<

အပြာရောင် ကက်ဆက်ကလေး

ကျွန်တော့်မှာ ကက်ဆက်တစ်လုံး ရှိခဲ့ဖူးပါသည်။ လွန်ခဲ့သော လေးငါးနှစ်ခန့်က ကက်ဆက်တစ်လုံး ကျွန်တော့်မှာ ရှိခဲ့ဖူးပါသည်။ အိမ်နှင့်အဝေးကြီးက ဆယ်ကျော်သက်လူငယ်တစ်ဦး၏ ကျောင်းသည် ကက်ဆက်တစ်လုံးဖြစ်ပြီး အဖော်ကောင်းလည်းဖြစ်၏။ ကျွန်တော့် ကက်ဆက်ကလေး၏အရောင်က အပြာရောင်ဖြစ်ပါသည်။ အပြာရောင် ကက်ဆက်ကလေးကို အလုပ်ထဲက အစ်ကိုတစ်ဦးထံမှ  ပေါချောင်ကောင်းနှင့် ၀ယ်ယူခဲ့ခြင်း ဖြစ်ပါသည်။ ဈေးနှုန်းကို မမှတ်မိတော့သော်လည်း အရှည် ၁၀ လက်မခန့်နှင့် အမြင့် ခြောက်လက်မခန့်ရှိသည့် ကက်ဆက်ကလေး ဖြစ်ပါသည်။ တံဆိပ်များ ပျက်နေသဖြင့် အမျိုးအစားကိုလည်း ကျွန်တော်မသိပါ။ ကက်ဆက် ကလေးသည် သူ့လက်ထဲမှာကတည်းကပင် ဖွတ်ဖွတ်ကြေနေ၍ ကျွန်တော့်ဆီမှာလည်း မကြာခဏ ပျက်တတ်၏။

မကြာခဏ ပျက်လေ့ရှိသည့်အတွက်လည်း ကက်ဆက်ကလေး၏ ပျက်လေ့ရှိသည့် အစိတ်အပိုင်းအတော်များများကို ကျွန်တော်သိနေပါတော့သည်။ ပန်ကာကြိုးလဲခြင်း၊ ဟက်ဆေးခြင်း၊ ခဲဂဟေတို့ခြင်း စသည်တို့မှာ ကျွန်တော် မကြာခဏ ကုသပေးရသည့် ကက်ဆက်ကလေး၏ နာဖျားမှုများ ဖြစ်ပါသည်။ တစ်ခါတစ်ရံ ခဲဂဟေဂေါက် ငှားမရသည့်အခါများတွင် ဖယောင်းစက်များချကာ ကက်ဆက်ကလေး ဖွင့်၍ရအောင် ကျွန်တော် ကြိုးစားပါသည်။ ကက်ဆက်ကလေးသည် နေ့လယ်များ၌ အသံ များစွာမကျယ်သော်လည်း ညများ၌ အသံကျယ်တတ်၍ ညပိုင်းတွင် အသံကို လျှော့ပြီး ဖွင့်ရသည်။ ကက်ဆက်ကလေးက ခဏခဏပျက်၍ နတ်အရစ်အထိုင်များ ပြုန်းသွားပြီးနောက် သားရေကွင်းနှင့်သာ ပတ်ထားရတော့သည်။ ညအိပ်ပြီဆိုလျှင် ခြင်ထောင်ထဲသို့ယူပြီး ဖွင့်လျက် အိပ်တတ်၍ နံနက်မိုးလင်းလျှင် ကက်ဆက်ကလေးမှာ ခေါင်းရင်း၌တစ်ခြမ်း ခြေရင်း၌တစ်ခြမ်း ဖြစ်နေတတ်၏။

