ဝတ္ထုညံ့များ ရေးသားခြင်း

ဝတ္ထုညံ့များ ရေးသားခြင်း
Published 3 August 2018

Photo: itsnicethat

ပြီးခဲ့တဲ့နှစ်က ကျွန်တော် ဝတ္ထုတို တစ်ပုဒ် ရေးဖြစ်တယ်။ ဇာတ်လမ်းက မဆိုးလှပေမဲ့ ဆွဲဆောင်မှုလည်း မရှိ။ ကျွန်တော့် အရေးအသားကလည်း ဖွယ်တယ်တယ်မို့ သိပ်မကောင်းလှဘူး။ ကျွန်တော်က ဝတ္ထုတို ကောင်းကောင်း ရေးတတ်သူ မဟုတ်ဘူး။ ဒါကြောင့် သိပ်လည်း မရေးဖြစ်ဘူး။ ရေးဖြစ်ရင်လည်း ညံ့တာက များနေတော့ ဝတ္ထုတိုရေးဖို့ကို သိပ်အာရုံမကျတော့ဘူး။ နောက်ပြီး ကမ္ဘာကျော်ဝတ္ထုတို ဘာသာပြန်တွေ၊ ဆရာကြီး ဆရာမကြီးတွေရဲ့ ပင်ကိုယ်ရေးဝတ္ထုတို ကောင်းကောင်းတွေ အများကြီး ဖတ်ခဲ့ဖူး၊ အရသာခံ ခံစားခဲ့ဖူးတော့ ကိုယ်ရေးတာ ညံ့မှန်း ကိုယ့်ဟာကိုယ် သိနေတယ်။ ဒါပေမဲ့ ဝတ္ထုတိုရဲ့ ဇာတ်လမ်းလေးကို ပြောပြချင်တာပါ။

ကျွန်တော်ဟာ မိန်းမက ဝန်ထမ်းမို့ နယ်တကာလှည့် နေထိုင်ရတဲ့ လူပေါ့။ မြို့တွေမြို့တွေ မြို့ပေါင်းများစွာ နေခဲ့ဖူးတယ်ပေါ့။ တစ်နေ့တော့ ကျွန်တော်ဟာ မရောက်တာ ကြာပြီဖြစ်တဲ့ နှစ်အကြာကြီး နေခဲ့တဲ့ မြို့တစ်မြို့ကို ပြန်ရောက်တယ်။ သူငယ်ချင်းတွေနဲ့ တွေ့ လက်ဖက်ရည်ဆိုင် ထိုင် လေပစ်ပေါ့။ ညနေစောင်းတော့ အတူထိုင်တဲ့ သူငယ်ချင်းတွေလည်း ပြန်ပြီ။ တစ်ယောက်ပဲ ကျန်ခဲ့တယ်။ ဒီကောင်က ကျန်းမာရေးလိုက်စားတဲ့ ကောင်စား။ ညနေတိုင်း တောင်တက်နေကျတဲ့။ အဲဒါ ကျွန်တော့်ကိုပါ ရောက်တုန်း တောင်လိုက်တက်ဖို့ ခေါ်တယ်။ ကျွန်တော်ကလည်း မရောက်ဖြစ်တာ ကြာပြီဖြစ်တဲ့ မြို့ကို အပေါ်စီးက ကြည့်ချင်စိတ်ကလေးကလည်း ရှိ၊ အဲဒီ မြို့အရှေ့ဘက်က တောင်ကိုလည်း ဒီမြို့မှာနေစဉ်က သိပ်မတက်ဖြစ်ခဲ့တော့ “တက်မယ်ကွာ” ဆိုပြီး တက်ကြတယ်။

