အရိပ်မည်း

အရိပ်မည်း
Published 15 July 2018

Photo: Pxhere

ညရင်ခွင်သည် တိတ်ဆိတ်မှုတို့ ကြီးစိုးနေသည်။ ပုရစ်နှင့် ပုစဉ်းရင်ကွဲသံမှလွဲ၍ ကျွန်တော့်ကမ္ဘာတွင် မည်သူတစ်ဦးတစ်ယောက်မှ မရှိသလိုပင်။ ကျွန်တော်၏ မျက်ဝန်းအိမ် ပိတ်ကားချပ်ပေါ် အရောင်မျိုးစုံ ဥဒဟိုသွားလာ လှုပ်ရှားနေသည်။ ရေဆန်ကို ကျော်ဖြတ်ရန်အတွက် နိုးတစ်ဝက်အိပ်မက်နှင့်။ တစ်ကိုယ်ရေ အတွေးစများဖြင့် ညနက်ထဲ အိပ်မက်များ ထုဆစ်ရန် ကျွန်တော် ကြိုးစားနေမိသည်။ အရိပ်မည်းက ကျွန်တော့်နောက်သို့ ထပ်ချပ်မကွာ ဖိထားလျက်။

ကျွန်တော် အဝေးကို လှမ်းကြည့်မိသည်။ မြင်ကွင်းများက ယောင်ဝါးဝါးနှင့် သဲကွဲခြင်းမရှိ။ ကျွန်တော့်တစ်ကိုယ်လုံး တိမ်များပေါ် ခိုစီးနေသကဲ့သို့ ခံစားနေရသည်။ တောင်ပံတစ်စုံ၏ စွမ်းအားဖြင့် ကျွန်တော်သည် ကမ္ဘာကို ကိုယ်တိုင်ထုဆစ်နေသည့် ဖန်ဆင်းရှင် တစ်ယောက်အလား။ လွင့်မျောနေသော ကျွန်တော်၏ စိတ်ဝိညာဉ်အတွေးစများသည် ဘာမျှတိတိကျကျ ပြောပြ၍မရနိုင်လောက်အောင် ရှုပ်ထွေးလျက်။ ညပရိယာယ်လားဟု မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်သော်လည်း အဖြေက အဆင်သင့်မရှိ။

အိပ်မရသော ညည့်နက်များလည်း မရေတွက်နိုင်အောင် များနေပါပြီ။ စိတ်ထွက်ပေါက်ပေးသည့်အနေဖြင့် စန္ဒာလမင်း၏အလှကို ငေးမောလျက် ညရင်ခွင်ထဲ ကျွန်တော် စီးမျောနေမိသည်။ မွန်းကျပ်နေသော ကျွန်တော့်အဖို့ ပျော်ရွှင်စရာ အခိုက်အတန့်တစ်ခုကို ခေတ္တဖန်တီးနိုင်မည်ဟုလည်း ထင်နေမိသည်။ သိပ်တော့ မသေချာပါ။ ဖြစ်ချင်မှလည်း ဖြစ်လိမ့်မည်။ တိမ်ငေးသူ၊ ကြယ်ငေးသူတို့ သဘာ၀ ပစ္စုပ္ပန် အသိတရား ကင်းလွတ်နေ လျက်ရှိသည်။

ကောင်းကင်ယံတွင် ကြယ်တံခွန်များ စီစီရီရီ ထွန်းတောက်နေသည်။ လေအဝှေ့တွင် မျောလွင့်နေသော တိမ်စိုင်အဆုပ်လိုက်များကို အဓိပ္ပာယ်မဲ့ ငေးမောနေမိသည်။ ဓူဝံကြယ်ကို ကျွန်တော် လိုက်ရှာနေမိသည်။ ယခုထိ ဓူဝံကြယ်ကို အရိပ်အယောင်မျှ ကျွန်တော် ရှာမတွေ့သေး။ ညနက်သည် ကျွန်တော့်အား မျက်လှည့်ပြနေပြီလား။ စိတ်၏ခေါ်ဆောင်ရာနောက် မျောလွင့်နေပြီလား။ ပုစ္ဆာတစ်ပုဒ်ကို အဖြေထုတ်ရန် ခက်ခဲနေသူတစ်ယောက်ပမာ တဝဲ၀ဲလည်လျက်။ ကျွန်တော်၏ အတွေးပုံရိပ် အိပ်မက်များသည် ညရင်ခွင်ထဲ ကျပျောက်နေသကဲ့သို့ ခံစားနေရသည်။

