အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးနှင့် ရောမသဘောတူစာချုပ် (၃)

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးနှင့် ရောမသဘောတူစာချုပ် (၃)
Published 22 July 2018

Photo: Capital FM

စုံစမ်းစစ်ဆေးမှုတစ်ခု အစပျိုးနိုင်ရန်အတွက် အမှုလိုက်တရားစွဲအရာရှိသည် (၁) ICC ၏ စီရင်ခံပိုင်ခွင့်အတွင်း သက်ဆိုင်သည့် ရာဇဝတ်မှုတစ်ခု ကျူးလွန်ဖြစ်ပွားခဲ့ကြောင်း ယုံကြည်လက်ခံနိုင်ဖွယ် အခြေအနေတစ်ရပ်ရှိခြင်း။ (၂) စုံစမ်းစစ်ဆေးမှုသည် အပြန်အလှန် သဟဇာတမူဝါဒများနှင့် ကိုက်ညီခြင်း။ (၃) စုံစမ်းစစ်ဆေးမှုသည် တရားမျှတမှု ဖော်ဆောင်ရန် တစ်ရပ်ဖြစ်ခြင်း။

သဟဇာတဖြစ်မှု မူဝါဒ (Complementarity)

သဟဇာတဖြစ်မှု မူဝါဒဆိုသည်မှာ နိုင်ငံများက ကိုယ်တိုင်တရားမစွဲလိုသည့်အခါ (သို့မဟုတ်) သက်ဆိုင်ရာနိုင်ငံက တရားစွဲနိုင်သည့် အခြေအနေမရှိသည့်အခါ ICC က တစ်သီးပုဂ္ဂလအပေါ် စွဲဆိုဆောင်ရွက်နိုင်ခြင်းဟူသည့် မူဝါဒဖြစ်သည်။ သက်ဆိုင်ရာနိုင်ငံနှင့် ICC တို့ အပြန်အလှန် သဟဇာတဖြစ်၍ သဘောတူ ဆောင်ရွက်ခြင်းကို ဆိုလိုသည်။ ဤအကြောင်းအချက်တစ်ခုတည်း အရသာ ICC က စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်း၊ စီရင်ချက်ချမှတ်ခြင်း ပြုလုပ်နိုင်သည်။

အမျိုးသားနိုင်ငံ၏ စုံစမ်းစစ်ဆေးမှုအရ အမှုပိတ်လိုက်လျှင်ဖြစ်စေ၊ တရားခံအား အပြီးအပြတ် လွှတ်လျှင်ဖြစ်စေ၊ ICC က အမျိုးသားနိုင်ငံ၏ စုံစမ်းစစ်ဆေးမှု၊ တရားစီရင်မှုသည် တရားဝင်သည်ဟု ယူဆနေသမျှကာ လပတ်လုံး ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ သို့ရာတွင် သဟဇာတဖြစ်မှု မူဝါဒကို အသုံးချခြင်းသည် တစ်ခါတစ်ရံတွင် ပြင်းထန်သည့် သီအိုရီဆိုင်ရာ ထောက်ပြဝေဖန်မှုများနှင့် ကြုံရတတ်သည်။

အမှု၏ကြီးလေးမှု (Gravity)

ICC သည် တရားခွင်တင် စစ်ဆေးရလောက်အောင် ကြီးလေးနက်ရှိုင်းသည့် ပြစ်မှုမျိုးကိုသာ ကိုင်တွယ်ဆောင်ရွက်သည်။

တရားမျှတမှု (Interests of Justice)

ICC ၏ တရားစွဲအမှုလိုက်အဖွဲ့သည် ပြစ်မှု၏ ကြီးလေးမှုနှင့် ထိခိုက်သူ၏ အကျိုးကို တွက်ဆ၍ အရေးယူဆောင်ရွက်ခြင်းဖြင့် တရားမျှတမှု မရနိုင်သည့် အခြေအနေမျိုးတွင် အမှုကို ကိုင်တွယ် ဆောင်ရွက်ခြင်းမပြုပေ။ ထို့ထက်ပို၍ စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ခဲ့ပြီး ဝရမ်းထုတ်ဆောင်ရွက်ရန် အခြေအနေ ပေါ်ပေါက်သည်နှင့် တစ်ပြိုင်နက် အမှုလိုက် တရားစွဲအရာရှိသည် အမှု၏ ကြီးလေးမှု အတိမ်အနက်၊ ထိခိုက်သူ၏ အကျိုးစီးပွား ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူ၏ အသက်အရွယ်၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတို့ကို ထည့်သွင်းတွက်ချက်၍ အရေးယူ ဆောင်ရွက်ခြင်းအားဖြင့် တရားမျှတမှုပေးနိုင်၊ မပေးနိုင်ကို ဆုံးဖြတ်ရသည်။

