<

ပြည်သူကို မျက်နှာမူ၍ ရှစ်လေးလုံးမှာ ဆွေးနွေးကြ

၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံ (၂၉) နှစ်မြောက် အခမ်းအနားကို ၂၀၁၇ ခုနှစ် သြဂုတ် ၈ ရက် နံနက် ၈ နာရီ ၊ ၈ စက္ကန့်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့၌ ပြုလုပ်ခဲ့စဉ်။(ဓာတ်ပုံ – ကြည်နိုင်)

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံသမိုင်းသည် ပြည်သူ့သမိုင်း၊ ပြည်သူ့လှိုင်းပင် ဖြစ်သည်။ ဒီမိုကရေစီ ခရီးရှည်က အခုမှ အစနိဒါန်းသာ ရှိနေသေးသည်။ ခရီးက မှန်းထားသည်ထက် ရှည်ကောင်းရှည်နိုင်ပြီး မှန်းဆထားသည်ထက် ကြမ်းကောင်း ကြမ်းဦးမည် ဖြစ်သည်။ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီ စသည့် ဒီမိုကရေစီ အင်စတီကျူးရှင်းများ အားကောင်းမောင်းသန်မှသာ ပိုခရီးတွင်၊ ပိုခရီးပေါက်မည်မှာ ဧကန်မုချ ဖြစ်သည်။ ရှစ်လေးလုံး အရေးတော်ပုံ နှစ် ၃၀ ပြည့်တွင် ပြည်သူကို မျက်နှာမူလျက် ကျောသားရင်သား မခွဲမခြား ဆွေးနွေး အမြင်ဖလှယ်နိုင်မည်ဆိုလျှင် ခရီးပိုတွင်ဖို့ ကျားကန်ပေးနိုင်ဖွယ် ရှိသည်။

၂၀၁၈ ခုနှစ် သြဂုတ် ၈ ရက်တွင် ရှစ်လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံကြီးသည် နှစ် (၃၀) ပြည့်ပြီ ဖြစ်သည်။ ရှစ်လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံကြီးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတွင် ဗျူဟာမြောက် အရေးပါသော သမိုင်းမှတ်တိုင်ကြီး ဖြစ်သည်။ ရှစ်လေးလုံး လူထု ဒီမိုကရေစီ အရေးတော်ပုံကြီး မတိုင်မီ ၁၉၈၈ ခုနှစ် မတ်လနှင့် ဇွန်လ ကျောင်းသားလှုပ်ရှားမှုများ၊ ၁၉၆၂ ခုနှစ် ဆဲဗင်းဇူလိုင် အရေးတော်ပုံကြီးမှ အစပြုခဲ့သည့် ၁၉၆၉ ခုနှစ်၊ ၁၉၇၄ ခုနှစ်၊ ၁၉၇၅ ခုနှစ် ကျောင်းသားလှုပ်ရှားမှုများနှင့် ၁၉၈၀ ပြည့်နှစ်အလွန် တက္ကသိုလ် ပရ၀ဏ်များအတွင်းက တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဖြစ်ပေါ်ခဲ့သော တစ်ပါတီ အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများသည် ၁၉၈၈ ခုနှစ် အပြောင်းအလဲကို အင်နှင့်အားနှင့် ပြိုင်တူတွန်းခဲ့သည်မှာ အထင်အရှားပင် ဖြစ်သည်။

