မိုးတွင်းစာ

မိုးတွင်းစာ
Published 2 August 2018

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ကာ လှိုင်းဘွဲမြို့နယ် ကော့လုံကျွန်းရှိ ကျေးရွာ ၁၄ ရွာ ရေနစ်မြုပ်ပြီး ကျေးရွာများမှ ပြည်သူများအား ကော့လုံဘုန်းတော်ကြီး ကျောင်းတွင် ကယ်ဆယ်ရေးစခန်း ဖွင့်ထားကာ စားသောက်ဖွယ်ရာများအား လာရောက် လှူဒါန်းနေစဉ်

ဝါဆိုဝါခေါင်၊ ရေဖောင်ဖောင် ဆိုတဲ့အတိုင်း မြန်မာပြည် တစ်ဝန်းမှာ ရေတွေ ဖောင်နေတယ်။ မြန်မာတို့ရဲ့ အယူအဆအရ ဝါထပ်တဲ့နှစ်မှာ မိုးကြီးတတ်တယ်၊ မိုးများတတ်တယ်။ ရေဖောင်တယ်၊ ရေလျှံ၊ ရေလွှမ်း၊ ရေမြုပ်တတ်တယ် ဆိုတဲ့ ဆိုရိုးစကားလည်း ရှိတာမို့ အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ မိုး၊ လေ၊ နေ၊ ရေနဲ့အတူ ယှဉ်တွဲနေထိုင်ရတဲ့ ကမ္ဘာမြေနဲ့ သက်ရှိတွေအတွက် မိုးဒဏ်၊ လေဒဏ်၊ နေဒဏ်၊ ရေဒဏ်တို့ကို ခံစားရ၊ ရင်ဆိုင်ရ၊ ကျော်ဖြတ်ရတာလည်း အစဉ်အလာတစ်ခု၊ သမိုင်းစဉ်တစ်ခုသာပဲ ဖြစ်ပါတယ်။ အဲဒီလို သဘာဝတရားတွေရဲ့ ဒဏ်ကို ရင်ဆိုင်တွေ့ကြုံပြီး တချို့ မြေကမ္ဘာ၊ တချို့သက်ရှိလူ၊ တိရစ္ဆာန်တွေ ပျက်ဆီး ပျောက်ကွယ်တာလည်း နိယာမတစ်ခုလို့ ဆိုရမှာပါ။

“ဝါဆို၊ ဝါခေါင်မှာကွယ် ရွှေမိုးလေတွေ ရွာတော့ ....” ဆိုတဲ့ သီချင်းစာသားကတော့ ပစ္စက္ခ မြန်မာပြည်သူ/မြန်မာလူထုကို ပြက်ရယ်ပြုသယောင် ရှိပါတယ်။ အခုအချိန်မှာသာ ဒီသီချင်းကို အများပြည်သူရှေ့မှာ၊ အများပြည်သူ ကြားအောင် ဆိုမယ်ဆိုရင် ပြင်းပြင်းထန်ထန်ကို တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမှာပါ။ ဝါဆိုလမှာ ရွာတဲ့မိုးကို ရွှေနဲ့တင်စား၊ တန်ဖိုးထား၊ တန်ဖိုးရှိ၊ မြတ်နိုးချင်စရာလို အမွှန်းတင်ပြီး ချစ်တင်းနှောဖို့၊ ချစ်တမ်းကစားဖို့ စိတ်ကူးယဉ် ခံစားဖို့ဆိုတာ ဘယ်လိုမှ မအပ်စပ်၊ သဟဇာတ မဖြစ်နိုင်တာမို့ပါပဲ။ တကယ့် လက်တွေ့မှာ မြန်မာပြည်သူတွေ ရရှိခံစားနေရတဲ့ ဝါဆိုရေက ရွှေလိုလည်း တန်ဖိုးထား မြတ်နိုးချင်စရာ မဖြစ်နိုင်၊ မထားနိုင်၊ ချစ်စရာ့အသွင် နဲ့ စိတ်ကူးယဉ် ခံစားဖို့လည်း မဟုတ်တာမို့ ရွှေမိုးလည်း မဟုတ်၊ ချစ်ဖို့လည်း မကောင်းတာတော့ အမှန်ဖြစ်ပါတယ်။

