မှောင်မိုက်တဲ့ နေ့ရက်များ

မှောင်မိုက်တဲ့ နေ့ရက်များ
Published 20 July 2018

VALKYRIE ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်ခန်းတစ်ခု

မြန်မာပြည်သမိုင်းမှာတော့ အင်မတန် နာကြည်းစရာကောင်းတဲ့ အမှောင်ကျခဲ့တဲ့ နေ့ရက်တွေ မရေတွက်နိုင်အောင် များလှပါတယ်။ အထူးသဖြင့် မိုးတိမ်တောင်တွေ မည်းမှောင်လို့ သည်းပြီဆိုရင် အာဏာရှင်တွေရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ရသူတွေရဲ့ အဖြစ်အပျက်တွေကို ပြန်သတိရမိပါတယ်။ ဇူလိုင်လ တစ်လတည်းမှာပဲ ကျောင်းသားတွေ ကျဆုံးခဲ့ရတဲ့ ဆဲဗင်းဂျူလိုင်အဖြစ်အပျက်နဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေ ကျဆုံးခဲ့ရတဲ့ ဆယ့်ကိုးဂျူလိုင် အဖြစ်အပျက်တွေဟာ ဘယ်တော့မှ မေ့ပျောက်မရတဲ့ သမိုင်းဝင်နေ့တွေပါပဲ။ ဒါ့အပြင် သြဂုတ်လမှာ ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာလည်း ပြည်သူတွေ သွေးချောင်းစီးခဲ့ရတဲ့ အဖြစ်အပျက်ကြီးတစ်ခုအဖြစ် သမိုင်းဝင် ကျန်ရှိနေပါတယ်။

၁၉၄၈ ခုနှစ်မှာ မြန်မာပြည်ဟာ အင်္ဂလိပ် အစိုးရဆီက လွတ်လပ်ရေးရခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် ဝန်ကြီးချုပ်ဦးနု အုပ်ချုပ်နေဆဲမှာ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက စစ်အာဏာသိမ်းလိုက်ပါတယ်။ နိုင်ငံရေး ခေါင်းဆောင်အများစုကို ထောင်ထဲထည့်ခဲ့ပါတယ်။ ဆိုရှယ်စနစ်ကို ကျင့်သုံးမယ်ဆိုပြီး တစ်ပါတီစနစ်ကို ပြောင်းလဲပါတယ်။ အများပြည်သူတွေရဲ့ ပိုင်ဆိုင်ပစ္စည်းတွေကို ပြည်သူပိုင် သိမ်းပိုက်ခဲ့ပါတယ်။ တက္ကသိုလ်ပညာရေးစနစ်ကိုလည်း ကန့်သတ်ချုပ်ချယ်ပါတယ်။ ကျောင်းဆောင်တွေမှာ တင်းကျပ်တဲ့စည်းမျဉ်းတွေနဲ့ ချုပ်ချယ်မှုတွေ လုပ်ခဲ့တာကြောင့် ကျောင်းသားဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီဆန္ဒပြမှုကို အစိုးရက အကြမ်းဖက်ပစ်ခတ်နှိမ်နှင်းတဲ့အတွက် တက္ကသိုလ်ကျောင်းသားအများအပြား သေဆုံးခဲ့ရပါတယ်။ ကျောင်းသားတွေ စုဝေးရာ ကျောင်းသားသမဂ္ဂအဆောက်အအုံကိုလည်း ဗုံးခွဲဖျက်ဆီးခဲ့ပါတယ်။ ဒီလို ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ ဆဲဗင်းဂျူလိုင်အရေးအခင်းအပြီးမှာ ဗိုလ်ချုပ်ကြီးနေဝင်းဟာ ဓားကို ဓားချင်း၊ လှံကို လှံချင်း ရင်ဆိုင်ဖို့အသင့်ပဲလို့ တိုင်းပြည်ကို  မိန့်ခွန်းပြောခဲ့ပါသေးတယ်။

