ချာလပတ် … လည်နေတယ်

ချာလပတ် … လည်နေတယ်
Published 11 July 2018

Photo: Online Math Learning

(က) မောင်မိုးဇင်တစ်ယောက် တီစကွဲယားကိုကိုင်ကာ ကျောင်းတက်ရသော စက်မှုတက္ကသိုလ်ကျောင်းသား ဖြစ်ခဲ့ရသည်ကို အလွန်ပင် ကျေနပ်ပီတိ ဖြစ်ခဲ့ရသည်။ ထိုအချိန် ကာလလေးကို သူ မမေ့။ ထိုဘဝလေးကို ယနေ့ထက်တိုင် သတိရနေဆဲ၊ သတိရနေမြဲ။ RIT ကျောင်းသားဟူသော ဂုဏ်ရှိန်ကလည်း သူ့ခေတ်သူ့အခါက အလွန်ပင် လျှမ်းပဝင့်ထည်ခဲ့သည်ပင်လေ။ ထိုကျောင်းတော်ကြီးကား ပညာရေးဘက် သက်သက်တွင်သာ အရှိန်အဝါကြီးသည်မဟုတ်။ တိုင်းရေးပြည်ရေး နိုင်ငံရေးဘက်တွင်လည်း လွန်စွာမှပင် သြဇာကြီးမားခဲ့သည် မဟုတ်ပါလား။ ယခုအချိန်မှာ မောင်မိုးဇင်ဆိုသော စက်မှုတက္ကသိုလ် ကျောင်းသားကလေးသည် ပြည့်စုံသာယာသော ဘဝတစ်ခုကို ပဲ့ကိုင်ဦးဆောင်နိုင်သည့် အင်ဂျင်နီယာကြီး ဦးမိုးဇင်ပင်ဖြစ်၍ နေလေပြီ။

(ခ) ကွန်ပျူတာပညာ၏ ကျောရိုးကား သင်္ချာနှင့် ရူပဗေဒပညာတို့ကို ပေါင်းစပ်ထားသည့် ဘာသာရပ်တစ်ခုဟု ဆိုကြ၏။ ထိုသို့ဆိုလျှင် ကိန်းဂဏန်းများကို ချစ်သူရည်စား သားမယားပမာ သဘောပိုက်၍ တစ်နေ့မပျက် စိုက်လိုက်မတ်တတ် တွက်ချက်ကာ နေရသော ဦးမိုးဇင်တို့ စက်မှုတက္ကသိုလ်ကြီးနှင့် နည်းပညာလောကကြီးတို့၏ ကျောရိုးရော သင်္ချာနှင့် ရူပဗေဒကို အခြေမခံပေဘူးလား။

ထိုသို့စဉ်းစားမိရင်း မျဉ်းကြောင်းများက စိတ်မျက်စိထဲတွင် အစီအရီ ပေါ်လာလေသည်။ တြိဂံ၊ စတုဂံ၊ ပဉ္စဂံ၊ ဆဋ္ဌဂံ၊ ဗဟုဂံ၊ ..ဂံ၊ ..ဂံ၊ ..ဂံဖြင့် မျဉ်းဖြောင့်များကို အပေါက် အကြားမရှိအောင် ပေါင်းစည်းကာ ထိုဂံများ၏ အတွင်းပိုင်းတွင် ဖြစ်ပေါ်လာသော ထောင့်များကို ဒီဂရီဖြင့် သတ်မှတ်ပေးထားသည် မဟုတ်ပါလား။ သင်္ချာတို့ ရူပဗေဒတို့ကဲ့သို့သော သိပ္ပံဘာသာရပ်များမှသည် ဗေဒင် လက္ခဏာ အနုပညာ စသည့် ဝိဇ္ဇာဘာသာရပ်များတွင်ပါ နယ်ပယ်တိုင်းတွင် သူ့ပုံသေနည်းနှင့်သူ၊ သူ့ သီအိုရီနှင့်သူ ရှိနှင့်ကြသည်သာ။

