ကံစီမံတဲ့ ဘဝတွေလား

ကံစီမံတဲ့ ဘဝတွေလား
Published 13 July 2018

The Curious Case of Benjamin Button ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခု

အလုပ်အားရက်တစ်ရက်မှာ ကျောင်းနေဖက် သူငယ်ချင်းမတစ်ယောက်ရဲ့အိမ်ကို ရောက်ခဲ့ပါတယ်။ ကိုယ့်အလုပ်အားချိန်နဲ့ သူအားချိန်ကိုတိုက်ပြီး ဆုံအောင်ကြိုးစား ကြရပါတယ်။ အစိုးရအလုပ်တွေလို ပိတ်ရက်မျိုး မဟုတ်တာလည်း တစ်ကြောင်းပေါ့လေ။ ကျောင်းတက်တုန်းကတော့ အဆောင်မှာ  အတူနေခဲ့တုန်းက သူက ကရင်မို့ ဘုရားကျောင်းတက်တယ်။ တနင်္ဂနွေဆိုရင် ကိုယ်တို့လည်း သူနဲ့အတူ ဘုရားကျောင်းလိုက်ပြီး အာမင်လုပ်ကြတယ်။ သူကလည်း ကိုယ်တို့ ဝါဆိုသင်္ကန်းကပ်တာအစ ကထိန်လုပ်တာပါ အကုန်လုပ်ပေးခဲ့ပါတယ်။ ဘာမှခွဲခြား မနေခဲ့ကြပါဘူး။

အခုလည်း ကျောင်းပြီးသွားတဲ့ သမီးလေးကို တွေ့ရဖို့ သူ့အိမ်ရောက်ခဲ့ပါတယ်။ ကလေးတွေရဲ့ ပညာရေးအတွက် ရှစ်တန်းလောက်ကတည်းက မိဘတွေမှာကြိုးစားပြီး ငွေရှာခဲ့ကြရတာ ၁၀ တန်းမှာတော့ ငွေကုန်တာ အမြင့်ဆုံးထိပ်အထိ ရောက်ကြရတဲ့ ခေတ်ကြီးပဲလေ။ တက္ကသိုလ်တက်တော့လည်း ကျူရှင်စရိတ်၊ ကျောင်းစရိတ်နဲ့ မအေးရတဲ့ ဘဝတွေမို့ ကျောင်းပြီးသွားရင် မိဘတွေမှာ ရင်ထဲက အလုံးကြီး ကျသွားကြတာပါပဲ။ သမီးလေးက သူနာပြုတက္ကသိုလ်က ဘွဲ့ယူတဲ့ ပုံလေးတွေထဲမှာ လှပလန်းဆန်းနေပါတယ်။ အရင်ကတော့ သူနာပြုဘွဲ့ရပြီးရင် အစိုးရအလုပ် လုပ်ရဖို့ကို အကြာကြီးစောင့် ရပါတယ်။ တချို့လည်း နယ်ပြန်ကြ၊ တချို့လည်း ဆေးခန်းကြီးတွေမှာ အလုပ်လုပ်ရင်း စောင့်ကြပါတယ်။ တကယ်တမ်း အလုပ်ခန့်စာရောက်ချိန်မှာ အထိုင်ကျနေလို့ အစိုးရ အလုပ်မဝင်သူတွေလည်း ရှိခဲ့ကြပါတယ်။ အခု ဒီသမီးလေးတို့ကတော့ သိပ်ကြာကြာ မစောင့်လိုက်ရဘဲ အလုပ်ခန့်စာ ရောက်ကြတယ်ဆိုတော့ ဝမ်းသာမိပါတယ်။

တာဝန်ကျတဲ့ဆေးရုံမှာ ပျော်ရဲ့လားဆိုတော့ အစကတော့ ကြောက်တယ်။ အခုတော့ ပျော်ပါတယ်။ ဒါပေမဲ့ စိတ်မချမ်းသာဘူးတဲ့။ သူတို့ကို အလုပ်ဝင်စမှာ မွေးကင်းစ ကလေးတွေကြည့်ဖို့ ဂျူတီချထားကြပါတယ်။

မွေးကင်းစကလေးတွေကို စာရင်းမှတ်ပြီး အနှီးလဲတာ၊ ကလေးမိခင်ဆီပို့ပြီး အမေနို့ တိုက်ခိုင်းတာ၊ ကျန်းမာရေးစစ်ဆေးတာမျိုး တာဝန်ယူကြရပါတယ်တဲ့။ အဲဒီကလေးပေါက်စလေးတွေကြည့်ပြီး သူတို့တော့ ပျော်နေကြတာပဲတဲ့။

