ကျပ် ၁၅၀၀ အထိ တက်လာနိုင်တဲ့ ဒေါ်လာဈေး၊ ရပ်ဆိုင်းလာတဲ့ လုပ်ငန်းမျိုးစုံ

ကျပ် ၁၅၀၀ အထိ တက်လာနိုင်တဲ့ ဒေါ်လာဈေး၊ ရပ်ဆိုင်းလာတဲ့ လုပ်ငန်းမျိုးစုံ
Published 22 July 2018

ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ရေး ကောင်တာတစ်ခုတွင် ဒေါ်လာငွေစက္ကူများကို လဲလှယ်ပေးနေစဉ်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးပြီးတဲ့နောက်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ ကဏ္ဍငါးခုက အချက်ပေါင်း ၁၄ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း (၂) အဖြစ် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပေမဲ့ ငြိမ်းချမ်းရေးကတော့ အလှမ်းဝေးနေဆဲလို့ သုံးသပ်နေကြတဲ့ ဒီရက်သတ္တပတ်မှာ ဒေါ်လာဈေးဂယက်ကြောင့် လှုပ်ခတ်မှုတွေနဲ့ ကဏ္ဍစုံကလုပ်ငန်းတွေ ရပ်ဆိုင်းမှုကြောင့် ရှားပါးတဲ့ အလုပ်အကိုင် အခွင့်အလမ်းနေရာမှာ အလုပ်အကိုင်မဲ့ဆိုတဲ့ အခြေအနေတွေက ထပ်ဆင့်ထိုးနှက်လာပြီလားလို့ ထင်မှတ်ရမယ့် အခြေအနေမျိုးနဲ့ ကြုံခဲ့ပါတယ်။

အစိုးရရဲ့ စာရွက်ပေါ်မှာ အခြေခံတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လက်တွေ့လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေဘက်က လုပ်ရကိုင်ရမလွယ်၊ လုပ်ငန်းပြိုကျမသွားအောင် တောင့်ခံနေရတယ်ဆိုမှုတွေနဲ့ ပြည်သူတွေအကြားမှာ ကျဆင်းလာနေတဲ့ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ ဝယ်ယူစားသုံးမှု ပုံစံပြောင်းလဲသွားတယ်လို့ ဘယ်လိုပဲပြောလာနေနေ Purchasing Power ကျဆင်းနေပြီလို့ သုံးသပ်နေတဲ့ အခြေအနေတွေကြားမှာ သေချာတာကတော့ မြန်မာ့စီးပွားရေးဆိုင်ရာ အခြေအနေမှန်ကို အစိုးရအနေနဲ့ လေ့လာသင့်ပြီလို့ ညွှန်းဆိုရမှာဖြစ်ပါတယ်။

အစိုးရဘက်က ဘယ်လိုပဲ စီးပွားရေးတိုးတက်နေတယ် ယူဆယူဆ လက်တွေ့လုပ်နေကြတဲ့ လုပ်ငန်းတွေကတော့ ဒီတစ်ပတ်ထဲမှာ တော်တော်များများ ရပ်ဆိုင်းကုန်ကြပါတယ်။ ဒီလိုရပ်ဆိုင်းလာတဲ့ အကြောင်းအရာတွေကိုပဲ ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်မှာ ဖော်ပြချင်ပြီး တစ်ဒေါ်လာကို ကျပ် ၁၅၀၀ အထိ တက်လာနိုင်တဲ့ ဒေါ်လာဈေး၊ ရပ်ဆိုင်းလာတဲ့ လုပ်ငန်းမျိုးစုံ စတဲ့ အကြောင်းအရာတွေကိုပဲ ဖော်ပြချင်ပါတယ်။