၁၉၇၄ မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲပြီး ပြောင်းလဲခဲ့ပေမယ့် စီးပွားရေးကျပ်တည်းမှုကြောင့် ဆန္ဒပြမှုများစွာ ထပ်မံပေါ်ပေါက်ခဲ့ပါတယ်။ ဆန်မလောက်ငမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် အလုပ်သမားဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာမှာ ၁၉၇၄ ခုနှစ်မှာ အကြီးဆုံး သပိတ်ကို ပစ်ခတ်နှိမ်နှင်းခဲ့လို့ အလုပ်သမားပြည်သူများစွာ သေဆုံးကြပါတယ်။ ၁၉၇၅ အလုပ်သမားသပိတ် နှစ်ပတ်လည်နေ့မှာ တစ်ကြိမ် ၁၉၇၆ မှာ ဦးသန့်အရေးအခင်းကြောင့် ကျောင်းသားပြည်သူဆန္ဒပြပွဲ တစ်ကြိမ်ဖြစ်ခဲ့ပြီး အကြမ်းဖက်နှိမ်နှင်းခဲ့ပြန်ပါတယ်။

တိုင်းပြည်မှာ မအောင်မြင်တဲ့ စီးပွားရေးစနစ်ကြောင့် ပြည်သူလူထုက ကျပ်တည်းဆင်းရဲနေပေမယ့် ပါတီအကြီးအကဲအပေါင်းက ပိုပြီးချမ်းသာကြွယ်ဝလာပါတယ်။ ငွေစက္ကူတွေကို တန်ဖိုးချလိုက်ရာကနေ အစပြုပြီး စက်မှုတက္ကသိုလ်ကျောင်းသား ဆူပူမှုကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ ဖြစ်ရပ်အပြီးမှာတော့ တစ်ပြည်လုံး အုံကြွလာခဲ့ပါတယ်။ ဒီလို ဆူပူမှုတွေကို နှိမ်နင်းနေဆဲမှာပဲ ဦးနေဝင်းက “သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး။ ရှေ့တည့်တည့်သာပစ်တယ်။ ဆူဆူပူပူပူလုပ် သူတွေရှေ့ကို သတိသာထားကြပေရော့” ဆိုတဲ့ စကားတွေ ပြောခဲ့ပါသေးတယ်။ ၈.၈. ၁၉၈၈ အထွေထွေသပိတ်ကြီးကိုလည်း သူပြောသလိုပဲ သေနတ်နဲ့ တားဆီးပစ်ခတ်ခဲ့ပါတယ်။ ရဟန်းရှင်လူူ အများအပြား သေဆုံးဒဏ်ရာရခဲ့ကြပါတယ်။

ဗိုလ်ချုပ်နေဝင်းတစ်ဖြစ်လဲ ဦးနေဝင်းရဲ့ တိုင်းပြည်အုပ်ချုပ်ရေးစနစ်ကို မကျေနပ်သူတွေ အများကြီးရှိခဲ့ပါတယ်။ တိုင်းပြည်မှာ ဖြစ်ပျက်သမျှဟာ တစ်ပါတီအာဏာရှင်စနစ်ကြောင့် ဆိုးရွားနေတာကို စစ်တပ်က အရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်က ထောက်ပြရင်း အခြားအရာရှိတွေကို စည်းရုံးနိုင်ခဲ့ပါတယ်။ ၁၉၇၆ ခုနှစ် တပ်မတော်နေ့ ညစာစားပွဲမှာ နိုင်ငံတော်အာဏာသိမ်းဖို့ အစီအစဉ်တွေ ချခဲ့ပါတယ်။ ဒါပေမဲ့ သတင်းပေါက်ကြားမှုကြောင့် စီစဉ်သလို ဖြစ်မလာတဲ့ အခါမှာ ဗိုလ်ကြီးအုန်းကျော်မြင့်ဟာ လေတပ်စစ်ဦးချုပ် ဗိုလ်ချုပ်စောဖြူထံ သွားရောက်ပြီး အမေရိကန်သံရုံးကို နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ပါတယ်။ ဒါပေမဲ့ မအောင်မြင်ဘဲ သက်ဆိုင်ရာကိုသာ လွှဲပြောင်းပေးခံလိုက်ရပါတယ်။ စစ်ခုံရုံးမှာ စစ်ဆေးပြီးတဲ့နောက်မှာတော့ ဗိုလ်ကြီးအုန်းကျော်မြင့်ကို သေဒဏ်ပေးခဲ့ပါတယ်။ ၁၉၆၂ ဗိုလ်ချုပ်နေဝင်းက စစ်အာဏာသိမ်းပြီးတဲ့နောက် တစ်ပါတီစနစ် ထူထောင်နေဆဲမှာ ကြုံရတဲ့ နိုင်ငံတော်အာဏာသိမ်းဖို့ ကြိုးပမ်းမှုကြီးဖြစ်ပါတယ်။ ဗိုလ်ကြီး အုန်းကျော်မြင့်နဲ့ အရာရှိငယ်တွေဟာ မိမိတို့ရဲ့ ကိုယ်ကျိုးကို စွန့်လွှတ်ပြီး အာဏာသိမ်းဖို့ ကြံစည်ခဲ့ပေမယ့် မအောင်မြင်ဘဲ ကျဆုံးခဲ့ရပါတယ်။

