၂၁ ရာစုပင်လုံဆေးနှင့် ဖွဲ့စည်းပုံအကျပ်ကို အမြစ်မပြတ်နိုင်

၂၁ ရာစုပင်လုံဆေးနှင့် ဖွဲ့စည်းပုံအကျပ်ကို အမြစ်မပြတ်နိုင်
Published 14 July 2018

၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား တွေ့ရစဉ် (ဓာတ်ပုံ-မောင်ထူး)

ပြည်တွင်းငြိမ်းချမ်းရေး နှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းတို့သည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနေသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစစ်စစ်ကို ဖော်ဆောင်နိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေကသာ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးစစ်စစ်ကို ဖော်ဆောင်နိုင်ရေး နိုင်ငံရေးအရ အာမခံချက်ပေးနိုင်မည် ဖြစ်သည်။ နိုင်ငံရေးစားပွဲဝိုင်း တွေ့ဆုံဆွေးနွေးမှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းကို ထွက်ပေါက်ပေးနိုင်မှသာ ငြိမ်းချမ်းရေးသည်လည်း အလားအလာကောင်းမည် ဖြစ်သည်။ အနာနှင့် ဆေးတွေ့ဖို့ အရေးကြီးသကဲ့သို့ ဆေးမမှားဖို့လည်း သော့ချက်ကျမည်ဖြစ်သည်။ အနာနှင့် ဆေးမနီးသရွေ့ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးက ဝေးနေဦးမည်ဖြစ်သည်။

“ငြိမ်းချမ်းရေးဆွေးနွေးမှုတွေနဲ့ ဆက်စပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း ဆောင်ရွက်လိုတဲ့ သဘောထားတွေ ကျွန်တော်တို့ သိပါတယ်။ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးကို ရှေးရှုပြီး ၂၀၁၅ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ရဲ့ ဇယား (၂) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ဥပဒေပြု စာရင်းမှာ အချက် ၃၄ ချက်၊ ဇယား (၅) တိုင်း ဒေသကြီး (သို့မဟုတ်) ပြည်နယ်များက ကောက်ခံရမည့် အခွန်အခများမှာ အချက် ၂၀ တို့ကိုပြင် ဆင်ဖြည့်စွက်ပေးပြီး လုပ်ပိုင်ခွင့်များ တိုးချဲ့ပေးခဲ့ပါတယ်။ ထပ်မံပြင်ဆင်လိုတာတွေရှိရင် ဆက်လက်ညှိနှိုင်း၊ ဆွေးနွေးလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည့် နှုတ်ခွန်းဆက်အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ဒီလိုဆောင်ရွက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း ၁၂၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းပါ ပြဋ္ဌာန်းချက်တွေအတိုင်း ဆောင်ရွက်ကြဖို့ လိုပါတယ်။ ရှိပြီးသား နိုင်ငံတော်အခြေခံမူ ၄၈ ချက် ခိုင်မာတည်တံ့ဖို့ လိုအပ်ပါတယ်” ဟု ဆက်စပ်ပြောကြားခဲ့သည်။ တပ်မတော်အနေဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ကန့်ကွက်မှုမရှိသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်း အခန်းပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရန် တိုက်တွန်းလျက်ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းပါ ပြဋ္ဌာန်းချက်များအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှုသည် မရှိမဖြစ်လိုအပ်လျက်ရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှိပြီးသား နိုင်ငံတော်အခြေခံမူ ၄၈ ချက် ခိုင်မာတည်တံ့ဖို့ လိုအပ်ပါတယ် ဟုထည့်သွင်းပြောကြားခဲ့သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း (၁) နိုင်ငံတော်အခြေခံမူများ အခန်းပါ ပုဒ်မ ၄၈ ကို ခိုင်မာတည်တံ့ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ပုဒ်မ ၄၃၆ ပါ ပြဋ္ဌာန်းချက်အရ အခန်း (၁) ပါ နိုင်ငံတော် အခြေခံမူများကို ပြင်ဆင်မည်ဆိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းက ပြင်ဆင်ရန် သဘောတူ လက်ခံရမည့်အပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ဖြစ်သည်။ ဆန္ဒမဲပေးသူအားလုံး၏ ထက်ဝက်ကျော်မဟုတ်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဟု ဖော်ပြထားသည်ကို သတိပြုသင့်သည်။ နှစ်ဆင့်ပြင်ဆင်ရမည့် ပုဒ်မများပင် ဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အင်န်စီအေ) အပိုဒ် ၂၂ (ဃ) တွင် ပြည်ထောင်စုညီလာခံမှထွက် ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေများကို လိုအပ်သလိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုလုပ်ရန် သဘောတူညီသည်ဟု ဖော်ပြထားသည်။ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုလုပ်ရန်ဟုဆိုသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို ပုဒ်မ ၄၃၆ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြုလုပ်ရမည်ဟု အဓိပ္ပာယ်သက်ရောက်နေသည်။ ပြည်ထောင်စုညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအကြား လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုလုပ်ရန်ဆိုသည့် ဆက်စပ်မှုမှတစ်ပါး အခြားဆက်စပ်မှုကို အင်န်စီအေစာချုပ်တွင် မတွေ့ရှိရပေ။

