နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျော့ကျလာနိုင်တဲ့ ငွေလဲနှုန်းအတက်အကျ၊ ပြောင်းလဲဖို့မရှိနိုင်တဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌအပြောင်းအလဲနဲ့ တတိယပင်လုံက ဖော်ဆောင်မယ့် စီးပွားရေး

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျော့ကျလာနိုင်တဲ့ ငွေလဲနှုန်းအတက်အကျ၊ ပြောင်းလဲဖို့မရှိနိုင်တဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌအပြောင်းအလဲနဲ့ တတိယပင်လုံက ဖော်ဆောင်မယ့် စီးပွားရေး
Published 15 July 2018

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေး စတင်ဖွင့်လှစ်သည့် ဇူလိုင် ၁၁ ရက်တွင် တက်ရောက်လာကြသူများ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)

တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေးဖူလုံမှုအတွက် ကြိုးပမ်းမယ်ဆိုတဲ့ ကြွေးကြော်သံ ရှိပေမယ့်လည်း မလုံခြုံမှုတွေကို ပြည်သူတိုင်း ခံစားနေရတဲ့အချိန်မျိုးမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ ဂျီဒီပီတိုးတက်မှုနှုန်းကို ၆ ဒသမ ၈ ရာခိုင်နှုန်းလို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့ပါတယ်။ ဒီလို ကမ္ဘာ့ဘဏ်က ခန့်မှန်းမှုဟာ အစိုးရက ခန့်မှန်းထားတဲ့ ၇ ဒသမ ၉ ရာခိုင်နှုန်းထက် သိသိသာသာ လျော့နည်းနေတဲ့ ပမာဏဖြစ်နေတာ မြင်ရတော့ ဘယ်သူ့ခန့်မှန်းချက်က မှန်မလဲဆိုတာ စဉ်းစားစရာ ဖြစ်ခဲ့ပါတယ်။

ဒီလို စဉ်းစားစရာဖြစ်ခဲ့တဲ့ ရက်သတ္တပတ်မှာ များပြားလှတဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက်လိုငွေအကြောင်း၊ မီတာခနှုန်းထားတွေကို သာမန်သုံးစွဲသူတွေ ထိခိုက်စေခြင်းမရှိဘဲ အများဆုံးသုံးစွဲသူတွေဆီက အချင်းချင်း အပြန်အလှန် မျှဝေခံစားခြင်းနည်းစနစ်နဲ့ ဆောင်ရွက်ဖို့ စီမံနေတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောကြားပေမယ့်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျော့ကျလာနိုင်တဲ့ ငွေလဲနှုန်းအတက်အကျ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ အပြောင်းအလဲနဲ့ တတိယ ပင်လုံကဖော်ဆောင်မယ့် စီးပွားရေးဆိုတဲ့ အကြောင်းအရာတွေကို ဖော်ပြချင်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျော့ကျလာနိုင်တဲ့ ငွေလဲနှုန်း အတက်အကျ

NLD အစိုးရလက်ထက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုက သိသိသာသာ လျော့ကျနေတာပါ။

ဒီလို လျော့ကျနေပေမယ့်လည်း အတည်ပြုပေးလိုက်တဲ့ FDI နဲ့ အမှန်တကယ် ရင်းနှီးမြှုပ်နှံလာတဲ့ FDI ကြားမှာ Actual FDI က နှစ်စဉ် မြင့်တက်နေတာကြောင့်မို့လို့ ဒီလိုမြင့်လာနေပါတယ်လို့ ငြင်းခုံနေကြပေမယ့်လည်း ဒီနှစ်ခုခြားနားချက်မှာ အရင်အစိုးရတွေ ခွင့်ပြုပေးခဲ့တဲ့ FDI တွေက ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်တိုးမြှင့်ခဲ့သလဲဆိုတဲ့ ကွင်းဆက်တစ်ခုက ပျောက်နေပါတယ်။