စိတ်မချမ်းသာတာက အဲဒီဆေးရုံမှာ မွေးလူနာတချို့က ကလေးလည်းမွေးပြီးရော ဆေးရုံကနေ ဆင်းပြေးကြပါသတဲ့။ အဲဒီလို မိခင်ဆင်းပြေးသွားလို့ ကျန်နေခဲ့တဲ့ မွေးကင်းစကလေးတွေ ခြောက်ယောက်၊ ခုနစ်ယောက်လောက် ဆေးရုံက ကြည့်ထားရပါသတဲ့။ အမေရှိတဲ့ ကလေးတွေကို သူတို့အမေတွေက အချိန်တန်ရင် နို့တိုက်ကြပေမယ့် အမေပြေးတဲ့ ကလေးတွေကို သမီးလေးတို့ ဆရာမတွေက နို့ဘူးတိုက်ရ ထိန်းရနဲ့ မွေးကြရပါသတဲ့။ အနေကြာလာတော့ ချစ်ခင်သံယောဇဉ်တွေ ဖြစ်နေကြပါတယ်။ ကလေးတွေကို ရိုက်ထားတဲ့ ဗီဒီယိုလေးတွေ ကြည့်ရတာ ချစ်စရာ သနားစရာကောင်းလှပါတယ်။

ဒီကလေးတွေကို အလှူရှင်မွေးစားချင် သူရှိရင်လည်း ဆေးရုံအုပ်ကြီးကတစ်ဆင့် ခိုင်ခိုင်မာမာ မွေးစားလို့ရပါတယ်။ ရက်သားလေးတွေကနေ လသားအရွယ်လောက်အထိ ကြည့်ရှုမွေးလာရတော့ တီတီတာတာနဲ့ ရယ်တတ် ပြုံးတတ်ချိန်မှာ မွေးစားချင်သူတွေက လာခေါ်တတ်ကြပါတယ်။ တလောကပဲ သမီးလေးရဲ့ အချစ်ဆုံးကလေးလေးကို မွေးစားမယ့် မိဘတွေ ခေါ်သွားလို့ ငိုပွဲဆင်ရပါသေးသတဲ့။သူက သမီးကလေးတွေထဲမှာ အချောဆုံး ဘိုမရုပ်လေးလိုချောတော့ ချစ်တာပေါ့လို့ ပြောပြပါတယ်။ ကိုယ်တွေကတော့ ကလေးကို မွေးစားသူတွေရဲ့ မေတ္တာတရားနဲ့ ကရုဏာတရား ဘယ်လောက်ကြီးမားနိုင်မလဲ တွေးမိပါတယ်။ မိခင်တွေကရော ဘာလို့စွန့်ပစ်သွားကြတာလဲ။ စီးပွားရေး အဆင်မပြေလို့လား။ ကိုးလလွယ် ၁၀ လဖွားပြီးတဲ့ နောက်မှာ ကလေးအဖေနာမည် တပ်စရာမရှိလို့လား။ ဆွေမျိုးမိဘတွေကပဲ သိက္ခာအကျ မခံနိုင်လို့ စွန့်ပစ်ထားခဲ့ရတာလား စသည်ဖြင့် တွေးနေမိပါတယ်။ ဒီကလေးတွေရဲ့ ကံအကြောင်းတရားကိုလည်း ထည့်တွေးမိပါတယ်။

အိမ်မှာ အကူလုပ်ခဲ့ဖူးတဲ့ အစ်မကြီးတစ်ယောက် အကြောင်းလည်း သတိရမိပါတယ်။ အဲဒီအစ်မကြီးက ကလေးသုံးယောက် အမေပါပဲ။ လင်မယားတွေ တောမှာ ဒိုးတူပေါင်ဖက် လုပ်ကိုင်စားကြရင်းနဲ့  တတိယမြောက်ကလေး ကိုယ်ဝန်ရှိလာပါတယ်။ အဲဒီအချိန်မှာပဲ သူ့ယောကျ်ားက ခြေထောက်တစ်ဖက် ထုံကျင်နာဖြစ်တာကနေ ဖြတ်ရတဲ့ အခြေအနေ ရောက်သွားပါတယ်။ ရောဂါကတော့ ဆေးလိပ်တွေသောက်လို့  သွေးကြောတွေ ပိတ်ကုန်တာပါပဲ။ ခြေထောက်ဖြတ်လိုက်ပေမယ့်  မသက်သာဘဲ ဗိုက်ငါးလရောက်တော့ ယောကျ်ားသေပါလေရော။ အိမ်မှာလည်း အကြီးမက ခုနစ်တန်း၊ အငယ်ကလေးတန်း ကျန်နေခဲ့တော့ ဆွေမျိုးတွေနဲ့ အပ်ထားပြီး အသုဘချရပါတယ်။ ကလေးမွေးပြီးသွားတော့လည်း စားစရာမရှိတာနဲ့ဘဲ တစ်လသမီးမှာ ကလေးကို မွေးစားချင်တဲ့သူဆီ အပြီးပေးခဲ့ပါတယ်။ ကလေးတွေကိုလည်း ကျောင်းမထုတ်ချင်တော့ သူကိုယ်တိုင် ကြုံရာကျပန်း လုပ်ရင်းနဲ့ တောအလုပ်ပါးချိန်မှာ ကိုယ့်အိမ်ကို အကူလာလုပ်တာပါပဲ။ ညဘက်နားချိန်မှာ ကိုရီးယားကားတွေ ကြည့်လို့ သမီးပျောက်ရှာ ပုံတော်ကားဖြစ်နေရင် သူ့သမီးလေး သတိရလို့ ငိုတာအမောပါ။ လူကောင်းသူကောင်းတွေ့အောင် ဆုတောင်းပါ အစ်မရယ်လို့ပဲ ကိုယ်လည်း အားပေးနိုင်ပါတယ်။