ကျွန်တော် အိမ်အပြင်ဘက် ဟိုင်းဝေးလမ်းမပေါ်သို့ ထွက်ခဲ့သည်။ အမှောင်ရိပ်ကြီးစိုးမှုက ကျွန်တော်၏စိတ်ကို ပိုမိုခြောက်လှန့်နေသည်။ လမ်းပျောက်သူတစ်ဦးပမာ လမ်းစတစ်ခုကို ကျွန်တော် လိုက်ရှာနေမိသည်။ လမ်းမှတ်တိုင်များ တစ်ခုပြီးတစ်ခု ဖြတ်သန်းပြီး မီးရောင်မှိန်ပျပျအောက် ပေါင်းကူးအုတ်ခုံပေါ် ခေတ္တထိုင် အမောဖြေမိသည်။ ကျွန်တော့်တစ်ကိုယ်လုံး ဇောချွေးများ ရွှဲနစ်နေလျက်။ ကြောင်တောင် ပြူးကျယ်နေသည့် မျက်ဝန်းအစုံက အိပ်စက်ရန် လုံးဝအားမပေး။ ခန္ဓာကိုယ်အနှံ့ ပူလိုက်၊ အေးလိုက်နှင့် မွန်းကျပ်မှုအရသာကို ကျွန်တော် ခံစားနေရသည်။ ချစ်ခြင်းမေတ္တာကို ငတ်မွတ်တမ်းတစွာ လိုက်ရှာနေမိသည်။

ကျွန်တော့်မျက်လုံးနှစ်ဖက် နီရဲကျိန်းစပ်နေပါပြီ။ အစာအိမ်မှ တဂွီးဂွီး ငြာသံပေးနေသော်လည်း ဘာအစားအသောက်မှ စားချင်စိတ်မရှိ။ ဘေးတွင် ချထားသော ရေသန့်ဘူးမှ ရေကိုသာ အငမ်းမရ မော့သောက်နေမိသည်။ အရသာခံလျှာဖျားက ခြောက်သွေ့နေသော နှုတ်ခမ်းလွှာကို မကြာခဏ ပွတ်သပ်နေမိသည်။ ဆေးပေါ့လိပ်ကို မီးညှိပြီး မီးခိုးတစ်ဆုံး ရှိုက်သွင်းလိုက်သည်။ ညရင်ခွင်အတွေးစများက ကျွန်တော့်စိတ်ဝိညာဉ်ထဲ ပိုမိုပူးကပ်နေရာ ယူထားသည်။

အတိတ်ရုပ်ပုံလွှာများ ကျွန်တော့်မျက်ဝန်းအိမ် ပိတ်ကားချပ်ပေါ် တရိပ်ရိပ် ပြေးလွှားနေသည်။ အဖြူ၊ အမည်း ခေတ်ဟောင်းရုပ်ရှင် ပြကွက်ပမာ တစ်ခန်းပြီးတစ်ခန်း ပြသသွားသည်။ “ကျွန်တော် ကျရှုံးနေလား။ ဒါမှမဟုတ် အောင်မြင်မှု တစ်ပွေ့တစ်ပိုက်နဲ့ ပျော်မြူးနေလား” ယခုထိ ဦးနှောက်ကို Memory Call ပြန်ခေါ်၍ မရသေးပါ။ ရှုပ်ယှက်ခတ်နေသော အတွေးပေါင်းများစွာဖြင့် ညရင်ခွင်ထဲ ကျွန်တော်စီးမျောနေဆဲ။ အိပ်ပျက်သူတစ်ဦးအဖို့ ညတာကရှည်လွန်းလှသည်ဟု ကျွန်တော် ထင်သည်။

ဤသို့နှင့် မျက်ဝန်းအိမ်ပိတ်ကားချပ်ပေါ် တစ်ချိန်က စွဲလမ်းစွာ ချစ်ခဲ့သူအချစ်ဦး၏ မျက်နှာပေါ်လာပြီး ကျွန်တော့်အား လက်ညှိုးထိုးကာ လှောင်ရယ်နေသည်။ သူမသည် တစ်ချိန်က ကျွန်တော့်ဘ၀ ဖြစ်ခဲ့ဖူးသည်။ နှစ်ကိုယ်တူ လေထဲက ချစ်အိမ်ကလေး တည်ဆောက်ရန် ကြိုးစားခဲ့သည်။ နားလည်မှု တည်ဆောက်နိုင်စွမ်းမရှိ၍ ကျွန်တော်၏ အရှင်သခင်မလေးသည် ရက်စက်စွာ ကျွန်တော် အားထားခဲ့သည်။ ယခုအချိန်ထိ သူမကို မုန်းမရ၊ စိတ်မနာနိုင်သေး။ သေသည်အထိ သူမကို ဆက်လက်ချစ်နိုင်မည်လား။ ကျွန်တော် အာမ မခံနိုင်ပါ။ သူမနှင့်ဝေးခဲ့ကြပြီ မဟုတ်လား။

