<

မျက်နှာဖုံးများ

Photo: fashionforfun.co.nz

တစ်နေ့ မိသားစုနဲ့အတူ လမ်းလျှောက်ထွက်ရင်း ကလေးကစားစရာ မျက်နှာဖုံးတွေ ရောင်းတဲ့သူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ တွေ့တယ်ဆိုရင်ပဲ ကျွန်တော့်သားငယ်ဟာ သူ့အတွက် မျက်နှာဖုံးတစ်ခု ၀ယ်ပေးဖို့ မရမက ပူဆာပါတော့တယ်။ မျက်နှာဖုံးရောင်းတဲ့သူဆီမှာပါတဲ့ မျက်နှာဖုံးတွေကတော့ အသွေးအရောင်အစုံ၊ ပုံသဏ္ဌာန်အစုံပဲ ဖြစ်ပါတယ်။ ကမ္ဘာကျော် ကာတွန်းဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ မစ်ကီမောက်စ်ပုံစံ မျက်နှာဖုံးပါသလို ကလေးတွေ ကြိုက်တတ်တဲ့ ပါဝါရိန်းဂျားဇာတ်ကောင်တွေရဲ့ ပုံစံနဲ့ မျက်နှာဖုံးတွေလည်း ပါပါတယ်။ အဲဒီလိုပါပဲ၊ စပိုက်ဒါမန်း၊ ဘတ်မန်း အစရှိတဲ့ မျက်နှာပုံစံတွေပါသလို တရုတ်နိုင်ငံရဲ့ နာမည်ကြီးဇာတ်ကောင်တွေဖြစ်တဲ့ စွန်းဝူခုံး၊ ပါကျဲတို့လို ကလေးတွေ သဘောကျတတ်တဲ့ ဇာတ်ကောင်တွေရဲ့ မျက်နှာပုံစံ မျက်နှာဖုံးတွေလည်း ပါပါတယ်။ ကျွန်တော်ရဲ့သားငယ်ဟာ များပြားလှတဲ့ မျက်နှာပုံစံတွေကိုကြည့်ပြီး ဘယ်ပုံစံကို ယူရမယ်မှန်းမသိတဲ့ ပုံစံမျိုးနဲ့ မျက်နှာဖုံးသည်ရဲ့ရှေ့မှာ ခဏတော့ တွေဝေနေပြီးမှ သူ့အကြိုက်ဆုံး မျက်နှာပုံစံနဲ့ မျက်နှာဖုံးကို လက်ညှိုးထိုးပြနိုင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ သားငယ် ရွေးချယ်လိုက်တဲ့ မျက်နှာဖုံးကတော့ အနီရောင် ပါဝါရိန်းဂျားဇာတ်ကောင်ရဲ့ မျက်နှာပုံစံ မျက်နှာဖုံးပဲ ဖြစ်ပါတယ်။