“မိုးရေ တက်ရေ တဖွေးဖွေး၊ ကွင်းကျယ် အဝေးဝေး....” ငယ်ငယ်တည်းက သင်ခဲ့ပြီး မိုးတွင်းချိန်ခါဆို ကလေးတိုင်း၊ ဆရာတိုင်း၊ ကျောင်းတိုင်းလိုလို သီဆို ကျူးရင့်ခဲ့ဖူးတယ်။ အဲဒီတုန်းက ဒီကဗျာလေးကို ရေရွတ်ရင်း ကျောင်းတက်ခဲ့ဖူးတယ်။ ကျောင်းရဲ့ ဘေးပတ်လည်မှာ ဖွေးဖွေး လှုပ်နေတဲ့ရေကို ကြည့်ပြီး ကျွန်တော်တို့တွေ သီကျူး ဆော့မြူးခဲ့ကြတယ်။ အသက်လေး ကြီးလာတော့ ရွတ်ဆိုရုံတင် မဟုတ်တော့ဘဲ စိတ်ကူးလေးတွေပါ ယဉ်ခဲ့ဖူးတယ်။ ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ လယ်ကွင်းထဲ လျှောက်သွားပြီး လယ်စောင့်တဲ ဆိုတာကို ကြည့်ခဲ့တယ်။ အဲဒီတုန်းကတော့ လယ်စောင့်တဲလေး ခြေတံရှည် ဆိုတာ ဟုတ်တယ်။ မိုးကုတ်စက်ဝိုင်း အောက်မှာ ရှိနေသလို မြင်ရတာလည်း မှန်တယ်။ သူ့ဘေးပတ်ဝန်းကျင် တစ်မျှော်တစ်ခေါ်၊ ကိုယ့်မျက်စိ အမြင်စွမ်းအား တစ်ဆုံးကြည့်နေပေမယ့် ဟာလာဟင်းလင်း ကွင်းပြင်ကျယ်ကြီးသာ မြင်ရတယ်။ အဲဒီအချိန်မှာ မိုးကုတ် စက်ဝိုင်းရယ်၊ ခြေတံရှည်တဲလေးရယ်၊ ရေတွေရယ်၊ လယ်တွေရယ်၊ အပင်တွေရယ်၊ ဗျိုင်းတွေရယ်ပဲ လောကကြီးမှာ ရှိတယ်လို့ ထင်ရတယ်။

မိုးတွင်း မိုးအခါအကြောင်း လူတွေနဲ့ သဘာ၀၀န်းကျင်အကြောင်း ဖွဲ့ဆိုခဲ့ကြတဲ့ ကဗျာ၊ လင်္ကာ၊ သီချင်း စာသားတွေမှာတော့ အခုလက်ရှိ မြန်မာ့ရှု့ခင်းဖြစ်တဲ့ ရပ်ကွက်၊ မြို့ရွာ ရေကြီးရေမြုပ်၊ ရေလျှံ၊ ရေမျောတာတွေတော့ မပါတာများတယ်။ မဖွဲ့ဆို၊ မသီကုံးခဲ့ကြတာလား၊ ဖွဲ့ဆို သီကုံးဖို့ မြင်ကွင်းတွေ မရှိ၊ မမြင်၊ မတွေ့၊ မကြုံခဲ့ရလို့လားတော့ မသိပါ။ ကျွန်တော်တို့ ငယ်ငယ် ကလေးဘဝမှာတော့ ရပ်ကွက်မြို့ရွာ ရေကြီးရေမြုပ်တဲ့အကြောင်း သရုပ်ဖော်ကဗျာ၊ သီချင်းတွေ မဆိုခဲ့၊ မကျူးခဲ့မိပါဘူး၊ အခုခေတ်ကာလလို မိုးတွင်းရောက်မှာ စိုးရိမ်၊ ရေကြီးရေလျှံမှာ ပူပန်၊ ရေမျောရေမြုပ်မှာ ကြောက်ရွံ့တဲ့ အတွေးတွေ၊ သောကတွေ တစ်ခါမှ မဖြစ်ခဲ့တာတော့ အမှန်ပါ။ မိုးရွာရင် ပျော်မယ်ပါးမယ်၊ ဆော့မယ်၊ ပျော်စရာ ကောင်းတယ် ဆိုတာမျိုးနဲ့ပဲ ဘဝတွေ ကျော်ဖြတ်ခဲ့တာပါ။

