နိုင်ငံ၊ အလံနဲ့ မြေကြီး

နိုင်ငံ၊ အလံနဲ့ မြေကြီး
Published 15 July 2018

Mutiny on the Bounty ရုပ်ရှင်ဇာတ်ကား ပိုစတာတစ်ခု

နိုင်ငံတစ်နိုင်ငံဟာ ပင်လယ်ကူး သင်္ဘောတစ်စင်းနဲ့တူနေပါလားလို့ လူတွေကို ထင်မြင်သွားစေနိုင်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုဟာ ၁၇၈၉ ခုနှစ်တုန်းက အင်္ဂလိပ်ပင်လယ်ကူးသင်္ဘောတစ်စင်းပေါ်မှာ ဖြစ်ပျက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ၁၉၃၅ ခုနှစ် ၁၉၆၂ ခုနှစ်နဲ့ ၁၉၈၄ ခုနှစ်တွေမှာ ရုပ်ရှင်ပြန်ရိုက်ကူးခဲ့ကြလို့ အခုဆိုရင် သုံးကြိမ်တောင်ရှိသွားပါပြီ။  ဒီရုပ်ရှင်ကား သုံးကားစလုံးနဲ့ တကယ်ဖြစ်ခဲ့တဲ့သမိုင်းပေါ်မှာအခြေခံပြီး ဇာတ်လမ်းကို အကျဉ်းချုံးပြီး တင်ပြသွားချင်ပါတယ်။ ခရစ်နှစ် ၁၇၈၈ ခုနှစ် ဒီဇင်ဘာလမှာ ‘ဘောင်တီ’ Bounty ဆိုတဲ့ သင်္ဘောဟာ အင်္ဂလန်ကထွက်ခွာပြီး ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းက ‘တဟီတီ’ Tahiti ဆိုတဲ့ကျွန်းစုဆီကို ရွက်လွှင့်ခဲ့ပါတယ်။ အဲဒီကျွန်းစုမှာအလေ့ကျပေါက်နေတဲ့ ‘ပေါင်မုန့်သီး’ Breadfruit ပျိုးပင်တွေကို သင်္ဘောနဲ့ နိုင်သလောက်သယ်ပြီး အဲဒီတုန်းက ဗြိတိသျှပိုင်ဖြစ်တဲ့ ကျူးဘားတောင်ဘက်နားက ‘ဂျမေကာ’ Jamaica ကျွန်းစုကို ပို့ဖို့ပဲ ဖြစ်ပါတယ်။ ဒီအပင်နဲ့ အသီးဟာ ပိန္နဲပင် ပိန္နဲသီးတို့နဲ့ လုံးဝနီးပါးတူပါတယ်။ အဲဒီ ပိန္နဲသီး လိုအပင်တွေကို ဂျမေကာမှာစိုက်ပြီး သီးလာ တဲ့အသီးတွေကို ငွေဝယ်ကျွန်တွေကို ကျွေး မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အခုလို သင်္ဘောနဲ့ သွားသယ်ခိုင်းတာဖြစ်ပါတယ်။ ဒီသင်္ဘောရဲ့ မာလိန်မှူးဟာ ကပ္ပတိန် ‘ဘလိုက်’ဆိုသူဖြစ်ပြီး လက်ထောက်ကတော့ ဗိုလ် ‘ခရစ်ရှန်’ Marlon Brando ဖြစ်ပါတယ်။

