မြန်မာ့ငြိမ်းချမ်းရေးအတွက် မစ္စတာဆွန်ကော့ရှန်၏ စကားတစ်ခွန်း

မြန်မာ့ငြိမ်းချမ်းရေးအတွက် မစ္စတာဆွန်ကော့ရှန်၏ စကားတစ်ခွန်း
Published 16 July 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးရာ ဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်အား ဇူလိုင် ၁၃ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ-နိုင်ငံတော် အတိုင်ပင်ခံရုံး)

မြောက်ပိုင်းအဖွဲ့များ၏ နေပြည်တော်ခရီးစဉ်

“ဝ” အဖွဲ့ (UWSA)၊ ကချင်အဖွဲ့ (KIO/KIA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ တအန်းအဖွဲ့ (TNLA)၊ ရခိုင်အဖွဲ့ (AA) တို့သည် နေပြည်တော်တွင် ဇူလိုင် ၁၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားနှင့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နေပြည်တော်သို့ ရောက်ရှိလာမှုသည် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေပြီး ၎င်းတို့သည် နေပြည်တော်သို့ ရောက်ရှိနေစဉ် ကာလအတွင်း အစိုးရ၊ တပ်မတော် အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

သို့သော်လည်း ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် “ဝ” အဖွဲ့ (UWSA)၊ ကချင်အဖွဲ့ (KIO/KIA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) လေးဖွဲ့ကို အုပ်စုတစ်ခုအဖြစ် ခွဲခြားတွေ့ဆုံ ခဲ့ကြသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း တပ်မတော်နှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကိုးကန့်အဖွဲ့ (MNDAA)၊ တအန်းအဖွဲ့ (TNLA)၊ ရခိုင်အဖွဲ့ (AA) တို့ သုံးဖွဲ့ကို အုပ်စုတစ်ခုအဖြစ် ခွဲခြားကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ လက်ခံတွေ့ဆုံ ခဲ့ကြသည်။

ထိုသို့ ခွဲခြား တွေ့ဆုံမှုသည် အစိုးရနှင့် တပ်မတော်က “ဝ” အဖွဲ့ဦးဆောင်သော  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကို အသိအမှတ် မပြုကြောင်း အသိပေးလိုက်သလိုဖြစ်ပြီး အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် FPNCC နှင့် တွေ့ဆုံခြင်း မရှိဟု ဇူလိုင် ၁၂ ရက် သတင်းစာရှင်းလင်းပွဲတွင် တရားဝင် ပြောဆိုခဲ့သည်။

အဆိုပါ တွေ့ဆုံမှုများတွင် “ဝ” အဖွဲ့ (UWSA) ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးရန် အစိုးရနှင့် တပ်မတော်က တောင်းဆိုမှုများနှင့် NCA တွင် “ဝ” အဖွဲ့ ပါဝင်လိုမှု အခြေအနေများကို ရှင်းပြထားသည့် “ဝ” အဖွဲ့၏ စာတမ်းကို “ဝ” အဖွဲ့က သတင်းမီဒီယာများကို ပေးခဲ့သော်လည်း မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များ NCA တွင် လက်မှတ်ထိုးရေး၊ မထိုးရေး ပြောဆိုရန် စောနေသေးသည်ဟု KIO/KIA ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂွန်မော်က ပြောကြားခဲ့သည်။

အစိုးရနှင့် တပ်မတော်က FPNCC ကို အသိအမှတ် မပြုသော်လည်း မြောက်ပိုင်းအဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ဆက်လက်ရှိနေဦးမည် ဖြစ်သည့်အတွက် ပြန်လာဦးမည်ဟု ဇူလိုင် ၁၄ ရက်တွင် ဗိုလ်ချုပ်ဂွန်မော်က သတင်းမီဒီယာများကို ပြောကြားသည်။

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့သည် နေပြည်တော်မှ ဇူလိုင် ၁၄ ရက်တွင် ပြန်လည်ထွက်ခွာ ခဲ့ကြသည်။

ယခုကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ တတိယ အစည်းအဝေး၏ ဆွေးနွေးမှုများနှင့် ပတ်သက်၍ အားရစရာ အနေအထား မရှိသော်လည်း မြောက်ပိုင်းမဟာမိတ် အဖွဲ့များ၏ ယခုခရီးစဉ်ကြောင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များ ရှိလာခဲ့သည်ဟု ပြော၍ရသည်။

NCA စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များကလည်း လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကြုံတွေ့နေရသော အခက်အခဲများနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော် အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး မြောက်ပိုင်းအဖွဲ့များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ရေးနှင့် ပတ်သက်၍လည်း နည်းလမ်းများ ရှာဖွေခဲ့ကြသည်။