အခုခေတ်ရောက်တော့ မိုးကျ၊ မိုးရွာတာကိုပဲ စိုးရိမ်သောက ပွားနေရတယ်။ ချစ်စရာအတွေးနဲ့ ခံစားဖို့၊ စိတ်ကူးယဉ်ဖို့ဆိုတာ မဖြစ်နိုင်။ ပုံပြင်ပမာလို ဖြစ်လာတယ်။ မိုးရသတွေ ပျောက်ဆုံးသွားတယ်။ မိုးကြီး ရွာတယ်ဆိုရင်ပဲ စိုးရိမ်သောကစိတ်က အလိုလို ပေါ်လာတယ်၊ ဝင်လာတယ်၊ မိုးတွင်းဆို ထွက်လာတဲ့ မှိုပွင့်နဲ့ မျှစ်တက်တွေလိုပဲ။ မိုးရေများများ ရလာလေ မှိုနဲ့မျှစ်က လှိုင်လာလေ၊ မြန်မာတို့ ရဲ့ရင်ထဲမှာလဲ စိုးရိမ်ကြောက်ရွံ့စိတ်က ပိုလာလေ ဖြစ်လာတယ်။ ဒါကြောင့်လားတော့ မသိဘူး မိုးရာသီကို တင်စားဖွဲ့သီ ခံစားတဲ့ ကဗျာ၊ လင်္ကာ၊ သီချင်းတွေဟာ အသစ်တွေ ထွက်မလာတော့ဘဲ အဟောင်းတွေနဲ့သာ ယဉ်ပါးနေတာ ဖြစ်မယ်ထင်ပါတယ်။ ကဗျာ၊ လင်္ကာ၊ သီချင်း ဆိုတာ အနုပညာ အလှရသပေါ်မှ ခံစား ထင်ဟပ်တာမို့ ခံစားစရာ အနုပညာ အလှအပတွေ ပျောက်ကွယ်နေတာ၊ မရှိတာ၊ မမြင်ရတာကြောင့်လည်း ဖြစ်မယ်ထင်တယ်။ “မိုးရေတက်ရေ တဖွေးဖွေး ကွင်းကျယ်အဝေးဝေး” နေရာမှာ စာသားအသစ်တွေ ပြောင်းထည့်မှ ရွှေမိုးနဲ့ ချစ်တင်းနှောရာမှာလည်း ဆီလျော် အပ်စပ်တာတွေ ပြောင်းပေးရမှာ ဆိုတော့လည်း အနုပညာရသမြောက်မှာ လှမှာ မဟုတ်တဲ့အတွက် မရေးစပ်၊ မသီကုံး၊ မခံစားဖြစ်ကြတာ ဖြစ်မယ် ထင်မိတယ်။

ရေမြင့် ကြာတင့်ဆိုတာ ကျွန်တော်တို့တွေ အားလုံးသိကြတယ်။ သုံးနှုန်းကြတယ်၊ ရေနဲ့ကြာဆိုတာ တွဲစပ်မြင်ရဖို့ မလွယ်တော့တဲ့ မြို့ပြဝန်းကျင်မှာတော့ ရေမြင့်ကြာတင့် မဟုတ်တော့ပါဘူး။ မဆီလျော် မအပ်စပ်တော့ပါဘူး။ မြို့ရွာ ရပ်ကွက်တွေမှာ ရေမြင့်လို့ ရေနဲ့ အပြိုင် တင့်လာတာက လမ်းတွေ၊ အိမ်ကြမ်းခင်းတွေပါပဲ။ ရေစီးရေလာ မကောင်း၊ မြောင်းတွေ၊ ချောင်းတွေက မချောမွေ့၊ မပီပြင်တော့တဲ့ အခါကြတော့ ရေတွေက ရပ်ကွက်ထဲ၊ လမ်းထဲ၊ အိမ်ထဲမှာ မြင်လာတယ်။ တွယ်ကပ်လာတယ်။ အဲဒီတော့ လမ်းသွားလို့ရအောင် လမ်းတွေကို မြှင့်ခင်းရတယ်၊ ထပ်ဖို့ရတယ်။ လမ်းတွေ မြင့်လာတော့ လမ်းပေါ် က လက်မခံ၊ နှင်ထုတ်လိုက်တဲ့ရေက မြောင်းတွေထဲအစား အိမ်တွေထဲ ဝင်လာတယ်။ အခုခေတ်မှာ လမ်းနဲ့အိမ်ဆိုတာ တစ်ဆက်တစ်စပ်တည်းလို ဖြစ်တယ်။ လမ်းပေါ်မှာ ပျော်မွေ့လို့ မရတော့တဲ့ ရေက အိမ်ထဲ ဝင်ပျော်မွေ့လာတယ်။ အဲဒီတော့ အိမ်ထဲ ရေမဝင်အောင် အိမ်ကြမ်းခင်းတွေကို မြှင့်ကြ၊ ထပ်ဖို့ကြတယ်။ ဒါကြောင့် ရေမြင့်ကြာတင့်က မြို့ရွာယဉ်ကျေးမှုကို ကိုယ်စားမပြုနိုင်တော့ဘဲ သူ့နေရာမှာ ရေမြင့်လမ်းတင့်၊ အိမ်တင့်ဆိုတာက အစားထိုး ဝင်လာတာ တွေ့ရတယ်။

