ဧရာဝတီကို အန်တုရင်ဆိုင်နေထိုင်ကြသူများ . . .

ဧရာဝတီကို အန်တုရင်ဆိုင်နေထိုင်ကြသူများ . . .
Published 30 July 2018

မြစ်ရေမဝင်မီ ကြိုတင်ဆောက်လုပ်ထားကြသည့် စစ်ကိုင်း-မန္တလေးလမ်း တံတားဖြူတံတားအကျော်ရှိ တဲအိမ်များကို တွေ့ရစဉ်

မြစ်ရေတက်ချိန်ဆိုရင် မော်တော်ယာဉ်ပေါင်းစုံရဲ့ စက်သံနဲ့ ယာဉ်တွေရဲ့ အမြန်မောင်းနှင်မှုတွေကြောင့် နေ့စဉ်နှင့်အမျှ စိုးရိမ်သောကတွေနဲ့ နေထိုင်နေရသူတွေ ရှိပါတယ်။

စစ်ကိုင်း - မန္တလေးလမ်း၊ တံတားဖြူတံတားကျော် ကတ္တရာလမ်းဘေးတွင် မျှောတိုင်၊ ဝါးတွေဖြင့် ထရံ၊ သွပ်၊ မိုးကာ၊ ကြော်ငြာဗီနိုင်း အစရှိသည်တွေနှင့် ရာသီဥတုဒဏ်ကို ခံနိုင်အောင် အဖြစ်ဆောက်လုပ်ထားကြသည့် တဲအိမ်ကလေးတွေတို့သည် မြစ်ရေမဝင်ခင် ကတည်းက ကြိုတင်တန်းစီ ဆောက်လုပ်ထားကြပြီး မြစ်ရေဝင်ရောက် လာသည်နှင့်အတူ ထိုနေရာသို့ ပြောင်းရွှေ့နေထိုင်ကြပါတယ်။

ဝါဆိုဝါခေါင် ရေဖောင်ဖောင် ဆိုသည်နှင့်အညီ မြစ်၊ ချောင်း၊ အင်းအိုင်များ ရေပြည့် ရေလျှံသည့် လဖြစ်သောကြောင့် နှစ်စဉ် ဝါဆိုလရာသီ ဆိုရင်ဖြင့် မြစ်ရေတွေ ဝင်ရောက်မှုကြောင့် ရေဘေးရှောင်သူများသည် လမ်းဘေးဝဲယာနှင့် လမ်းလယ်ကျွန်းများတွင် တဲထိုးနေထိုင်ရခြင်း ဖြစ်ပါတယ်။

လူတစ်ဦး၏ တစ်နေ့တာအဖြစ် မဖြစ်မနေ လုပ်ဆောင်ရသည့် အလုပ်များဖြစ်တဲ့ သွားတိုက်၊ မျက်နှာသစ်၊ ရေချိုး၊ ဝမ်းရေးအတွက် ထမင်းချက်ပြုတ်စားသောက်၊ အိပ်စက်ခြင်းတွေအပြင် အပေါ့အလေးစွန့်ခြင်း စသည်တို့ကို ထိုနေရာမှာပင် အဆင်ပြေသလို လုပ်ဆောင်ကြရပါတယ်။ နေရပ်တွင် လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်အစရှိသည့် ဆိုင်ဖွင့်သူများကလည်း ယခုရေဘေးရှောင်သည့် နေရာတွင်လည်း ဆက်လက်လုပ်ကိုင် နေကြပါတယ်။

“ဒီနှစ်ရေဝင်တာက နည်းနည်းစောတယ်။ ခုနစ်လပိုင်း တစ်ရက်နေ့လောက်ကစပြီး ရေဝင်ခဲ့တာပါ။ ဒီပေါ်ရောက်တာ တစ်လလောက်ရှိပါပြီ။ နှစ်စဉ်ဒီအချိန်ပါပဲ။ ဒီပေါ်ရွှေ့ပြီးရင် သုံးလအမြဲတမ်းနေရတယ်။ အောက်ကမြေတွေ ခြောက်ပြီဆိုတော့မှပြန် ဆင်းရတာပါ။ ပြောင်းဖို့ရက်က အတိအကျ မသိရသေးပါဘူး။ ဝင်တဲ့မြစ်ရေကုန်ပြီး ရာသီ ဥတု အခြေအနေပေါ်မူတည်တာပါ။ မတိုး လောက်တော့ဘူးဆိုပြီးတော့ ပြန်ရွှေ့လိုက်တာက ပြန်တိုးလာရင် ပြန်ဆောက်ရတော့ နှစ်ခါပင် ပန်းတယ်။ ရေလုံးဝစိတ်ချရပြီ ဆိုမှ ပြန်ရွှေ့ကြတာပါ။ နှစ်တိုင်းပါပဲ။ ရေဘေး ရှောင်သူတွေကနေတဲ့ တဲကိုပါဖျက်ပြီး ဒီပေါ် လာ ဆောက်ကြတာပါ။ ကွက်သစ်သုံးဆိုရင် ကွင်းပြင်ကြီးသဘော ဖြစ်သွားတာပါ” ဆိုပြီး ရာအိမ်မှူးဖြစ်သူ ကိုမန်းထူးက ပြောပြပါတယ်။

