ့ ခေါင်းတွေလည်း မနည်းမနောပဲ။

စိုက်ခြံ(စိုက်ပျိုးရေးသုတေသနခြံ) ကနေ အနောက်ဘက်ချိုးလိုက်တော့ အဲဒီလမ်းပေါ်က မီးသီးတွေက မီးပျက်နေတာမဟုတ်ဘဲ မလင်းဘူး။ ဒီလမ်းမှာက ခွေးတွေကလည်း အင်မတန်ပေါ။ ကိုယ်ကလည်း လင်းလင်းချင်းချင်းတောင် ခွေးကိုသွားတိုးရင် တိုးနေတာ။ ခွေးကို သွားတိုးမိလို့ ဆိုင်ကယ်နောက်ကြည့် မှန်တွေကွဲ၊ ခြင်းတွေပိန်၊ ခြေနင်းတုံးတွေပဲ့၊ ဖုန်းတွေကွဲရတာ ခဏခဏပဲ။ စက်ဘီးကိုလည်း တစ်ခါ ပွတ်ဆွဲပစ်ဖူးတယ်။ အဆွဲခံရတဲ့ စက်ဘီးက ဘယ်လိုမှမနေဘဲ ဆွဲတဲ့ဆိုင်ကယ်က ပစ်လဲနေလို့ ဒူးတွေ၊ တံတောင်တွေ ကွဲကုန်တာ၊ ဆေးလည်းမထိုးချင်၊ ဆေးလည်း မသောက်ဖြစ်ဆိုတော့ ၁၀ ရက်လောက် မလှုပ်ရှားနိုင်တာလည်း ကြုံရဖူးသေးတယ်။

အဲဒီတော့ အခု သတိကြီးကြီးနဲ့ လာရတယ်။ အရင် မတော်တဆတွေဖြစ်တုန်းက နေ့လယ်နေ့ခင်းတွေ ဖြစ်တာဆိုတော့ လမ်းသွားလမ်းလာတွေက ထူပေးကြ၊ ကူညီပေးကြတာ။ အခု လမ်းသွားလမ်းလာ မရှိဘူးလေ။ လူပြတ်ပေမယ့် ထုံးစံအတိုင်း ခွေးတွေကတော့ ရှိနေတယ်။ လမ်းက ရေဝပ်နေတဲ့ ချိုင့်ခွက်တွေ ရှောင်ရ၊ သူတို့ ရှောင်ရနဲ့ အလုပ်ကို တော်တော်ရှုပ်သွားရော။

ဆေးရုံဟောင်းရှေ့ရောက်မှ ဝင်ပေါက်ရှေ့မှာ ထွန်းထားတဲ့ မီးသီးကြီးကြောင့် လမ်းက လင်းထိန်သွားတော့တာ။ အားရှိလိုက်တာ။ ည အလုပ်ဆင်းလို့ အိမ်ပြန်ရင် ဆေးရုံဟောင်းလမ်းအတိုင်း ပြန်တာလို့ပြောတာနဲ့  အံ့သြသွားတဲ့ ဆရာတစ်ယောက်ကို သတိရတယ်။ သူက သရဲကြောက်တယ်လေ။ ကိုယ်ကတော့ ကြောက်စိတ်မဝင်တဲ့အပြင် မီးတွေလင်းနေလို့ ပျော်တောင်သွားသေးတာ။ အလင်းထဲရောက်တော့မှ အမှောင်ကြီးထဲ ဖြတ်နေတုန်းက နောက်ကျောမလုံတဲ့စိတ်တွေ၊ စိုးရိမ်ပူပန်စိတ်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ရော။