ဟိုတုန်းကဆိုရင် ဝါတွင်းသုံးလ (အခါကြီးရက်ကြီး) မှာ ဒါန၊ သီလ၊ ဘာဝနာ ပွားဖို့ မြန်မာတွေ အားခဲထားလေ့ ရှိကြတယ်။ ကောင်းမှု ကုသိုလ်တွေကို လုပ်မယ် တကဲကဲနဲ့ တက်ကြွနေတတ်တယ်။ စီစဉ်ထားလေ့ ရှိတယ်။ ယုတ်စွအဆုံး သောက်တတ် စားတတ်တဲ့ အကျင့်ရှိသူတွေတောင်မှပဲ ဝါတွင်းရောက်ရင် မကောင်းမှု မလုပ်တော့ဘူး။ မကောင်းတာ မသောက်တော့ဘူး။ ငါးပါးသီလ၊ ရှစ်ပါးသီလ မစောင့်နိုင်၊ မအောင့်နိုင်တောင်မှ တစ်ပါးသီလတော့ စောင့်မယ်၊ အောင့်မယ်။ ဘုရားကို လှူမယ်။ လပြည့် လကွယ်နေ့များမှာ ဥပုသ်သီလ ဆောက်တည်မယ်။ သံဃာတွေ ဆိုရင်လည်း ဝါတွင်းသုံးလ ဝါဆိုမယ်၊ ဝါကပ်မယ်၊ သာသနာအရေး၊ ဒကာ၊ ဒကာမအရေး၊ ရပ်ရေးရွာရေး၊ လူ့အရေးကိစ္စတွေကို နားပြီး ဘာဝနာပွားမယ်။ သီလမြင့်မယ်၊ သမာဓိတင့်မယ်ဆိုတဲ့ အတွေးနဲ့ ရည်ရွယ်ချက်တွေ ကိုယ်စီ ထားခဲ့ကြ၊ ရှိခဲ့ကြတယ်။ မိုးတွင်းကာလ မိုးအေးအေးမှာ တိတ်ဆိတ် ငြိမ်သက်အေးချမ်းလှတဲ့ ကျောင်းဝင်းထဲမှာ ဆရာ၊ ဒကာတွေ သီလ၊ သမာဓိ၊ ပညာခန်းတွေ ဟောပြောပို့ချ၊ ဆွေးနွေးကြတဲ့ ပုံရိပ်တွေက ကြီးစိုးနေတတ်တယ်။

