ဆစ်ရင်း...၊ စစ်ရင်း ကျွံဝင်ခဲ့ရပါလေ၏

ဆစ်ရင်း...၊ စစ်ရင်း ကျွံဝင်ခဲ့ရပါလေ၏
Published 24 July 2018

ဖားကန့်ဒေသတွင် မြေစာပုံ ပြိုကျမှုကြောင့် ပျောက်ဆုံးနေသူများအား ရှာဖွေနေသည်ကို ဇူလိုင် ၁၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကိုတင်လှိုင်)

(က)

ညကြီးမင်းကြီးမှာ မိုးတွေ တအားသည်းနေတော့ ကျွန်တော့်ဘေးမှာ အိပ်တဲ့ ကောင်လေးက ထပြီး ထိုင်နေတယ်။ သူ့ကို ကြောက်စိတ်ပြေဖို့ အားပေးစကားလေးတွေ လျှောက်ပြောပေးနေ ဖြစ်ပေမယ့် ကျွန်တော် ကိုယ်တိုင်လည်း ကြောက်နေမိတာ အမှန်ပါ။
တစ်ခါတစ်ခါတော့ မိုးသံတွေကြားမှာပဲ အဝေးကြီးက တော်လဲသံ၊ မြေပြိုသံကို ကြားရတတ်ပါတယ်။ အဲဒီလို အခါမျိုးဆိုရင် ကောင်လေးရဲ့မျက်နှာဟာ ဆီးရွက်လောက်ပဲ ရှိတော့တယ်။ တရုတ်မီးအိမ်က အလင်းဖျော့ဖျော့အောက်မှာ သူ့မျက်လုံးလေးတွေ ပြူးကျယ်နေကြတယ်။

ညနေပိုင်းလေးက သူ မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေကို မေ့ဖျောက်လို့ မရနိုင်ဘူး ထင်ပါတယ်။ ဒီဒေသမှာ လူ သေတယ်ဆိုတာ ကျွန်တော့်အတွက် မထူးဆန်းတော့ပေမယ့် သူ့အတွက်တော့ အတော်ကြီးကို တုန်လှုပ်ဖွယ်ရာ ဖြစ်နေရှာပါတယ်။ တက္ကသိုလ်ဘွဲ့ တစ်ခုကို ရထားတာ ပူပူနွေးနွေး ရှိသေးတော့ ကျောင်းသားသာသာ လူငယ်လေးပဲပေါ့။ သူ့ မိဘတွေကို ငွေ ၁၀ သိန်းလောက် ပေးပြီး သူ သင်တန်းဆက်တက်ဖို့ ငွေရှစ်သိန်းကို စုထားမယ် ပြောတော့ ကျွန်တော့်မှာ စိတ်မကောင်း ဖြစ်မိပါတယ်။ ရထားတဲ့ ဘွဲ့ဒီဂရီနဲ့ အလုပ်ဝင်လုပ်ပါလားလို့ ပြောမိတဲ့ ကျွန်တော့်ကို ခေါင်းလေးပဲ ရမ်းပြရှာပါတယ်။

အသက် ၂၀ ကျော်ကျော်လောက်ပဲ ရှိသေးတဲ့ သူ့မျက်နှာနုနုလေးဟာ ဒီလိုနေရာမျိုးနဲ့တော့ မအပ်စပ်လှပါဘူး။ “မိဘကျေးဇူး ဆပ်ချင်တယ် ဆိုရင်လည်း တခြားနည်းလမ်းတွေနဲ့ ဆပ်ပါလား ငါ့တူရာ” လို့ သူ ရောက်လာတဲ့နေ့က ပြောမိသေးတယ်။ “တစ်လ သုံးသိန်း က ဒီလိုနေရာမှာမှ ရမှာ ဦးလေးရ” ဆိုတဲ့ စကားကြောင့် ဘာမှ ထပ်မပြောဖြစ်တော့ပါဘူး။ ကောင်လေးရဲ့ အတွေးထဲမှာ တစ်လ သုံးသိန်း၊ ခြောက်လ ၁၈ သိန်းက သူ့ဘ၀ လမ်းခရီးက ချောင်းတစ်ခုကို ဖြတ်ကူးဖို့ တံတားတစ်စင်းလည်း ဖြစ်ချင်ဖြစ်မှာ နေမှာပေါ့လို့ တွေးမိရင်း စိတ်မကောင်းဖြစ်ရုံပါပဲ။