ရေဘေးရှောင်သူများသည် ရွှေကြက်ယက်တိုက်နယ်၊ ရွှေလေးကွက်သစ် (၁) (၂) (၃) တို့မှ ဖြစ်ကြပြီး အိမ်ထောင်စု ၃၅၀ စုစု ပေါင်းလူဦးရေ ၁၂၀၀ ဝန်းကျင်ရှိကြောင်း ရာအိမ်မှူးထံမှ သိရပါတယ်။

ရေဘေးရှောင်သူများ ရေအသုံးပြုနိုင်ရန်အတွက် လက်လှုပ်အဝီစိဘုံပိုင်ရေတွင်းများရှိပြီး အဆိုပါ ရေတိုင်မှရေကို သောက်ရေအဖြစ်လည်း သုံးကြရပါတယ်။

“ရေအသုံးပြုတာက တက်လာတဲ့ရေကို မသုံးကြပါဘူး။ ရေသုံးဖို့အတွက် လမ်းလယ်မှာ ရေတိုင်ငါးတိုင်လောက် ရှိတယ်။ သောက်ရေ အတွက်ကလည်း ရေတိုင်ကပဲ သုံးကြတာပါ။ မနှစ်ကတော့ သောက်ဖို့အတွက် ရေတွေ လာဝေကြပါတယ်။ ဒီနှစ် အခုထိတော့ လာဝေတာ မရှိသေးပါဘူး။ ထမင်းထုပ်တွေ ဝေတာမရှိသေးပါဘူး” ဆိုပြီး ရာအိမ်မှူးက ဆက်ပြောပြပါတယ်။

အိမ်သာ အသုံးပြုခြင်းမှာလည်း  မိမိအိမ်သို့ ပြန်အသုံးပြုခြင်း ရှိသလို  အနီးနား တစ်ဝိုက်တွင်ရှိသည့် နေရာများတွင် ဖြေရှင်းကြခြင်းလည်း ရှိပါတယ်။

ရေဘေးရှောင်သူများထဲမှ အလုပ်လုပ်ကိုင်ကြသူများသည် အလုပ်ကြမ်းသမားများအဖြစ် အလုပ်လုပ်ကိုင်ကြသူများ ဖြစ်ကြပါတယ်။ မန္တလေးသို့ မနက်သွား ညပြန် အလုပ်လုပ်ကိုင် ကြရပါတယ်။ အလုပ်အကိုင်များအဖြစ် သံပန်းလုပ်ကိုင်ကြခြင်း၊ ကူလီထမ်းခြင်း၊ အမှိုက်ပလတ်စတစ်ဘူးခွံများ ကောက်ခြင်း စသည်ဖြင့် လုပ်ကိုင်ကြကြောင်း သိရပါတယ်။

အဆိုပါ ရေဘေးရှောင်သူများထဲမှ မိမိဝမ်းရေးအတွက် အမှိုက်ကောက်ခြင်း အလုပ်အဖြစ် လုပ်နေသည့် အသက် ၅၀ ကျော် ဒေါ် ပွားကလည်း လမ်းဘေးးမှာ ကြော်ငြာဗီနိုင်းစများဖြင့် ကာရံထားသည့် တဲအတွင်း နေထိုင်သူတစ်ဦး ဖြစ်ပါတယ်။ သူ့တဲအိမ်အတွင်းမှာ ကျောတစ်ခင်းစာ လှဲနိုင်ရန် အခင်းအဖြစ် ကြော်ငြာဗီနိုင်းစကိုလည်း ခင်းထားပါတယ်။ နှစ်ပေလောက်ရှိသည့် သံသေတ္တာတစ်လုံး၊ အပေါက်ဝကို အပြင်လူ မမြင်နိုင်အောင် စောင်တစ်ထည်ဖြင့် ကာရံထားပါတယ်။