ရှစ်လေးလုံး လူထု ဒီမိုကရေစီ အရေးတော်ပုံကြီး နှစ် (၃၀) ပြည့် အခမ်းအနားကို နိုင်ငံရေး အနှစ်သာရရှိရှိ ကျင်းပနိုင်ရန် စိုင်းပြင်းလျက်ရှိပြီး လတ်တလော မြန်မာ့နိုင်ငံရေး အကျပ်အတည်းများနှင့် ဆက်စပ်၍ အားသာချက်များ၊ အားနည်းချက်များ၊ အကြံပြုချက်များကို စုစည်းလျက် စာတမ်းတစ်ရပ် ထုတ်ပြန်နိုင်ရေးကိုလည်း ဦးတည်ပြင်ဆင်လျက် ရှိသည်။ သို့ဖြစ်၍ ရှစ်လေးလုံး လူထု ဒီမိုကရေစီ အရေးတော်ပုံကြီး နှစ် (၃၀) ပြည့် အထိမ်းအမှတ် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပမည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားသည်ကို သတိပြုမိသည်။ နိုင်ငံရေး ဆွေးနွေးပွဲများကို သြဂုတ် ၆ ရက်နှင့် သြဂုတ် ၇ ရက် နံနက်ပိုင်းတို့တွင် ကျင်းပမည်ဖြစ်ပြီး ဆွေးနွေးချက်များ၊ တွေ့ရှိချက်များကို စုစည်းပြီး သြဂုတ် ၈ ရက်တွင် အနှစ်ချုပ်လျက် တရားဝင် ထုတ်ပြန်နိုင်ဖွယ် ရှိနေသည်။

နိုင်ငံရေး ဆွေးနွေးပွဲ၏ အဓိက ခေါင်းစဉ်များကလည်း စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။ ဒီမိုကရေစီရေး နှစ် ၃၀ ခရီး၊ တိုင်းရင်းသားများ တန်းတူညီမျှရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု၊ မြန်မာ့နိုင်ငံရေးနှင့် စစ်အာဏာရှင်စနစ် ဆိုသည့် အဓိက ခေါင်းစဉ်များကို ဆွေးနွေး၊ အမြင်ဖလှယ်ကြမည် ဖြစ်သည်။ အဆိုပါ အဓိက ခေါင်းစဉ်များကို ထိထိမိမိ၊ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး၊ အမြင်သဘောထား ဖလှယ်နိုင်ရေးကို အချိန်တိုအတွင်း လက်စသတ်နိုင်ပါ့မလား ဟုလည်း စိုးရိမ်မိသည်။ ဆွေးနွေးပွဲ ပြုလုပ်မည့် ပုံစံဒီဇိုင်းနှင့် အစီအစဉ်ကလည်း အက္ခရာကျမည် ဖြစ်သည်။ ခေါင်းစဉ်များသည် ကျယ်ဝန်းလွန်းသည့်အလျောက် အဓိက ဦးစားပေး ဆွေးနွေးမည့် အချက်များကို မျက်ခြည်မပြတ်ရန် အရေးကြီးမည် ဖြစ်သည်။

ဒီမိုကရေစီရေး နှစ် ၃၀ ခရီးဟု ဆိုလျှင် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထု ဒီမိုကရေစီ အရေးတော်ပုံကြီးအလွန် စစ်အာဏာသိမ်းမှု၊ ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၉၂ ခုနှစ်မှ ၂၀၀၇ ခုနှစ် အထိ ကျင်းပခဲ့သော အမျိုးသားညီလာခံ၊ ၂၀၀၈ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၊ ၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် အပစ်အခတ် ရပ်စဲရေး၊ ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအလွန် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဆိုင်ရာ အခင်းအကျင်းများ၊ ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရများ၊ လွှတ်တော်များ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) အထိ လွှမ်းခြုံ၊ အကျုံးဝင်နေသည်ကို မျက်ခြည် မပြတ်သင့်ပေ။

ပြန်လည် သုံးသပ်၊ ဆန်းစစ်ခြင်းသည် သော့ချက်ကျသည့် နည်းတူ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီ အုတ်မြစ် ခိုင်မာ အားကောင်းရေးနှင့် ပြည်သူလူထုအတွင်း ဒီမိုကရေစီ အသိအမြင်များ ဖြန့်ကြက်လာနိုင်ရေးတို့အတွက် ခေါင်းချင်းရိုက်၊ အမြင်ဖလှယ်၊ ဆွေးနွေး၊ ဆန်းစစ်နိုင်ရန် အရေးကြီးမည် ဖြစ်သည်။ လွန်ခဲ့သော နှစ် ၃၀ ခရီးနှင့် လက်ငင်းနိုင်ငံရေး အခင်းအကျင်းအပေါ် ကျောသားရင်သား မခွဲမခြား အရှိကို အရှိအတိုင်း မှန်မှန်ကန်ကန် ဆန်းစစ် သုံးသပ်နိုင်မှသာ လာမည့် ဒီမိုကရေစီရှေ့ခရီးနှင့် ပတ်သက်သည့် အကြံပြုချက်များ၊ သုံးသပ်ချက်များ၊ ဆွေးနွေးချက်များသည် အသက်ဝင်၊ လက်တွေ့ကျမည် ဖြစ်သည်။