ယခုကဲ့သို့ စီဒီများ၊ ဗွီစီဒီများ တွင်တွင်ကျယ်ကျယ် မရှိသေးသည့် အချိန်ကာလဖြစ်၍ ကျွန်တော့်ကက်ဆက်ကလေးကို ကျွန်တော်လွန်စွာ မြတ်နိုးပါသည်။ ကက်ဆက်ကလေးသည် ကျွန်တော့်ည၏ အဖော်မွန်ဖြစ်ပြီး တစ်ယောက်တည်းနေရခြင်း၏ ဖြေဆည်ရာ ကမ္ဘာလည်း ဖြစ်ပါသည်။ ကက်ဆက်ကလေးထဲက စိုင်းထီးဆိုင်သီချင်းများသည် ကျွန်တော့်အတွက် ဆုံးမစာများဖြစ်ပြီး ခွန်အားပေးသော ဆေးဝါးများလည်း ဖြစ်သည်။ ဆင်းရဲသားအတွေးနှင့် ကျွန်တော်၏ဘ၀ကို ကျွန်တော် နှစ်သိမ့်ခဲ့သည်။ တာဝေးသမားသီချင်းဖြင့် ကျွန်တော့်ကိုယ်ကျွန်တော် ခွန်အားပေးခဲ့သည်။ ပလက်ဖောင်းမင်းသား၊ အရိုင်းဂီတာ၊ ကြွက်၊ ခြင်၊ ယင်နဲ့ လူတွေအကြောင်း၊ ဒီထက်ပိုပြီး မတတ်နိုင်ဘူး၊ တရုတ်တန်းဈေးက အဖြစ်အပျက်လေး၊ အညာကို ပြန်ချင်တယ်၊ ချယ်ရီပင်အောက် နောက်တစ်ခေါက်ပြန်တွေ့တဲ့အထိ အစရှိသော သီချင်းများကို ရူးသွပ်စွာ ကျွန်တော် ခံစားရသည်။ သီချင်းများအား ကျွန်တော့်ဘ၀၏ လမ်းပြအဖြစ် ကျွန်တော် ယုံကြည်ခဲ့သည်။ စိုင်းထီးဆိုင်၏ ထွက်သမျှ စီးရီးတိုင်းကို ၀ယ်နားထောင်ဖြစ်ခဲ့သည်။ စိုင်းခမ်းလိတ်၏ အရေးအသားများကို လွန်စွာလေးစားခဲ့ရသည်။ စိုင်းထီးဆိုင်၏ သီဆိုမှုကို တိမ်းညွတ်ယစ်မူးခဲ့ရသည်။

စိုင်းထီးဆိုင် ထွက်သမျှအခွေတိုင်း ကျွန်တော်ဝယ်ပါသည်။ မူရင်းခွေတော့ မဟုတ်ပါ။ ရန်ကုန်လူလေးက ပြန်ကူးထားသည့် ၅၀၀ တန် တိပ်ခွေများဖြစ်ပါသည်။ မူရင်းခွေဆိုင်များမှာလည်း စိုင်းထီးဆိုင်ခွေများ အပြည့်အစုံ မရှိပါ။ စိုင်းထီးဆိုင်ခွေများတွင် ပါလာတတ်သည့် စောသိမ်းဝင်း၊ ဆွန်ကျဲအို၊ စိုင်းခမ်းသီစသည့် အဆိုတော်များ၏ သီချင်းများကိုလည်း ကြိုက်ခဲ့ရ၏။ စိုင်းထီးဆိုင်မှနေ၍ ကျွန်တော့် ကက်ဆက်ကလေးထဲကို လေးဖြူရောက်လာခဲ့သည်။ ထွက်ပေါက်၊ ကမ္ဘာကြီးက လုံးပြီးဝိုင်းနေတော့၊ ရင်ဆိုင်မယ် စသည့်သီချင်းများမှစ၍ အတောင်ပံတစ်စုံရဲ့ စွမ်းအား၊ ခဏလေးများအထိ လေးဖြူအခွေများလည်း ၀ယ်စုဖြစ်ခဲ့သည်။

လွှမ်းမိုး၊ ခိုင်ထူး၊ ဘိုဖြူ၊ အယ်နောင်း၊ မျိုးကြီး၊ အငဲ၊ ဗစ်တာခင်ညို၊ ခင်ဝမ်း၊ မဒီ၊ အနိုင်၊ စိုးပိုင်၊ ထူးအိမ်သင် ကျွန်တော့်ကက် ဆက်ကလေးထဲက သီချင်းသံများ ကျွန်တော့်အိပ်ရာဘေးမှာ တိပ်ခွေများ အပုံလိုက်။ ကျွန်တော့်အိမ်ကိုအပြန် ကက်ဆက်ခွေများ အများကြီးကို ပုဆိုးနှင့်ထုပ်ပြီး ရထားပေါ် သယ်လာခဲ့သည်။ ရထားပေါ်က ရှာဖွေရေးအဖွဲ့သည် ကျွန်တော့်ကို မသင်္ကာသည့် မျက်နှာထားနှင့် မေးခွန်းများစွာ မေးပါသည်။ အကျိုးအကြောင်း ရှင်းပြတော့မှ ရှုပ်ပွအောင် မွှေနှောက်ပြီး ပြန်ထွက်သွားကြသည်။