“ကျွန်မတို့နေတာက ကွက်သစ်သုံးမှာ နေတာပါ။ ရေဝင်နေတော့ ဒီလမ်းဘေးမှာ နေရတာပါ။ ကျွန်မက အမှိုက်ကောက်စားတယ်။ မန္တလေးမြို့မှာ သွားကောက်တယ်။ ရွှေကြက်ယက်ကန်ဘေးမှာ ပစ်ထားတဲ့ အမှိုက်တွေကိုလည်း ကောက်ပါတယ်။ ကောက် ပြီးသားအမှိုက်တွေကို ဒီမှာပဲပြန်သွင်းကြတာပါ။ တစ်နေ့ကို ၁၅၀၀ နဲ့ ၂၀၀၀ ရပါတယ်။ နပ်မှန်အောင်တော့ စားရပါတယ်။ တစ်ရပ်ကွက်လုံး အမှိုက်ကောက်တဲ့ သူတွေချည်းပဲ။ လက်လုပ်လက်စား တွေချည်းပါပဲ” ဟု ဒေါ်ပွားက ဆိုပါတယ်။

နေ့ပိုင်းအချိန်တွင် နေမင်း၏ အလင်းရောင် ညပိုင်းတွင်မီးစက်မှ ထုတ်လွှတ်ပေးသည့် လျှပ်စစ်မီးကိုလည်း ညနေ ၆ နာရီမှ ည ၁၀ နာရီဝန်းကျင်ထိ ပေးထားသည့် မီးတစ်ပွင့်စာ တစ်နေ့ ကျပ် ၁၀၀ တန် လျှပ်စစ်မီးဖြင့် ဒေါ်ပွားက ညပိုင်းအလင်းရရှိရန် ယူထားတယ်လို့ ဆိုပါတယ်။

အရှိန်ဖြင့် မောင်းနှင်နေသည့် ယာဉ်များကို ကြည့်ပြီး ဒေါ်ပွားက တဲအိမ်ယာဉ်တိုက်ခံခဲ့ရခြင်းနှင့် ပတ်သက်ပြီး ၎င်းကြုံခဲ့မှုကိုလည်း “သမီးအိမ်ဆိုရင် ယာဉ်တိုက်ခံရတာကြောင့် ပြိုသွားဖူးတယ်။ သမီးအိမ်က အိုးခွက်တွေလည်း အကုန်ကွဲသွားတယ်။ ပိုက်ဆံလေးသောင်း ပေးသွားတယ်။ လူက အပြင်ဘက် ထွက်နေတော့ ဘာမှဖြစ်မသွားပါဘူး” ဆိုပြီး ပြောပြပါတယ်။

ရေဘေးဒုက္ခသည်တွေ ပြောင်းလာကြသည့်အတွက် ဆိုင်ကယ်မောင်းသည့်အခါ  သတိထားပြီး မောင်းရကြောင်း၊ လမ်းဘေးမှာ ကလေးတွေကစားခြင်း၊ လမ်းကို ဖြတ်ကူးခြင်း၊ လမ်းဘေးတွင်ထိုင်ပြီး စကားပြောနေကြခြင်းတွေ ရှိနေခြင်းများအပြင် လမ်းမှာအနည်းငယ်ကျဉ်းပြီး ကားအသွားအလာ များသည့်အတွက် ရေဘေးရှောင် ပြည်သူများအတွက် အန္တရာယ်ရှိသလို ဒီလမ်းမှ ဖြတ်သွားရသည့် ယာဉ်တွေလည်း တာဝန်ပိုကြီးသည်ဟု မန္တလေးသို့ နေ့စဉ်အသွားအလာ ပြုလုပ်နေသည့် စစ်ကိုင်းမြို့ခံ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

နှစ်စဉ် မြန်မာနိုင်ငံအတွင်း ရေကြီးခြင်းတွေကြောင့် ရေဘေးဒုက္ခများဖြင့် အများအပြား ကြုံတွေ့နေကြရပါတယ်။ ရေကြီးသည့်ရာသီ နီးကပ်လာသည်နှင့် အထုပ်ပြင်ကာ စောင့်ဆိုင်း နေရသည်မှာလည်း ပုံမှန်အလုပ်တစ်ခုပင် ဖြစ်နေပြီဟု ရေဘေးရှောင်သူတွေက ပြောဆိုနေကြပါတယ်။

ရန်သူမျိုးငါးပါးထဲမှ တစ်ပါးဖြစ်သည့် ရေ၏ဖျက်ဆီးမှုကြောင့် ခံစားနေရသည့် ဒုက္ခများကို ယခုလို ရေဘေးရှောင် ပြည်သူတွေ နှစ်စဉ်ကြုံတွေ့ နေရဦးမည်လား။ ဒါမှမဟုတ် တာဝန်ရှိသူတွေက ကူညီဖြေရှင်းပေးမည်လား . . .။

Most Read

Most Recent