ပစ္စက္ခကာလ မိုးတွင်းကတော့ စောစောကပြောတဲ့ ရှုခင်း၊ ရှုကွက်တွေ မပီပြင် ဝိုးတဝါး ဖြစ်နေကြတယ်။ သူတို့နေရာမှာ ဆန့်ကျင်ဘက် အရာတွေ၊ အနှောင့်အယှက်တွေကို မြင်နေရတယ်။ လွှမ်းမိုးကြီးစိုးနေတယ်လို့ ထင်တယ်။ ဝါမဝင်ခင်လေးမှာပဲ အနီးကပ် ကြိုဆိုလိုက်တဲ့ ဘာသာ သာသနာနဲ့ သံဃာအရေးကိစ္စ ပေါ်လာတယ်။ သံဃာတွေဆီက တုံ့ပြန်သံတွေ ကြားရတယ်။ လူပုဂ္ဂိုလ် (ဒကာ) တွေရဲ့ မကျေမနပ်သံတွေ၊ ဝေဖန်သံတွေ၊ ပေါက်ကွဲသံတွေ၊ ဒေါသသံတွေနဲ့ ဆူညံပွက်လော ရိုက်သွားတယ်။ ဝါဆို ဝါကပ်တော်မူမယ့် ရဟန်းသံဃာတွေထဲမှာ ဘဝင်မကျတဲ့ စိတ်ခံစားမှုအခံတွေ ကိန်းအောင်းပြီး ဝါတွင်း ကာလကို သီလ၊ သမာဓိ၊ ပညာ၊ ဘာဝနာတွေ နဲ့ ပြည့်ပြည့်၀၀ စိတ်အေးလက်အေး ကျင့်ကြံ ပွားများနိုင်ပါ့မလားလို့ စိုးရိမ်မကင်း ဖြစ်မိတယ်။ ဆရာနဲ့အတူ ဒကာတွေမှာလည်း နှလုံးစိတ်ဝမ်း အေးချမ်းစွာ သမာဓိ တည်ကြည်စွာနဲ့ ဝါတွင်းကာလကို ကျော်ဖြတ်နိုင်ပါ့မလားလို့ စိတ်ပူမိတယ်။ အဲဒီလိုဖြစ်တဲ့ ပူပင်သောက ခံစားမှုတွေက မိုးနဲ့တော့ မဆိုင်ပါဘူး။ ဆရာ၊ ဒကာတွေနဲ့ပဲ ဆိုင်ပါတယ်။ ဒါပေမဲ့ တိုက်ဆိုင်လို့ ပြောဖြစ်တာပါ။

ဝါဆိုလပြည့် မတိုင်ခင်အထိ ရင်ထဲမှာ ကိန်းအောင်း သိုလှောင် ပျိုးထောင်ထားတဲ့ ဒါန၊ သီလ၊ ဘာဝနာနဲ့ ကုသိုလ်စိတ်တွေ၊ ပုဗ္ဗ၊ မုဉ္စ၊ ပရစေတနာဆိုတဲ့ စေတနာ စေတသိတ်တွေဟာ လပြည့်နေ့ကစတဲ့ ဝါတွင်းအစ နိဒါန်းမှာတင် မှေးမှိန် အားပျော့ ယိုင်နဲ့သွားစရာတွေနဲ့ ကြုံကြရတယ်။ ကျိုက်ထီးရိုးဘုရားမှာ ဝါဆိုသင်္ကန်းကပ်ဖို့ သွားတဲ့သူတွေမှာ နေမပွင့် မှိုင်းရီနေတာကြောင့် ဒါန၊ သီလ၊ ဘာဝနာတွေ ပြည့်ပြည့်၀၀ မလင်းလက်ခဲ့ရဘူးလို့ ပြောကြတယ်။ ပုဗ္ဗ၊ မုဉ္စ၊ စေတနာ ပြတ်သားပြီးတဲ့နောက် အပရစေတနာ ပွားပြီး ပြန်ခဲ့ကြတဲ့လမ်းမှာ ဝါဆိုမိုးနဲ့ ဝါဆိုရေကြောင်းခရီးလမ်း မဖြောင့်ဖြူး၊ မသာယာ၊ မချောမွေ့ ဖြစ်ရတယ်။ စိတ်အနှောင့်အယှက်နဲ့ အခက်အခဲ တွေ့ကြုံခဲ့ရတယ်။ ပရစေတနာတွေ ပွားဖို့ လစ်ဟင်းခဲ့ကြရတယ်လို့လည်း ညည်းတွားကြ၊ ရင်ဖွင့်လာကြတယ်။