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၏ နေပြည်တော် ခရီးစဉ်အတွင်း NCA လက်မှတ်ရေးထိုးရေး အပါအဝင် တပ်မတော်နှင့် TNLA၊ MNDAA၊ AA တို့အကြား ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း မကြာခဏ ဖြစ်ပွားနေသည့် တိုက်ပွဲများ လျှော့ချရေးနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ခဲ့သည်။

တရုတ်၏ အခန်းကဏ္ဍ

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံကလည်း အရေးပါသော ကဏ္ဍတစ်ခု အနေဖြင့် ပါဝင်နေပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို လိုလားနေသည့် တရုတ်အစိုးရသည် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် တိုက်တွန်းနေသည်။

မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိစေရန်အတွက် တရုတ်နိုင်ငံက အစွမ်းကုန်ကြိုးစားနေပြီး ထိုသို့ ကြိုးစားဆောင်ရွက်ရာတွင် အခက်အခဲများစွာ ကြုံခဲ့ရသည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်က ပြောကြားသည်။

အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်သည် မြန်မာနိုင်ငံ၏  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ မြန်မာအစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြားတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသူဖြစ်သည်။

ယခုလည်း နေပြည်တော်တွင် ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ ပြုလုပ်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသို့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်အတူ မစ္စတာဆွန်ကော့ရှန်လည်း တက်ရောက်နေပြီး မြန်မာနိုင်ငံံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ၎င်းက အထက်ပါ စကားများကို ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာအစိုးရ၊ တပ်မတော်နှင့် မြန်မာ- တရုတ် နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြားတွင် ကြားဝင်ဆောင်ရွက်ပေးရခြင်း ဖြစ်သည့်အတွက် တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်နေရသည့် အခန်းကဏ္ဍက မလွယ်ကူသော်လည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ အနာဂတ် ပိုမိုကောင်းမွန်လာစေရန် တရုတ်နိုင်ငံက မျှော်လင့်နေသည်ဟု မစ္စတာဆွန်ကော့ရှန်က ပြောကြားသည်။

တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်သည် ဇူလိုင် ၁၃ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် အစိုးရနှင့် တပ်မတော်တို့၏ ဆောင်ရွက်နေမှုများအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မစ္စတာဆွန်ကော့ရှန်အား ရှင်းပြကာ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍  နှစ်ဖက်ဆွေးနွေး ခဲ့ကြသည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာဆွန်ကော့ရှန်တို့သည် ဇူလိုင် ၁၃ ရက်တွင်ပင် တွေ့ဆုံခဲ့ကြပြီး ထိုသို့တွေ့ဆုံရာတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဟု ဆိုသော်လည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍက အရေးပါသော နေရာတစ်ခုမှ ပါဝင်ပတ်သက်နေပြီး မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး မရရှိပါက တည်ငြိမ်အေးချမ်းမှုအပေါ် အန္တရာယ်ရှိနိုင်သည်ဟု မစ္စတာဆွန်ကော့ရှန်က သတိပေး ပြောဆိုသည်။

မစ္စတာဆွန်ကော့ရှန်သည် မြန်မာ-တရုတ်နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ မြန်မာအစိုးရ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ပါဝင်လာနိုင်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုညီလာခံ ကျင်းပနေစဉ်ကာလ အတွင်းတွင်လည်း မြောက်ပိုင်းအဖွဲ့များနှင့် မစ္စတာဆွန်ကော့ရှန်တို့ မကြာခဏ ထိတွေ့ဆက်ဆံ နေခဲ့သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှုက အပေါင်းလက္ခဏာဆောင်ပြီး တရုတ်နိုင်ငံက ထိုသို့ဆောင်ရွက်နေမှုများသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားအတွက် မဟုတ်ဟု မစ္စတာဆွန်ကော့ရှန်က ဆိုသော်လည်း နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုသည် တရုတ်နိုင်ငံ၏ ပိုးလမ်းမ စီမံကိန်းအတွက် ကြီးမားသော အကျိုးကျေးဇူးလည်း ဖြစ်သည်။

အကြီးအကဲများ၏ သဘောထားများ

ယခု ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးဖွင့်ပွဲ အခမ်းအနား ဖြစ်သည့် ဇူလိုင် ၁၁ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားခဲ့ကြပြီး အဆိုပါ စကားများတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထားများ ပါဝင်နေသည်။