ကျပ် ၁၅၀၀ အထိ တက်လာနိုင်တဲ့ ဒေါ်လာဈေး

ကျပ် ၈၀၀ လောက်ကနေ စီးပွားရေးတိုးတက်မယ်လို့ လုပ်ငန်းရှင်ကြီးတွေ တိုက်တွန်းမှုကြောင့် ကျပ် ၁၀၀၀ အထိ ဒေါ်လာဈေးဆွဲတင်ခဲ့ဖူးသလို ကျပ် ၁၀၀၀ ပတ်လည်ကနေ စီးပွားရေးတိုးတက်မယ် ယူဆလို့ ကျပ် ၁၂၀၀ အထိ ဆွဲတင်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ကျပ် ၁၃၀၀ ဖြစ်မှ စီးပွားရေးလုပ်ရကိုင်ရလွယ်ကူ တိုးတက်မယ်ဆိုတဲ့ အသံတွေနဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာ တစ်ဒေါ်လာ ကျပ် ၁၃၀၀ အထိ မြန်မာကျပ်ငွေ တန်ဖိုးကို ဆွဲချခဲ့ဖူးပါတယ်။

အခုအချိန်မှာ ကြားနေရတဲ့ အသံတွေက တစ်ဒေါ်လာ ကျပ် ၁၅၀၀ ဖြစ်မှ စီးပွားရေးတိုးတက်မယ်ဆိုတဲ့ အသံတွေပါ။ ဒါကြောင့်မို့လည်း ကုန်သွယ်ရေးစစ်ပွဲအကြောင်းပြပြီး ဒေါ်လာဈေးမထိန်းဘဲ ဆွဲတင်နေတယ်လို့ ယူဆမှုတွေလည်း လှုပ်ခတ်လာပါတယ်။

“ဒေါ်လာဈေး ၁၅၀၀ အထိ ရောက်မယ်ဆိုတာ အများကြီး ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်နိုင်တယ်ဆိုတာက တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ ဘယ်လောက်ကြာမှာလဲ။ အဲဒီအပေါ်လည်း မူတည်တယ်။ Stronger America လို့ ပြောထားတာကိုး။ ပိုမိုအင်အားကြီးတဲ့နိုင်ငံ ဖြစ်အောင်လုပ်မယ်လို့ ထရန့်က သူသမ္မတမဖြစ်ခင်ကတည်းက ပြောထားတယ်။ ပြောထားတဲ့အတိုင်း လုပ်နေတယ်။ ကုန်သွယ်ရေးလိုငွေတွေ လျှော့ဖို့ကြိုးစားတယ်။ ဗဟိုဘဏ် အတိုးနှုန်းတွေမြှင့်ဖို့ ကြိုးစားတယ်။ ဒီလိုလုပ်လာတာနဲ့အတူ ပြည်ပရောက် အမေရိကန်လုပ်ငန်းရှင်တွေ ပြန်ခေါ်တယ်။ အဓိက အမေရိကန်ဒေါ်လာက ပိုခိုင်မာလာမယ့် သဘောရှိတယ်။ ဒါပေမဲ့ တစ်ဒေါ်လာ ၁၅၀၀ ဖြစ်လာရင် ကျွန်တော်တို့မှာ ကောင်းကျိုးလည်း ရှိလာနိုင်ပါတယ်။ ပို့ကုန်တွေမှာပေ့ါ။ ပို့ကုန်မြှင့်တင်နိုင်အောင်တော့ ကြိုးစားရမယ်။ အစိုးရက ပို့ကုန်မြှင့်တင်နိုင်အောင် ကြိုးနီစနစ်တွေကိုတော့ ဖြေလျှော့ပေးဖို့ လိုတယ်။ ကြိုးနီစနစ်လျှော့ရမယ်။ Business Friendly ဖြစ်အောင် ပိုလုပ်ရမယ်။ တချို့အခွန်နှုန်းထားတွေ လျှော့ရမယ်။ အစိုးရက အဲဒီသုံးခုကို တစ်ပြိုင်နက်တည်းလုပ်မှ အကျိုးသက်ရောက်မှုရှိမယ်။ တစ်ဒေါ်လာ ၁၅၀၀ ဖြစ်သွားလို့ ပို့ကုန် ဒီအတိုင်းတက်လာမယ်လို့တော့ ယူဆလို့မရဘူး” လို့ ဒေါ်လာဈေး မြင့်တက်မှုဖြစ်စဉ်အပေါ် Renaissance Institute ရဲ့ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြောပါတယ်။