ဒီလိုပျောက်ရှနေတဲ့ ကွင်းဆက်ကို မေးမြန်းမှုမရှိဘဲ Approve FDI နဲ့ Actual FDI ကြားမှာ ငြင်းခုံနေတာက မှန်ကန်တဲ့အငြင်းအခုံဖြစ်လာမှာ မဟုတ်ပေမယ့် ၂၀၁၈ ဘဏ္ဍာနှစ်တိုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်တာကတော့ တော်တော်ကြီးကို နည်းပါးလွန်းနေတဲ့ ပမာဏဖြစ်နေပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမသုံးလပတ်မှာ နှစ်ဘီလျံကျော် ဝင်ရောက်ခဲ့ပေမယ့် ၂၀၁၈ ဘဏ္ဍာနှစ်တို သုံးလပတ်မှာ ဒေါ်လာသန်း ၅၀၀ ကျော်ပဲ ဝင်ခဲ့တဲ့အထိ ကျဆင်းနေပါတယ်။ ဒီလိုကျဆင်းနေတဲ့ အခြေအနေကို ဆိုးဆိုးရွားရွား ပံ့ပိုးပေးတဲ့အချက်က ငွေလဲနှုန်းမတည်ငြိမ်မှုပါ။

“ငွေလဲလှယ်နှုန်း ကျခြင်း တက်ခြင်းကတော့ ရင်းနှီးမြှုပ်နှံမှုကို တိုက်ရိုက်တော့ ချက်ချင်းလက်ငင်း သက်ရောက်မှုတော့မရှိဘူး။ သို့သော်လည်းပဲ တက်လိုက် ကျလိုက် မကြာခဏ ဖြစ်နေရင်တော့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုပေါ့။ စိတ်ချယုံကြည်မှုကိုတော့ နည်းနည်းထိတာပေါ့။ လက်တလော ငွေကြေးရုတ်တရက် တက်သွားလို့ ကျသွားလို့ ရင်းနှီးမြှုပ်နှံမှုမှာတော့ ချက်ချင်း သက်ရောက်မှုတော့မရှိဘူး။ ခဏ ခဏ တက်လိုက်ကျလိုက်ဖြစ်နေရင် ယုံကြည်ပေါ့။ မြန်မာနိုင်ငံမှာ ငွေကြေးနဲ့ပတ်သက်ပြီး မတည်ငြိမ်ဘူးဆိုတဲ့ ယုံကြည်မှု ထိခိုက်လာနိုင်တာမျိုးတော့ ရှိလာနိုင်ပါတယ်” လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဆိုပါတယ်။

ပြောင်းလဲဖို့မရှိနိုင်တဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ အပြောင်းအလဲ

ပုဂ္ဂလိကဘဏ်တွေနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အကြားက ဆက်ဆံရေးဟာ မြန်မာနိုင်ငံမှာတော့ ထူးထူးခြားခြား သားသမီးနဲ့ မိဘဆက်ဆံရေးဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ဖြစ်သင့်တဲ့ အပြောင်းအလဲတွေနဲ့ ဗဟိုဘဏ်က ဦးဆောင်ရမယ့် ငွေကြေးမူဝါဒတွေကို ဗဟိုဘဏ်ဘက်က တင်ပြတဲ့အချိန်မှာ ဗဟိုဘဏ်ကို မိဘသဖွယ် တင်ပြရတာကိုပဲ ဗဟိုဘဏ်က နှစ်သက်ပါတယ်။

ဝန်ကြီးဌာနတစ်ခုအောက်ကနေ ဗဟိုဘဏ်ကို ခွဲထုတ်လိုက်ပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဖြစ်သွားချိန်မှာ ပုဂ္ဂလိကဘဏ်တွေဘက်က လိုချင်နေတာက ပြုလွယ်ပြောင်းလွယ်တဲ့ ဥက္ကဋ္ဌကိုပါ။ ဒါပေမဲ့ တကယ်တမ်းရခဲ့တာက ၂၀၀၃ ခုနှစ် ဘဏ်လောက အကျပ်အတည်းမှာ ဦးဆောင်ဖြေရှင်းခဲ့ရလို့ နောက်တစ်ကြိမ်ထပ်မှားမှာ ကြောက်နေတဲ့ ဦးသန်းရွှေအစိုးရလက်ထက်က ဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ ဦးကျော်ကျော်မောင်ကိုပဲ ရခဲ့တာပါ။ ရှေးရိုးဆန်တယ်။ အကြောက်ကြီးသူလို့ဆိုတဲ့ နာမည်နဲ့ ကျော်ကြားပြီး နေ့စဉ်လိုလို ပြောင်းလဲနေတဲ့ နည်းပညာအသစ်တွေကို လိုက်မီနိုင်မှု မရှိဘူး။ IT နဲ့ Risk Dept: တွေ မထူထောင်နိုင်ဘူးလို့ ဝေဖန်ခံနေရတဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌဟာ အခုဇူလိုင်လကုန်မှာ သက်တမ်းပြည့်တော့မှာပါ။ NLD အစိုးရက ဗဟိုဘဏ်ဥက္ကဋ္ဌကို လဲမလားလို့ မျှော်လင့်နေကြပေမယ့် လက်ရှိအချိန်အထိတော့ ဘယ်သူ့ကိုမှ ခေါ်ယူမေးမြန်းထားသူ မရှိသေးတဲ့အပြင် ဒီနေရာအတွက် အရည်အချင်းပြည့်မီသူ နည်းပါးနေတာကလည်း လက်ရှိဥက္ကဋ္ဌကို ဆက်ခန့်မယ်ဆိုတဲ့ အခြေအနေပဲ ဖြစ်စေခဲ့ပါတယ်။