ငယ်စဉ်တောင်ကျေး ကလေးဘဝမှ မိသားစုကမ္ဘာလေးဆီ ကျွန်တော့်စိတ်များ ပျံ့လွင့်သွားပြန်သည်။ စီးပွားရေး အဆင်မပြေသောကြောင့် နပ်မမှန်ခဲ့သည့်ညများ။ အဖေ အရက်မူးပြီး ကြိမ်းမောင်းသံများ။ ကျွန်တော့်ကိုဖက်ပြီး ငိုယိုနေသည့် အမေ့၏ရှိုက်သံ။ အတူတကွ ရုန်းကန်ရင်း ပြိုကွဲသွားသည့် ဆုံမှတ်များ နားစည်ထဲ လာရောက်ရိုက်ခတ်နေဆဲ။ မိသားစုကမ္ဘာလေး၏ ဇာတ်နာမှုသည် ပြဇာတ်တစ်ပုဒ်၏ နောက်ဆုံးပြကွက်ပမာ ကျွန်တော့်အား ယခုတိုင် ခြောက်လှန့်နေဆဲ။ အဖေမရှိတော့သည့်အိမ်ကို စွန့်ခွာပြီး အမေနှင့် ကျွန်တော် တစ်နယ်တစ်ကျေးသို့ ပြောင်းရွှေ့ခဲ့သည်။

‘တက္ကသိုလ်’ ဆိုသည့် မုခ်ဝတစ်ခု ကျွန်တော့်မျက်ဝန်းအိမ်ထဲ ထင်ဟပ်လာပြန်သည်။ ကျောင်းသူ၊ ကျောင်းသားများ၏ နေ့စဉ်နိစ္စဓူ၀ ကျောင်းသွားကျောင်းပြန်မြင်ကွင်းများ။ အလိုမကျမှုဖြင့် အထီးကျန်စွာ ဖြတ်သန်းခဲ့ရသော နေ့စဉ်ဘ၀ လှုပ်ရှားမှုများ။ အဆောင်နေ ကျောင်းသားဘဝတွင် မိုးခါးရေအတူ သောက်ခဲ့သော ပုံရိပ်များသည် ကျွန်တော့်အား ဘဝရုပ်ရှင်ပြနေသကဲ့သို့ပင်။

ဆယ်ကျော်သက်ကျောင်းသားဘ၀ အပေါင်းအဖော်ဟောင်းများ၏ မျက်နှာများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ သူတို့ ကျွန်တော့်အား ဆွဲဆောင်ဆွဲခေါ်ရင်း ကျွန်တော် ပထမဦးဆုံး အမှားကို ကျူးလွန်ခဲ့မိသည်။ စိမ်းရွှင်ရွှင်ရနံ့နှင့် အသီးကို စမ်းသုံးမိရင်း ကျွန်တော်သည် သူ၏ဝဲဂယက်တွင် မျောပါလျက် ဒူးထောက်အရှုံးပေးခဲ့ရသည်။ သူ၏သားကောင်ဘ၀ ရောက်မှန်း မသိရောက်ခဲ့သည်။ စာမေးပွဲလည်း အကြိမ်ကြိမ်ကျခဲ့သည်။ အိမ်မှ အမေ့ဆီလည်း ပိုက်ဆံလိမ်တောင်းပေါင်း များခဲ့သည်။ သိလျက်နှင့် ပိုးဖလံပမာ ကျွန်တော် မီးရှိရာသို့ တိုးဝင်နေမိသည်။

သံချောင်းခေါက်သံ၊ ဝီစီသံများ ပတ်ဝန်းကျင်တစ်ခုလုံး ပွက်လောက်ရိုက်လျက်။ ပစ္စုပ္ပန်အသိကို နှိုးရန် အားတင်းကာ မျက်လုံံးကို ကြိုးစားဖွင့်သော်လည်း လုံးဝဖွင့်မရ။ ရှိသမျှ အားအင်ဖြင့် ကြိုးစားရုန်းကန်သော်လည်း ထူးခြားမလာ။ ကျွန်တော့်ကိုယ်ပေါ်တွင် ဆန်အိတ်ကြီးတစ်အိတ် တက်ဖိနေသည့်အလား။ အသိတရားကို သတိနှင့်ယှဉ်ပြီး ကျွန်တော် ကြိုးစားကြည့်သေးသည်။

အချောင်သမားများအတွက် ကံကြမ္မာက မည်သည့်အခါမျှ မျက်နှာသာပေးလေ့ မရှိ။ ကျရှုံးခြင်းဒုက္ခသာ ရင်စည်းခံစားရမည် ဖြစ်သည်။ ကျွန်တော် လက်နှစ်ဖက်ပေါ်သို့ လက်ထိတ်တစ်ခု လာရောက်ခတ်နှိပ်လိုက်သည်။ “ဟေ့ကောင် ထထ” ကျွန်တော့်အား ကန်ကျောက်နှိုးနေသော်လည်း လုံးဝမထူနိုင်တော့။ ပိန်လှီနေသည့် ကျွန်တော့်လက်ချောင်းများက အတွေ့ကို တုံ့ပြန်ဖို့ရာ မစွမ်းသာတော့ပါ။

“ရဲဘော် ဒီကောင်ဆေးလွန်နေပြီ။ ဆေးရုံမြန်မြန်ပို့ဖို့ လူနာတင်ကား စီစဉ်ထားပါ။ ဟုတ်ကဲ့ ဆရာ” ရဲအရာရှိ၏နောက်ဆုံးအသံသာကြားရပြီး ကျွန်တော်၏ကမ္ဘာသည် မှောင်အတိဖြင့် ပြန်လည်ငြိမ်သက်သွားသည်။

Most Read

Most Recent