မိုးသံတွေကြားထဲမှာ ကျွန်တော်တို့ အစောင့်တဲလေးလည်း ငြိမ်ကုပ်နေပါတယ်။ အတိတ်ကို ရောက်လိုက်၊ မရောက်သေးတဲ့ အနာဂတ်ကို မှန်းဆလိုက်နဲ့ ခေါင်းထဲမှာတော့ အတွေးတွေ ပြေးလွှားနေကြတယ်။ တကယ်ပြောရမယ် ဆိုရင်တော့ ဒီဒေသမှာ နောက်တစ်နေ့ ဆိုတာကြီးကိုက မရေမရာ စကားဖြစ်နေတာ ကြာခဲ့ပါပြီ။ နောက်တစ်နေ့ ဆိုတာက များပါလိမ့်ဦးမယ်၊ ကြာပါလိမ့်ဦးမယ်။ မနက်နဲ့ နေ့လယ်၊ နေ့လယ်နဲ့ ညနေ၊ ညနေနဲ့ ညအချိန်တိုင်းမှာ အပြောင်းအလဲတွေက မြန်လွန်းလှတာ ဝရုန်းသုန်းကားပါပဲ။

နေ့လယ်တုန်းက ကျွန်တော်တို့ကို နှုတ်ဆက်ခဲ့တဲ့ ရေမဆေးကျောက် ရှာသူ လူငယ် လေးသုံးယောက်ဟာ ညနေကျတော့ ရွှံ့နွံအလူးလူးနဲ့ သက်မဲ့ အလောင်းတွေ ဖြစ်ကုန်ကြပြီ။ သူတို့ ရေမဆေးကျောက် ရှာဖွေနေကြတဲ့ အနီးအနားက ကမ်းပါးရံကြီး ပြိုကျတော့ တစ်ဖက်ခြမ်းက နွံအနှစ်တွေဟာ သူတို့အပေါ်ကို ဖုံးလွှမ်းသွားခဲ့တယ်။ လူတွေဟာ ရေကူးလို့သာ ရတတ်ကြမယ်။ နွံကူးဖို့ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စကြီးပါ။ အရေအတွက် အတိအကျ မပြောနိုင်တဲ့ လူသားတွေဟာ နွံပြင်အောက်ကို နစ်မြုပ်ပျောက်ကွယ် ခဲ့ရပါတယ်။ တချို့ကိုတော့ အရေးပေါ်ကုသဖို့ အနေအထားနဲ့၊ တချို့ကိုတော့ သက်မဲ့ခန္ဓာအဖြစ်နဲ့ ဘဝတူ လူသားတွေက လတ်တလော ဆယ်ယူနိုင်ခဲ့ကြတယ်။

ပျော်ရွှင်ခြင်းတွေ၊ ဝမ်းနည်း ပူဆွေးခြင်းတွေ၊ ထိတ်လန့်ခြင်းတွေ၊ ကြမ်းကြုတ် ရက်စက်ခြင်းတွေ အစရှိတဲ့ ရသမျိုးစုံကို တစ်ရက်တည်းမှာ မြင်နိုင်တွေ့နိုင်တဲ့ မှော်ထဲကို ကျွန်တော် ရောက်ခဲ့တာ ကြာလှပါပြီ။ ဒီညမှာတော့ အိပ်မရခြင်းတွေနဲ့ လုံးထွေး သတ်ပုတ်ရင်း အတိတ်ကို ပြန်တွေးမိပါတော့တယ်။

(ခ)

မန္တလေး ဘူတာကြီးဟာ အဲဒီတုန်းက ပုပျပ်ပျပ်ဝါဝါလေးပါ။ အဲဒီဘေးမှာ ပုပ္ပားဟိုတယ် ရှိတယ်။ ညတိုင်း သီချင်းတွေ ဆိုကြတယ်။ သူများတွေ ဆိုကြတာပါ။ သူဌေးတွေ နေမှာပေါ့။ ဆိုက်ကားလေး ဂိတ်ထိုးရင်း ကျွန်တော်တို့က နားဆင် ခံစားကြရတာပါ။ “သိန်းကျောက် ရရင် လောပန်း ဖြစ်ပြီပေါ့” တဲ့။ ဆိုက်ကားလေးနဲ့ ခရီးသည်ပို့ရင်း ကျုံးထောင့် ရောက်တော့လည်း ရေပေါ်စတိတ်ရှိုးမှာ စည်ကားလိုက်တာ။ သူဌေးတွေ နေမှာပေါ့။ ပန်းကုံးတွေ စွပ်လို့ သီချင်းတွေဆိုလို့။ အဲဒီသီချင်းပဲ ကြားကြားနေရတယ်။ “သိန်းကျောက်ရရင် လောပန်းဖြစ်ပြီပေါ့” ဆိုတဲ့ သီချင်းလေ။