၂၀၁၇ ခုနှစ် မေလ ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ပြည်ထောင်စု သဘောတူညီချက်အစိတ်အပိုင်း (၁) ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်ထောင်စုလွှတ်တော်သို့တင်သွင်း၊ အတည်ပြုချက်ရယူခဲ့သည်။ ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း (၁) မှသည် (၂)၊ (၃)၊ (၄) စသဖြင့် သဘောတူ ညီချက်များရရှိပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုလင့်ကစား အဆိုပါသဘောတူညီချက်များအနက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် ဆက်စပ်သောအချက်များ ပြင်ဆင်နိုင်ရေး၊ ဖြည့်စွက်နိုင်ရေးပြုလုပ်မည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းပါ ပြဋ္ဌာန်းချက်များအတိုင်း ပြုလုပ်ရန်မှတစ်ပါး တခြားမရှိနိုင်ဟု ကောက်ချက်ပြုရမည် ဖြစ်သည်။

သို့ဖြစ်၍ မြန်မာ့ဒီမိုကရေစီ စပ်ကူးမပ်ကူး ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်းနှင့် ဆက်စပ်လျှင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံသည် နိုင်ငံရေးထွက် ပေါက်ဖြစ်နိုင်ခြေနည်းပါးသည်ဟု သုံးသပ်နိုင်သည်။ အာဏာရအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံလမ်းကြောင်းမှတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်း ကျော်လွှားရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးကို ဦးတည်ဖော်ဆောင်ရန် မူလကတည်း ကစီမံချက်ချမှတ် ဖော်ဆောင်နေသည်ဆိုလျှင် အဆောတလျင် ပြန်လည်သုံးသပ်သင့်ကြောင်း တိုက်တွန်းဆော်သြလိုပါသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အင်န်စီအေ) နှင့်အညီ ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံသည် နိုင်ငံရေးသဘောတူညီချက်များကို အတည်ပြုချမှတ်နိုင်၊ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ကို ရယူနိုင်လင့်ကစား အဆိုပါသဘောတူညီချက်များအရဖွဲ့စည်း ပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို တစ်ပါတည်း ပြင်ဆင်ပြီးဖြစ်သည်အထိ ဆောင်ရွက်နိုင်ခြင်းမရှိ ဖြစ်နေသည့် ပကတိအခင်းအကျင်းကို ကျော်လွှားနိုင်မည့် နည်းနာ၊ ဗျူဟာတို့ကို ရှာဖွေသင့်သည်။

လတ်တလော ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းနှင့်ပတ်သက်လျှင် နိုင်ငံရေးခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များအကြား ထိပ်သီးတွေ့ဆုံ ဆွေးနွေးပွဲများကျင်းပ၍ နိုင်ငံရေးသဘောတူညီချက်ရရှိရေး စီမံချက်ချမှတ်ကာ ဦးတည်ဖော်ဆောင်ခြင်းက ပိုမိုထိရောက်အလုပ်ဖြစ်မည်ဟု ထင်မြင်မိသည်။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းတို့သည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနေသည့်အလျောက် ပြိုင်တူချဉ်းကပ်အဖြေရှာနိုင်ရန် သော့ချက်ကျမည် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆက်စပ်သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ၏ နိုင်ငံရေးသဘော တူညီချက်များသည် အဆုံးအဖြတ်ပေးနိုင်မည့် ထိပ်သီးပုဂ္ဂိုလ်များအကြား ဆွေးနွေးပွဲများတွင် တိုင်းရင်းသား ပြည်သူလူထုအများစုကြီး၏ ဆန္ဒသဘောထားအဖြစ် အကိုးအကား ပြုနိုင်မည်ဖြစ်သဖြင့် အချည်းနှီးတော့ မဖြစ်ဟုဆိုနိုင်သည်။

အချုပ်အားဖြင့်ဆိုသော် အာဏာရအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ၂၁ ရာစုပင်လုံကို လက်ငင်းဖွဲ့စည်းပုံ အခြေခံဥပဒေအကျပ်အတည်းအား ထွက်ပေါက်ပေးနိုင်မည့်၊ ကုစားနိုင်မည့် ဆေးကောင်းတစ်လက်အဖြစ် မှတ်ယူနေမည်ဆိုပါက ဒီမိုကရေစီအပြောင်းအလဲသည် ပိုမိုနှောင့်နှေး၊  ကြန့်ကြာနိုင်ခြေရှိ၊ မရှိနှင့် စပ်လျဉ်း၍လည်းကောင်း၊ လက်ငင်းဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းအပါအဝင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စိန်ခေါ်ချက်များ၊ ပြဿနာများကို ဗျူဟာမြောက် ကျော်လွှားနိုင်ရေးဟု ဆိုပါက အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားခေါင်းဆောင်များအကြား ထိပ်သီးဆွေးနွေးပွဲများမှတစ်ဆင့် အချိန်ဇယား သတ်မှတ်ပြီးဖြစ်သည့် နိုင်ငံရေးသဘောတူညီချက်များ ရရှိဖော်ဆောင်နိုင်မည်ဆိုလျှင် ပိုမိုထိရောက် အလုပ်ဖြစ်နိုင်ခြေ ရှိ၊ မရှိနှင့် စပ်လျဉ်း၍လည်းကောင်း၊ အနုလုံပဋိလုံ ဗျူဟာမြောက် ဆန်းစစ်သုံးသပ်လျက် လိုအပ်ပါက ပြုပြင်ပြောင်းလဲနိုင်ရေး စဉ်းစားသင့်ပါကြောင်း တိုက်တွန်းဆော်သြလိုက်ရပါသည်။

Most Read

Most Recent