ကျင့်ထုံးနည်းလမ်း (Procedure)

တရားခွင် (Trial)

စစ်ဆေးစီရင်ခြင်းများကို အင်္ဂလိပ်ရိုးရာ ဥပဒေ (English Common Law) နှင့် ရောမဥပဒေ (Roman Law, Civil Law) တို့ ပေါင်းစပ်၍ စစ်ဆေးဆောင်ရွက်သည်။ သို့ရာတွင် ICC ၏ ကျင့်ထုံးဆိုင်ရာ ဦးတည်ချက်နှင့် လက္ခဏာသည် ဖြစ်ထွန်းတိုးတက်ဆဲပင် ဖြစ်သည်။ ဤစီရင်ချက်တွင် အကြောင်းပြသုံးသပ်ချက် အပြည့်အစုံ ပါဝင်ရသည်။ တရားစီရင်ရာတွင် အများပြည်သူရှေ့မှောက်၌ စီရင်ရသည်။ သို့ရာတွင် မကြာခဏဆိုသလို လျှို့ဝှက်ကြားနာခြင်းများရှိပြီး ယင်းသို့သော အမှုမျိုးကို အသေးစိတ်ထုတ်ပြန်ခြင်း မရှိပေ။

တံခါးပိတ်စစ်ဆေးသည့်အမှုများ (In Camera Proceedings) ကို သက်သေနှင့် ထိခိုက်နစ်နာစေသူများအား ကာကွယ်ရန် အတွက်နှင့် သက်သေများကို သြဇာလွှမ်းမိုးခြင်း မပြုနိုင်စေရန်နှင့် ထွက်ချက်များကို လျှို့ဝှက်ထားရန်ဖြစ်သည်။ အချို့ထွက်ချက်များ၏ ထိရှလွယ်မှုကို ကာကွယ်ရန်လည်းဖြစ်သည်။ တစ်ဆင့်ကြားစကား (Hearsay) နှင့် တစ်ဆင့်ခံ သက်သေခံချက် (Indirect Evidence) တို့ကို ယေဘုယျအားဖြင့် တားမြစ်မထားပေ။ သို့ရာတွင် အင်္ဂလိပ်ရိုးရာဥပဒေအရ ထင်ရှားသည့် တစ်ဆင့်ကြားမှု ခြွင်းချက်များကို လမ်းညွှန်သုံးစွဲသည်ဟူ၍ စွပ်စွဲချက်များရှိသည်။

စွပ်စွဲခံရသူ၏ အခွင့်အရေးများ (Rights of the accused)

ရောမသဘောတူစာချုပ်က “ခိုင်လုံသည့် လက်ခံနိုင်လောက်သော သက်သေထင်ရှားပြသမှု မရှိမချင်း စွပ်စွဲခံရသူသည် အပြစ်ကင်းစင်သူဖြစ်သည်” ဟူသည့်မူကို အခိုင်အမာ ဆုပ်ကိုင်သည်။ ထို့ပြင် စုံစမ်းစစ်ဆေးမှုအတွင်း စွပ်စွဲခံရသူ၏ အခွင့်အရေးများကို အတိအကျ ပြဋ္ဌာန်းထားသည်။

ဤအခွင့်အရေးများတွင် မိမိအား စွပ်စွဲထားသော စွပ်စွဲချက်များကို အချက်အလက် ပြည့်ပြည့်စုံစုံသိရှိခွင့်၊ ခုခံချေပရန်အတွက် အခမဲ့ ရှေ့နေငှားရမ်းခွင့်၊ အမှုကို အမြန်ကြားနာ စစ်ဆေးခွင့်နှင့် သက်သေများကို ပြန်လှန် စစ်မေးခွင့်တို့ ပါရှိသည်။