ကျပ် ၈၀၀ ပတ်လည်ကနေ ကျပ် ၁၀၀၀၊ ကျပ် ၁၀၀၀ ပတ်လည်ကနေ ကျပ် ၁၂၀၀ ကာလတွေမှာ မြန်မာ့စီးပွားရေးကျဆင်းမှုအပေါ် ရိုက်ခတ်မှုမရှိပေမယ့် ကျပ် ၁၃၀၀ ပတ်လည်ဖြစ်လာတဲ့ ၂၀၁၅ အကုန်ပိုင်းကနေ ကျဆင်းလာတဲ့ မြန်မာ့စီးပွားရေးက အခုအချိန်အထိ နာလန်မထူသေးပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ၁၃၅၀ ပတ်လည်မှာ တစ်နှစ်လောက် တည်ငြိမ်နေတဲ့ ကျပ်ငွေ တန်ဖိုးကို စီးပွားရေးတိုးတက်မယ်လို့ လုပ်ငန်းရှင်ကြီးတွေပြောကြလို့ ၁၅၀၀ အထိ ဆွဲတင်လိုက်မယ်ဆိုရင်တော့ စီးပွားရေးတိုးတက်ဖို့ ကံသေ ကံမ, မပြောနိုင်ပေမဲ့ ပြည်သူတွေ အထိနာဖို့တော့ သေချာပြီလို့ ဆိုချင်ပါတယ်။

ရပ်ဆိုင်းလာတဲ့ လုပ်ငန်းမျိုးစုံ

၂၀၁၆ ခုနှစ်ကစပြီး စီးပွားရေး ကျဆင်းလာတယ်လို့ ခန့်မှန်းလာကြပြီး တစ်နှစ်ထက်တစ်နှစ် လုပ်ရကိုင်ရခက်လာတဲ့အထဲမှာ ဒီ ၂၀၁၈ ခုနှစ်က အဆိုးဆုံးပဲလို့ ကုန်သည်စက်မှုအသင်းချုပ် အစီရင်ခံစာ ထုတ်ပြန်လာတဲ့နောက်မှာ လေကြောင်းလိုင်းတွေ၊ ဟိုတယ်တွေ၊ စက္ကူစက်ရုံတွေနဲ့ အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းဖို့အသံ ဆူညံလာခဲ့ပါတယ်။

ဒီလို ပိတ်သိမ်းလာတဲ့အထဲမှာ ဟိုတယ်လုပ်ငန်းတွေကတော့ အငြင်းပွားမှုတွေနဲ့ ဝင်ငွေကျဆင်းမှုတွေကြောင့် ပိတ်သိမ်းရတယ်ဆိုပေမယ့် ခရီးသွားလုပ်ငန်းနဲ့ ဆက်နွှယ်နေတဲ့ Air Bagan၊ Apex၊ FMI စတဲ့ လေကြောင်းလိုင်းတွေ ရပ်နားမှုကတော့ စိတ်ပျက်စရာ ကျဆင်းမှုဖြစ်ပြီး Asian Wings ကလည်း ရပ်နားမယ်ဆိုတဲ့ ကောလာဟလ ထွက်ခဲ့ပါသေးတယ်။

FMI လေကြောင်းလိုင်းပြေးဆွဲမှုနဲ့ လေယာဉ်စင်းလုံးငှား ဝန်ဆောင်မှုလုပ်ငန်းကို ရပ်ဆိုင်းလိုက်ရာမှာ ယာယီရပ်ဆိုင်းတယ်လို့ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပေမယ့် ရပ်ဆိုင်းလိုက်တဲ့ ပုံစံက ယာယီသဘောမျိုးမဟုတ်ဘဲ ရှိနေတဲ့ လုပ်ငန်းစုက ဝန်ထမ်း ၁၃၄ ဦးကို အလုပ်လွှဲပြောင်းပေးတာ၊ အလုပ်သမားဥပဒေအတိုင်း လျော်ကြေးပေးမယ်လို့ ထုတ်ပြန်ထားတာပါ။ ဒီလို ထုတ်ပြန်လုပ်ဆောင်မှုကို ကြည့်မယ်ဆိုရင် ယာယီရပ်ဆိုင်းတယ်ဆိုတာထက် အပြီးသတ် ရပ်ဆိုင်းတယ်ဆိုတဲ့ အခြေအနေမျိုးကို မြင်ရမှာဖြစ်ပါတယ်။