ဝတ္ထုတို ဆိုတော့လည်း အများက သတ်မှတ်ထားတဲ့ စကားလုံး အရေအတွက် စာမျက်နှာအရေအတွက်လောက် မရောက်ရောက်အောင် တောင်တက်ခြင်းနဲ့ ပတ်သက်ပြီး အပိုဆာဒါးကလေးတွေ တောင်ဖြည့်မြောက်ဖြည့်ပေါ့လေ။ တောင်တွေကို ဘာကြောင့် တက်ခဲ့သလဲလို့ တောင်တက်သမား တစ်ယောက်ကို မေးကြည့်တော့ တောင်တွေ ရှိနေလို့ပေါ့လို့ ဆိုခဲ့တဲ့ ကြားဖူးနား၀ စကားလေးတွေ ထည့်ရေး။ နောက် ကျွန်တော်ဟာ အင်မတန် ဆေးလိပ်သောက်သူမို့ အမောမခံနိုင်တာ၊ ဒူးတွေ ချောင်လွန်းလို့ တောင်အမြင့်ကို ကြည့်ပြီး ဆက်တက်ချင်စိတ် ပျောက်လာတာ။ စသဖြင့်တွေပေါ့ဗျာ။ သိပ်အရေးမပါတာတွေ။

ဆိုပါတော့၊ အဲဒီလိုနဲ့ပဲ ဝတ္ထုဟာ အေဖိုး စာမျက်နှာ သုံးမျက်နှာလောက် ရှိတော့ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်ဟာ ပေ ၁၀၀၀ အမြင့်ရှိတဲ့ တောင်ရဲ့ တစ်ဝက်လောက်ကို တက်လာနိုင်ခဲ့ကြပြီ။ လူဟာ အင်မတန် မောတော့ တခြား ဘာတွေ ဖြစ်တယ် အတိအကျ မပြောနိုင်ပေမယ့် အမြင်အာရုံကတော့ သိသိသာသာ ဝါးလာပြီး သဲသဲကွဲကွဲ မြင်ရဖို့ တော်တော် အာရုံစိုက်ကြည့်ရတဲ့ အခြေအနေ ရောက်နေပြီပေါ့။ အဲဒါက ရမ်းရွှီးရေးတာ မဟုတ်ဘူးဗျ။ အဲဒီဝတ္ထု မရေးခင် တစ်ပတ်လောက် အလိုမှာ တကယ်ပဲ ကျွန်တော် တောင်ပေါ် တက်ခဲ့တာ။