ICC သည် “တန်းတူရည်တူ လက်နက်ရပိုင်ခွင့် (Equallty of arms) မူ” ကို တရားစွဲ အမှုလိုက်အဖွဲ့နှင့် ခုခံချေပသူအဖွဲ့ကြားတွင် တန်းတူကျင့်သုံးသည်။ ထို့အတွက် ICC သည် တရားခံများနှင့် တရားခံများ၏ ရှေ့နေများအား အကြံပေးနိုင်ရန်နှင့် သတင်းအချက်အလက် ဖြန့်ဝေနိုင်ရန်တို့အတွက် အမှီအခိုကင်းသည့် တရားခံအကျိုးဆောင်များရုံး၊ Independent Office of Publice Counsel for the Defence (OPCD) ကို တည်ထောင်ပေးခဲ့သည်။ OPCD သည် စွပ်စွဲခံရသူ၏ ကနဦးအဆင့် စုံစမ်းစစ်ဆေးမှုများတွင် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများကိုလည်း ကာကွယ်ပေးသည်။ သို့ရာတွင် တရားစွဲအမှုလိုက်ရုံး သုံးစွဲခွင့်ရှိသည့် ဘတ်ဂျက်ထက် OPCD ၏ ဘတ်ဂျက်မှာ အလွန်နည်းသည်ဟူသည့် စွပ်စွဲချက်များလည်း ရှိသည်။

ထိခိုက်နစ်နာသူပါဝင်ခွင့်

ICC ၏ အဓိကအကျဆုံး တီထွင်မှုမှာ ထိခိုက်နစ်နာသူ၏ အခွင့်အရေးများကို စဉ်ဆက်မပြတ် ကာကွယ်ပေးခြင်းပင်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားစီရင်ရေး တရားမျှတမှုပိုင်းတွင် ထိခိုက်နစ်နာသူများ၏ အမြင်နှင့် တွေ့ရှိချက်များကို ပထမဆုံးအကြိမ်အဖြစ် ခုံရုံးတွင် တင်ပြခွင့်ပြုခြင်းပင်ဖြစ်သည်။

တရားခွင်ရှေ့ ပါဝင်ဆောင်ရွက်မှုသည် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် အမှု၏ အဆင့်တိုင်းတွင် ပါဝင်နိုင်သည်။ သို့ရာတွင် အချိန်နှင့် တင်ပြခွင့် အခြေအနေကို တရားသူကြီးများက ဆုံးဖြတ်ရန်ဖြစ်သည်။

အများအားဖြင့် ထိခိုက်နစ်နာသူ၏ ပါဝင်ဆောင်ရွက်ခွင့်သည် တရားဝင်ကိုယ်စားလှယ်မှတစ်ဆင့်ဖြစ်ပြီး ရုံး၏ကြိုတင် ထင်မြင်ချက် မဖြစ်စေရန်နှင့် တရားခံ၏ အခွင့်အရေးဖြစ်သော တရားမျှတသည့် ဘက်လိုက်မှုမရှိသော တရားခွင်ရရှိရေးမူကို မထိခိုက်စေရပေ။

ရောမသဘောတူညီချက်တွင် ထိခိုက်နစ်နာသူ အခြေပြုပြဋ္ဌာန်းချက်များ၌ ၎င်းတို့၏ နစ်နာချက်များ ထုတ်ဖော်ပြောကြားခွင့်ပေးထားပြီး ထိခိုက်နစ်နာမှုများအတွက် သင့်တော်သော ကုစားမှုကိုလည်း ခွင့်ပြုထားသည်။ ယင်းမှာ ICC က ပြစ်ဒဏ်ချမှတ်ရန် သာမက နစ်နာသူကို ဖြစ်နိုင်သမျှ ကုစားပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထိခိုက်နစ်နာသူအတွက် တရားမျှတမှုအလို့ငှာ ကျင့်ထုံးနည်းလမ်းအရ တရားမျှတမှုသာမက ခိုင်မာပြီး အဓိပ္ပာယ်ရှိသည့် တရားသဖြင့်ဖြစ်ရေးကို ဦးတည်ခြင်းဖြစ်သည်။ သို့အတွက် နစ်နာသူက တရားခွင်တွင် ပူးပေါင်းပါဝင်ပြီး အမှန်တရားရှာဖွေရန် အထောက်အကူပြုသည့်အပြင် တရားခွင်မှ နစ်နာမှုအတွက် ကုစားခွင့်ရရှိရေးပါ ပါဝင်သည်။