သွားရမယ့်လမ်းကြောင်းကတော့ အင်္ဂလန်ကနေ တောင်အမေရိကားတောင်ဘက် အစွန်း၊ မြင်သာအောင်ပြောရရင် ကမ္ဘာ့ဘောလုံးအကျော်အမော် ‘မက်ဆီ’တို့ မွေးရပ်မြေ အာဂျင်တီးနားနိုင်ငံ တောင်ဘက်စွန်းမှာရှိ တဲ့ ‘ကိပ်ဟွန်း’ Cape Horn အငူကိုပတ်ပြီး တောင်ပစိဖိတ်သမုဒ္ဒရာထဲက တဟီတီကျွန်း စုကို သွားဖို့ပဲ ဖြစ်ပါတယ်။ တစ်ခါ အဲဒီကျွန်းပေါ်က ပေါင်မုန့်သီး ပျိုးပင်တွေကိုတင်၊ အနောက်ဘက်ကို ဦးတည်ပြီးရွက်လွှင့်၊ တောင်အာဖရိကတောင်ဘက်အဖျား ကိပ်တောင်းနားကဖြတ်ပြီး ဂျမေကာကျွန်းစုကိုသွား၊ အဲဒီမှာ ပျိုးပင်တွေချပြီး အင်္ဂလန်ကို ပြန်ဝင်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီတုန်းက အင်္ဂလန်နိုင်ငံရဲ့ တတိယမြောက် ဂျော့ဘုရင် (၁၇၃၈- ၁၈၂၀) က ဂျမေကာမှာ ပေါင်မုန့်သီးပင်ကို စမ်းသပ် စိုက်ပျိုးကြည့်ချင်နေတာက တစ်ကြောင်း သူတို့ပင်လယ်ကူးသင်္ဘောက ကမ္ဘာကို ပတ်လို့ရတယ်ဆိုတာကို လက်တွေ့သက်သေပြချင်နေ တာကတစ်ကြောင်း အဲဒါကြောင့် ဒီခရီးစဉ်ဟာ အကောင်အထည်ပေါ်လာခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘောင်တီရဲ့ခရီးစဉ်ဟာ ထင်သလောက် မချောမွေ့ပါဘူး။ ပထမ မက်ဆီ တို့ နိုင်ငံတောင်ဘက်ဖျားက ကိပ်ဟွန်းအငူဟာ အန္တာတိကတိုက်နဲ့ဆို ကီလိုတစ်ထောင်ပဲ ဝေးတော့လို့ တအားအေးပါတယ်။ တကယ်လို့များ သင်္ဘောသားတစ်ယောက် အရက်မူးပြီး ကုန်းပတ်ပေါ်မှာ ညဘက်အိပ်ပျော်သွားရင် မနက်ကျ လူတစ်ကိုယ်လုံး ရေခဲချောင်း ဖြစ်သွားနိုင်လောက်တဲ့အထိ အေးပါတယ်။ ဒီတော့ ဆက်သွားရင် ပေါင်မုန့်သီးပျိုးပင် မသယ်နိုင်ဘဲ အာဂျင်းတီးနားရေခဲချောင်းဖြစ်သွားဖို့က ပိုများနေတာကတစ်ကြောင်း အရှိန်နဲ့မျောလာနေကြတဲ့ ရေခဲတုံးကြီးတွေကို ရှောင်ကွင်းလို့ မရနိုင်တော့တာက တစ်ကြောင်းမို့ ကမ္ဘာပတ်မယ့်အစီအစဉ်ကို လက်လျှော့ပြီး အရှေ့ဘက်ကိုပြန်လှည့်ခဲ့ရပါတယ်။ တောင်အာဖရိကတောင်ဘက်ဖျားကနေ ပြန်ဖြတ်ရတော့ ခရီးပိုဝေးသွားတဲ့အပြင် အချိန်တွေလည်း ပိုကုန်သွားတယ်။ ဆုံးရှုံးသွားတဲ့အချိန်တွေကို ကာမိအောင်ဆိုပြီး ဘလိုက်က သင်္ဘောသားတွေကို ခါတိုင်းထက် နှစ်ဆ ပိုပြီး လှော်ခိုင်းတယ်။ ရိက္ခာကျတော့လည်းတစ်ဝက်ဖြတ်တယ်။ သခင့်မျက်နှာသာရအောင် လုပ်ချင်စိတ်တွေကများနေတော့ လက်အောက်ငယ်သားတွေကို ညှာတာရကောင်းမှန်း မသိတော့ဘူး။ ဒီလိုနဲ့ ဒီဇာတ်ကားကို ကြည့်နေကြတဲ့ ရုပ်ရှင်ကြည့်ပရိသတ်တွေဟာ ဘောင်တီကို သင်္ဘောတစ်စင်းလို့ မမြင်ကြတော့ဘူး။ သင်္ဘောကို နိုင်ငံတစ်နိုင်ငံလို့မြင်လာသလို ဘလိုက်ကိုလည်း သင်္ဘောကပ္ပတိန်လို့ မမြင်တော့ဘဲ နိုင်ငံတစ်နိုင်ငံရဲ့အစိုးရအဖွဲ့တစ်ဖွဲ့လို့ မြင်လာကြတော့တယ်။ ဒါ့ကြောင့် ဒီလောက်တောင်ရှိလှတဲ့ ဘလိုက် ဘာများ ဖြစ်သွားမလဲဆိုတာကို သိချင်ဇောနဲ့ ဆက်ကြည့်ကြတယ်။ အဲဒီလို အနောက်နဲ့အရှေ့ လွန်းထိုးနေခဲ့ရလို့ အင်္ဂလန်က ထွက်လာပြီး ၁၀ လအကြာ ၁၇၈၉ ခုနှစ် အောက်တိုဘာလကျမှ တဟီတီကို ရောက်တော့တယ်။ ပေါင်မုန့်သီးပျိုးပင်တွေကိုတော့ရပါရဲ့၊ ဒါပေမဲ့ မူလ အစီအစဉ်အတိုင်း ပျိုးပင်တွေ တင်ပြီးပြီး ချင်း တဟီတီကနေ ချက်ချင်းပြန်မထွက်နိုင်တော့ဘူး။ အချိန်တွေပုပ်သွားလို့ ရာသီဥတု အခြေအနေအရ လေကိုပြန်စောင့်ရမှာဖြစ်လို့ ကျွန်းအနီးမှာပဲကျောက်ချပြီး လေးလကြီးများတောင် အသားလွတ် ထိုင်စောင့်ရတော့မယ့် အခြေအနေကို ဆိုက်ရောက်သွားပါတော့တယ်။ ရွေးစရာ တခြားနည်းလမ်းမရှိတော့ စောင့်ပဲစောင့်ရတော့တာပေါ့။ ဒါပေမဲ့ ပြဿနာက ဘလိုက်တစ်ယောက်တည်းပဲ နေ့ရော ညပါ သင်္ဘောပေါ်မှာနေနိုင်ပေမယ့် ကျန်လူတွေက မနေနိုင်ဘူး၊ နေ့ဆိုရင် ကျွန်းပေါ်တက်ကြတယ်။ မသွားကြနဲ့လို့ အမြဲတမ်း ချုပ်ချယ်နေလို့လည်း မဖြစ်ပြန်ဘူး။ ကျွန်းသူ ကျွန်းသားတွေက ဖော်ရွေလွန်းတယ်။ မိန်းကလေး တွေကလည်း ထိုနည်းလည်းကောင်းဆိုတော့ သင်္ဘောသားတွေ ဘယ်လောက်ကဲကြမလဲဆိုတာ တွေးလို့သာ ကြည့်ကြတော့ပေါ့။ လက်ထောက်မာလိန်မှူး ဗိုလ်ခရစ်ရှန်လည်း ကျွန်းပေါ်က တဟီတီ ဘုရင့်သမီးတော်’မေမီတီ’နဲ့ လူကျွံဘောတွေဖြစ်ကုန်တယ်။ ကျန်တဲ့လူတွေလည်း လူကျွံရုံတင်မကတော့ဘဲ ဂိုး ပေါက်ထဲ အားလုံးဝင်ထိုင်နေကြတဲ့အထိ ဖြစ်ကုန်ကြတယ်။ အဲဒါတကယ် သင်္ဘောပြန်ထွက်တော့မယ်ဆိုတော့ သင်္ဘောသားတွေရော ကျွန်းသူတွေပါ ‘ခွဲရမှာ သဲမြညှာ မျက်ရည်စတွေနဲ့’ဆိုသလို ဖြစ်ကုန်ကြပြီ။ အဲဒါ သင်္ဘောထွက်မယ့်နေ့မနက်မှာ သင်္ဘောသား သုံးယောက် ထွက်ပြေးကြတယ်။ ခရစ်ရှန် ဦးစီးပြီး လိုက်ဖမ်းတော့ မိတာပေါ့။ အဲဒီ သင်္ဘောသားတွေကို သင်္ဘောပေါ်ပြန်တင်တဲ့ အခါ ငွေခြေကျင်းတွေ ဖုချိန်းတွေ ဆင်ပေး ကြရတာဆိုတော့ ကျွန်းသူကျွန်းသားတွေရှေ့မှာ လူမြင်မကောင်းဖြစ်ကုန်ပြီး အားလုံးလည်း မပျော်နိုင်ကြတော့ဘူး။