ကျွန်တော်ကလည်း ဆိုက်ကားသမား ဆိုတော့ စုံတယ်။ ခရီးသည် တင်ရတာထက်ကို ကျောက်ထုပ် သယ်ရတာက ပိုကိုက်တယ်လေ။

အဲဒီအချိန်က မြစ်ကြီးနားဘက်က လာတဲ့ရထားတွေမှာ ကျောက်စိမ်း အထုပ်တွေ ပါတတ်တယ်။ ရထားဝင်လာပြီဆို ကိုယ်နဲ့ မျက်မှန်းတန်းမိတဲ့ ကုန်သည်ပါလာရင် ဝမ်းသာရတယ်။

၇၉ လမ်း တရုတ်တန်းက မဖျက်သေးဘူး။ ကုန်သည်က စောင့်ခိုင်းတဲ့အချိန် တရုတ်တန်း ပန်းကန်ဆိုင်တွေနားက သွားစောင့်နေလိုက်တာပဲ။ ရထားတွဲတွေကို ရေဆေးတဲ့ လိုင်းကျင်း (Pitch) တွေက တရုတ်တန်းနဲ့ ကပ်နေတာလေ။ အဲဒီနေရာလေးမှာ အုတ်တံတိုင်းလေးက နည်းနည်း ပြိုကျနေတယ်။ ဘူတာဘက်မှာကျတော့ မြေကြီးကမူလေး ရှိနေပြန်ရော။ အထဲမှာတော့ သူတို့ ဘယ့်နှယ် လုပ်ကိုင် ရှင်းလင်းကြတယ် မသိရပါဘူး။ အုတ်တံတိုင်း ကျော်လာတာနဲ့ ပစ္စည်းထုပ်ဟာ ကျွန်တော့် တာဝန်ပေါ့။ အေးအေးလူလူပါပဲ။ ကျောက်စိမ်းဆိုတဲ့ ဟာကလည်း အတော်တော့ ထူးဆန်းတဲ့ကောင်ဗျ။ ရထားလမ်း တစ်လျှောက်က ဘူတာတွေမှာ ဖမ်းမယ် ဆီးမယ် တကဲကဲလုပ်ကြပေမယ့် ကျောက်ဝိုင်းထဲလည်း ရောက်ရော အေးဆေး။

အဲဒီအလုပ်လေးက မြိုးမြိုးမြက်မြက် ရနေတော့ ဆိုက်ကားနဲ့ ခရီးသည်ကြိုပို့ ကိစ္စတွေဆိုရင်တောင် မက်မက်စက်စက် မရှိချင်တော့ဘူး။ အလုပ်လုပ်ပေးဖူးတဲ့ ကုန်သည်တွေ များလာပြီဆိုတော့ ကျွန်တော်လည်း တစ်ဆင့် တက်တော့တာပေါ့။ မန္တလေးဘူတာ က စောင့်ရတာနဲ့ မတင်းတိမ်ဘဲ ရွာထောင်ဘူတာအထိ ဆင်းကြိုပစ်လိုက်တယ်။ ပစ္စည်းပါလာပြီဆိုရင် မြို့ဟောင်းမှာ ဆင်းတယ်။ တစ်ခါတလေမှာများ ပစ္စည်းက နှစ်ထုပ် သုံးထုပ်ဖြစ်နေပြီဆို အတော်ခေါင်းစားရတယ်။ မြို့ဟောင်း ဘူတာအဝင်လေးက အမှိုက်ပုံကြီးတွေဟာ ကျွန်တော်နဲ့ ရဲဘော်ရဲဘက် ဖြစ်ခဲ့ဖူးတယ်လို့ ပြောပြန်ရင် လွန်ရာကျနေမလားပဲ။ ပစ္စည်းများရင် များသလို အဲဒီအမှိုက်ပုံကြီးတွေပေါ် အရင်ပစ်ချလိုက်တာပဲ။ ပြီးမှ လူကိုယ်တိုင် ဆင်းရတယ်။ အမှိုက်ပုံက စိတ်ချရတယ်။ ပစ္စည်းထုပ် ပစ်ချလိုက်တာနဲ့ အမှိုက်တွေက အပေါ်က ပြန်ဖုံးသွားရော။ မိုးကောင်းက ပစ္စည်းဆိုရင် စိတ်မပူရဘူး။ ဟိုပင်က ပစ္စည်းဆိုရင်တော့ ဂရုစိုက်ရတယ်။ ဟိုပင်ကနေ တင်တဲ့ပစ္စည်းက ၁၀ ကွင်းထုပ် လက်ကောက် အကြမ်းထည်တွေဆိုတော့ ကျိုးမှာ ပူရတာပေါ့။