ဝတ္ထု အလယ်လောက်ကိုလည်း ရောက်၊ တောင်ရဲ့ တစ်ဝက်လောက်ကိုလည်း ရောက်တော့ တောင်တက်လမ်းက နှစ်မြွှာ ကွဲထွက်သွားတယ်။ ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ကို ပြောတယ်။ ပုံမှန် အများသူငါ တက်တဲ့လမ်းကပဲ တက်မလား။ လူ သိပ်မသွားတဲ့ တောလမ်းက တက်မလားပေါ့။ လမ်းရွေးခိုင်းတယ်။ သူက ဆက်ပြောသေးတယ်။ သူတစ်ယောက်တည်း တက်ရင်တော့ ပုံမှန်လမ်းက မတက်ဘူး။ တောလမ်းကပဲ တက်တယ် ဆိုတဲ့အကြောင်း နောက်ပြီး အဲဒီတောလမ်းက တက်မယ်ဆိုရင် ကျွန်တော် စိတ်ဝင်စားစရာ တစ်ခု သေချာပေါက် ရှိနေတဲ့အကြောင်း ဆိုလာတယ်။ ကျွန်တော်လည်း ဒီကောင့်စကားကို စိတ်ဝင်စားသွားတယ်။ ကျွန်တော် စိတ်ဝင်စားမယ့် အကြောင်းအရာလို့ ဆိုတာကိုး။ ဒါနဲ့ ကျွန်တော်က သူ့ကို ပြန်ပြောတယ်ပေါ့။ ပြောစရာရှိတာ ပြောစမ်းပါကွာ ဘာအကြောင်းလဲ ပဟေဠိ လုပ်မနေစမ်းပါနဲ့ပေါ့။ ကျွန်တော့် သူငယ်ချင်းကလည်း ပြန်ပြောတယ်။ အဲဒီ တောလမ်း တစ်နေရာမှာ အဘိုးကြီးတစ်ယောက် ရှိသတဲ့။ တစ်ယောက်တည်းနေတာ ခြောက်နှစ်၊ ခုနစ်နှစ် ရှိလောက်ပြီ။ ဘယ်မှ မသွား၊ ဘယ်မှ မလာ၊ အဲဒီ တောလမ်းက ဇရပ် တစ်နေရာမှာပဲ နေတယ်ပေါ့။ ဒါနဲ့ ကျွန်တော်က မေးတယ်။ စာဖတ်သူက မေးမယ့်ဟာကို ကျွန်တော် ဇာတ်ကောင်က မေးလိုက်တဲ့ သဘော။ ဟ ဒါဆို သူက ဘာတွေ ဘယ်လို စားသောက်နေသတုန်းဟ။ ဒီတော့ ကျွန်တော့်သူငယ်ချင်းက ပြန်ဖြေတယ်။ အဲဒီအတွက်တော့ သူဟာ တောင်ရဲ့ အရှေ့ဘက် တောင်ခြေအရင်းနားမှာရှိတဲ့ တောဘုန်းကြီးကျောင်း တစ်ခုကို တစ်နေ့တစ်ကြိမ်သွားပြီး ဘုန်းကြီးဆီက တောင်းစားတဲ့အကြောင်း၊ တစ်ခါတလေ ကြွပ်ကြွပ်အိတ်နဲ့ ထုတ်ယူတတ်တဲ့အကြောင်း၊ ရေလည်း အဲဒီကျောင်းကပဲ ရေသန့်ဘူး အဟောင်းလေးတွေနဲ့ ထည့်ထည့် ယူလာတဲ့အကြောင်းပေါ့။

ဝတ္ထုဇာတ်လမ်းထဲမှာ ကျွန်တော်က ဝတ္ထုရေးဆရာ ဆိုတာ အဲဒီနေရာမှာ ထုတ်ပြောတယ်။ သူငယ်ချင်းကလည်း ဒါကိုသိလို့ အဲဒီလူအကြောင်း စိတ်ဝင်စားရင် ရေးရအောင် ပြောတယ်ပေါ့။ အိုကေနေတာပဲ ဇာတ်လမ်းက။ သိပ်တော့ အဆိုးကြီး မဟုတ်ဘူးမို့လား။ တော်တော် ရှည်နေပါပြီ။ အတိုချုံး ပြောပါတော့မယ်။