ဗဟိုဘဏ်ဥက္ကဋ္ဌတစ်ယောက်ရဲ့ အဓိကတာဝန်ဟာ ပြည်တွင်းဈေးနှုန်း တည်ငြိမ်မှုပါ။ လက်ရှိဗဟိုဘဏ် ဥက္ကဋ္ဌရဲ့ ငါးနှစ်တာ စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ်ဆိုရင် စတင်ပြီး တာဝန်ယူချိန်က တစ်ဒေါ်လာ ၉၇၅ ကျပ်ပါ။ အခုအချိန်မှာတော့ ၁၄၀၈ ကျပ်ပါ။ ဒီလို ပမာဏနဲ့ကြည့်မယ်ဆိုရင် ဦးကျော်ကျော်မောင်လက်ထက် မြန်မာကျပ်ငွေဟာ ရာခိုင်နှုန်း ၄၀ ကျော်ခဲ့ပါပြီ။ အခြားတစ်ဖက်မှာဆိုရင်လည်း နိုင်ငံခြားငွေလဲနှုန်းကို ၁၂၀၀ အထိဆွဲတင်ဖို့ လုပ်ငန်းရှင်တွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ ကြိုတင်ဆွေးနွေးတဲ့ဂယက်ကြောင့် လူတစ်စုက ကြိုတင်သတင်းရယူပြီး အကျိုးအမြတ်ကြီးကြီး ရသွားတဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။ တိုင်းပြည်တစ်ပြည်အတွက် ဗဟိုဘဏ် ဥက္ကဋ္ဌနေရာဟာ အရေးအကြီးဆုံးဖြစ်ပြီး ဒီလိုမျိုးနေရာအတွက် ပိုပိုပြီးသင့်လျော်သူကို ရှာဖွေရမှာ ဖြစ်ပေမယ့် ပိုကောင်းသူ ရှာမတွေ့တဲ့ မြန်မာနိုင်ငံကတော့ အရင်ထက် အခြေအနေကောင်းလာပါစေပဲ ဆုတောင်းရမှာပါ။

ငြိမ်းချမ်းရေးညီလာခံ၊ တတိယပင်လုံက ဖော်ဆောင်ပေးမယ့် စီးပွားရေးတိုးတက်မှု

ပြည်သူလူထုက စီးပွားရေး ဦးစားပေးလုပ်ပါ တောင်းဆိုသံတွေ ရှိနေလျက်နဲ့ ငြိမ်းချမ်းရေးမရှိဘဲ စီးပွားရေး တိုးတက်မှုမရှိနိုင်ဘူး ကြွေးကြော်သံနဲ့ ငြိမ်းချမ်းရေးကို ဇောက်ချလုပ်ခဲ့တာ အခုဆိုရင် NLD အစိုးရ သက်တမ်းသုံးနှစ်အတွင်း ဝင်ခဲ့သလို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံကလည်း တတိယအကြိမ် တိုင်ခဲ့ပါပြီ။

ငြိမ်းချမ်းရေးမရှိဘဲ စီးပွားရေး တိုးတက်မှု မရှိနိုင်ဆိုတာကြောင့် လက်ရှိမှာ ငြိမ်းချမ်းရေးက နီးစပ်ပြီလားလို့မေးရင် ယတိပြတ်အဖြေထုတ်နိုင်ခြေက ဝေးနေသေးတယ်လို့ပဲ သုံးသပ်ရမှာပါ။

“နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူလူထု၏ အကျိုးစီးပွားတစ်ခုတည်းကိုသာရှေးရှုပြီး ကျွန်တော်တို့လက်ထက်မှာပဲ ခေတ်အဆက်ဆက် တောက်လောင်ခဲ့ရတဲ့ လက်နက်ကိုင်ပဋိပက္ခကို အပြီးတိုင် ငြှိမ်းသတ်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ စည်းလုံးညီညွတ်ခိုင်ခံ့သော ဒီမိုကရေစီနိုင်ငံတော်သစ်ကို ပြည်သူ့ဆန္ဒနှင့်အညီ တည်ဆောက်ချင်တာ ဖြစ်ပါတယ်။ ဒီနေ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က တက်ကြွစွာဦးဆောင် ဆောင်ရွက်နေခြင်းဟာ ကျွန်တော်တို့မှာ အင်အားချည့်နဲ့နေလို့ မဟုတ်ဘူးဆိုတာ သတိချပ်စေလိုပါတယ်။ အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်တဲ့ အဖွဲ့အစည်းမှန်သမျှ သဘောတူညီချက်တွေကိုသာ လိုက်နာပါက ဘာသေနတ်သံမျှ ကြားရမှာ မဟုတ်ပါဘူး။ ကိုယ့်လူကိုသာ နိုင်အောင်ထိန်းဖို့ အဓိပ္ပာယ်ကင်းမဲ့တဲ့ အကြောင်းပြချက်အမျိုးမျိုး မပေးဖို့လိုပါမယ်။ ငြိမ်းချမ်းရေးထက် အရေးကြီးတာ ဘာမှမရှိဘူး။ ဒီကာလမှာ နားလည်မှုလွဲမှားစေနိုင်တဲ့ ကိစ္စမျိုးတွေကို ရှေ့တန်းတင်ခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ မသက်ဆိုင်တဲ့ကိစ္စတွေကို ဆွဲသွင်းလာခြင်းတို့ မပြုလုပ်ဖို့ အရေးကြီးပါတယ်” လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် အစုအဖွဲ့တွေ သုံးစွဲနေတဲ့ စစ်အသုံးစရိတ်ဟာ နှစ်စဉ် ဒေါ်လာ ၁၀ ဘီလျံအောက်အထိ ရှိနေတယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒီလို ခန့်မှန်းထားတဲ့ ပမာဏတွေဟာ အမှန်တကယ် ငြိမ်းချမ်းသွားရင် တိုင်းပြည် ဘာမှမတိုးတက်သေးရင်တောင် အမြတ်အဖြစ်ထွက်လာမယ့် ပမာဏတွေ ဖြစ်ပါတယ်။ ဒီပမာဏတွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေက စစ်အသုံးစရိတ်တွေရဖို့ နည်းလမ်းစုံနဲ့ ကြိုးပမ်းမှုတွေက ဖြစ်လာတဲ့ ပဋိပက္ခတွေကိုလည်း လျှော့ချနိုင်မှာ အသေအချာပါ။

ရာစုနှစ် တစ်စုကြာတဲ့အထိ ပြည်တွင်းစစ်ဖြစ်နေတဲ့နိုင်ငံလို့ တစ်ကမ္ဘာလုံးက မေးငေါ့ခံရတဲ့နိုင်ငံအဖြစ် ရပ်တည်ဖို့ မြန်မာနိုင်ငံအတွက် အချိန်အများကြီး မကျန်တော့ပါဘူး။ တစ်ဖက်မှာလည်း ငြိမ်းချမ်းရေး ဇောက်ချလုပ်ရင်း ကျဆင်းလာတဲ့ တိုင်းပြည်စီးပွားရေး အကျပ်အတည်းအောက်မှာ ပြည်သူတွေရဲ့ စားဝတ်နေရေး အဆင်မပြေကျပ်တည်းမှုက ဆိုးသထက်ဆိုးလာနေပါပြီ။ ဒီလို အခြေအနေမျိုးတွေ ကြုံလာနေချိန်မှာ တိုင်းပြည်မျက်နှာနဲ့ ပြည်သူတွေကို ပြန်ငဲ့ကြည့်ပြီး တစ်နိုင်ငံလုံး တိုးတက်ဖို့အတွက် ငြိမ်းချမ်းရေးကို အမြန်ဆုံး ဆောင်ကြဉ်းပေးကြပါလို့ တိုက်တွန်းရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Most Read

Most Recent