မိဘမဲ့ကလေးတစ်ယောက်အကြောင်း ဇာတ်ကားလေးလည်း သတိရမိပါတယ်။ ဒါရိုက်တာ David Fincher ရိုက်ကူးတဲ့ The Curious Case of Benjamin Button ဆိုတဲ့ ဇာတ်ကားလေးပါ။ နာမည်ကျော်မင်းသား Brad Pitt နဲ့မင်းသမီး Kate Blanchett တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ မွေးကင်းစမှာ မိခင်ဖြစ်သူ သေသွားပြီး ဖခင်က စွန့်ပစ်ခံရတဲ့ ကလေးတစ်ယောက်ရဲ့ဘဝကို သေဆုံးတဲ့အချိန်အထိ ရိုက်ပြထားပါတယ်။ ၁၉၁၈ ခုနှစ်မှာ ကလေးမွေးပြီးပြီးချင်း မိခင်ဖြစ်သူ သေဆုံးသွားတဲ့ မွေးကင်းစကလေး ငယ်ရဲ့ရုပ်ဟာ သက်ကြီးရွယ်အို အဘိုးကြီးပုံ ပေါက်နေတာကြောင့် ဖခင်ဖြစ်သူက စွန့်ပစ်တာခံခဲ့ရပါတယ်။ ဖခင်ကြီးဟာ ကလေးကို သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဂေ ဟာရှေ့မှာထားခဲ့ပါတယ်။ ကလေးငိုသံကြောင့် ဂေဟာက ပြုစုစောင့်ရှောက်သူဖြစ်တဲ့ ကူနီးဟာ ကလေးကို တွေ့ခဲ့ပါတယ်။ မွေးကင်းစကလေးဖြစ်ပေမယ့် အသက်ကြီးတဲ့ အဘိုးအိုပုံပေါက်နေတဲ့အပြင် တခြားရောဂါတွေလည်း ခံစားနေရတာ သိခဲ့ရပါတယ်။ လူမည်းအမျိုးသမီး ကူနီးဟာ ကလေးကို သူ့သားအဖြစ်နဲ့ မွေးစားပြီး နေ့မအိပ်ညမအိပ်ပြုစု စောင့်ရှောက်ပါတယ်။ ဒီလိုနဲ့ပဲ ဘင်ဂျမင် ဘတ်တန်ဆိုတဲ့ ဖိုးသက်ပြင်းလေး အသက်ရှင်လာခဲ့ပါတယ်။

ဘင်ဂျမင်ဟာ အသက်ခုနစ်နှစ်မှာမှ လမ်းလျှောက်နိုင်ပါတယ်။ အရင်က ခြေထိန်းတွေတပ်ပြီး တစ်လှည့်၊ ဘီးတပ်ကုလားထိုင် တစ်လှည့်နဲ့ နေခဲ့ရပါတယ်။ အသက် ၁၂ နှစ် သားမှာ ခုနစ်နှစ်သမီးဒေစီနဲ့ မိတ်ဆွေဖြစ်ခဲ့ပါတယ်။ ဒေစီရဲ့အဘွားက ဒီဂေဟာမှာ လာနေတော့ ကလေးချင်း ခင်မင်သွားခဲ့ကြတာပါပဲ။ ဘင်ဂျမင်ရဲ့ အဘိုးကြီးပုံစံကြောင့်လည်း တခြားသူငယ်ချင်းမရှိဘဲ ကူနီးနဲ့ ဒေစီတို့ပဲရှိခဲ့ကြပါတယ်။ နောက်တော့ ဘင်ဂျမင်ဟာ သင်္ဘောကျင်းမှာ အလုပ်လုပ်ရင်းနဲ့ ၁၈ နှစ်သားမှာ ပင်လယ်ကူးသင်္ဘောမှာ အလုပ်လုပ်ရင်း ပင်လယ်ကို ထွက်သွားခဲ့ပါတယ်။ ဒေစီကတော့ ဘဲလေးအကမယ်အဖြစ် အသက်မွေးခဲ့ပါတယ်။

ပင်လယ်မှာ လှည့်လည်ရင်းနဲ့ပဲ ဘင်ဂျမင်ဟာ အသက်ကြီးရင့်တဲ့ရောဂါ သက်သာလာပါတယ်။ ၁၉၄၁ ဒီဇင်ဘာ အသက် ၂၃ နှစ်မှာတော့ ဂျပန်က အမေရိကန် ပုလဲဆိပ်ကမ်းကို ဗုံးကြဲလိုက်လို့ ဒုတိယကမ္ဘာစစ်ထဲ အမေရိကန် ဝင်ရောက်လာပါတယ်။ ဘင်ဂျမင်တို့ သင်္ဘောကပ္ပတိန်ဟာ အမေရိကန် ရေတပ်ကို အကူလုပ်အားပေးအဖြစ်စာရင်း ပေးခဲ့ပါတယ်။ ဂျာမန်ယူဘုတ်တွေနဲ့တိုက်ပွဲမှာ ကူတိုက်ရင်း သင်္ဘောတစ်စင်းလုံး နစ်မြုပ်ခဲ့ပါတယ်။ စစ်ပြီးတော့ နယူးအော်လင်းကို ပြန်လာပြီး ကူနီးနဲ့အတူ ပြန်နေခဲ့ပါတယ်။ ဘင်ဂျမင်ရဲ့ဖခင်ကြီးဟာ နေမကောင်းဖြစ်ပြီး ဆုံးကာနီးမှာ ဘင်ဂျမင်ကို ဖခင်အဖြစ်ပြောရင်း အမွေပေးခဲ့ပါတယ်။ ဘင်ဂျမင်ဟာ ပင်လယ်ကပြန်လာကတည်းက သူ့ရဲ့သက်ကြီး ရွယ်အိုရောဂါပျောက်ကင်းပြီး သာမန်လူရွယ် တစ်ယောက်မျက်နှာ ဖြစ်လာပါတယ်။

အသက် ၄၀ ကျော်မှာ ဒေစီနဲ့ပြန်တွေ့ပြီး ချစ်ကြိုက်ကြပါတယ်။ ဘင်ဂျမင်အသက် ၅၀ မှာ သမီးဖြစ်သူ ကယ်ရိုလင်းကို မွေးပေမယ့် ဘင်ဂျမင်ဟာ အဝေးကို ထွက်သွားခဲ့ပြီး အသက် ၆၀ ကျော်မှ ဒေစီနဲ့ လက်ထပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ပြောင်းပြန်သက်ရင့် ရောဂါလက္ခဏာတွေ ဖြစ်လာပါပြီ။

ဘင်ဂျမင်ဟာ အသက်ကြီးလေ ရုပ်ရည်က ငယ်လေဖြစ်လာပြီး မေ့လျော့တာတွေ ဖြစ်လာပါတယ်။ နောက်ဆုံးသူ့ကို သက်ကြီးရွယ် အိုစောင့်ရှောက်ရေးဂေဟာကိုပို့ပြီး ဒေစီကိုယ်တိုင် အတူနေရင်း ပြုစုပေးခဲ့ပါတယ်။ အသက် ၈၄ နှစ်အရွယ် ဘင်ဂျမင် ကွယ်လွန်ချိန်မှာ မွေးကင်းစကလေးရဲ့ ရုပ်ရည်ဖြစ်သွားပါတယ်။ မွေးကင်းစမှာ ရောဂါပေါင်းစုံနဲ့ နေ့သေမလား ညသေမလားဖြစ်ခဲ့တဲ့ ဘင်ဂျမင်ဟာ အသက် ၈၀ ကျော်အထိ သူ့ကို ချစ်တဲ့သူတွေရဲ့ ကြင်နာယုယမှုကြောင့်  အသက်ရှင်ခဲ့ရပါတယ်။

ဆေးရုံပေါ်မှာ မိခင်အရင်းရဲ့ စွန့်ပစ်ခံကြရတဲ့ ကလေးတွေရဲ့ ကံကြမ္မာကိုလည်း တွေးနေမိပါတယ်။ ကလေးတွေအားလုံး ကြင်နာယုယတတ်သူတွေနဲ့ တွေ့ကြပါစေလို့လည်း ဆုတောင်းမိပါတယ်။

Most Read

Most Recent