ရောမသဘောတူစာချုပ် အပိုဒ်-၄၃(၆) တွင် နစ်နာသူနှင့် သက်သေများအား လုံခြုံမှု အကာအကွယ်ပေးရန်၊ တိုင်ပင်ဆွေးနွေးရန်နှင့် ထိုက်သင့်သော အထောက်အကူပြုမှုများ ရနိုင်ရန်အတွက် နစ်နာသူနှင့် သက်သေများ ယူနစ်ကို ဖွဲ့စည်းတည်ထောင်သည်။

ကုစားမှု

ဤစာချုပ်အပိုဒ်-၇၅ အရ ထိခိုက်နစ်နာသူသည် ICC တရားခွင်တွင် နစ်နာကြေး တောင်းဆိုနိုင်သည်။ ယင်းသို့ တောင်းဆိုရာတွင် တရားခံသည် ပြစ်မှုထင်ရှားစီရင်ခံရမှသာ တောင်းဆိုခွင့်ရှိပြီး တရားရုံး၏ ဆင်ခြင်တုံတရားအရ အဆုံးအဖြတ်ပြုရန် ဖြစ်သည်။ ကုစားမှုဆိုရာ၌ ထိခိုက်နစ်နာမှု လျော်ကြေး ပြန်လည်ထူထောင်မှုနှင့် ဘဝသစ် တည်ဆောက်မှုတို့ ပါဝင်သည်။ သို့ရာတွင် လူမှုအဖွဲ့အစည်းဆိုင်ရာ ထိခိုက်နစ်နာသူများနှင့် ပုဂ္ဂိုလ်တစ်ဦးချင်းအတွက် သဏ္ဌာန်အမျိုးမျိုးသော ကုစားမှုများလည်း ရှိနိုင်သည်။ ရောမသဘောတူစာချုပ်အပိုဒ်-၇၉ တွင် တရားခံက နစ်နာကြေးပေးနိုင်သည့် အခြေအနေရှိသည့်အခါ နစ်နာသူအား ကုစားမှု အထောက်အကူပြုပေးနိုင်ရန်အတွက် ရန်ပုံငွေအဖွဲ့ တည်ထောင်ထားသည်။

ရောမသဘောတူစာချုပ်တွင် မပါဝင်သည့် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း (Co-operation by states not party to Rome Statue)

အပြည်ပြည်ဆိုင်ရာ ဥပဒေတွင် (Pacta tertiis nec nocent nec prosunt) ဟူသည့် ဆောင်ပုဒ်တစ်ခုရှိသည်။ ယင်း၏အဓိပ္ပာယ်မှာ သဘောတူစာချုပ်တွင် မပါဝင်သူ တတိယနိုင်ငံများအတွက် ၎င်းတို့၏ သဘောဆန္ဒမပါရှိဘဲ တာဝန်နှင့် ရပိုင်ခွင့်များ မရှိစေရဟူ၍ဖြစ်သည်။ ဤအချက်ကို ၁၉၆၉ ခုနှစ် သဘောတူစာချုပ်များဆိုင်ရာ ဥပဒေနှင့်ပတ်သက်သည် ဗီယင်နာသဘောတူစာချုပ် (1969 Vienna Convention on the Law of Treaties) တွင် ထည့်သွင်းဖော်ပြထားသည်။ ရောမသဘောတူစာချုပ်အရ အဖွဲ့ဝင် နိုင်ငံဟူသော နိုင်ငံအသီးသီး၏ အလိုအလျောက် ပူးပေါင်းဆောင်ရွက်မှုကိုသာ ICC က ခွင့်ပြုနိုင်သည်။ သို့ရာတွင် အချို့အခြေအနေများ၌ စာချုပ်အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများသည်လည်း ICC နှင့် ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိသည်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ (UNSC) က အမှုတစ်မှုကို ICC သို့ လွှဲအပ်သည့်အခါ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတိုင်းက ICC နှင့် ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိသည်။ ယင်းအပြင် ထိုအခြေအနေ၌ ICC ၏ ဆုံးဖြတ်ချက်များသည် နိုင်ငံအားလုံးအပေါ်တွင် စည်းနှောင်မှုရှိသည်။

