ဆီးဂိမ်းပြိုင်ပွဲရလဒ်နဲ့ မြန်မာအားကစား အနေအထား

ဆီးဂိမ်းပြိုင်ပွဲရလဒ်နဲ့ မြန်မာအားကစား အနေအထား
Published 26 August 2017

မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ (၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲပြီးဆုံးဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။ သြဂုတ် ၂၅ ရက် မွန်းလွဲပိုင်းအထိ မြန်မာအားကစားအဖွဲ့ဟာ ရွှေတံဆိပ် ခြောက်ခုပဲ ရပါသေးတယ်။ မြန်မာအားကစား အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ (၂၈) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာရရှိခဲ့တဲ့ ရွှေတံဆိပ်အရေအတွက် ၁၂ ခုထက်စာရင် တစ်ဝက်တိတိ လျော့နည်းနေသေးပြီး လက်ကျန်ငါးရက်မှာ အောင်မြင်မှုတွေ ထပ်ရမလားဆိုတာပဲ မျှော်လင့်ရမှာပါ။

မြန်မာအားကစားအဖွဲ့ဟာ အခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ အားကစားနည်း ၂၉ မျိုးမှာ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး ရွှေတံဆိပ်မျှော်လင့်နိုင်တဲ့ အားကစားနည်း အရေအတွက်က ၁၀ ခု မကျော်ပါဘူး။ မြန်မာအားကစားလောကရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှု အနေအထားကို အခုဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ ရလဒ်တွေနဲ့ကြည့်ရင် သိနိုင်ပါတယ်။ ရွှေဆုမျှော်လင့်နိုင်တဲ့ အားကစားနည်းတွေကလည်း ကျိန်းသေပေါက် ရနိုင်တယ်ဆိုတဲ့ အနေအထားမရှိဘဲ ကျန်တဲ့ အားကစားအဖွဲ့တွေကလည်း မထင်မှတ်တဲ့ စွမ်းဆောင်မှုတွေ လုပ်မပြနိုင်ခဲ့ပါဘူး။ မြန်မာ အားကစားလောက ဘာကြောင့် အဲဒီလောက် ကျဆင်းသွားရလဲဆိုတာ ရှင်းပါတယ်။ ထိရောက်တဲ့ ပံ့ပိုးမှုတွေ မပေးနိုင်ဘူး၊ လိုအပ်တဲ့ အားကစားကွင်းတွေ၊ အားကစားရုံတွေ အ ကောင်အထည်မဖော်နိုင်ဘူး၊ လူငယ်ကစားသမားသစ်တွေ ထွက်ပေါ်မယ့် သက်တမ်းအလိုက် လူငယ်ပြိုင်ပွဲတွေ စဉ်ဆက်မပြတ် မလုပ်နိုင်ဘူး၊ ပြည်တွင်းပြိုင်ပွဲတွေ နည်းပါးတယ်။ ဒါတွေကြောင့် ကစားသမားကောင်းတွေ၊ ကစားသမားသစ်တွေ ထွက်ပေါ်လာမှုနည်းပါးလာပြီး ပြိုင်ပွဲတစ်ခုပြိုင်တိုင်း ဒီကစားသမားတွေပဲဖြစ်နေပြီး ပြိုင်ဆိုင်မှုမရှိတော့ပါဘူး။ အချိန်တန်ရင် ငါပဲယှဉ်ပြိုင်ရမှာပါဆိုတဲ့ အတွေးတွေဝင်သွားပြီး ကစားသမားတွေအနေနဲ့ ကြိုးစားသင့်သလောက် မကြိုးစားတော့ဘူး။ မကြိုးစားတဲ့အတွက် ကစားသမားတွေရဲ့အရည်အချင်းက တက်လာဖို့မရှိဘဲ အကျဘက်ကို ရောက်သွားဖို့ပဲရှိပါတယ်။ နောက်တစ်ခုရှိတာက ကစားသမားတွေရဲ့ မိသားစု အနေအထားပါ။ ဒါကလည်း ကစားသမားတွေ အားကစားအပေါ်ကို အလုံးစုံမြှုပ်နှံထားနိုင်မလား ဆိုတဲ့အချက်အပေါ် မူတည်ပါတယ်။ မြန်မာကစားသမားတွေရဲ့ မိသားစု တော်တော်များများက သာမန်ဘဝကနေ ရောက်လာတာပါ။ အချိန်တန်ရင် လစာနဲ့ ထောက်ပံ့ကြေးရမှ မိသားစုကို ထောက်ပံ့နိုင်မယ်၊ ပံ့ပိုးနိုင်မယ်ဆိုတဲ့ အနေအထားတွေရှိပါတယ်။ အားကစားဘက်ကနေ ထိုက်သင့်တဲ့ထောက်ပံ့မှုမျိုး မရဘူးဆိုရင် ကစားသမားကိုယ်တိုင်က အားကစားကို ဆက်လုပ်ချင်ပေမယ့် မိသားစု စားဝတ်နေရေးအတွက် အားကစားသမားဘဝကို စွန့်လွှတ်ပြီး အလုပ်တစ်ခုလုပ်ရတော့မှာပါ။ ဒီလိုအနေအထားနဲ့ မြန်မာအားကစားလောကမှာ ကစားသမားကောင်းတွေ အများကြီး ဆုံးရှုံးခဲ့ရဖူးပါတယ်။ နောက်ဆုံး အရေးကြီးတာကတော့ အုပ်ချုပ်တဲ့ အစိုးရရဲ့ ပံ့ပိုးမှုနဲ့ အားပေးမှုအပိုင်းပါ။ အစိုးရကသာ အားကစားအပေါ် စိတ်မဝင်စားဘူး၊ မပံ့ပိုးပေးဘူးဆိုရင် အားကစားလောက တိုးတက်လာစရာမရှိပါဘူး။ လက်ရှိအနေအထားမှာလည်း ပံ့ပိုးအားပေးမှုက