ဘီယာဆိုင်ရှေ့ရောက်တော့ လူတွေမူးမူး၊ ဆိုင်ကယ်တဗြူးဗြူး စီးတတ်ကြသူတွေ၊ ရုတ်တရက် ထွက်လာမှာ ကြောက်မိတယ်။ ဒီဆိုင် စဖွင့်ကာစက မီးရောင်စုံနဲ့ လူတွေ စည်နေတော့ ဘာပွဲ ရှိပါလိမ့်လို့ တွေးမိတယ်။ တစ်နေ့လာလည်း ဒီလို၊ နောက်တစ်နေ့လာလည်း ဒီလိုပဲ ဖြစ်နေတော့မှ သူများကို မေးကြည့်တာ။ ဘီယာဆိုင်တဲ့။ အရင်က ဒီအိမ်မှာ ပြင်ပဘော်ဒါတစ်ခု ဖွင့်ထားတာ။ ဘယ်လိုပဲ ပညာရေးစနစ် မကောင်းကောင်း၊ ဘော်ဒါယဉ်ကျေးမှု မကောင်းကောင်း၊ လောလောလတ်လတ် ဆေးသုတ်ထားတဲ့ သစ်သစ်လွင်လွင် ဘီယာဆိုင်ကြီးနဲ့စာရင်တော့ ဟောင်းဟောင်းမြင်းမြင်း ရေနံချေးရောင်ထနေတဲ့ ဘော်ဒါကြီးကို ရှိစေချင်တယ်။ တစ်ဆက်တည်း ဘယ်သူပြောတာလဲ မမှတ်မိတော့တဲ့ “ကျုပ်တို့နိုင်ငံ တိုးတက်ချင်ရင် ဘီယာဆိုင်တွေနေရာမှာ စာကြည့်တိုက်တွေ ရှိနေရမှာဗျ” ဆိုတဲ့ စကားကို သတိရတယ်။

အထက ၁ ရှေ့ရောက်လို့ အိမ်သာသွားတဲ့ လမ်းကိုလည်း ချိုးချလိုက်ရော ပင်လယ်ကြီး စတွေ့ရတာပဲ။ ဒီလမ်းသွယ်လေးက လမ်းမထက်ပိုနိမ့်တော့ ရေဝပ်၊ ဗွက်ဖြစ်၊ လမ်းသူလမ်းသားတွေက တောင်ပေါ်မြေဝယ်ပြီးဖို့၊ ဒါလည်းမရဘူး၊ တောင်ပေါ်မြေအဖို့နည်းတဲ့ မြေနိမ့်ပိုင်းမှာ ရေဝပ်တာပဲ။ ရေတွေဆိုတော့ လမ်းညီလား၊ မညီလား၊ ချောက်လား၊ ကျောက်ခံလား မသိတော့ဘူး။ ဆိုင်ကယ် ဖြတ်လိုက်တော့ သံစုံတေးသွားဖြစ်တာပဲ။ အိမ်ရှေ့ရောက်ခါနီးတော့ ပင်လယ်ကြီးတစ်ခု ထပ်ဖြတ်ရပြန်တယ်။ အင်းကာတွန်းတွေထဲကလို တို့ရပ်ကွက်လည်း လှေဆောင်ရတော့မလား တွေးမိသေးတယ်။

အိမ်ရောက်တော့ ဒီလိုမိုးသည်းသည်းထဲ အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ်  ကျောလေးပြန်သပ်ပေးလိုက်ရတယ်။ ဟုတ်ပါပြီ။ ကိုယ်ကတော့ လုံလုံခြုံခြုံ နွေးနွေးထွေးထွေး နေရပါပြီ။ ဒီလိုအချိန်မှာ မိုးဒဏ်၊ လေဒဏ်မမူဘဲ ဝမ်းစာရှာနေရသူ ဘယ်လောက်များ ရှိလိုက်မလဲ၊ ဒါမှမဟုတ် ဒီမိုးဒီရေ ဒီလေကြောင့် အမိုးမလုံ အကာမရှိတဲ့ အိမ်တွေ၊ အဆောက်အဦးတွေထဲ ဒုက္ခရောက်နေသူ ဘယ်လောက်များလိုက်မလဲလို့ တွေးရင်းဘေးရန်ကင်းပါစေကြောင်း ဆန္ဒပြု မိသေးတယ်။ သြော်လူသားဆိုတော့ လူပီသစွာ ကိုယ်ခက်ခဲနေစဉ် ကိုယ့်အခက်အခဲသာ အကြီးဆုံးထင်ခဲ့ပေမဲ့ ကိုယ်လုံခြုံတဲ့နေရာရောက်တော့ သူများတွေကိုလည်း ကိုယ့်လို ဖြစ်စေချင်ပါရောလား။ အခက်အခဲတွေများ ကြုံနေမလားဆိုတဲ့ ပူပန်တတ်တဲ့ ကိုယ်ချင်းစာ တရားလေးဟာ ကိုယ့်ရင်ထဲမှာ လင်းပွင့်လာလို့ပေ့ါ။ တကယ်ဆို ကမ္ဘာလောကမှာ အခုလို လူတိုင်းကိုယ်စီ ကိုယ်ချင်းစာတရားလေး လင်းပွင့်နေရင် ဘယ်လောက်များ လှပငြိမ်းချမ်းလိုက်မလဲနော်။

Most Read

Most Recent