ICC တရားစွဲအမှုလိုက်အရာရှိ အနေဖြင့် အဖွဲ့ဝင်နိုင်ငံ မဟုတ်သည့် အမျိုးသားနိုင်ငံတစ်ခု၏ နယ်နိမိတ်အတွင်း စုံစမ်းစစ်ဆေးမှုနှင့် သက်သေအထောက်အထား စုဆောင်ခြင်းကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရန် အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံ၏ သဘောတူညီချက်ရရန် လိုအပ်သည်။ အကယ်၍ အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံက ပူးပေါင်းဆောင်ရွက်ရန် သဘောမတူပါက ICC သည် ရောမသဘောတူစာချုပ်အရ အဖွဲ့ဝင်နိုင်ငံများ၏ ညီလာခံ (Assembly of States Parties) သို့မဟုတ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) သို့ လွှဲအပ်တင်ပြနိုင်သည်။

လွတ်ငြိမ်းချမ်းသာခွင့်များနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များ (Amnesties and National Reconcilition Process)

ICC အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်သူများကို ပဋိပက္ခများ ဆုံးဖြတ်နိုင်ရန် သဘောတူညီချက် အစိတ်အပိုင်းတစ်ရပ် အနေဖြင့် မည်သည့်အတိုင်းအတာထိ လွတ်ငြိမ်းခွင့်ပြုနိုင်သည်ဆိုခြင်းမှာ တိကျထင်ရှားမှု မရှိပေ။ စာချုပ်အပိုဒ် (၁၆) တွင် ကုလလုံခြုံရေးကောင်စီအား ဖြစ်ရပ်တစ်ခုကို စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ပြုရန် အခွင့်အာဏာ အပ်နှင်းထားသည်။ စာချုပ်အပိုဒ် (၅၃) တွင် တရားစွဲအမှုလိုက်အရာရှိအား စုံစမ်းစစ်ဆေးမှုတစ်ခုသည် တရားမျှတမှုရရှိရေးအတွက် အထောက်အကူမပြုနိုင်ဟု ယူဆသည့်အခါ မိမိဆင်ခြင်တုံတရားအရ ဆောင်ရွက်ခွင့်ပြုထားသည်။

တစ်ခါတစ်ရံတွင် ဖောက်ပြန်ဆိုးသွမ်းသည့် အစိုးရများထံမှ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် လိုအပ်သည်ဟူသော ငြင်းခုံမှုများလည်းရှိသည်။ နိုင်ငံများ၏ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အခွင့်အရေးကို ငြင်းပယ်ခြင်းအားဖြင့် ICC အတွက် ပဋိပက္ခများကို အဆုံးသတ်ရန်နှင့် ဒီမိုကရေစီသို့ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရာတွင် အခက်အခဲတွေ့စေသည်။ ဥပမာအားဖြင့် ယူဂန်ဒါနိုင်ငံရှိ သူပုန်ခေါင်းဆောင်လေးဦးအား ဖမ်းဝရမ်းထုတ်ဆင့်ရာ၌ ယူဂန်ဒါပြည်တွင်းစစ် အဆုံးသတ်စေရန် အဟန့်အတားတစ်ခုဖြစ်သည်ဟု ယူဆမှုများ ရှိနေသည်။ ချက်နိုင်ငံရေးသမား မာရက်ဗန်ဒါ (Marek Benda) က ICC အနေဖြင့် ထိရောက်စွာ ဟန့်တားရန် ဆန္ဒရှိခြင်းသည် အဆိုးရွားဆုံး အာဏာရှင်များက မိမိတို့ လက်အတွင်းရှိ အာဏာကို မည်သည့်နည်းနှင့်မဆို ဆက်လက်ဆုပ်ကိုင်ထားစေသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

Most Read

Most Recent