လပြည့်ကျော်တဲ့ ရက်တွေမှာတော့ မြန်မာတွေ အားခဲ့မျှော်လင့်ထားတဲ့ မိုးတွင်းစာ (ဒါန၊ သီလ၊ဘာဝနာ) တွေအစား ဒုက္ခ၊ သောက၊ ဝေဒနာတွေက အစားထိုး ရောက်ရှိလာတာ တွေ့ရတယ်။ မြန်မာပြည် တော်တော်များများက ဒေသတွေမှာ ရေကြီးရေလျှံတဲ့ အနိဋ္ဌာရုံတွေက ထင်ရှားပီပြင်စွာ ထွက်ပေါ်လာတယ်။ အလုံးအရင်းနဲ့ အရှိန်ပြင်းစွာ စီးဆင်းလာတဲ့ ရေစီးကြောင်းနဲ့ ရေလှိုင်းတွေကြားမှာ လူတွေ၊ တိရစ္ဆာန်တွေ၊ အိမ်ကြီး အိမ်သေးတွေ၊ ကားတွေ၊ တံတားတွေ၊ လမ်းတွေ တိုက်စား မျောပါသွားတာ တွေ့ရ၊ မြင်ရ၊ ကြားလာရတယ်။ တချို့နေရာ ဒေသတွေဆိုရင် အစဉ်အလာမရှိ၊ မကြုံဖူးတဲ့ ရေကြီးရေလျှံ၊ ရေမြုပ်တာကို ခံရတယ်လို့ ဆိုတယ်။ အဲဒီနေရာဒေသ က လူ၊ ရဟန်း၊ တိရစ္ဆာန်တွေနဲ့ သက်မဲ့ပစ္စည်းတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းကြရတယ်။ ရွှေ့ရ၊ ပြောင်းရတယ်။ သူတို့တွေအတွက် စားရေးသောက်ရေး၊ နေရေး၊ ကျန်းမာရေး အကူအညီများစွာ လိုအပ်နေတယ်။

လတ်တလော မြင်တွေ့ရတဲ့ ရေကြီး၊ ရေမြုပ်၊ ရေမျောဒဏ် ခံစားရတာတွေကြောင့် လက်တွေ့ ကြုံရ၊ ဆုံရ၊ ခံစားရတဲ့ လူတွေခမျာမှာလည်း မိုးမကျ ဝါမဝင်ခင်က အားခဲ စုစည်းထားတဲ့ မိုးတွင်းစာ (ကောင်းမှုကုသိုလ်) တွေကိုပါ လက်လွတ် ဆုံးရှုံးခံလိုက်ရတယ်လို့ ဆိုနိုင်တယ်။ ဝါတွင်းမှာပြုဖို့၊ ကျင့်ဖို့၊ ဆောက်တည်ဖို့၊ ပွားများဖို့ ကြံစည်ထား၊ စုဆောင်းထားတဲ့ ဥစ္စာဓနတွေ၊ စေတနာတွေ၊ ကုသိုလ်တွေကို မရနိုင်တော့လို့ စိတ်မကောင်းစရာပါ။ ရေကြီး ရေလျှံ၊ ရေမြုပ်တာကို ဓာတ်ပုံသတင်းတွေကနေ သိရုံမြင်ရုံလောက်နဲ့ သူ့ရဲ့ ဒုက္ခ၊ ဝေဒနာ အတိုင်းအဆကို အပြည့်အ၀ မသိနိုင်ပါဘူး။ လက်တွေ့ တကယ်ခံစားရမှသာ သိနိုင်ပါတယ်။ သို့မှသာပဲ ကိုယ်ချင်းစာတရား၊ ကရုဏာတရား၊ စေတနာအားတွေ ပေါ်ထွက်လာနိုင်ပါတယ်။