အိမ်က တီဗွီနှင့် ဗွီစီဒီစက်များ ၀ယ်လိုက်တော့ အရုပ်ကော အသံပါ ခံစားရသည့်ဘက်ကို ကျွန်တော် ပြောင်းလဲသွားခဲ့သည်။ ကျွန်တော် မေ့လျော့နေခဲ့သည့် ကက်ဆက်ကလေးကို ညီတော်မောင်က လက်စဖျောက် ကလိလိုက်သည်လား၊ အိမ်၌ အစုတ်များ မထားကောင်းဘူးဟူသည့် ဗေဒင်ကြောင့်ပင်လား ကျွန်တော်သေချာမမှတ်မိတော့သော်လည်း ကက်ဆက်ကလေး မရှိတော့သည်ကတော့ သေချာပါသည်။ အရုပ်နှင့်အသံကို တွဲဖက်ကြည့်ရသည့်အခါ သီချင်းစာသားအမှားများ မကြာခဏ စာတန်းထိုးပါလာလေ့ရှိသည်ကို စိတ်ပျက်ရသည်။ သီချင်းနှင့် ဘာမျှမသက်ဆိုင်သည့် သရုပ်ဆောင်ကွက်များကို စိတ်ပျက်ရသည်။ ကက်ဆက်ကလေးနှင့် နားထောင်တုန်းက အရသာကို မရသကဲ့သို့ ခံစားလာရချိန်မှာ ကက်ဆက်ကလေး ကျွန်တော့်ဆီမှာ မရှိတော့ပါ။ ကက်ဆက်တိပ်ခွေများသည် ဖုန်များနှင့် ညစ်ပေနေကြပြီး တိပ်သားများမှာ ကပ်ကုန်ကြသည်။ အမေက “ကက်ဆက်ခေတ်မှ မဟုတ်တော့တာ ပစ်လိုက်တော့” ဟု ပြောသော်လည်း ကျွန်တော် လွှင့်မပစ်ရက်ပါ။

အိမ်လွမ်းနာဖြင့် ငိုခဲ့ဖူးသည့် တေးသွားများ၊ ကိုယ့်စိတ်ကိုယ် သံပတ်တင်းနိုင်ခဲ့သည့် တေးသွားများ၊ ကြည်နူးရခြင်း၊ ၀မ်းနည်းရခြင်းများ ပြည့်သိပ်နေသည့် တိပ်ခွေများက ကျွန်တော့်အမှတ်တရများပင် ဖြစ်ပါသည်။ စင်ကလေးတစ်စင်ရိုက်ကာ တိပ်ခွေများကို သန့်ရှင်းရေးလုပ်ပြီး စီထားဖြစ်ပါသည်။ ကျွန်တော် အိမ်ပြန်ရောက်သည့် ကာလတစ်ခုကျ ကက်ဆက်ကလေးတစ်လုံး ပြန်ဝယ်ဦးမည်။ ကက်ဆက်ရောင်းသည့် ဆိုင်ရှိ မရှိတော့ ကျွန်တော် မသိသေးပါ။ ထိုအခါ ၀ယ်မည့် ကက်ဆက်ကလေး၏ အရောင်မှာ အပြာရောင် ကလေးသာ ဖြစ်ပါလိမ့်မည်။ ကက်ဆက် ရောင်းသည့်ဆိုင်၌ အပြာရောင်ကက်ဆက် ရှိ မရှိကိုလည်း ကျွန်တော် သေချာမသိသေးပါ။ ကက်ဆက်အပြာလေး ၀ယ်၍ရခဲ့သည့်တိုင် အိမ်ကတိပ်ခွေများက ဖွင့်၍ ရပါဦးမည်လား။ စိုးရိမ်စိတ်ဖြင့် အိမ်က တိပ်ခွေကလေးများကို ယခု စာရေးနေရင်း လွမ်းနေမိပါသည်။

July 14, 2018














Copy Protected by Chetan's WP-Copyprotect.