အချုပ်အားဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA တွင် ပါဝင်လက်မှတ် ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် တိုက်တွန်းခဲ့ပြီး လက်ရှိအစိုးရ သက်တမ်းအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ သုံးကြိမ်ကျင်းပကာ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံမူများ ချပေးနိုင်အောင် ဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများနှင့် ပတ်သက်၍ ရှည်လျားသော သမိုင်းကြောင်းများကို ပြောကြားခဲ့ပြီး လက်နက်ကိုင် ပဋိပက္ခသည် တပ်မတော်ကြောင့် မဟုတ်ဘဲ ကိုလိုနီခေတ် သွေးခွဲအုပ်ချုပ်ခဲ့မှုများနှင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား နိုင်ငံရေး အဆင်မပြေမှုကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းများကို တက်ကြွစွာ ဦးဆောင်ဆောင်ရွက်နေခြင်းသည် တပ်မတော်တွင် အင်အားချည့်နဲ့နေ၍ မဟုတ်ကြောင်း သတိချပ်စေလိုသည်ဟု ပြောကြားခဲ့သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စကားအပေါ် ဝေဖန်မှုများ ရှိခဲ့သော်လည်း အဆိုပါစကားသည် အမှန်တရားလည်းဖြစ်ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အားမလို အားမရ ဖြစ်သည့် အနေအထားကိုလည်း ပေါ်လွင်စေသည်ဟု သုံးသပ်သူများ ရှိနေသည်။

ထို့ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အချိန်မဆွဲဘဲ ရဲရဲဝံ့ဝံ့ လုပ်ဆောင်ကြရန် ၎င်းကတိုက်တွန်းခဲ့ပြီး ၂၀၂၀ မတိုင်မီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပြီးအပြတ် ဆောင်ရွက်ပေးရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းခဲ့သည်။

စကားတစ်ခွန်း

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် နယ်နိမိတ်ချင်း ရှည်လျားစွာ ထိစပ်နေပြီး နယ်စပ်စည်းမျဉ်းပေါ်တွင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ရှိနေသည့်အတွက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှုကို ပစ်ပယ်၍ ရမည်မဟုတ်ပေ။

ထို့ပြင် တရုတ်နိုင်ငံသည် စိတ်ကြိုက်ရွေးချယ်၍ မရသည့် အိမ်နီးချင်းနိုင်ငံလည်း ဖြစ်နေသည့်အတွက် တရုတ်နိုင်ငံ၏ စေတနာသည် မြန်မာ့ငြိမ်းချမ်းရေးအတွက် အထိုက်အလျောက် အရေးကြီးနေမည်လည်း ဖြစ်သည်။

လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံး NCA စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးနိုင်ရေးသည်သာ အရေးကြီးသည့် အနေအထားဖြစ်နေပြီး အထူးသဖြင့် မြောက်ပိုင်းတပ်ဖွဲ့များအပေါ် သြဇာညောင်းသည့် တရုတ်နိုင်ငံက မည်မျှအထိ အကျိုးပြုမည်ကို စောင့်ကြည့်ရမည်သာဖြစ်သည်။

၂၀၁၈ နှစ်ကုန်ပိုင်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို နောက်ထပ်တစ်ကြိမ် ကျင်းပနိုင်ရန် အစိုးရက မျှော်လင့်နေပြီး အဆိုပါအချိန်တွင် မြောက်ပိုင်းအဖွဲ့များ မြန်မာ့ငြိမ်းချမ်းရေး ခရီးလမ်းတွင် မည်မျှအထိ ပေါက်ရောက်အောင် လျှောက်လှမ်းနိုင်သည်ကို အကဲခတ်ခွင့် ရမည်ဖြစ်ပြီး ကြားကာလအတွင်း တွေ့ဆုံဆွေးနွေးမှု များကလည်း အဆိုပါ အချိန်အတွက် အထောက်အကူဖြစ်ရန် လိုအပ်နေသည်။

မည်သို့ပင်ဆိုစေ တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အရေးကြီးသော စကားတစ်ခွန်းကို ပြောဆိုခဲ့သည်။

အဆိုပါ စကားမှာ “NCA ကို ရှောင်လို့ မရနိုင်ပါဘူး။ NCA စာချုပ်ကို အမြန်ဆုံး ချုပ်ဆိုဖို့အတွက် ကျွန်တော်တို့က တိုက်တွန်းနေပါတယ်” ဟု မစ္စတာဆွန်ကော့ရှန်က ဇူလိုင် ၁၂ ရက်တွင် Horizon Lake View ဟိုတယ်တွင် သတင်းသမားများကို ပြောခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent