ဖောက်ပြန်နေတဲ့ရာသီဥတုနဲ့ ဈေးကွက်ကြားမှာ အညာတောင်သူတို့ နာလန်ထူပါ့မလား

ဖောက်ပြန်နေတဲ့ရာသီဥတုနဲ့ ဈေးကွက်ကြားမှာ အညာတောင်သူတို့ နာလန်ထူပါ့မလား
Published 30 July 2018

အညာဒေသရှိ စိုက်ပျိုးရေး လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

“လက်ရှိ နှမ်းညိုဈေး တစ်တင်း ၄၂၀၀၀ ကတော့ တောင်သူတွေ အဆင်ပြေတယ်။ အတော်ကို ဈေး ကောင်းတယ်လို့ ပြောလို့ရတယ်ဗျ။ မကောင်းတာက ကျွန်တော်တို့ နှမ်းခင်းတွေ အထွက်လျော့တာပဲ”ဟု မြိုင် မြို့နယ်တောရွာမှ တောင်သူကိုစိုးဝင်းကျော် ပြောလိုက်တာဖြစ်ပါတယ်။

ပခုက္ကူ သီးနှံဈေးကွက်ထဲကို မြိုင်နယ် နဲ့ ပုလဲမင်းတိုင်ပင်အရပ်က ထွက်တဲ့ နှမ်းညိုတွေ ဇူလိုင်လကုန်ပိုင်းမှာ စဝင်ရောက်လာပြီး ဈေးကွက် အဖွင့်ကတော့ တောင်သူအတွက် အားရစရာကောင်းပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နှမ်းညိုပေါ်စမှာ တစ်တင်း ကျပ်၂၈၀၀၀ လောက်ပဲ ပေါက်ဈေးရှိပြီး ဒီနှစ်မှာတော့ တစ်တင်း ကျပ် ၄၀၀၀၀ အထက် ပေါက်ဈေးရှိပါတယ်။ ဈေးကောင်းလို့ တောင်သူတွေ အဆင်ပြေမှာပဲ ထင်ရပေမယ့် ရာသီဥတုက တောင်သူတွေကို မျက်နှာသာမပေးပါဘူး။ ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းမှုနဲ့ ရက်ရှည်မိုးခေါင်မှု ကြုံတွေ့လိုက်တာကြောင့် သီးနှံအထွက်နှုန်းက ဆိုးဆိုးရွားရွား ကျဆင်းပါတယ်။ ပုံမှန်ရာသီဥတုနဲ့ တစ် ဧက ၁၀ တင်း၊ ၁၅ တင်းကြားထွက်တဲ့ နှမ်းဟာ ဒီနှစ်မိုးခေါင်ပြီး အသီးအဆန်မအောင်တာကြောင့် တစ်ဧက လေးတင်းရဖို့ မလွယ်ပါဘူး။

“မိုးဦးကောင်းလိုက်တဲ့အတွက် တောင်သူအများစုကတော့ အထွက်ကောင်းမယ် ထင်ထားတယ်။ ဒါပေမဲ့ ဇွန် ၁၂ ရက်နောက် ပိုင်းကစပြီး အခုနှမ်းရိတ်ချိန်အထိအောင် မိုးထပ်မရွာဘူး။ မိုးမရတဲ့အတွက် နှမ်းအသီးတွေက သီးရုံပဲသီးပြီး အထဲမှာ အဆန်ကောင်းကောင်း မပါဘူး။ နောက်သီးနှံစိုက်ဖို့ မရိတ်ရင် မဖြစ်တာကြောင့် ရိတ်သိမ်းစရိတ်နဲ့ အထွက်နှုန်းမကိုက်လည်း ရိတ်ရတာပဲ”ဟု မြိုင်မြို့နယ်မှ ကိုဗညားက ပြောပါတယ်။

 