အဘိုးကြီးကို တွေ့တယ်။ အသက်က ၆၀ ကျော်ကျော်လောက် ရှိပြီထင်တယ်။ အိုစာကျလို့ ထင်ရတာလည်း ဖြစ်မယ်။ ဆံပင်ကလည်း ရှည်ရှည် ညှင်းသိုးသိုး ကျန်းမာပုံတော့ ရပေမယ့် လူက ညစ်ထေး စုတ်ပြတ်နေတာပဲ။ ကျွန်တော်တို့ ဒီတောလမ်းဘက်ကနေ တက်လာတာကို သဘောကျပုံ မပေါ်ဘူး။ သူ့ကို စပ်စုတာလိုလို စုံစမ်းတာလိုလို လုပ်တာကိုလည်း သဘောမကျဘူး။ ကျွန်တော်က စကားသွားပြောတော့လည်း ခွကျကျတွေ ပြောလွှတ်တယ်။ ကျွန်တော်ကလည်း ဝတ္ထုတွေထဲက စာရေးဆရာတွေလိုပဲ ကျွန်တော့် ဝတ္ထုထဲမှာ အဘိုးကြီးကို ဘဝဇာတ်လမ်းလေး သိချင်လို့ပါ မေးတယ်ပေါ့။ (ဒီနေရာမှာ စာရေးဆရာ၊ ကဗျာဆရာ ဆိုတာတွေဟာ ကေတီဗွီတို့၊ -ာ ခန်းတို့များ ရောက်ရင် ဘဝဇာတ်လမ်း အလွန်မေး၊ သနားကြ၊ ဂရုဏာသက်ကြတာတွေကို ပြုံးပြုံးနဲ့ သတိရမိပေါ့)။ အဲဒီလို ဇာတ်လမ်းတွေ မရှုပ်ချင်လို့မှ တစ်ယောက်တည်း တောင်ပေါ်လာနေတဲ့ အဘိုးကြီးကို ကျွန်တော်က ဘဝဇာတ်လမ်း သွားမေးတော့ ဘာဖြစ်တယ်ထင်သလဲ။ ဘာဖြစ်ရမလဲ ဆဲလွှတ်တာပေါ့။ ဘာလဲ ဘဝဇာတ်လမ်း ဟုတ်လား -ီးဘ၀ ဇာတ်လမ်းတွေ လာမေးနေတာလားတဲ့။

သို့သော် အဘိုးကြီးဟာ ကျွန်တော့်ဘက် လှည့်ပြီး အဲဒီလို -ီးဘဝဇာတ်လမ်းတွေ လာမေးနေတာလားလို့ ပြောတဲ့အချိန်မှာ (ဝတ္ထုဇာတ်လမ်းအရ) ကျွန်တော်ဟာ အဲဒီအဘိုးကြီး ဘယ်သူဆိုတာကို မှတ်မိသွားပါတော့တယ်။ ဒါနဲ့ ကျွန်တော်လည်း စကားတစ်ခွန်းမှ မပြောတော့ ကျွန်တော့် သူငယ်ချင်းကိုခေါ် မျက်နှာပျက်ပျက်နဲ့ လာကွာ ပြန်ရအောင်၊ တောင်ပေါ်လည်း ဆက်မတက်ချင်တော့ပါဘူး ဆိုပြီး အိမ်ပြန်ခဲ့တယ်။ လမ်းမှာ ကျွန်တော့် မျက်နှာပျက်နေတာ၊ တွေတွေဝေေ၀ ဖြစ်နေတာကို သတိထားမိတဲ့ သူငယ်ချင်းက တောက်လျှောက် မေးတာပေါ့။ ဟေ့ရောင် ဘာဖြစ်လို့လဲ ငါ့လည်း ပြောပါဦးဟ စသဖြင့်ပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်က မပြောဘူး။ ဝတ္ထုဇာတ်လမ်းအဆုံးကို ရောက်ပြီ။ ကျွန်တော့် သူငယ်ချင်းကိုတော့ ကျွန်တော်ဟာ ဘာဖြစ်လို့ ညာဖြစ်လို့ လုံးဝမပြောဘူး။ ကျွန်တော် တစ်ယောက်တည်း ကိုယ့်ဘာသာကိုယ်ပြောတဲ့ တွေးတဲ့ပုံစံနဲ့ အဘိုးကြီးရဲ့ အရင်တုန်းက ဘဝဇာတ်လမ်းကို အနှစ်ချုပ်ကလေး ဖော်ပြပြီး ဝတ္ထုကို သိမ်းလိုက်တယ်။