ထိုပုံသေနည်းများကို ဖွင့်ဆိုသော သီအိုရီများကလည်း သူ့ဟာနှင့်သူ အခိုင်အမာ ရှိလေ၏။ ပုံသေနည်း၊ ကိန်းဂဏန်းများဖြင့် တည်ဆောက်ကာ ဘဝလှေကားကို တစ်ထစ်ချင်း တက်လှမ်းနိုင်ခဲ့သူ ဦးမိုးဇင်သည် ယခုတလောမှာ ပုံသေနည်းဖြင့် တွက်ချက်၍ မရသော ပုစ္ဆာတစ်ပုဒ်ကိုလည်း စိတ်ဝင်တစား စူးစမ်းနေမိသည်။

(ဂ) “ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကြွယ်” ဟု တင်စား ပြောဆိုခဲ့ကြသည့် တိုင်းရေး ပြည်ရေးကား တိမ်မယောင်နှင့်နက် လွယ်မယောင်နှင့် ခက်လှသည်။ ပါဝင်ဆွေးနွေးနေကြသူများသည် ကိုယ့်ပေတံကိုကိုယ် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး နိုင်ငံတစ်ခု တည်ထောင်ကြရန်လား၊ သို့မဟုတ် ရှိနှင့်ပြီးသော နိုင်ငံတစ်ခုကို နိုင်ငံငယ်လေးများစွာ ဖြစ်သွားအောင် ခွဲခြမ်းပစ်ကြမည်လား၊ သို့မဟုတ် နီးစပ်ရာ နိုင်ငံကြီးများထဲသို့ ပျော်ဝင်ကာ ပျောက်ကွယ်သွားအောင် လုပ်နေကြသည်လားဆိုသည့် မျက်မှောက်ခေတ် နိုင်ငံရေးနှင့်ဆိုင်သော ပုစ္ဆာတစ်ခု ဖြစ်ချေသည်။

ထိုဘာသာရပ်ကို သူ ချစ်ခင်မြတ်နိုးလှသော စက်မှုတက္ကသိုလ်ကျောင်းတော်ကြီးက ဦးမိုးဇင်ကို မသင်ပေးလိုက်။ ထို့ကြောင့် ကိန်းဂဏန်းများဖြင့် ပေါင်း-နှုတ်-မြှောက်-စားကာ တွက်ချက်၍ မရ။ တိကျသော သီအိုရီ ကိစ္စမဟုတ်။ ပြီးခဲ့သည့်နှစ်များက ဤပုစ္ဆာအတွက် အဖြေကိုပေးနိုင်မည်ဟု ယူဆရသော သီအိုရီတစ်ခု ဖြစ်လာဖွယ်ရှိသည့် အသံတစ်သံ အတော်လေးကျယ်လောင်စွာ မြည်ဟည်းခဲ့ဖူးသည်။ ထိုအသံကား ပင်လုံကဲ့သို့သော ညီလာခံအသစ်။ ပင်လုံဟူသော ရှမ်းပြည်နယ်ထဲက မြို့ငယ်လေးတစ်မြို့တွင် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်၌ ဗြိတိသျှအင်္ဂလိပ်နှင့် ကရင်၊ မွန်၊ ရခိုင်နှင့် ဗမာတို့ကို ဦးဆောင်သည့် ဗမာပြည်မအပြင် ချင်း၊ ကချင်၊ ရှမ်း၊ ကယားတို့ ပါဝင်သော တောင်တန်းဒေသဆိုသည့် အနားသုံးနားကိုပေါင်းကာ ပင်လုံသဘောတူညီချက် သို့မဟုတ် ပင်လုံစာချုပ်ကို လက်မှတ်ထိုးခဲ့ဖူးကြလေ၏။ အဓိကဦးတည်ချက်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတည်းဟူသော အနားသုံးနားပါသည့် တြိဂံတစ်ခု တည်ဆောက်ရန်ပင် ဖြစ်သည်။