■ ကုန်ဝင်အနည်းအများနဲ့ ဈေးနှုန်း

မိုးဦးနှမ်းဟာ ပခုက္ကူဈေးကွက်ကို တစ်နေ့ အိတ် ၃၀၀ နဲ့ ၅၀၀ ကြားလောက်ပဲ ဝင်ပါသေးတယ်။ ကုန်ဝင်နည်းသေးတာရော ဝယ်လက်သမားတွေ ဝယ်လိုအား ကောင်းတာရောကြောင့် မိုးဦးသီးနှံ နှမ်းညိုဈေးက အမြင့်ဘက်မှာ ရှိပါတယ်။ ဈေးနှုန်းအမြင့်ဟာ ဘယ်လောက်အထိရှိမယ်ဆိုတာ သေချာမသိပါ ဘူး။ ကုန်ဝင်များလို့ အဝယ်မနိုင်ရင် ဈေးက ကျသွားတတ်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုးက တောင်သူတွေ နှစ်စဉ်ကြုံနေကျပါ။ သီးနှံ ပေါ်စဆို ဈေးကောင်း၊ သီးနှံလှိုင်လှိုင်ပေါ်ပြီဆိုရင် ဈေးကျပါတယ်။ ရိတ်သိမ်းခြွေလှေ့မှုတွေ ပြီးလို့ ကုန်ဝင်များချိန်မှာ ဈေးကျမယ်ဆိုရင် တောင်သူအထိနာပါမယ်။

“တောင်သူကတော့ သီးနှံပေါ်တာနဲ့ ရောင်းရတာပါ။ ဈေးကျလို့ဆိုပြီး လက်ထဲမထားနိုင်ပါဘူး။ ပေးစရာ၊ ဝယ်စရာအတွက် သီးနှံပေါ်တာနဲ့ ရောင်းကြတာပဲ။ တောင်သူအနေနဲ့က ဈေးလည်းဘယ်လောက်ရှိမယ် ဆိုတာ ကြိုမသိတော့ မစိုက်ဘဲနေဖို့ဆိုတာလည်း မဖြစ်ပါဘူး။ ရှုံးခါမှရှုံးဆိုပြီး ဈေးကောင်းမျှော် စိုက်ကြရတာပါ။ ရွာမှာလည်း တခြား အလုပ်ကိုင်မရှိပါဘူး။ တောင်သူလုပ်ငန်းနဲ့ စားဝတ်နေရေး ဖြေရှင်းကြတာပါ” ဟု  မြိုင်မြို့နယ် တောရွာမှ ကိုစိုးဝင်းကျော်က ပြောပါတယ်။

 

■  ပဲတီစိမ်းဈေးကွက်နဲ့ အထွက်နှုန်း

ပခုက္ကူ၊ မြိုင် နဲ့ ရေစကြိုနယ်က ပဲတီစိမ်း (စိမ်းကြီး ) နဲ့ ပဲတီစိမ်း (စိမ်းသေး) ဆိုပြီး ထွက်ပါတယ်။ ပဲတီစိမ်းကြီးက မြစ်ရေဝင်ဒေသတွေမှာ ရေသွင်းစိုက်ပျိုးတာဖြစ်ပြီး ပဲတီစိမ်း (သေး) ကတော့ ကုန်းယာမြေတွေကနေ မိုးဦးသီးနံှအနေနဲ့ ထွက်ရှိတာဖြစ်ပါတယ်။ လက်ရှိ ပဲတီစိမ်း (ကြီး ) ဈေးက အရည်အသွေး လိုက်ပြီး ဈေးနှုန်းကွာခြားပါတယ်။ အရည်အသွေးမြင့်တဲ့ ပဲတီစိမ်း (ကြီး) ဟာ ဈေး ကောင်းရပါတယ်။ တစ်တင်းကို ကျပ် ၃၀၀၀၀ အထက်ရှိပါတယ်။ ဒီဈေးနှုန်းဟာ တောင်သူတွေအတွက် အကျိုးအမြတ်ရှိတဲ့ ဈေးနှုန်းပါ။

သို့ပေမဲ့လို့ ဒီနှစ် ပဲတီစိမ်းဆွတ်ခူးချိန် ခြွေလှေ့ဖို့ အခြောက်ခံချိန်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အရည်အသွေးပိုင်း ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ ပဲတီစိမ်းအသီးတွေ အရည်အသွေးထိခိုက်တာကြောင့် အညို အမည်းစွဲတာ၊ မှိုစွဲတာတွေ ကြုံပါတယ်။ ဒါကြောင့်လည်း ဈေးကွက်ထဲမှာ တစ်တင်းကို အနိမ့်ဆုံး ကျပ် ၁၈၀၀၀ အထိ ကျဆင်းသွားပါတယ်။ ဒီလို အရည်အသွေးထိခိုက်မှုကြုံ တာက တစ်နယ်လုံးဖြစ်တာကြောင့် တောင် သူတွေ အများကြီးထိခိုက်ပါတယ်။