မြင်ပါများလာတော့ ဆိုက်ကားနင်းတဲ့ အလုပ်ထက် ကျောက်စိမ်းကို ကိုယ်တိုင်တူးချင်တဲ့ စိတ်က ကျွန်တော့်မှာ များလာတာပဲ။ သူများပစ္စည်း သယ်ပေးလိုက် ပေးသလောက်ငွေလေး ယူလိုက်နဲ့လည်း မတင်းတိမ်ချင်တော့ ပြန်ဘူး။ စိတ်က အတော်ခက်တဲ့ ကောင်ဗျ။ ဆိုက်ကားလေး ရောင်းပြီး အမှတ် (၅၅) ဆိုတဲ့ အဆန်ရထားကြီးစီးလို့ မှော်ထဲကို ချီတက်ခဲ့တာပါ။ “သိန်းကျောက်ရရင် လောပန်းဖြစ်ပြီပေါ့” ဆိုပြီး သီချင်းလေး တညည်းညည်း နဲ့ပေါ့။

ကျွန်တော် မှော်ထဲ ရောက်စက အခုလို စက်ယန္တရားကြီးတွေနဲ့ တူးကြ ဖော်ကြတာ မရှိသလောက်ပါပဲ။ လူအားနဲ့ပဲ လုပ်ကြ ကိုင်ကြရတယ်။ အဲဒီတော့ အလုပ်လည်း မရှားပါဘူး။ ဒေသိယစကားနဲ့ ဆောင်းကျော်လို့ ခေါ်ကြတဲ့ မြေသယ်ခြင်းနဲ့ မြေစာခေါက်စား ထမ်းလို့ရတယ်။ ကျောက်ကျင်းတိုင်းမှာ လူအင်အား လိုအပ်ချက် ရှိနေတာပါ။ ပုခုံး ဒေါက်ထည့်ထားတဲ့ ကြိမ်ခြင်းကြားကြီးတွေ နဲ့ အပိုးသမားတွေကို နေရာတိုင်းမှာ မြင်နိုင်ပါတယ်။ ရေစုပ်စက်မောင်းဖို့ ဒီဇယ်ပိုးမလား၊ ဈေးကူးကြတဲ့ ကုန်ခြောက်ပိုးမလား အလုပ်တွေက အရန်သင့် ရှိနေတယ်။ တဒိုင်းဒိုင်း တဖန်းဖန်း၊ တဝုန်းဝုန်း တဂျိန်းဂျိန်း ပစ်ခတ်သံတွေ ဆူညံနေတဲ့ မှော်သွားလမ်းတစ်လျှောက်မှာ လမ်းပန်းဆက်သွယ်ရေးကတော့ အခုလို မကောင်းဘူးပေါ့။ အဆိုးထဲက အကောင်းကတော့ ကျွန်တော်တို့လို လူများစွာအတွက် အလုပ်မရှားတာပါပဲ။

ကျွန်တော် မှော်ထဲရောက်ပြီး သုံး လေးနှစ်ကြာတော့ သေနတ်သံတွေ တိတ်ဆိတ် သွားပါတယ်။ အပေးအကမ်းတွေနဲ့ ငြိမ်းချမ်းရေးကာလ ရောက်လို့လာပါတယ်။ မှော်သွားလမ်းတွေ ကောင်းလာသလို ရုပ်ရှင်ဗီဒီယိုတွေထဲမှာပဲ မြင်ဖူးခဲ့ရတဲ့ မြေတူးစက်ကြီးတွေ မှော်ထဲ ရောက်လာခဲ့ကြတယ်။ ကျွန်တော်တို့လို လူတွေကို ကျင်းသားအဖြစ်၊ ခေါက်စားသမားအဖြစ် မွေးခဲ့ ကျွေးခဲ့ကြသူ တချို့လည်း လုပ်ခင်းကိုင်ခင်းတွေ စွန့်ခဲ့ကြရတယ်။ ဆင်ပိန်ကျွဲဆိုသလို ငွေရှိသူတွေအတွက် မထောင်းသာလှပေမယ့် ငွေရင်းမရှိသူတွေ အဖို့တော့ သူတောင်းစားခွက်ပျောက် ရတဲ့ဘဝ၊ နူရာဝဲစွဲ ရတဲ့ဘဝနဲ့ ခါးသီးတဲ့ နေ့ရက်တွေကို ဖြတ်သန်းကြရပါတယ်။