ရေဘေးဒုက္ခဟာ အလွန်ဆိုးရွားပါတယ်။ ကျွန်တော်လည်း တစ်သက်မှာ တစ်ခါ ကြုံဖူးပေမယ့် ဘယ်တော့မှ မေ့နိုင်စရာ မဟုတ်တဲ့အသိနဲ့ ဆင်ခြင်မှုတွေ ရခဲ့ပါတယ်။ ဟိုအရင်ခေတ် နဝတအစိုးရ လက်ထက်မှာ ဟင်္သာတနယ်တစ်ဝိုက် ရေဘေးကြုံခဲ့တယ်။ ဟင်္သာတ တာကျိုးလို့ အဲဒီနယ်တစ်ဝိုက်က ကျုံပျော်၊ လေးမျက်နှာ၊ အိုင်သပြု စတဲ့နယ်တွေမှာ ရေတွေ အလုံးအရင်းနဲ့ ဝင်လာပြီး အိမ်တွေ အလုံးလိုက်မျောပါသွားတယ်။ လူတွေ၊ ကျွဲ၊ နွား၊ ဝက်၊ ကြက်စတဲ့ တိရစ္ဆာန်တွေလည်း ပါသွားတယ်။ အမြန်ရှောင်တိမ်းနိုင်တဲ့ လူနဲ့ တိရစ္ဆာန်တွေ လွတ်ကြတယ်။ အဲဒီတုန်းက ဝန်ထမ်းလုပ်တဲ့ အချိန်မို့ ရေဘေး ကယ်ဆယ်ရေးအဖွဲ့နဲ့ သွားခဲ့ဖူးတယ်။ ကယ်ဆယ်ရေးအဖွဲ့လို့ တာဝန်ပေး စေလွှတ်လိုက်ပေမယ့် ကယ်ဆယ်ရေးပစ္စည်းက ဆေးပစ္စည်း အနည်းငယ်၊ ကျောပိုးအိတ် တစ်လုံးနဲ့ ရေမလုံတဲ့ မိုးကာတစ်ထည်ပဲ ပါပါတယ်။ ကိုယ်တာဝန်ကျရာဘက်ကို လှေကြုံနဲ့လိုက်ပြီး ရောက်တဲ့အရပ်မှာ ဖြစ်သလိုနေ၊ ကြုံသလိုစား (အဆင်ပြေရင်)၊ ရောက်တဲ့နေရာ အိပ်ပြီး တိရစ္ဆာန်တွေကို ကူညီကယ်ဆယ်ခဲ့ရတယ်။ ကမ်းမမြင် လမ်းမမြင်၊ ဆုံးစမထင်တဲ့ ရေဖွေးဖွေး၊ ကွင်းပြင် အဝေးဝေးကို အဲဒီမှာ လက်တွေ့ဖြစ်ခဲ့ဖူးတယ်။ ရေစီးသန်တဲ့ ရေစီးမြောင်းမှာ အိမ်သေး၊ အိမ်ကြီး၊ ခွေးတိရစ္ဆာန် စတာတွေ မျောပါသွားတာကို မျက်ဝါးထင်ထင်မြင်ပြီး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ မြင်သာမြင် မကယ်နိုင်တဲ့ဘဝမို့ ကိုယ့် ကိုယ်ကိုယ်လည်း အားမလို အားမရ ဖြစ်ခဲ့ဖူးတယ်။ ကိုယ်က သူတို့ကို ကူညီကယ်ဆယ်ဖို့ သွားတာမှာ သူတို့က ကိုယ့်ကို ပြန်ကူညီ စောင့်ရှောက်တာ ခံခဲ့ရတယ်။ သူတို့တွေ မရှိမဲ့ရှိမဲ့ ကျန်တာလေးတွေ ရှာလို့ ရတာလေးတွေနဲ့ ချက်ပြုတ်ကျွေးတဲ့ ထမင်းဟင်းတွေ စားပြီး ပြန်ခဲ့ရတယ်။ အခုလို ရေဘေးဒုက္ခ ခံစားရတဲ့အခါ ရှင်သန်ရေးသာ ခက်ခဲတာ မဟုတ်ဘဲ သေရေးပါ အဆင်မပြေတာလည်း လက်တွေ့မို့ တုန်လှုပ်ခံစားခဲ့ဖူးပါတယ်။