“ကျွန်တော်တို့က ဆောင်းရာသီမှာ စိုက်ကြတာပါ။ တကယ်ကို အသီးဆွတ်ချိန် မှာ မိုးကရွာလိုက်တော့ အတော့်ကို ခက်ခဲပါတယ်။ မိုးမိပြီး မှိုစွဲတယ်။ ခြွေလှေ့တဲ့အချိန် နေပူပြတော့ အရောင်ပျက်ကုန်တယ်။ စိမ်းနေရမယ့် ပဲတီစိမ်းက အညိုအမည်းစွဲတယ်။ အဲဒီတော့ ဈေးအနှိမ်ခံရတယ်။ တောင်သူကတော့ စိုက်ပြီးမှ ဘာမှမတတ်နိုင်ဘူး။ ရတဲ့ဈေးနဲ့ ရောင်းရတာပဲ။ ဒီနှစ်ကတော့ တောင်သူတွေ ဈေးကောင်းပေမယ့် ဥတုဖျက်လို့ သီးနှံပျက်ပြီး တောင်သူတွေ အဆင်မပြေပါဘူး” ဟု ရေစကြိုမြို့နယ် ကျော်ထင်ကုန်းရွာမှ ကိုဘိုညီက ပြောပါတယ်။

ကုန်းယာမြေများက ထွက်ရှိတဲ့ ပဲတီစိမ်း (သေး) ကတော့ ဈေးကွက်ထဲကို ပြီးခဲ့တဲ့ရက်ပိုင်းက ပဲစ, ရောက်ပါတယ်။ တစ်တင်းကို ကျပ်၂၈၀၀၀ ကနေ ၃၀၀၀၀ ဝန်းကျင် ပေါက်ဈေးရှိပါတယ်။ တောင်သူတွေ သဘောကျတဲ့ ဈေးနှုန်းပါ။ သို့ပေမဲ့ ရာသီဥတုက တောင်သူတွေဘက်မှာ မရှိပါဘူး။ သီးနံှစိုက်ပျိုးစ မေနဲ့ ဇွန်လဆန်းမှာ မိုးက အတော့်ကိုရွာပါတယ်။ တစ်ကယ်ကို သီးနှံဖြစ်ထွန်းမယ့် ပွင့်တဲ့ဖူးတဲ့ အချိန်မှာ မိုးကမရွာပါဘူး။ အကျိုးဆက်ကတော့ အထွက်လျော့ပြီး စိုက်ပျိုးစရိတ်အရင်း ရဖို့ ခက်ခဲတာပါပဲ။ သီးနှံဈေးကောင်းပေမယ့်  သီးနှံမထွက်တဲ့အခါ တောင်သူတွေမှာ ငေးမောရုံကလွဲ ဘာမှမတက်နိုင်ပါဘူး။

“ပဲတီစိမ်းက တစ်မိုးလောက် ကောင်း ကောင်းရလိုက်ရင်ကို အတော်လေးအဆင် ပြေသွားမှာပါ။ ပဲတီစိမ်းလည်း အတော်ကို ဆွတ်ရခူးရမှာပါ။ အခုကတော့ မိုးက ခါးပြတ်သွားတဲ့အတွက် အသီးဘာမှမရပါဘူး။ လက် ရှိ လုပ်သားစရိတ်အရဆိုရင် ပဲတီစိမ်းတစ်တင်းရဖို့ ကျပ် ၁၂၀၀၀ လောက် ကုန်ပါတယ်။ ဒါက စိုက်စရိတ်နဲ့ ခြွေလှေ့စရိတ်မပါဘူး။ ပဲတောင့် ဆွတ်ခသက်သက်ပါ။ တောင်သူတွေအတွက်ကတော့ နောက်မိုးရွာရင် အဆင်ပြေကောင်းပါတယ်”ဟု ပခုက္ကူမြို့နယ် ကိုင်းကျေးရွာမှ ကိုသက်ခိုင်က ပြောပါတယ်။

 