တိုင်းရင်းသားများ တန်းတူညီမျှရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုဆိုသည့် ခေါင်းစဉ်ကလည်း လက်ငင်း မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွင် သော့ချက် စိန်ခေါ်မှုကြီး တစ်ရပ်ပင် ဖြစ်သည်။ တိုင်းရင်းသားများ တန်းတူညီမျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်တို့ သည် ယနေ့တိုင် အလှမ်းဝေးနေဆဲ ဖြစ်သည်။ အဆိုပါ ခေါင်းစဉ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အကျပ်အတည်းနှင့်လည်း သိသာမြင်သာ ဆက်စပ် ပတ်သက်နေသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်းကို ချဉ်းကပ် အဖြေရှာနိုင်မည့် သဘောတူညီချက်များ ရုပ်လုံး မပေါ်နိုင်သရွေ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးသည်လည်း လေထဲတွင် ဆောက်သည့် တိုက်အိမ်ဖြစ်နေလိမ့်ဦးမည်ဟု သုံးသပ်သံများ ကြားနေရသည်။ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာနှင့်လည်း ဗျူဟာမြောက် ဆက်စပ်နေသည့် ခေါင်းစဉ်ကြီးဟုလည်း ဆိုနိုင်မည် ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အင်စီအေ) တို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်း၊ ပြည်တွင်း ငြိမ်းချမ်းရေး စိန်ခေါ်ချက်နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဗျူဟာမြောက် ထွက်ပေါက် ဖြစ်နိုင်၊ မဖြစ်နိုင်နှင့် စပ်လျဉ်း၍ ဘက်ပေါင်းစုံမှ ချဉ်းကပ်၊ ဆန်းစစ်၊ သုံးသပ်နိုင်ရန် လိုအပ်မည် ဖြစ်သည်။ ပိုမိုကောင်းမွန်၊ ပိုမိုလျော်ကန် သင့်မြတ်သည့် နည်းနာ၊ ဗျူဟာ၊ ချဉ်းကပ်မှုများကို ၀ိုင်းဝန်းဆွေးနွေး၊ ဆန်းစစ်၊ အဖြေထုတ်နိုင်ရန်လည်း အရေးကြီးမည် ဖြစ်သည်။ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုအရေး ဦးတည်သည့် အဆုံးအဖြတ်ပေးနိုင်မည့် ခေါင်းဆောင်များအကြား ထိပ်သီးနိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် အလွန်အမင်း လိုအပ်လျက်ရှိကြောင်း မဖြစ်မနေ ထုတ်ဖော်၊ တိုက်တွန်းသင့်သည်ဟု သုံးသပ်မိသည်။