ခက်သည်က ထိုစာချုပ်ကို မောင်းနှင်မည့် အင်ဂျင်နီယာကြီး ဗိုလ်ချုပ်အောင်ဆန်းကား ထိုစာချုပ်သက်တမ်း တစ်နှစ်ပြည့်မည့် ပထမဆုံး နှစ်ပတ်လည်နေ့ကိုပင် မြင်ခွင့်မရလိုက်ချေ။ လွတ်လပ်ရေးရရန် ရောင်နီသန်းလာစ အချိန်ကလေးတွင် အာဏာတည်းဟူသော ငန်းဖမ်းလေသောကြောင့် နိုင်ငံသစ်တစ်ခု၏ အနာဂတ်ကို အရှိန်ပြင်းပြင်းနှင့် မောင်းနှင်နိုင်မည်ဟု အများက အားကိုးယုံကြည်ကာ တာဝန်ပေးအပ်ခံရသူကား နိုင်ငံရေး လေပြင်းမုန်တိုင်း ရုတ်တရက် ပြင်းထန်စွာ တိုက်ခတ်လိုက်စဉ် ဖယောင်းတိုင်မီး ရုတ်တရက် ငြိမ်းခဲ့ရသကဲ့သို့ ဟုတ်ခနဲ ငြိမ်းကာ ကျဆုံးခဲ့ရလေသည်။

ပင်လုံစာချုပ်ကို အကောင်အထည်ဖော် မောင်းနှင်ရန် ကတိပေးပြောဆိုခဲ့သူ မာလိန်မှူးမရှိသည့်နောက် ထိုစာချုပ်မှာလည်း လေးတန်းကျောင်းသားလေး ဖတ်ရန်အတွက် လောက်သာ ပြဋ္ဌာန်းချက် ဖြစ်သွားလေ၏။ ယခုအခါ ဖေဖော်ဝါရီ ၁၂ မှာလည်း ထိုလ ၁၄ ရက်တွင် ကျရောက်လေသော ချစ်သူများနေ့၏ ဂုဏ်ရှိန်ဝါအောက်တွင် သိမ်ငယ်စွာ ငုပ်လျှိုးသွားလေတော့၏။ ပင်လုံမြို့တွင် စိုက်ထူထားသော ထိုကျောက်စာတိုင်ပင် ယခုအခါ ထုံးလေးဘာလေးများ အသုတ်ပင် ခံမှခံရပါလေစ ဦးမိုးဇင် မသိတော့ပါ။

(ဃ) ခေတ်ဆိုး စနစ်ဆိုးအောက်တွင် ငြိမ်ဝပ်ပိပြား အထက်ဖားအောက်ဖိ ဆိုသည့် မုသာဝါဒကို ကာလာမျိုးစုံခြယ်ကာ ထင်ရာစိုင်းခဲ့ကြသော အမှောင်ခေတ်မှ လင်းအရုဏ် ဖူးပွင့်ခဲ့ချေပြီဟု အများက ယုံကြည်ကာ လက်ခံ ပြောဆိုနေကြသော ကာလကား ယခုကာလပင် မဟုတ်ပါလား။

ယခုကာလကား ဗြိတိသျှ တောင်တန်းဒေသနှင့် ပြည်မဟူသော အနားသုံးကို ပေါင်းစည်းကာ တြိဂံအသွင်ဆောင်သည့် နိုင်ငံသစ်တစ်ခုကို တည်ဆောက်ရန် ကြိုးစားနေကြသည့် အခင်းကျင်းမျိုး မဟုတ်တော့။ တိုင်းရင်းသား လက်နက်ကိုင်များ၊ တပ်မတော်နှင့် ပြည်မတွင် သြဇာကြီးမားသော ပါတီနိုင်ငံရေးသမားများဟူသော အနားသုံးနားပါဝင်သည့် တြိဂံသစ်တစ်ခု သို့မဟုတ် နိုင်ငံတော်တစ်ခု ပြန်လည်တည်ဆောက်ရန် တာစူနေကြသည်။