■ စက်မှုလက်မှု လယ်ယာမှ လူသားအရင်းပြု လယ်ယာလား

ဒီနှစ် အညာမှာ ကြုံတွေ့နေတဲ့ ရာသီဥတု အခြေအနေအရ တောင်သူတွေ အဆင်ပြေဖို့ မလွယ်ပါဘူး။ အဓိကပြဿနာက ဈေးကွက်မဟုတ်ဘဲ ရာသီဥတုဖောက်ပြန်မှုကြောင့် အထွက်နှုန်းကျဆင်းတဲ့ ပြဿနာပါ။ အညာတောင်သူတွေအနေနဲ့ကတော့  ဈေးကောင်းရင် အထွက်လျော့။ အထွက်ကောင်းရင် ဈေးကျဆိုတဲ့ ပြဿနာကို နှစ်စဉ်နှစ်တိုင်းလို ခံစားနေရပါတယ်။ ဒါကို ဘယ်လိုကုစားမလဲဆိုတာ တိကျတဲ့အဖြေမရှိပါဘူး။ တောင်သူလည်း ထင်တစ်လုံးနဲ့ လုပ်ကိုင်နေရသလို ပွဲစားလည်း ထိုနည်းတူပါပဲ။ လက်ရှိ ပဲလောကမှာ ဘာက ရောင်းဝယ်ကောင်းတယ်ဆိုတာ ပြောဖို့ခက်ပါတယ်။ အထူးသဖြင့် အညာဒေသထွက် ပဲနှမ်းပါ။

တောင်သူတွေ ခက်ခဲတဲ့ နှစ်တွေမှာ အ ညာဒေသတစ်ဝိုက် နွားမွေးမြူရေးခြံအမည်ခံတွေ အများအပြား ပေါ်လာပါတယ်။ ကျေးရွာတွေထိအောင်ဆင်းပြီး နွားဝယ်ပါတယ်။ နွားဈေးကလည်း အတော်ကောင်းတယ်ပြော ရမှာပါ။ ယခင် တစ်ကောင် ၁၅ သိန်းမရှိတဲ့ နွားက အခုဆို သိန်း ၂၀ လောက်ရှိပါတယ်။ လယ်ယာလုပ်ငန်းထဲမှာ သုံးချင်တယ်ဆိုရင် နွားတစ်ရှဉ်း သိန်း ၃၀ မကျော်ဘဲနဲ့ အဆင် မပြေပါဘူး။ တောင်သူကတော့ လုပ်ငန်း မကောင်း နွားဈေးကောင်းတော့ ကြွေးပူဆပ်ဖို့ ရောင်းတဲ့သူများပါတယ်။ ဒီအခြေအနေ ဟာ သိပ်ကောင်းတယ်လို့ မယူဆပါဘူး။

 

အညာဒေသ စိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

လက်ရှိ ဒေသတွင်း လယ်ယာလုပ်ငန်းက နွားကို လုံးဝလွှတ်မရသေးပါဘူး။ သဘာ၀ မြေသြဇာအတွက် နွားချေး သုံးရတုန်းပါပဲ။ တချို့သော သီးနှံတွေ ပေါင်းသင်၊ မြက်ရှင်း ထွန်ပိတ်လုပ်ဖို့က နွားကို လုံးဝလိုအပ်ပါသေး တယ်။ စက်မှုလယ်ယာ ပြောင်းလဲရအောင်လည်း သီးနှံဈေးက မကောင်း၊ လက်ရှိလုပ်ငန်းကလည်း တောင့်ခံဖို့ခက်ပါတယ်။ တောင်သူတွေ နွားရောင်းတာများလာရင် ဒေသတွင်းကနေ ထွက်သွားတဲ့နွားကနေ တိုးပွားတဲ့နွား မမျှပြီး တောင်သူတွေ နွားပိုင်ဆိုင်ရေးက လက်လှမ်းမီဖို့ ပိုဝေးပါလိမ့်မယ်။ ဒါကို သေချာ မကြီးကြပ်နိုင်ဘူးဆိုရင် ထွန်စက်လည်းမဝယ်နိုင် နွားလည်းမဝယ်နိုင်တဲ့ တောင်သူတွေအဖို့ လူကိုယ်တိုင်ထွန်ယက်ရပါလိမ့်မယ်။ ပြင်ဆင်ပြောင်းလဲမှုတွေ မလုပ်ဘူးဆိုရင် နွားအစား လူဝင်ထွန်ယက်ဖို့က မဝေးပါဘူး။