အနည်းဆုံးအခကြေးငွေ၊ အော်ဒါမရရှိမှု၊ မြေဈေးကြီးမြင့်မှုတွေနဲ့ အလုပ်သမားဆန္ဒပြမှုတွေကြောင့် အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းခဲ့တာတွေကလည်း အခုအချိန်မှာ ပိုပြီးတော့ ဆိုးလာသလား ထင်စရာပါ။ တစ်ဖက်မှာလည်း USDP အစိုးရလက်ထက်တုန်းက အထည်ချုပ်စက်ရုံ ၂၀၀ လောက်ပဲရှိပြီးတော့ NLD အစိုးရလက်ထက်မှာ ၆၀၀ လောက် ဖြစ်လာပြီလို့ ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့တာကြောင့် ပုံမှန်ပိတ်သိမ်းမှုတွေပဲလို့ အငြင်းပွားစရာ ဖြစ်လာပါတယ်။ ဘယ်လိုပဲ အငြင်းပွားပွား အထည်ချုပ်စက်ရုံ တစ်ရုံဟာ အလုပ်သမားရာထောင်ချီ အလုပ်အကိုင် ပေးနိုင်တာကြောင့် အထည်ချုပ်စက်ရုံ ဆယ်ဂဏန်း ပိတ်သိမ်းတာနဲ့တင် အလုပ်လက်မဲ့ သောင်းဂဏန်းကို ဖြစ်လာစေမှာပါ။ ဒီလိုအခြေအနေဟာ အလုပ်အကိုင် အခွင့်အလမ်းများများပေးနိုင်မယ့် FDI တွေ ခွင့်ပြုပေးနေပါတယ်လို့ ကြွေးကြော်နေတဲ့ NLD အစိုးရ အတွက်တော့ စိတ်ပျက်စရာ အခြေအနေ ဖြစ်လာမှာပါ။

“စက်ရုံတွေ ပိတ်တယ်လို့ ကြားတယ်။ ပိတ်ဖို့ရှိတယ်လို့ ကြားတယ်။ အဓိက,ကတော့ ထုတ်လုပ်မှုလုပ်ငန်းအလုပ်ပေါ့။ ထုတ်လုပ်မှုလုပ်တဲ့ အလုပ်ရုံတွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံတာလည်းရှိတယ်။ ပြည်တွင်းရင်းနှီးမြှုပ်နှံတာလည်းရှိတယ်။ ထုတ်လုပ်မှု အပိုင်းမှာပဲ နိုင်ငံနဲ့ပြည်တွင်း ပူးပေါင်းလို့ဖြစ်စေ၊ ပြင်ပပို့ ထုတ်လုပ်တာရှိတယ်။ ပိတ်သွားတဲ့ ရုံတွေထဲမှာ လေ့လာရသလောက် နိုင်ငံခြားပိုင်တဲ့ လူ ၈၀၀၊ ၉၀၀ လောက်ရှိတဲ့ ရုံလည်းပိတ်တယ်လို့ ကြားတယ်။ ပြည်တွင်းလုပ်ငန်းလေးတွေ ပိတ်တယ်လို့လည်းကြားတယ်။ နောက်ဆုံးရေခဲမုန့်ထုတ်တဲ့ ပြည်တွင်းအလုပ်ရုံပိတ်တာလည်း ကြားတယ်။ ထိခိုက်မှုက ဒီမှာပဲ ထိခိုက်တယ်လို့ ပြောလို့မရဘူး” လို့ UMFCCI တွဲဖက်အတွင်းရေးမှူးနဲ့ အထည်ချုပ် လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားတာကို တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်ကို ရပ်နားလိုက်ရပါတယ်။

Most Read

Most Recent