<

စက်ရုံထဲက ကဗျာတွေလား ၀တ္ထုတွေ – ၂

Photo: goranfactory.com

စက်ရုံမှ ပြန်ရောက်ပြီးနောက် ထုံးစံအတိုင်း ဖုန်းပွတ်မိပြန်သည်။ မိုးကား မစဲနိုင်သေး။ “ဂူထဲ ပိတ်မိနေသော ကလေးများ ပြန်တွေ့ပြီ”ဟူသော သတင်းမှာ ၀မ်းသာစရာ ကောင်းလေစွ။ သို့သော် ဖားကန့်တွင် မြေစာပိ၍ သေဆုံးသွားသော လူများအကြောင်းလည်း သတင်းတက်လာပြန်သည်။ ကိုချမ်းကြီးကတော့ “ဒီလောက် လူသေနေတာ။ ဒါတောင် မီဒီယာ ပွင့်လင်းလာလို့ သိရတာ။ အရင်က ဘယ်လောက်သေကြသလဲ မသိဘူး။ ပိတ်ပစ်ဖို့ ကောင်းတယ်”ဟု ပြောသည်။ သက်ပြင်းချရသည်။ ကျွန်တော်သည် ခွေးမ မိချောတို့ သားအမိတတွေ ကစားနေကြသည်ကို ကြည့်မိသည်။ ဤသည်မှာကား ကြည်နူးဖွယ် ကောင်းပြန်သည်။ ပြီးခဲ့သော လေး၊ ငါးလတုန်းက မိချောမသည် ခွေးပေါက်ကလေး ရှစ်ကောင်ကို အောင်မြင်စွာပင် မွေးခဲ့ပါသည်။ ယခုတော့လည်း ခွေးပေါက်ကလေး နှစ်ကောင်သာ ကျန်တော့သည်။ ကျွန်တော်တို့ နေထိုင်သော နေရာမှာ ဒိုက်ဦးမြို့နှင့် အတန်ငယ် ဝေးပါသည်။ ဆိုင်ကယ်ဖြင့် သွားမည်ဆိုပါက နာရီဝက်မျှ မောင်းရသည်။ မိသားစု၊ အပေါင်းအဖော်များ နှင့် ဝေးသော တစ်နေရာတွင် နေထိုင် အလုပ်လုပ်ကြသည် ဖြစ်လေရာ ချစ်စရာမရှိ ရှာကြံကာ ခွေးပေါက်ကလေးများကို ချစ်ကြရသည်။

ဖုန်းပွတ်ရင်း ဖုန်းထဲက ကျွန်တော် ရိုက်ထားသော ပုံကလေးနှစ်ပုံ ပြန်တွေ့သည်။ ဟုတ်ပါသည်။ တစ်နေ့ အက်ဆေးရေးမည်ဟု ရိုက်ယူထားခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်တို့ စက်ရုံ အလုပ်သမားလေး မောင်ပြား ရေးထားသော စာတိုကလေး ဖြစ်ပါသည်။ “မင်းစာအကြောင်း ငါ အက်ဆေးရေးမယ်ကွ”ဟု ကျွန်တော် ပြောသောအခါ မောင်ပြားကလည်း “ရေးချင်ရေးပါ။ ကျွန်တော် နာမည်ကြီးသွားမှာ။ ဆရာသမား ကျွန်တော့် အရေးအသားတွေကို ကြွေသွားတယ် မဟုတ်လား”ဟု ပြောကာ ရယ်နေခဲ့သည်။ ကျွန်တော်တို့ စက်ရုံတွင် အလုပ်သမား အနည်းငယ်ရှိပါသည်။ ၁၅ ယောက်ခန့် ရှိသည်ဟု ပြောနိုင်ပါသည်။ အများစုမှာ ဒေသခံများ ဖြစ်ကြပြီး မောင်ပြားမှာမူ တစ်နယ်တစ်ကျေးမှ လာရောက် လုပ်ကိုင်နေသော လူငယ်ကလေး ဖြစ်ပါသည်။ မောင်ပြားအကြောင်း ပြောလျှင် မောင်ပွမ်အကြောင်းကိုလည်း ချန်ထား၍ မရပါ။ အကြောင်းမှာ မောင်ပြားနှင့်အတူ မောင်ပွမ်သည်လည်း တစ်နယ်တစ်ကျေးမှ လာရောက်သူ ဖြစ်သောကြောင့်ပင်။ သူတို့ရွာမှာ ၀န်းသိုမြို့နယ်ထဲက ရွာငယ်လေး တစ်ရွာဖြစ်သည်။ မောင်ပြားနှင့် မောင်ပွမ်တို့မှာ တစ်ရွာတည်းသား၊ ငယ်ငယ်ကတည်းက ပေါင်းလာကြသော ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။ အသက် ၁၈ နှစ်ခန့် ရှိမည်ဖြစ်သော မောင်ပွမ်နှင့် မောင်ပြားတို့ကို “မင်းတို့ ကျောင်း ဆက်မတက်တော့ဘူးလား”ဟု ကျွန်တော် မေးဖူးသည်။ မောင်မင်းကြီးသားတို့က ပြန်ဖြေကြသည်။ “စာသင်ရတာ ပျင်းစရာကြီး။ အလုပ်လုပ်ရတာက ပျော်စရာကောင်းတယ်”ဟု ပြိုင်တူဖြေကြပေသည်။ စက်ရုံအလုပ်သမားများထဲမှ မခင်အောင်နှင့် မကြီးအောင်ဟူသော ကလေးမ နှစ်ယောက်လည်း ရှိသေးသည်။ သူတို့မှာ ညီအစ်မ အရင်းခေါက်ခေါက်များ ဖြစ်ကြပြီး အဒေါ်ဖြစ်သူ မသီနှင့်အတူ စက်ရုံထဲတွင် လာရောက် အလုပ်လုပ်ကြခြင်း ဖြစ်သည်။ သူတို့ အသက်ကလည်း ၁၈ နှစ်ဝန်းကျင်။ ဆိုတော့ မောင်ပြား၊ မောင်ပွမ်တို့ကား သူတို့ညီအစ်မ နှစ်ယောက်ကို လူငယ်တို့သဘာဝ သဘောကျကြပေသည်။ သို့ဖြင့် မောင်ပြားရေးသော ထိုစာတိုကလေး ပေါ်လာသည်ဟု ပြောရမည်။ အလုပ်လုပ်ရာ၌ သူတို့နှစ်ယောက်မှာ မခင်အောင်နှင့် မကြီးအောင်တို့အနီးတွင် ဝေ့လည်ဝေ့လည် လုပ်နေတတ်ကြသည်။ သို့သော် ညီအစ်မနှစ်ယောက်က သူတို့ကို အကပ်မခံကြောင်း ကျွန်တော် ကြားရသည်။ ညီအစ်မ နှစ်ယောက်က သူတို့ အဒေါ်မသီကို ကြောက်၍လည်း ဖြစ်နိုင်သည်။ မသီကား မိန်းမဖြစ်သော်လည်း ယောက်ျားပုံစံ ပေါက်နေသည်။ ယောက်ျားများကဲ့သို့ပင် နေသည်။ ၀တ်တော့လည်း ဂျင်းဘောင်းဘီနှင့်။ စိတ်ကလည်း ဆတ်သည်ဟု ကြားဖူးသည်။ မောင်ပွမ်နှင့် မောင်ပြားကို သတိထားမိကြသော အလုပ်သမားအချို့က သူတို့နှစ်ယောက်ကို နောက်တတ်ကြသည်။ “မသီကို မတွေ့ဘူးလား။ ကောင်လေးတွေ သေမယ်နော်။ မသီက လူတစ်ယောက်ကို ဓားနဲ့ လိုက်ခုတ်ဖူးတယ်ကွ”ဟု နောက်ကြလျှင် မောင်ပြား၊ မောင်ပွမ်တို့မှာ မျက်နှာငယ်လေးနှင့်။ “ကျွန်တော်တို့အရပ် မဟုတ်လို့ပါဗျာ”ဟု ပြန်ပြောကာ ငြိမ်နေတတ်ကြသည်။ တစ်နေ့ မောင်ပွမ်က ကျွန်တော့်ကို မှတ်စု စာအုပ်ငယ်ကလေး လာပေးသည်။ “မောင်ပြား ရေးထားတာ ဆရာသမား။ ရယ်နေရတာပါဆို” ဟု ပြောရာ ကျွန်တော်လည်း သူပေးသော မှတ်စုစာအုပ်ငယ်ကို ယူ၍ ဖတ်ကြည့်ပါသည်။

“ကိုယ် အရမ်းချစ်တယ် ခင်ရယ်။ ဒီကို စရောက်တဲ့ နေ့ချင်းနဲ့ကို အရမ်းချစ်ခဲ့ရတာပါ။ ခင်ကိုလည်း အရမ်းလည်း သနားမိတယ်။ ကမ္ဘာမှာ ခင်ကလွဲလို့ ချစ်မယ့်သူ ရှိမှာမဟုတ်ပါဘူး။ ခင်နဲ့ဆုံတိုင်း ကိုယ့်မှာ ရင်တွေ ခုန်နေတာ ညီမ သိမှာ မဟုတ်ပါဘူး။ အပြင်ကနေပဲ တစိမ့်စိမ့် ကြည့်နေရတဲ့ အဖြစ်ပါနော်။ ညီမ အလုပ်မဆင်းတဲ့ ရက်ဆို ကိုယ် အပြင်မှာ ဆွေးနေရတယ်။ စကားပြောရင် ချစ်စရာလေးနော်။ ခင် ပဲခူးကို အလုပ်လုပ် သွားတော့မယ်ဆိုတော့ ကိုယ် အတော် နှုတ်ဆက်ချင်လိုက်တာ။ ညီမ မုန်းသွားမှာကြောင့် ကိုယ် နှုတ်လည်း မဆက်ရဲဘူး။ ညဆို အိပ်လို့ရမှာ မဟုတ်ဘူး။ လွမ်းလို့ ကျန်ခဲ့ပြီပေါ့။ ညီမ သွားတော့မယ် ဆိုတော့ သီချင်းတစ်ပုဒ်နဲ့ လွမ်းကျန်ခဲ့ရပြီပေါ့။ အဲဒီ သီချင်းက R ဇာနည်ရဲ့ အသည်းကွဲမြို့တော်ပါ ညီမလေးရယ်။ ညီမလေး နေကောင်းပါစေ အစစအရာရာ ပျော်ရွှင်ပါစေ။ နောက်လမှ တွေ့ကြတာပေါ့။ ဘိုင်ဘိုင်။ ညီမလေး ထွက်သွားတဲ့နေ့ ၁-၂-၃-၄ အဝေးတစ်နေရာဆီမှာ ညီမလေး ပျော်နေပြီပေါ့။ ကိုယ်ကတော့ ရင်ထဲမှာရွာတဲ့ မိုးပါပဲ။ လေးရက်လောက်တောင် သိပ်လွမ်းနေတော့ တစ်လဆိုတာ ကိုယ့်အတွက်တော့ ငရဲမှာ တစ်ရက်နေရသလိုပါပဲ။ ခံစားရပါတယ် ခင်ရယ်။ အမြင့်မှာ လှနေတဲ့ပန်းကို ကိုယ် မခူးရက်တာ ကိုယ့်အပြစ်တွေပါ။ ညီမချစ်တဲ့ အချစ်တွေက မြင့်မြတ် အချစ်ကားရိုက်တဲ့အထဲမှာ ငိုရတဲ့ကားတွေထက် ကိုယ့်မျက်ရည်တွေက ဧရာဝတီမြစ်ကို လက်ပစ်ကူးနေတာမို့ ကမ်းမရောက်တဲ့ အဖြစ်တွေပါ။ ကိုယ်က မင်းကုသလို ရုပ်ဆိုးနေတော့ လူမြင်ရင် မျက်နှာငယ်လေးမို့ ကိုယ့်ဘ၀ကိုယ် သိပါတယ်။ ကိုယ့်အဖြစ်က နွေရာသီမှာ မိုးမျှော်ရသလို ပူပြင်းလွန်းပါတယ်ဟာ။ ဖြစ်နိုင်ရင် ညီမနောက် လိုက်ချင်တာပေါ့။ ဆိုင်ကယ်မှ မရှိ တာ။ သူများဆီမှာ အလုပ်လုပ်ရတယ် ဆိုတော့ သူများပေးမှ စီးရမှာပေါ့။ ဖုန်းလည်း ဆက်ချင်တာပေါ့။ ဖုန်းက စုတ်နေတာလေ။ ဖုန်းဝယ်ပြီးမှပဲ ညီမဆီက ဖုန်းနံပါတ်တောင်းပြီးမှ ဆက်မယ်နော်။ ပြန်လာပါတော့ လွမ်းလွန်းလို့ သေနိုင်တယ်။ ညီမကို ချစ်တဲ့ကို။

စာတိုကလေးမှာ မောင်ပြား၏ ခံစားချက်ကလေးဖြစ်ပြီး တစ်နေ့တော့ ထိုစာကို မခင်အောင် ဖတ်ရမည်ဟု တွေးထားပုံရပါသည်။ သို့သော် ထိုစာကလေးကို မခင်အောင် ဖတ်ရသလား မဖတ်ရဘူးလားတော့ သေချာမသိရပါ။ စက်ရုံတွင် အလုပ်နားရသည့်နေ့များ ရှိတတ်ပေရာ အလုပ်သမားအချို့မှာ နီးစပ်ရာ အလုပ်ရုံများတွင် အလုပ်လုပ်တတ်ကြသည်။ ကျွန်တော်တို့စက်ရုံ အလုပ်ပြန်လည်လာလျှင်တော့ ပြန်လာတတ်ကြသည်။ အိမ်နှင့်နီးသော အလုပ်ကို ပို၍ ခင်တွယ်ကြပေသည်။ ဟုတ်ပါသည်။ အဝေးသို့ သွားကာ အလုပ်လုပ်ရခြင်း၌ အခက်အခဲများစွာ ရှိပါသည်။ စားစရိတ်၊ အိမ်ငှားခ စသည် စသည် ဖြင့်။ မောင်ပြားနှင့် မောင်ပွမ်တို့ ထိုညီအစ်မ နှစ်ယောက်ကို ရအောင် ပိုးခဲ့ကြသလား ဆိုသည်ကိုလည်း မသိရပါ။ အဆင်မပြေဘူးဟုသာ သတင်းကြားရတတ်သည်။ အခုတော့လည်း မောင်ပြားနှင့် မောင်ပွမ်တို့ကား နယ်ဘက် ကျေးဘက်သို့ ပြန်သွားကြပါပြီ။ မိုးကျလျှင် စပါးစိုက်ရတော့မည်ဟု မောင်ပြားက ပြောပါသည်။ သူတို့ကား ပျော်နေရှာကြသည်။ ဟုတ်ပေမည်။ မိသားစုနှင့် ခွဲရသော လူငယ် ကလေးနှစ်ယောက်၊ ရပ်ရွာကို လွမ်းသော လူငယ်ကလေးနှစ်ယောက် အိမ်ပြန်ရမည် ဆိုတော့ ပျော်နေကြပေမည်။ ထိုခံစားချက်ကို ကျွန်တော် နားလည်နိုင်ပါသည်။ ဘူတာမှ ပြန်လာသော ကိုချမ်းကြီးကတော့ ပြောသည်။ “ဟိုကောင် မောင်ပြားလေ ငါ သူ့ကို ဘာဘာ ညာညာ ပြောတော့ မျက်ရည်လေး ဝေ့လည်နေရှာတာရယ်။ ရုပ်ကြမ်းကြီးနဲ့ အသည်းကတော့ တကယ်နုတာရယ်”ဟု။ သူတို့နှစ်ယောက် စက်ရုံ၌ လေးလခန့် အလုပ်လုပ်ခဲ့ကြသည်ဟု ကျွန်တော် မှတ်မိနေသည်။ ခင်အောင်နှင့် မကြီးအောင်၊ မသီတို့ သုံးဦးကတော့ စက်ရုံတွင် အလုပ်ရှိလျှင် ယခုတိုင် အလုပ်ဆင်းလေ့ ရှိကြပါသည်။ ကျွန်တော်သည် မခင်အောင်ကို မောင်ပြား၏စာ ဖတ်ရသလားဟူ၍ မေးချင်စမ်းပါသည်။ မခင်အောင်နှင့် မောင်ပြားတို့ အခြေအနေ ဘယ်လိုလဲဟု မေးချင်ပါသည်။ သို့သော် ကျွန်တော့် အလုပ်ကား မဟုတ်။ ထို့ကြောင့် မမေးဖြစ်တော့ပါ။ ဟိုတလောကတော့ မောင်ပွမ် ကျွန်တော့်ကို ဖုန်းဆက်လာသည်။ “မောင်ပြားကြီးရယ် လယ်ထဲဆင်းပြီး စပါးစိုက်နေတာ”ဟု။ “မင်းကော ဘာလုပ်နေလဲ”မေးရာ ဖားကန့်သွားပြီး အလုပ်လုပ်မည် ဖြစ်ကြောင်း ပြောနေသေးသည်။ အခုတော့လည်း သူတို့ကို ကျွန်တော် သတိရနေမိသည်။ မောင်ပြားနှင့် မောင်ပြား၏ စာကိုလည်း ကျွန်တော် မေ့နိုင်တော့မည် မဟုတ်ပါ။ ရိုးသားသော၊ အလုပ်ကြိုးစားသော လူငယ်ကလေး မောင်ပြား။ အချိန်ကား တရွေ့ရွေ့သွားလျက်။ နေသည် အရှေ့အရပ်မှ ထွက်မြဲ၊ အနောက်အရပ်သို့ ၀င်မြဲ။ တစ်နေ့တော့လည်း မောင်ပြား၊ မောင်ပွမ်တို့နှင့် တွေ့ချင်ပါသေးသည်။

July 13, 2018














Copy Protected by Chetan's WP-Copyprotect.