အာဏာရှင်အုပ်ချုပ်မှုတွေကို မကျေနပ်တဲ့အခါမှာ လုပ်ကြံမှုတွေ၊ အာဏာသိမ်းမှုတွေ ဖြစ်ကြတာ ထုံးစံပါပဲ။ ဖြစ်ရပ်မှန် ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ VALKYRIE ဆိုတဲ့ ဇာတ်ကားမှာ မင်းသားကြီး Tom Cruise က အာဏာသိမ်းဖို့ကြံတဲ့ ဗိုလ်မှူးကလော့စ်ဗွန်စတက်ဖင်ဘတ်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ ရိုက်ကူးသူက ဒါရိုက်တာ Bryan Singer ဖြစ်ပါတယ်။ အာဏာရှင်တော်လှန်ရေးမှာ နောက်ဆုံးအချိန်အထိ စိတ်ဓာတ်မလျှော့ခဲ့တာကို တင်ပြထားခဲ့တဲ့ ဇာတ်လမ်းပါပဲ။

ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်ဗိုလ်မှူး ဗွန်စတက်ဖင်ဘတ်ဟာ တူနီးရှားရှေ့တန်း စစ်မျက်နှာမှာ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့လို့ ညာလက်မောင်းတစ်ဖက် ဖြတ်လိုက်ရပြီး ဘယ်ဘက်မျက်လုံး ကန်းခဲ့ရပါတယ်။ သူ့ကို နောက်တန်းမှာ ဆေးကုပြီး ကျန်းမာလာတဲ့အခါ ဟစ်တလာရဲ့ ရုံးလုပ်ငန်းဌာနမှာ တာဝန်ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဟစ်တလာကို လုပ်ကြံဖို့ ကြိုးစားပေမယ့် မအောင်မြင်တဲ့ ဗိုလ်ချုပ်ကြီး ဗွန်ထရက်စကောနဲ့ တွေ့ခဲ့ပါတယ်။ နာဇီခေါင်းဆောင်တွေ လျှို့ဝှက်အစည်းအဝေးကျင်းပရာ ဝံပုလွေအသိုက်လို့ခေါ်တဲ့ လျှို့ဝှက်ခန်းမကိုလည်း ဝင်ထွက်ခွင့်ရခဲ့ပါတယ်။