အားရစရာမရှိသေး ပါဘူး။ မြန်မာအားကစားက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျဆင်းလာတာပါ။ ဒါကို ခေတ်အဆက်ဆက် မပြုပြင်နိုင်ခဲ့ပါဘူး။ လက်ရှိမှာလည်း အားကစားလောက တိုးတက်ဖို့ လုပ်ဆောင်မယ့် အနေအထားတွေ မတွေ့ရသေးပါဘူး။ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင်  နောက် ၁၀ နှစ်လောက်ဆိုရင် မြန်မာအောက်မှာရှိနေတဲ့ လာအို၊ ကမ္ဘောဒီးယားတို့ကတောင် ကျော်သွားနိုင်မယ့် အနေအထားမျိုးဖြစ်ပါတယ်။ အောင်မြင်မှ အားပေးမယ်၊ အောင်မြင်မှ လက်ခုပ်တီးမယ် ဆိုတာမျိုးကမဖြစ်သင့်တော့ပါဘူး။ အောင်မြင်မှု အသီးအပွင့်တွေ ခံစားရဖို့ မြေတောင်မြောက်ပေးမယ့် ဥယျာဉ်မှူးတွေတော့ လိုနေပါပြီ။ အားကစားကို တကယ်ချစ်မြတ်နိုးပြီး နိုင်ငံရဲ့အားကစားအဆင့်အတန်းကို မြင့် မားလာအောင် လုပ်နိုင်မယ့်သူတွေကတော့ အားကစားလောကမှာ လိုအပ်နေပါပြီ။ လက်ရှိအနေအထားက လူငယ်လေးတွေ ဘောလုံးကန်ချင်ရင်တောင် ကွင်းမရှိပါဘူး။ ပြည်သူလူထု အားကစား လုပ်လို့ရမယ့်နေရာတွေ မရှိပါဘူး။ ကျောင်းပေါင်းစုံ၊ တက္ကသိုလ်ပေါင်းစုံ စတဲ့အခြေခံကျတဲ့ ပြည်တွင်းပြိုင်ပွဲတွေ လိုပါတယ်။ ဒါတွေမလုပ်နိုင်ဘူးဆိုရင် မြန်မာအားကစားလောကက တိုးတက်ဖို့မဖြစ်နိုင်ပါဘူး။ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ပုံမှန်ရနေတဲ့ အဆင့်  (၇) ကနေ တက်လာဖို့ မရှိပါဘူး။ ကျသွားဖို့ပဲ  ရှိပါလိမ့်မယ်။ သြဂုတ် ၂၅ ရက် မွန်းလွဲပိုင်း အပြီးထိ မြန်မာအားကစားအဖွဲ့ရဲ့ ဆုရရှိမှုကိုကြည့်ရင် ခြင်းလုံးနဲ့ ဝူရှူးအဖွဲ့က နှစ်ခုစီ၊  သေနတ်ပစ်နဲ့ ပိုက်ကျော်ခြင်းအဖွဲ့တို့က တစ်ခုစီ ရယူနိုင်ခဲ့ပါတယ်။ ခြင်းလုံးနဲ့ ဝူရှူးအဖွဲ့က ပြိုင်ပွဲပြီးဆုံးသွားပြီဖြစ်ပြီး ရွှေနှစ်ခုစီ ရယူနိုင်ခဲ့ပါတယ်။ သေနတ်ပစ်နဲ့ ပိုက်ကျော်ခြင်းအသင်းတို့ကတော့ ပြိုင်ပွဲတွေ ဆက်လက်ယှဉ်ပြိုင်နေဆဲဖြစ်ပါတယ်။ မြန်မာအားကစားအဖွဲ့ ရွှေဆုမျှော်မှန်းထားတဲ့ အားကစားနည်းတွေ သိပ်မကျန်တော့ပါဘူး။ ဂျူဒို၊ တိုက်ကွမ်ဒိုနဲ့ လက်ရှိယှဉ်ပြိုင်နေဆဲ အားကစားနည်းတချို့ပဲ ကျန်ပါတော့တယ်။ လက်ကျန်ပြိုင်ပွဲ ငါးရက်မှာ မြန်မာအားကစားအဖွဲ့ ထပ်ရနိုင်တဲ့ ရွှေဆုအရေအတွက် သုံးခုကနေ ငါးခုအထိပဲရှိပါတယ်။ အဲဒီထက် ပိုဖို့မရှိပါဘူး။ လျော့သွားဖို့ပဲ ရှိပါတယ်။ သေချာတာကတော့ မြန်မာအားကစားအဖွဲ့ရဲ့ ရွှေဆုရရှိမှုက တစ်ကြိမ်ထက်တစ်ကြိမ် ကျဆင်းလာတာပါပဲ။ အခုအကြိမ်မှာ မြန်မာအားကစားအဖွဲ့ အားသာတဲ့ ရွှေဆုမျှော်မှန်းနိုင်တဲ့ လှေလှော်အား ကစားနည်း မပါဝင်တာကို အကြောင်းပြလို့ရပေမယ့် မြန်မာအားကစားလောက အခြေအနေ သိသိသာသာ ကျဆင်းလာတာကို တာဝန်ရှိသူတွေ အနေနဲ့ ပြန်လည်စဉ်းစားဖို့ အချိန်တန်နေပါပြီ။ အားကစားနည်းအလိုက် ကျွမ်းကျင်သူတွေ အများကြီးရှိပါတယ်။ ပံ့ပိုးထောက်ပံ့မှုတွေသာ လုပ်ပေးမယ်ဆိုရင် လုပ်နိုင်တဲ့သူ၊ လုပ်တတ်တဲ့သူ အများကြီးရှိပါတယ်။ လက်ရှိအနေအထားကတော့ အားကစားလောကရဲ့ အနေအထားက အားရစရာ လုံးဝမရှိပါဘူး။ ဥက္ကဋ္ဌမရှိတဲ့ အားကစားအဖွဲ့ချုပ် အများကြီးရှိပြီး ဒီလိုအနေအထားဆိုရင် မြန်မာ့အားကစားလောကရဲ့အနေအထားက စိုးရိမ်စရာ အနေအထားဖြစ်နေပါပြီ။ နိုင်ငံတော်အဆင့် တာဝန်ရှိသူတွေအနေနဲ့ အားကစားလောကရဲ့အနေအထားကို စောင့်ကြည့်လေ့လာတည့် မတ်ပေးဖို့တော့လိုပါတယ်။ ရေတိုရေရှည်စီမံကိန်းတွေနဲ့ တစိုက်မတ်မတ်လုပ်မယ်ဆိုရင် တိုးတက်ဖို့ အနေအထားတွေ အများကြီးရှိပါတယ်။ မြန်မာ့အားကစားလောကရဲ့ လက်ရှိအနေအထားကို ပစ်ပယ်မထားဖို့ပဲလိုပါတယ်။

(၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲဟာ သြဂုတ် ၃၀ ရက်မှာ ပြီးဆုံးတော့မှာဖြစ်ပါတယ်။ သြဂုတ် ၂၅ ရက် မွန်းလွဲပိုင်းအထိ ရွှေခြောက်ခုသာ ရသေးတဲ့ မြန်မာအားကစားအဖွဲ့အနေနဲ့  ၁၉၉၉ ခုနှစ်နောက်ပိုင်း ရွှေဆုရရှိမှု နည်းပါးတာနဲ့ တစ်ကျော့ပြန်ကြုံတွေ့ရဖို့ များနေပါတယ်။ အောင်မြင်မှုတွေရယူပေးခဲ့တဲ့ အားကစားအဖွဲ့တွေကို ချီးကျူးရမှာဖြစ်သလို မအောင်မြင်ခဲ့တဲ့ အားကစားအဖွဲ့တွေအနေနဲ့လည်း ပိုပြီးကြိုးစားဖို့ လိုပါတယ်။မြန်မာအားကစားအဖွဲ့ အောင်မြင်မှုတွေပြန် ရဖို့ဆိုရင်တော့ အလွှာပေါင်းစုံက တာဝန်ရှိသူတွေ ဝိုင်းဝန်းကြိုးစားရမှာဖြစ်ပါတယ်။ လက်ရှိ မြန်မာ့ အားကစားလောကရဲ့အနာဂတ်ပျောက်မသွားအောင် ဝိုင်းဝန်းလုပ်ဆောင်ဖို့ အချိန်တန်နေပါပြီ။

Most Read

Most Recent