ကျေးလက်တောရွာမှာ နေထိုင်တဲ့ သူတွေက ရေဘေးဒုက္ခကို အများဆုံး ရင်ဆိုင် ခံစားရပါတယ်။ မြို့နေလူထုဆိုတာ ခံစားရပေမယ့် ခေတ္တခဏသာဖြစ်ပြီး ဆိုးကျိုးနဲ့ ပျက်စီး ဆုံးရှုံးရတာကလည်း သူတို့လောက် မဆိုသာလောက်ဘူးလို့ ထင်ပါတယ်။ ကျေးလက်တောရွာမှာ နေသူတို့က မိုးတွင်းမိုးအခါ လိုအပ်တဲ့ စားနပ်ရိက္ခာကအစ အသုံးအဆောင် ပစ္စည်းတွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် လိုအပ်တာတွေကို ရည်ရွယ်ပြီး ကြိုတင် စုဆောင်းထားတာတွေ ဆုံးရှုံး ပျက်ဆီးရတဲ့အတွက် ဒုက္ခဆိုးကျိုးတွေ ပိုကြီးပါတယ်။ သူတို့ရဲ့ မိုးတွင်းစာတွေက စီးဆင်းသွားတဲ့ရေနဲ့အတူ မျောပါ ပျက်စီးသွားရတယ်၊ လျှံလာတဲ့ ရေတွေအောက်မှာ ဆုံးရှုံးခံလိုက်ရတယ်။ သူတို့ရဲ့ မိုးတွင်းစာ အိပ်မက်တွေလည်း ကယောက်ကယက် ဖြစ်သွားကြတာမို့ စိတ်မကောင်းစရာ အလွန်ကောင်းပါတယ်။

ဆောင်းပါး ခေါင်းစဉ်ဖြစ်တဲ့ “မိုးတွင်းစာ”က ပုံရိပ်များစွာကို ထင်ဟပ်စေပါတယ်။ မိုးတွင်းမှာ ရေးတဲ့ စာမို့ မိုးတွင်းစာ ဖြစ်ပါတယ်။ မြန်မာ တစ်နံတစ်လျားမှာ ကြုံတွေ့နေရတဲ့ မိုးဒဏ် ရေဒဏ်ကြောင့် လိုအပ်လာတဲ့ မိုးတွင်းစာနဲ့ ပျက်စီးပျောက်ကွယ် ဆုံးရှုံးခံလိုက်ရတဲ့ အရာများစွာကို ကိုယ်စားပြုပါတယ်။ ရှေးလူကြီးသူမတွေတိုင်းက မိုးတွင်းစာကို ပြောလေ့ရှိပါတယ်။ အမေတို့ အဘွားတို့လည်း ပြောတာမှတ်မိပါတယ်။ သြင်္ကန်ကျပြီး မိုးသံလေသံကြားရပြီ ဆိုတာနဲ့ သူတို့ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ စကားလည်း ဖြစ်ပါတယ်။ မိုးရောက်တော့မယ်၊ မိုးတွင်းစားဖို့ စုဆောင်းရမယ်။ တစ်မိုးတွင်းစာ လိုတဲ့ ဆန်၊ ငါးပိ၊ ငါးခြောက်၊ ပဲ စတာတွေကို စုကြဆောင်းကြကြတယ်။ အဲဒီတုန်းက မိုးတွင်းစာကို စုဆောင်းကြတာဟာ မိုးတွင်းအခါ သွားရေးလာရေး အဆင်မပြေလို့ ကုန်ဈေးနှုန်း တက်တာ၊ ရှားပါးတာကြောင့် ပါသလို မိုးတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းက အဆင်မပြေ ဝင်ငွေ မကောင်းတဲ့အခါ ခုမိကာမိအောင် ကြိုတင်ပြင်ဆင်တဲ့ သဘောလို့ ထင်ပါတယ်။ အခုခေတ်လိုမျိုး ရေတွေကြီး၊ ရေတွေမြုပ်မယ် ဆိုရင်တော့ သူတို့ စုဆောင်းထားတာတွေလည်း ရေထဲ မျောပါသွားမှာပါ။ အခုလို မိုးတွင်းအခါ ကြုံရတာမျိုးနဲ့ ဆိုရင်တော့ မြန်မာတို့အတွက် မိုးတွင်းစာက အလွန်ကျယ်ပြန့် နက်ရှိုင်းလာမယ်၊ အရေးကြီးလာတော့မယ်လို့ ထင်ပါတယ်။ လောလောဆယ်မှာလည်း မြန်မာတို့ မျှော်လင့်ခံစားချင်ကြတဲ့ မိုးတွင်းစာ (ကုသိုလ်နဲ့ အနုပညာ အလှရသ) တွေကတော့ မပီဝိုးတဝါး ရှိနေကြတုန်းပါ။

Most Read

Most Recent