အဲဒါ သင်္ဘောပေါ်မှာလည်း ပေါင်မုန့်သီး ပျိုးပင်တွေကို အပြည့်တင်ထားလို့ အသက်ရှူကျပ်ရတဲ့အထဲ ကြီးမားတဲ့ ပြဿနာတစ်ခု ပေါ်လာတယ်။ အဲဒါကတော့ ပျိုးပင်တွေ ရေချိုသောက်ကြတဲ့ကိစ္စနဲ့ဆိုင်ပါတယ်။ မြေအိုးထဲမှာထည့်ထားတဲ့ ပျိုးပင်တွေကို ရေချိုလောင်းရတယ်။ ဘုရင်ကထည့်ပေးလိုက်တဲ့ ရုက္ခဗေဒပညာရှင်ကလည်း အချိန်တိုင်းလိုလို ဘလိုက်နဲ့ ခေါင်းချင်းရိုက်နေတယ်။ တစ်ရက်မှာတော့ ပျိုးပင်နှစ်ပင် ညှိုးပါလေရော။ ဘလိုက်က ကိုရုက္ခကို မေးတယ်။ ပြော အားမနာနဲ့ပေါ့။ ကိုရုက္ခကလည်း ‘‘အားတော့နာတယ်၊ ဒါပေမဲ့ နေပူတော့ ပျိုးပင်တွေလည်း ရေငတ်ကြတာပေါ့’’လို့ ခေါင်းလေးငုံ့ပြီး ဖြေတယ်။ ဘလိုက်ကလည်း ‘‘အိုးနဲဗားမိုင်းရတယ်၊ ဘာမှမပူနဲ့ ပျိုးပင်တွေကို ရေနှစ်ဆသာလောင်း’’လို့ ပြောတယ်။ သင်္ဘောသားတွေကိုတော့ ရေချွေတာသောက်အောင် ရေခပ်သောက်ရတဲ့ ရေမှုတ်ကို ဟိုရွက်တိုင်ထိပ်ဖျားမှာ သွား ချိတ်ထားတယ်။ ရေသောက်ချင်တဲ့လူ ရွက်တိုင်ထိပ်ဖျားတက် ရေမှုတ်ကိုဖြုတ်၊ အောက်ဆင်းပြီး ကုန်းပတ်ပေါ်က စည်ပိုင်းကြီးထဲက ရေချိုကို တစ်မှုတ်သောက်။ ပိုသောက်လို့မရဘူး။ စည်ပိုင်းနားမှာ ဘလိုက်ရဲ့အလိုတော်ရိက ကင်းစောင့်နေတယ်။ အဲဒါသောက်ပြီးရင် ရေမှုတ်ကို မူလနေရာပြန်ထားဖို့ ရွက်တိုင် ထိပ်ဖျားမှာ တစ်ခါပြန်တက်ချိတ်ရသေးတော့ ဘယ်စားသာတော့မလဲ။ ဒီအထဲမှာ လေမတိုက်တဲ့အခါ သင်္ဘောသားတွေဟာ အောက်ထပ်ဆင်းပြီး လှော်တက်ကြီးတွေနဲ့ ‘ယိုယီးလေ့ ယီးလေ့ယို’လုပ်ရသေးတော့ အားလည်းမရှိကြတော့ဘူးပေါ့။ တစ်ခါမှာတော့ ရေမှုတ်တက်ဖြုတ်တဲ့ သင်္ဘောသားတစ်ယောက် ရွက်တိုင်ထိပ်ကနေ ကုန်းပတ်ပေါ်ပြုတ်ကျပြီး သေပါလေရော။ ဘလိုက်ကတော့ သူမဟုတ်သလိုပဲ။ မကျေနပ်တဲ့ သင်္ဘောသားတစ်ယောက်က ဘလိုက်ကို တိုက်ခိုက်မယ် လုပ်တော့ ဘလိုက်က ရုတ်တရက် အနီကတ်ထုတ်ပြလိုက်တယ်။ ဒီအနီကတ်ကြီးက