(ဂ)

ကျွန်တော် အလုပ်စုံခဲ့ပါပြီ။ ဖက်စပ်ခေတ်ကိုလည်း ဖြတ်ခဲ့ဖူးသလို အခုလို နိုင်ငံတော်နဲ့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်နေပါတယ်ဆိုတဲ့ ခေတ်ထဲလည်း ကူးခတ်နေရတုန်းပဲ။ အပေါ်ကနေ ဗျိုင်းတစ်ကောင် ဖြတ်ပျံသွားမယ် ဆိုရင်တောင် စိမ်းသွားစေတဲ့ ကျောက်စိမ်းတုံးကြီးတွေကိုလည်း အဝေးက ချောင်းကြည့်လို့ မြင်ခဲ့ဖူးပါပြီ။ လူကြီးတစ်ယောက်လို ခံစားခဲ့ဖူးပြီးသလို ကလေးတစ်ယောက်လိုလည်း တွေးခဲ့ဖူးပါတယ်။ “သြော်.. သူတို့ အကျိုးတူပူးပေါင်းတဲ့ နိုင်ငံတော်ဟာ ငါ့အမေအရင်းသာဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ” ဆိုပြီးတော့ပေါ့။

“သိန်းကျောက်ရရင် လောပန်းဖြစ်ပြီပေါ့” ဆိုတဲ့ သီချင်းလေး အခုနေခါ မန္တလေးမြို့ပေါ်မှာ ခေတ်မစားလောက်တော့ဘူး ထင်ပါတယ်။ ခေတ်က လိမ့်ခနဲ လိမ့်ခနဲ ကြားမှာ မြန်လွန်းပါတယ်ဗျာ။ ငွေ တစ်သိန်းဆိုတာ လက်နဲ့တူးတဲ့ ခေတ်ကာလမှာ တန်ဖိုးရှိပေမယ့် အခုလို ခေတ်မီ စက်ယန္တယားကြီးတွေ နဲ့ တူးတဲ့ခေတ်မှာ ပေတူးတူး အနေအထားပဲဖြစ်မှာပါ။

ကျွန်တော့်ဘေးက လူငယ်လေးကတော့ အိပ်ပျော်နေရှာပါပြီ။ အိပ်မရတဲ့အတူ မထူးတော့ပါဘူး ဆိုပြီး အချိုရည်ဘူးခွံလေးကို အပေါက်လေး တစ်ပေါက် ဖောက်လိုက်တယ်။ ပီကေ ခဲပတ်လေးကို မီးရှို့နေရင်း အိတ်ကပ်ထဲက အနီရောင် ဆေးပြားလေးကို တယုတယ ထုတ်ယူလိုက်မိတယ်။

ကျွန်တော် အိမ်မပြန်ဖြစ်တာ ကြာပါပြီ။ အတော်နဲ့လည်း ပြန်ဖြစ်တော့မယ် မထင်ပါဘူး။ အခုနေရာက ကျွန်တော့်အတွက်တော့ လွတ်မြောက်ရာ ဒေသတစ်ခုပါ။ နံဘေး မှာ အိပ်ပျော်နေတဲ့ လူငယ်လေးကို လွတ်မြောက်ရာဒေသမှာ ကျွန်တော့်လို အကျဉ်းကျနေမှာစိုးတဲ့ စိတ်ကလေး ဖျတ်ခနဲ ပေါ်လာမိခဲ့တယ်။

မနက်က လက်ပြနှုတ်ဆက်ခဲ့ကြတဲ့ လူငယ်လေးတွေကတော့ စိတ်တွေသာ ဒီနေရာမှာ နွံနစ်ကျန်မနေခဲ့ကြရင် အမှန်တကယ် လွတ်မြောက်သွားခဲ့ရပါပြီ။ ရင်ထဲမှာ တစစ်စစ်နဲ့ မငြိမ်းချမ်းနိုင်သေးဘူး။ ညဉ့်နက်လေ ဘဝပျက်လေ အခြေအနေဆိုးကြီးကို စိတ်တွေ ရွက်လွှင့်ရင်း ကျွန်တော် ကျော်ဖြတ်ရပြန်ဦးမယ်။ ရုန်းလေ နစ်လေ နွံတောကြီးထဲကို အိပ်မက်မက်ရင်း ရောက်သွားမှာ စိုးရိမ်နေမိပြန်ပါတယ်။

Most Read

Most Recent