မြန်မာ့နိုင်ငံရေးနှင့် စစ်အာဏာရှင်စနစ် ဆိုသည့် ခေါင်းစဉ်ကလည်း သားစဉ်မြေးဆက် ရေရှည် သတိကြီးကြီးထားရမည့် စိန်ခေါ်ချက်ကြီးပင် ဖြစ်သည်။ စစ်အာဏာရှင်စနစ်သည် လွတ်လပ်ပြီးခေတ် မြန်မာ့နိုင်ငံရေးတွင် မည်သို့မည်ပုံ ခြေကုပ်ယူလာသည်ကို ကျယ်ကျယ် ပြန့်ပြန့် ဆန်းစစ် လေ့လာနိုင်လေလေ ရှေ့လုပ်ငန်းစဉ်များ၊ အစီအစဉ်များကို ဦးနှောက်စားရာတွင် ပိုမိုထိရောက် အလုပ်ဖြစ်လေ ဖြစ်သည်။ တပ်မတော်နှင့် မြန်မာ့နိုင်ငံရေးကို ပညာရှင်ဆန်ဆန် ချဉ်းကပ်လေ့လာ သုံးသပ်နိုင်မည် ဆိုလျှင် ရှေ့ခရီး၏ စိန်ခေါ်ချက်များ၊ ပြဿနာများကို ချဉ်းကပ် အဖြေရှာရာတွင် အတိုင်းအတာ တစ်ခုအထိ အကျိုးပြုနိုင်လိမ့်မည်ဟု ဆင်ခြင်မိသည်။ အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးကိုလည်း တစ်ပါတည်း မျက်ခြည်မပြတ်ဖို့ သော့ချက်ကျကြောင်း တိုက်တွန်း ဆော်သြလိုပါသည်။

ဒီမိုကရေစီ အခြေခံအုတ်မြစ်သည် ခိုင်မာအားကောင်းမှသာ စစ်အာဏာရှင်စနစ် အပါအ၀င် အာဏာရှင်စနစ်များ၊ အာဏာရှင် ဆန်ဆန် နိုင်ငံရေးပုံစံများကို တားဆီးနိုင်မည် ဖြစ်သည်။ ဒီမိုကရေစီ အင်စတီကျူးရှင်းများ ဖြစ်သည့် နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် လူမှုကွန်ရက် စာမျက်နှာများ အားကောင်းမောင်းသန်မှသာ ဒီမိုကရေစီစနစ် ခိုင်မာပြီး အာဏာရှင်စနစ်ဆီ ဦးတည်မည့် ခြေလှမ်းများကို တားဆီး ကာကွယ်နိုင်မည် ဖြစ်သည်။ အင်စတီကျူးရှင်းထက် လူပုဂ္ဂိုလ်အပေါ် အခြေပြုလွန်း၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုများ လွန်းမည်ဆိုလျှင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် အပြောသက်သက်၊ ရုပ်ပြသက်သက်၊ စာခြောက်ရုပ် သက်သက် ဖြစ်လိမ့်မည်ကို အလေးအနက် စဉ်းစားသင့်သည်။

အချုပ်အားဖြင့် ဆိုရသော် နှစ် (၃၀) ပြည့် ရှစ်လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံကြီးကာလ ပြောစရာများ၊ ဆွေးနွေးစရာများ၊ အမြင်ဖလှယ်စရာများက တနင့်တပိုးကြီး ကျန်နေဆဲ ဖြစ်သည်။ ဒီမိုကရေစီ ခရီးရှည်တစ်လျှောက် ဆန်ရင်းနာနာဖွပ်ထုံး နှလုံးမူလျက် ဆွေးနွေးကြ၊ အမြင်ဖလှယ်ကြ၊ အကြံပေးကြရဦးမည် ဖြစ်သည်။ အစိုးရများ၊ လွှတ်တော်များနှင့် အာဏာရပါတီတို့နှင့် ပတ်သက်၍ ပိုမိုထိန်းကျောင်း၊ ပိုမိုအကြံပြု တိုက်တွန်းနိုင်မည်ဆိုပါက ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒနှင့် ပြည်သူကို မျက်နှာမူရာ ရောက်မည် ဖြစ်ပါကြောင်းနှင့် ပြောသင့်ပြောထိုက်၊ အကြံပြု တိုက်တွန်းသင့်၊ တိုက်တွန်းထိုက်သည်များကို မျက်ကွယ်ပြုလျက် နှုတ်ဆိတ်နေမည်၊ တုဏှိဘာဝေနေနေမည်ဆိုလျှင် ရေနစ်သူ ၀ါးကူထိုးရာ ရောက်နိုင်သည်ကို ပညာရှိထုံး နှလုံးမူလျက် ဆင်ခြင်သင့်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။

August 2, 2018














Copy Protected by Chetan's WP-Copyprotect.