ဗိုလ်မှူးစတက်ဖင်ဘတ်ဟာ ဟစ်တလာကို လုပ်ကြံရေးအစီအစဉ်အဖြစ် အော်ပရေးရှင်း ဗယ်လ်ခိုင်ရီးကို ရေးဆွဲခဲ့ပါတယ်။ ဒီအစီအစဉ်ထဲမှာ ဟစ်တလာ သေဆုံးပြီးတဲ့နောက် အဓိပတိအသစ် တင်မြှောက်ရမယ့်သူ ဂျာမန်တပ်မကြီးတွေကို အုပ်ချုပ်မယ့်သူကအစ ရွေးချယ်ထားခဲ့ပါတယ်။ ဝံပုလွေသိုက်ရဲ့ ဆက်သွယ်ရေးတာဝန်ခံကို စည်းရုံးပြီးတော့ အခြေအနေကို စောင့်ခဲ့ပါတယ်။ ၁၉၄၄ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့ ဝံပုလွေသိုက်မှာ ခေါင်းဆောင်တွေ လျှို့ဝှက်အစည်းအဝေး စတင်ကြပါတယ်။ ဇူလိုင် ၂၀ မှာ ဗိုလ်မှူးစတက်ဖင်ဘတ်ဟာ ကိုယ်ရေးအရာရှိ ဗိုလ်လေးဟော့ ဖန်နဲ့အတူ ရောက်လာခဲ့ပါတယ်။ ဗုံးထည့်ထားတဲ့ လက်ဆွဲအိတ်ကို အစည်းအဝေး ပြုလုပ်တဲ့ စားပွဲအောက် ဟစ်တလာနဲ့အနီးဆုံးနေရာမှာ ထားခဲ့ပြီးတော့ ခန်းမအပြင်က ကားပေါ်မှာ စောင့်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဗုံးထည့်တဲ့ လက်ဆွဲအိတ်ကို အခြားအရာရှိတစ်ဦးက ခြေနဲ့တိုက်မိတော့ အိတ်ကို ရွှေ့ပြီး စားပွဲခြေထောက်မှာ ကပ်ထားလိုက်ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ဘားတိုက်တစ်ခုလုံး ပျက်စီးကုန်ပါတယ်။ ဟစ်တလာကတော့ သေကံမရောက်ခဲ့ပါဘူး။ ဗိုလ်မှူးစတက်ဖင်ဘတ်ဟာ ပေါက်ကွဲမှုကြောင့် ဟစ်တလာသေပြီလို့ ယူဆကာ အစီအစဉ်အတိုင်း ညွှန်ကြားခဲ့ပါတယ်။ ဟစ်တလာ မသေကြောင်း သိရတဲ့အချိန်မှာတော့ ဗိုလ်ချုပ်ကြီးဗွန်ထရက် စကောအပါအဝင် အားလုံးအဖမ်းခံခဲ့ရပါတယ်။ သေဒဏ်အဖြစ် သေနတ်နဲ့ ပစ်ခါနီးမှာ ဗိုလ်မှူးဗွန်စတက်ဖင်ဘတ်ခ်ဟာ ရဲရင့်စွာနဲ့ ဂျာမနီပြည်ကြီး အဓွန့်ရှည်ပါစေလို့ ကြွေးကြော်ခဲ့ပါတယ်။ ဟစ်တလာဟာလည်း ဂျာမနီစစ်ရှုံးပြီး မဟာမိတ်စစ်သည်တွေ ဘာလင်ကို ချီတက်လာစဉ်မှာပဲ အဆိပ်သောက်သေတယ်လို့ ဆိုခဲ့ကြပါတယ်။

အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ အကြောက်တရားနဲ့ဲ ကြိတ်မှိတ်နေထိုင်နေကြရတဲ့ ပြည်သူတွေဟာ အချိန်ကြာလာတာနဲ့အမျှ လွတ်မြောက်ချင်စိတ်တွေ ကြီးထွားလာပါတယ်။ အဲဒီလိုအခြေအနေမှာ အမှိုက်ကစ ပြာသာဒ်မီးလောင်ဆိုသလို တောင်းဆိုပွဲ ဆန္ဒပြပွဲတွေ ပေါ်လာပါတယ်။ ပြည်သူလူထုအကျိုးကို လျစ်လျူရှူတဲ့ ဘယ်အာဏာရှင်ပဲဖြစ်ဖြစ် အနှေးနဲ့အမြန် ကျဆုံးရမှာ အသေအချာပါပဲ။ စိတ်ထဲမှာလည်း အာဏာရှင်ဆန်တဲ့ အစိုးရမျိုးနဲ့လည်း ကင်းဝေးရစေကြောင်း အထပ်ထပ် ဆုတောင်းမိပါတယ်။

Most Read

Most Recent