အဘိုးကြီးရဲ့ ဘဝဇာတ်လမ်းက ဒီလို။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က အသက် ၄၀ လောက်သာ ရှိဦးမယ့် ဒီအဘိုးကြီးဟာ ဒီမြို့မတိုင်ခင် ကျွန်တော်နေခဲ့တဲ့ မြို့ကပဲ။ ရပ်ကွက် အတူတူပေါ့။ သူ့မိန်းမဟာ သူ့ယောက်ဖ (သူ့နှမရဲ့ ယောကျ်ား) နဲ့ ဖောက်ပြန်တယ်။ ဖောက်ပြန်တာကိုလည်း သူသိခဲ့တယ်။ ဒါပေမဲ့ ရှက်တာရော၊ သူ့မိန်းမကို သူကိုယ်တိုင်က ချစ်နေသေးတာရော၊ သူ့နှမကို သနားတာရောကြောင့် ထုတ်မပြောဘဲ ကြိတ်မှိတ် ခံနေခဲ့တာ။ နှစ်ဖက်စလုံးမှာ ကလေးတွေကလည်း ရှိတယ်။ သူနဲ့ သူ့မိန်းမမှာက သုံးယောက်၊ သူ့နှမမှာက တစ်ယောက်။ ဆိုတော့ အကျယ်ကျယ်သာ ဖြစ်ကြရင် ကလေးတွေမှာလည်း သနားဖို့ကောင်းရှာမယ် ဆိုပြီး ငြိမ်နေခဲ့တာပေါ့။ ဒါပေမဲ့ ကာမနွံထဲ ပျော်မွေ့နေတဲ့ စိတ်ပျက်စရာ အတွဲကတော့ ဒီလောက်နဲ့ ရပ်မနေ။ သူ့ယောက်ဖဆိုတဲ့ ကောင်ဟာ သူ့မိန်းမကို ခိုးပြေးပါလေရော။ ရပ်ထဲရွာထဲ သူတို့ မောင်နှမရဲ့အဖြစ်ဟာ ဘယ်လောက်များ သိမ်ငယ် ရှက်ရွံ့ခဲ့ကြမလဲ တွေးကြည့်ပါတော့။

ဒီလိုနဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာကို ခံစားနိုင်မှုပမာဏ ကျော်လွန်သွားတဲ့ သူ့နှမဟာ လေးနှစ်အရွယ် သားကလေးကို ထားခဲ့ပြီး ဆွဲကြိုးချ သေသွားတယ်။ သူ့ကလေး သုံးယောက်၊ သူ့နှမရဲ့ ကလေးတစ်ယောက် စုစုပေါင်း ကလေး လေးယောက်နဲ့ သူဟာ ဒုက္ခတွေများ၊ စိတ်တွေညစ်။ နောက်ဆုံးမှာတော့ ကလေးတွေကို မိဘမဲ့ကျောင်းတစ်ခုကို ပို့ စွန့်ပစ်ခဲ့ပြီး သူကိုယ်တိုင်လည်း ပျောက်ကွယ်သွားခဲ့တာ။ အဲဒီမြို့ကလေးမှာ ဒီအဖြစ်အပျက်ဟာ လူတိုင်းသိတဲ့ ကိစ္စပေါ့။ မြို့သူမြို့သားတွေမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး စကားပေါင်းများစွာ ထင်မြင်ချက်ပေါင်း များစွာ ပေးခဲ့ဖူးကြတာပေါ့။ အများအမြင်မှာ သနားစရာကောင်းတဲ့ ဒီလူကြီးမှာလည်း သူ့နှမလိုပဲ တစ်နေရာရာမှာ သေကြောင်း ကြံစည်လိုက်တာပဲ နေမှာပဲလို့ စုတ်သပ်ခဲ့ကြရတာပေါ့။ အခုတော့ တခြားမြို့ရဲ့ တောင်ပေါ် တောလမ်းလေး တစ်ခုရဲ့ ဇရပ်ပေါ်မှာ ဒီလူကြီးကို ကျွန်တော် ပြန်တွေ့လိုက်ရတယ်ပေါ့။ ဝတ္ထုကို အဲဒီဇာတ်လမ်းလေး ဖော်ပြပြီး သိမ်းလိုက်တယ်။ ကျွန်တော်တို့ နေ့စဉ်နီးနီး မြင်နေ ဖတ်နေရတဲ့ သာမန် ခပ်ညံ့ညံ့ ဝတ္ထုတွေလိုပါပဲ။ အချိုးနဲ့ အကွေ့နဲ့ အလှည့်တွေနဲ့ပေါ့ဗျာ။