သို့သော် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသမှ ခေါင်းဆောင်များ လက်မှတ်ထိုးစဉ်က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်ဟူသော အခြေခံသဘောတရားပါသည့် ပင်လုံသဘောတူညီချက်ကို ဗဟိုပြုခဲ့လေ၏။ ထိုကာလက တောင်တန်းဒေသမှ ခေါင်းဆောင်များကိုလည်း ဗိုလ်ချုပ်အောင်ဆန်းက လက်ခံလာအောင် သိမ်းသွင်းစည်းရုံးနိုင်ခဲ့၏။ သို့သော် ထိုစဉ်က တိုင်းနှင့် ပြည်နယ် ၁၄ ခုဟူ၍လည်း မရှိသေး။ တိုင်းရင်းသား ၁၃၅ မျိုးဟုလည်း မရှိသေး။ ထိုတိုင်းရင်းသား ၁၃၅ မျိုးတွင် စာရင်းဝင်သော်လည်း ကိုယ့်ကိုယ်ကိုယ် တိုင်းရင်းသားဟုပြောရန် ရှက်နေသူများလည်း မရှိသေး။ ထို့ပြင် အတင်းအဓမ္မ တိုင်းရင်းသားဖြစ်ရန် မဟားတယား ကြိုးစားလာသော လူမျိုးများလည်း မရှိသေး။ ယခုအခါသည်ကား ၁၉၄၇ ခုနှစ် နှင့် များစွာ ခြားနားခဲ့လေပြီ။

ဦးမိုးဇင်ကား အင်ဂျင်နီယာပင် ဖြစ်သော်လည်း စာတိုပေစ ကဗျာ အတိုအထွာများကို ရေးသားရန် ဝါသနာထုံလေ၏။ ထို့အတူ စာလည်း အလွန်ဖတ်သူဖြစ်သည်။ ထို့ကြောင့် မိမိတိုင်းပြည်၏ ပကတိ ပစ္စုပ္ပန်နေ့ ရက်များကို သိနေ၏။ မျက်ခြည်ပြတ်မခံဘဲ အမြဲတမ်း မျက်စိဖွင့် နားစွင့်ထားသူပင်။

စစ်အာဏာရှင်များ အဆက်ဆက် အော်ဟစ်ခဲ့သော လမ်းပြမြေပုံကို အကြောင်းကိုလည်း သူ သိသည်။ ထိုလမ်းပြမြေပုံတွင် အဆင့်ခုနစ်ဆင့်ပါသည်ဟု ဆိုထားသည် မဟုတ်ပါလား။ သတ္တမမြောက် နောက်ဆုံးအဆင့်မှာ ရွေးကောက်ပွဲကျင်းပကာ နောက်တက်လာမည့် အစိုးရသစ်ထံသို့ အာဏာလွှဲပြောင်းပေးခြင်း လုပ်ငန်းပင် ဖြစ်၏။

ဤမြေပုံကို ရေးဆွဲရာတွင် ထိုစဉ်က သြဇာတိက္ကမကြီးမားလှသော ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်သည်လည်း အဓိကနေရာမှ ပါဝင်သူတစ်ယောက်ပင် ဖြစ်လေသည်။ Road Map ဟူသော အင်္ဂလိပ်စကားလုံးကို လမ်းပြမြေပုံဟု မြန်မာဘာသာသို့ တိုက်ရိုက် ဘာသာပြန်ထားသည်။

မြန်မာနိုင်ငံအတွက် ရေးဆွဲခဲ့သော လမ်းပြမြေပုံကို မှတ်မှတ်ရရ ပြောဆိုကြသော အသံ တိတ်ဆိတ်သွားခဲ့သည်မှာလည်း ကာလအတန်ကြာခဲ့လေပြီ။ အကြောင်းမူကား ထိုလမ်းပြမြေပုံ၏ ခေါင်းကိုင်ဖခင် ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုယ်တိုင် နရသိန် အကျယ်ချုပ်တွင် ဒုက္ခသစ္စာကို ကိုယ်တိုင်ကိုယ်ကျ နဖူးတွေ့ ဒူးတွေ့ ရှုမှတ်နေခဲ့ရသောကြောင့်တည်း။