■  ပဲစင်းငုံသင်ခန်းစာနဲ့ အနာဂတ်အလားအလာ

ပဲစင်းငုံဟာ အညာတောင်သူတွေအတွက် အရေးပါတဲ့ သီးနှံပါ။ ၂၀၁၇ ခုနှစ် မတိုင်ခင်အထိ တစ်တင်းကို အနိမ့်ဆုံး ကျပ် ၂၄၀၀၀ ကနေ ကျပ် ၅၀၀၀၀ အထိ ရောင်းရပါတယ်။ သို့ပေမဲ့ အဓိကဝယ်ယူရာ အိန္ဒိယ နိုင်ငံက တင်ပို့ခွင့် ပိတ်လိုက်တဲ့နောက် ပြည်တွင်းပဲဈေးကွက် ပျက်သွားပါတယ်။ ယနေ့ အထိ နာလန်ပြန်မထူပါဘူး။ ပြည်တွင်းမှာပဲ တဝဲလယ်လယ် ရောင်းနေကြရတာပါ။ ဒါကို သင်ခန်းစာယူပြီး တောင်သူတွေဆီ သီးနှံဈေးကွက်အခြေအနေတွေ အသိပေးသင့်ပါတယ်။ ရာသီဥတုကိုလည်း အသိပေးရပါမယ်။ ဘယ်သီးနှံကတော့ အဓိကတင်ပို့နိုင်ငံမှာ ဘယ်ဈေးရှိတယ်။ လာမယ့်နှစ် ဘယ်လိုဖြစ် နိုင်တယ်။ ရာသီဥတုက ဘယ်သီးနှံစိုက်သင့် တယ်ဆိုတာ အသိပေးရပါလိမ့်မယ်။ တောင် သူတွေအနေနဲ့ မိရိုးဖလာနည်းအတိုင်း ဆက်သွားမယ်ဆိုရင် ဘဝက ပိုပြီးနစ်မွန်းရဖို့ပဲ ရှိပါတယ်။

အညာဒေသမှာ မြို့နေထိုင်သူထက် တောနေထိုင်သူက များပါတယ်။ အဓိက စီးပွားရေးလုပ်ငန်းက တောင်သူလုပ်ငန်းပါ။ ကျန်တဲ့ ရောင်းရေးဝယ်တာက တောင်သူလုပ်ငန်းကို အများကြီး မှီခိုရတာပါ။ ဆန်၊ ဆီ၊ ဆားလို အခြေခံစားသောက်ကုန်ကနေ အဝတ်အထည်၊ ရွှေငွေအထိအောင် မှီခိုရတာပါ။ တောင်သူလုပ်ငန်းအဆင်ပြေမှ အခြားသော လုပ်ငန်းတွေ ရောင်းရေးဝယ်တာ ကောင်းပါတယ်။ ဒါကြောင့်လည်း အညာမှာ ‘တောဆူ မှ မြို့သာတယ်’ လို့ ပြောကြတာပါ။

ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး တောအရပ်က ဆူဆူဖြိုးဖြိုး မရှိတော့ပါ။ ရာသီဥတု ညည်းရ၊ ဈေးကွက်ကို ညည်းရပါ။ အစိုးရ ပိုင်းအနေနဲ့ အညာတောင်သူတွေနဲ့ပတ်သက်ပြီး သေသေချာချာ လေ့လာဖို့လိုပါပြီ။ စာရွက် ပေါ်က ကိန်းဂဏန်းနဲ့တင် ကျေနပ်မနေကြပါနဲ့။ ပြည်သူတွေ ဘာတွေခံစားနေရလဲဆိုတာ သေချာမြင်အောင်ကြည့်ပါ။ ဈေးကွက်အသစ်တွေရှာပါ။ နည်းပညာသစ်တွေ ဖြန့်ဝေပါ။ ဒီလိုမှ မလုပ်နိုင်ဘူးဆိုရင် မကြာခင်အချိန်အတွင်း အညာယာခင်းပြင်ဟာ ထွန်ယက်သူကင်းပြီး ခြောက်သွေ့နေမှာကတော့ သေချာပါတယ်။ အပြောင်းအလဲ မလုပ်နိုင်ဘူးဆိုရင် ဖောက်ပြန်နေတဲ့ ရာသီဥတုနဲ့ ဈေး ကွက်ကြားမှာ အညာတောင်သူတို့ နာလန်ထူဖို့က ခက်ခဲနေဦးမှာ အသေအချာပါပဲ။

Most Read

Most Recent