ဝတ္ထုဇာတ်လမ်းက ဒါပါပဲ။ ကျွန်တော်ကတော့ တော်တော်ညံ့တဲ့ အရေးအသားနဲ့ တော်တော်ညံ့တဲ့ ဇာတ်လမ်းဆင်ပုံလို့ အောက်မေ့လို့ အဲဒီဝတ္ထုတိုကလေးကို ဒီအတိုင်း ပစ်ထားခဲ့တာ။ ဒါပေမဲ့ ဒီဝတ္ထုတိုကလေးကို ရေးခဲ့တာမှာ ဇာတ်လမ်းက ဇာတ်နာလွန်းတယ် ညံ့လွန်းလှတယ် ဆိုပေမယ့် အစစအရာရာ ဝတ္ထုတို တစ်ပုဒ်လုံးထဲက ပါသမျှအကြောင်းအရာတွေဟာ ကျွန်တော့် စိတ်ကူးထဲတင် ဇာတ်လမ်းတွေဆင်၊ ဇာတ်ကွက်တွေချ၊ ဘယ်နေရာဖိ ဘယ်နေရာဖော့ စသဖြင့် လျှောက်ရေးထားတာတော့ မဟုတ်ဘူးဗျ။ အဲဒါလေးလည်း ကျွန်တော် ပြောပြချင်သေးတယ်။

ဝတ္ထုဇာတ်လမ်းရဲ့ ၈၅ ရာခိုင်နှုန်းဟာ အမှန်တွေပါ၊ တကယ်ဖြစ်ခဲ့တာ။ အဲဒီတုန်းက ကျွန်တော့် အသက်ဟာ ၁၄ နှစ်လောက်ပဲ ရှိဦးမယ် ထင်တယ်။ ၈၅ ရာခိုင်နှုန်း မှန်တယ်လို့ ဆိုရတာက သူ့နှမယောကျ်ားနဲ့ သူ့မိန်းမနဲ့ ခိုးပြေးသွားတော့ သူ့နှမဟာ ကလေးလေး ကို ထားခဲ့ပြီး ဆွဲကြိုးချ သေသွားတယ်။ အဲဒီလို သေပြီး တစ်ပတ်လောက်နေတော့ ကျွန်တော့်အဖေက ဝန်ထမ်းမို့ ကျွန်တော်တို့ မိသားစုဟာ နောက်တစ်မြို့ကို ပြောင်းရွှေ့ခဲ့ကြရတယ်။ အဲဒီတော့ သူတို့တတွေ ဘာဆက်ဖြစ်တယ် ကျွန်တော် မသိတော့ဘူး။ ကလေးတွေကို မိဘမဲ့ဂေဟာ ပို့တယ်။ သူကတော့ ပျောက်ချင်းမလှ ပျောက်သွားတယ် ဆိုတာတွေက ကျွန်တော့် လန်ကြုတ်တွေ။ ပေါက်တက်ကရတွေ။

အဲဒီလိုပဲ ကျွန်တော် တောင်ပေါ် တက်ခဲ့တာ၊ တောင်ပေါ်မှာ လျှို့ဝှက်သိုသိပ်စွာ၊ လူတွေနဲ့ ဝေးရာမှာ နေနေတဲ့ အဘိုးကြီး တစ်ယောက်ဆိုတာလည်း တကယ်ရှိတယ်။ နောက်ပြီး ဝတ္ထုထဲကအတိုင်း ကျွန်တော် အင်တာသွားဗျူးတာ၊ အဲဒီအဘိုးကြီးက -ီး ဘဝဇာတ်လမ်းတွေ လာမေးနေတာလားလို့ ဆဲတာလည်း အမှန်ပဲ။ ကျွန်တော်တောင် အဘိုးကြီးကို နည်းနည်းနှာကစ် သွားသေးတယ်။