ထိုထိုသော အတိတ်နေ့ရက်ဟောင်းများကား လေထဲတွင် ကြွေလွင့်သွားကြသည့် ရွက်ဝါလို ဖြစ်သွားကြပေပြီ။ ပြည်သူကပေးသော မဲပြားများမှတစ်ဆင့် တိုင်းပြည်ခေါင်းဆောင်သစ်များ ဖြစ်လာကြမည့်သူများလည်း လွှတ်တော်ထဲသို့ဝင်ရန် ဟန်ချီနေကြပြီ။

ထိုနည်းတူပင် အမြောက်သံ၊ စိန်ပြောင်းသံ တခြိမ်းခြိမ်းဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ သီးခြား လွတ်လပ်သော နိုင်ငံထူထောင်ရေး၊ တန်းတူရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားရေး စသည့် စသည့်များ မြောင်လှသော အသံတို့ဖြင့် ဆူညံလျက်ရှိနေသည့် ဆန္ဒဖော်ထုတ်မှုများ၊ ဆန္ဒပြမှုများ၊ တိုက်ပွဲများ၊ တောင်းပွဲများကား ယနေ့ခေတ် မြန်မာ့နိုင်ငံရေး မိုးကောင်းကင်သစ်တွင် ပွက်လောထနေသည်။

ဦးမိုးဇင်တစ်ယောက်ကား သူ ဖြတ်သန်းခဲ့သော ဘဝအတွေ့အကြုံအရ ဤတိုင်းပြည်ကို ကမ္ဘာ့အလယ်တွင် သိက္ခာတရားနှင့် ပြည့်ဝသော နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိစေချင်သည်။ ဤတိုင်းပြည်တွင် မှီတင်းနေထိုင်ကြသော လူသားအပေါင်းကို အခြားအခြားသော တိုင်းပြည်များမှ လူများနည်းတူ ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်သော နိုင်ငံသားများအဖြစ် နိုင်ငံတကာစင်မြင့်တွင် ဝင့်ထည်စေချင်သည်။

သုံးနားညီတြိဂံတစ်ခုတွင် ထောင့်တစ်ထောင့်တွင် ၆၀ ဒီဂရီရှိရမည် မဟုတ်ပါလား။ အတိုအရှည် ညီမျှသော မျဉ်းကြောင်းသုံးကြောင်း လိုအပ်မည်မဟုတ်ပါလား။ သို့သော် ယနေ့ ကြားနေ မြင်နေ ဖတ်နေရသော သတင်းများအရ နိုင်ငံတော်သစ် တည်ဆောက်လိုသူ သို့မဟုတ် လက်ရှိနိုင်ငံတော်ကို ပုံပြောင်းသွားအောင် အသစ်ရေးဆွဲလိုသူများ အားလုံးအတွက် အင်ဂျင်နီယာ ဦးမိုးဇင်၏ ကဗျာတိုလေးကား ဤသို့ ဖြစ်ပါသတည်း။

“ချာလပတ် … လည်နေတယ်”
(၁)
ဖြစ်ရမှာက
သုံးနားညီတြိဂံ။
(၂)
ဒါပေမဲ့
ပထမအနားက
တိုလို့ အပယ်ခံ
ဒုတိယအနားက
အလတ်ပေမယ့်
အရှည်ဆုံးဖြစ်ချင်
တတိယအနားက
ပင်ကိုယ်အရှည်ဆုံးဆိုတော့
အဖြတ်မခံချင်။
(၃)
ဒီတော့
ပထမအနားက
တြိဂံအိပ်မက်နဲ့အတူ
လွင့်ပျောက်သွား
ဒုတိယအနားနဲ့
တတိယအနားကလည်း
ထိပ်ချင်းဆုံလိုက်
မျဉ်းပြိုင်လို သွားလိုက်နဲ့
ချာလပတ်.. လည်နေကြလေရဲ့။

Most Read

Most Recent