ကြောက်စရာကြီးပါ။ ကြာပွတ်နဲ့အရိုက်ခံရတဲ့အပြင် အဲဒီသင်္ဘောသားဟာ ကြိုးနဲ့ချည်ပြီး သင်္ဘောဘေး ပစ်ချခံရတယ်။ သင်္ဘောပြေးနေတဲ့ နောက်ကို ရေထဲကလိုက်ရတာပေါ့။ ကြာပွတ်နဲ့ အရိုက်ခံထားရတဲ့ဒဏ်ရာက သွေးတွေ ထွက်နေတော့ ငါးမန်းတွေလိုက်လာကြတာ ပေါ့။ ရေပေါ်မှာ ငါးမန်းတောင်တွေကိုမြင်လို့ ဆွဲကြဟ ဆွဲကြဟဆိုပြီး ဝိုင်းဆွဲကြတော့ ကြိုးပဲပါလာတော့တယ်။ လူကတော့ ငါးမန်းစာ ဖြစ်သွားခဲ့ရပါပြီ။ ဒါကို မကျေနပ်ကြတဲ့ သင်္ဘောသားတွေက ခရစ်ရှန်နား ကပ်လာပြီး ‘‘ချစမ်းပါ ဆရာရယ်၊ ဘာတွေစဉ်းစားနေတာလဲ ဆရာ့နောက်မှာ ကျွန်တော်တို့အားလုံးရှိ နေတာပဲဟာ’’ဆိုပြီး မကြားနိုးနားလာလာပြီး ပြောကြတယ်။ အစကတော့ မကြားချင် ယောင်ဆောင်နေနိုင်သေးတာပေါ့။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ကလည်း သိပ်ဟန်တာမဟုတ်ဘူး၊ မေမီတီနဲ့ခွဲလာရလို့ ‘မောင်မနေတတ်ဘူး ယောင်ချာချာ အရူးတစ်ပိုင်းကြီးဖြစ်နေတယ်’ဆိုသလိုမျိုး ဖြစ်နေတာမဟုတ်လား။ အထက်ကို ပြန်တော်လှန်ချင်တဲ့စိတ်မျိုးဟာ အမျိုးနဲ့ အရိုးထဲမှာကို မရှိခဲ့ဖူးပေမယ့် လူလူချင်း ဒီလောက်တောင် ရက်စက်တာကိုတော့ ခရစ်ရှန် ဘယ်လိုမှ ဘဝင်မကျနိုင်တော့ဘူး။ ဂျော့ဘုရင်က တော်တော် မယ်တော်ကကဲတာလို့ မြင်လာတယ်။ တစ်ခါမှာတော့ ဖျားနေတဲ့ သင်္ဘောသားတစ်ယောက်က ရေငတ်နေပေမယ့်  ရွက်တိုင်ထိပ်မတက်နိုင်လို့  ပင်လယ်ရေတွေကို သွားသောက်လိုက်မိတဲ့အတွက် ရူးကြောင်ကြောင်ဖြစ်သွားတယ်။ ပြန်ကောင်းလာအောင် ကုလို့ရမယ့်နည်းလမ်းကတော့ တစ်နည်းတည်းရှိပြီး အဲဒါကတော့ ရေချိုတိုက်တဲ့နည်းပဲဖြစ်ပါတယ်။ ခရစ်ရှန် မနေနိုင်တော့ဘူး။ အခန်းထဲကရေမှုတ်တစ်ခုယူပြီး လူနာကို ရေချိုတိုက်တယ်။ ဒီနေရာမှာ ဘလိုက်ဟာ အကြီးအကျယ် ဖောင်းရှော့တစ်ခုကို လုပ်လိုက်မိပါတယ်။ အဲဒါကတော့ ရေမှုတ်ကိုင်ထားတဲ့ ခရစ်ရှန်ရဲ့လက်မောင်းကို စိတ်လိုက်မာန်ပါ ခြေထောက်နဲ့ကန်လိုက်မိ ခြင်းပါပဲ။ အဲဒီမှာ ခရစ်ရှန်ရဲ့ ခါးကြားထဲက ဓားရှည်ဟာ ရွှီးခနဲထွက်လာပြီး စက္ကန့်ဝက်အတွင်းလောက်မှာပဲ ဘလိုက်ရဲ့ ဝဲဘက်လက်မောင်းထဲ စိုက်ဝင်သွားတယ်။ နောက်တော့ ဓားဖျားက ဘလိုက်ရဲ့လည်ပင်းကို အလိုလို ထောက်လိုက်မိပြီးလည်း ဖြစ်သွားတယ်။ ခရစ်ရှန်ကို မြှောက်ထိုးပင့်ကော်လုပ်သူတွေ ကလည်း ဝမ်းသာအားရ ထခုန်ကြပြီး အောက်ထပ်လက်နက်တိုက်ထဲက တူမီးသေနတ်တွေကို ဆင်းယူကြတာပေါ့။ ခဏတွင်းမှာပဲ ဘလိုက်ရဲ့တပည့်ရင်းတွေကို သေနတ်နဲ့ချိန်ပြီး ဖမ်းလိုက်ကြတယ်။ အဲဒီမှာ ဘလိုက်လူနဲ့ခရစ် ရှန်လူဆိုပြီး ခွဲပြီးသားလည်းဖြစ်သွားတယ်။ ဘလိုက်နဲ့လိုက်မယ့်လူတွေကို သက်ကယ် လှေရှည်ရှည်တစ်ခုပေါ်တင်ပေးပြီး  သင်္ဘောပေါ်ကနေ အောက်ချပေးလိုက်ကြတယ်။ မောင်မင်းကြီးသားတို့ သွားလိုတဲ့နေရာကို သွားကြပေတော့ဆိုတဲ့သဘောပေါ့။ စားနပ်ရိက္ခာအပြည့် ရေကြောင်းတိုင်းထွာရေးကိရိ ယာတွေ အပြည့်တော့ ထည့်ပေးလိုက်ပါတယ်။ ဘလိုက်သင်္ဘောပေါ်က ဆင်းခါနီးမှာ ခရစ်ရှန်က ရွဲ့ပြီး ‘‘အလံယူသွားဦးမလား’’လို့ မေးလိုက်ပါတယ်။ ဘလိုက်က လေပြည်လေးနဲ့ ‘‘ငါ အလံမလိုပါဘူးကွ၊ ငါ့မှာနိုင်ငံတစ်နိုင်ငံ ရှိနေပြီးသားပဲဟာ’’လို့ ပြောလိုက်ပါတယ်။ ခရစ်ရှန် အကြီးအကျယ် မျက်နှာပျက် သွားရပါပြီ။ အင်္ဂလန်ဆိုတဲ့နိုင်ငံဟာ သူ့နိုင်ငံမဟုတ်တော့သလို ဘယ်တော့မှလည်း သူ့နိုင်ငံ ပြန်ဖြစ်လာမှာ မဟုတ်တော့ဘူးဆိုတာကို တွေးလိုက်မိလို့ပါပဲ။

လူတစ်ယောက် လူ့ဘဝထဲကိုရောက်လာတဲ့အချိန်ကစပြီး သူနဲ့အတူကပ်ပါလာတဲ့ အရာသုံးခုရှိပါတယ်။ အဲဒါတွေကတော့ နိုင်ငံရယ် အလံရယ် မြေကြီးရယ်ပါပဲ။ ကိုယ်နေတဲ့ နိုင်ငံရဲ့ ဂုဏ်သတင်းကောင်းနေဖို့ရယ်၊ အချုပ်အခြာအာဏာနဲ့တူတဲ့အလံ သစ်လွင်လှပနေဖို့ရယ်၊ ကိုယ့်ခြေထောက်အောက်မှာ ရှိနေတဲ့မြေကြီး သာယာစိုပြည်နေဖို့ရယ် ဆိုတာတွေဟာ အရေးကြီးလှပါတယ်။ ဒါပေမဲ့ ခုချိန်မှာတော့ အဲဒီသုံးခုထက် အရေးကြီးတဲ့ အရာတစ်ခု ပေါ်လာတာကို တွေ့ရပါတယ်။ အဲဒါကတော့ အဲဒီနိုင်ငံသူနိုင်ငံသားတွေရဲ့ စိတ်ဓာတ်တွေပါပဲ။ အဲဒီ စိတ်ဓာတ်တွေ ကောင်းမွန်ပြီး စည်းလုံးညီညွတ်ကြမှ ခုနက ပြောတဲ့ အရေးကြီးလှပါတယ်ဆိုတဲ့ နိုင်ငံရယ် အလံရယ် မြေကြီးရယ်ဆိုတာတွေဟာ သာ ယာလှပလာနိုင်မှာဖြစ်ပါတယ်။

Most Read

Most Recent