ဆိုတော့ဗျာ ကျွန်တော်က ဘဝဇာတ်လမ်းကလေး သိချင်လို့ မေးတာကို မပြောတော့လည်း ကျွန်တော် ငယ်ငယ်က ကြုံခဲ့ဖူးတဲ့ တကယ့်အဖြစ်အပျက် တစ်ခုကို တောင်ပေါ်က အဘိုးကြီးကိုယ်မှာ ကပ်ပေးလိုက်ပြီး အဲဒီအဘိုးကြီးဟာ သနားစဖွယ် ဘဝဇာတ်လမ်း တစ်ခုကနေ ရှောင်ပြေးနေရတဲ့ လူတစ်ယောက် ဖြစ်သွားတာပေါ့။ သိပ်တော့ မကောင်းလှပေမယ့် ဝတ္ထုတစ်ပုဒ်တော့ ဖြစ်သွားတာပဲလေ။

ဒါပေမဲ့ နောက်မှ ဒီဝတ္ထုတွေ ဘာတွေ လုပ်ရေးပြီးတော့မှ သေချာ စဉ်းစားကြည့်တော့ တောင်ပေါ်မှာ တစ်ယောက်တည်း လျှို့လျှို့ဝှက်ဝှက် ဧကစာကျင့်နေတဲ့ ဒီအဘိုးကြီးဟာလည်းပဲ သူ့ရဲ့ တကယ့်ဘဝကို ရှောင်ပုန်းနေရတဲ့အကြောင်း ဘဝဇာတ်လမ်း တစ်ခုကတော့ သေချာပေါက် ရှိမှာပဲ မဟုတ်လား။ နှစ်လုံးထီတွေ တအားထိုးပြီး အကြွေးမဆပ်နိုင်လို့ ပြေးလာရသူလား။ ရိုးရိုးသားသား လယ်ကလေး ယာကလေး ထွန်ယက် လုပ်ကိုင်စားသောက်နေတဲ့ တောင်သူကြီး တစ်ယောက် လယ်တွေ အသိမ်းခံရလို့ ဘဝပျက် လူ့လောကကို စိတ်ကုန်သွားလို့ ထွက်လာသူလား။ ဒါမှမဟုတ် ဝရမ်းပြေးကြီးများလား၊ ယဉ်ယဉ်လေးပဲ ရူးနေတာလား စသဖြင့် လူတစ်ယောက်အကြောင်း စဉ်းစားရတာကဖြင့် အနုပညာ ဖန်တီးမှုတစ်ခုအလားပါပဲဗျာ။

ဒီအပိုင်းကတော့ စာဖတ်သူများ စိတ်ကူးယဉ် စဉ်းစားဖို့ပါပဲ။ တတ်နိုင်ရင် ကျွန်တော်ရေးတာနဲ့ မတူတဲ့ နစ်နစ်နာနာ ဖြစ်ခဲ့ရတဲ့ ဘဝဇာတ်လမ်းလေး တစ်ခုထွင်ပြီး ဝတ္ထုတိုကလေး ဘာလေး ရေးကြည့်ပေါ့။ အဘိုးကြီးရဲ့ တကယ့် ဘဝဇာတ်လမ်းနဲ့ တိုက်ဆိုင်ချင်လည်း တိုက်ဆိုင်သွားမယ်။ ဒါမှမဟုတ်လည်း အဘိုးကြီးပြောသလို “ဘဝဇာတ်လမ်း ဟုတ်လား - ီးဘဝဇာတ်လမ်း” ဆိုတာမျိုးလည်း ဖြစ်ချင်ဖြစ်သွားမယ် ထင်တယ်။

Most Read

Most Recent