ကျွန်တော်ရဲ့ သားငယ်ဟာ မျက်နှာဖုံးကို ရတယ်ဆိုရင်ပဲ သူ့မျက်နှာပေါ် ချက်ချင်းကောက်တပ်လိုက်ပြီး ပျော်ရွှင်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ပျော်ရွှင်နေတဲ့ ကျွန်တော်ရဲ့သားငယ်ကိုကြည့်ပြီး မပျော်ရွှင်နိုင် ဖြစ်နေခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ မျက်နှာဖုံးတွေကို သဘောမကျတဲ့သူတစ်ယောက် ဖြစ်နေလို့ပါပဲ။ မျက်နှာအတုတွေကို သဘောမကျတဲ့သူတစ်ယောက်လို့ ပြောရင်တော့ ပိုမှန်လိမ့်မယ် ထင်ပါတယ်။ ဟုတ်ပါတယ်။ မျက်နှာဖုံးတွေကို ကျွန်တော်ဟာ ဘယ်တုန်းကမှ မနှစ်သက်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ မျက်နှာဖုံးတွေဟာ မျက်နှာပေါ်မှာရှိတဲ့ ပကတိအရှိတရားတွေကို ဖုံးကွယ်တတ်တဲ့ ပစ္စည်းတွေလို့ ကျွန်တော် ထင်မြင်မိလို့ပါပဲ။ တကယ်လည်း မျက်နှာဖုံးတပ်လိုက်တာကြောင့် ကျွန်တော့်သားငယ်ရဲ့ မျက်နှာပေါ်က ကလေးတစ်ယောက်ရဲ့ နုနယ်အပြစ်ကင်းတဲ့ အရိပ်အယောင်တွေ၊ အမူအရာတွေကို ကျွန်တော် မြင်ခွင့်၊ တွေ့ခွင့် မရနိုင်တော့ပါဘူး။ အဲဒီလိုပါပဲ ဟန်ဆောင်မျက်နှာဖုံးတွေ စွပ်ထားတဲ့လူတွေရဲ့ ရင်ထဲက ပကတိအရှိတရားတွေကို အကဲခတ်ဖို့ဆိုတာလည်း မလွယ်ကူနိုင်ဘူးလို့ ထင်ပါတယ်။ တကယ်တော့ ဟန်ဆောင်အပြုံးတွေ၊ ရင်ထဲက မပါတဲ့ ဟန်ဆောင်စကားတွေ၊ ဟန်ဆောင်အပြုအမူတွေနဲ့ ဖွဲ့စည်းဖြစ်တည်နေတဲ့ လူ့အဖွဲ့အစည်းကြီးထဲမှာ ကျွန်တော်တို့ ဟာ ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ ကင်းကွာနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။

အထူးသဖြင့် ဟန်ဆောင်ယဉ်ကျေးမှုတွေ ထွန်းကားလာတဲ့ ဒီနေ့လိုခေတ်ကြီးထဲမှာ ဟန်ဆောင်မှုတွေနဲ့ ကင်းကွာအောင် နေနိုင်ဖို့ဆိုတာဟာ စိတ်ကူးယဉ်မှုသက်သက်ပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။ တကယ်လည်း လူတချို့ဟာ ရင်ထဲမှာ မချိအောင် ခံစားနေခဲ့ကြရပေမယ့်လည်း အပြုံးမျက်နှာကို ဖန်တီးထားခဲ့ရတဲ့အခါမျိုး ရှိတတ်ပါတယ်။ အဲဒီလိုပါပဲ၊ ရင်ထဲမှာ ၀မ်းမြောက်ဝမ်းသာ ရှိနေပေမယ့်လည်း ဟန်ဆောင်ငိုကြွေးပြတတ်လေ့ ရှိတတ်ကြတဲ့သူတွေလည်း သေချာပေါက် ရှိနေကြလိမ့်မှာ ဖြစ်ပါတယ်။ ဟန်ဆောင်ချိုသာမူတွေ၊ ဟန်ဆောင်ကြမ်းတမ်းမှုတွေ၊ ဟန်ဆောင်ကြင်နာမှုတွေ၊ ဟန်ဆောင်ချစ်ခင်မှုတွေလည်း ရှိနေကြမှာပါပဲ။ အဲဒီလိုပါပဲ၊ ပြုံးရွှင်ချိုသာနေတဲ့ မျက်နှာတွေရဲ့အောက်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ အငြိုးအတေးတွေ ရှိနေနိုင်သလို ဟန်ဆောင်ချစ်ခင်ပြမှုတွေရဲ့နောက်က နောက်ကျောကို ထိုးစိုက်လာနိုင်တဲ့ ဓားချက်တွေလည်း ထွက်ပေါ်လာနိုင်ပါသေးတယ်။ ဆရာမဂျူးကတော့ “လူတို့သည် အကြောင်းအမျိုးမျိုးကို ဖုံးကွယ်ရန်နှင့် အကြောင်းအမျိုးမျိုးဖြင့် ဟန်ဆောင်ရန်အတွက် မျက်နှာဖုံးများကို တပ်ဆင်ကြ၏။ ဒေါသမုန်းတီးမှုကို ဖုံးကွယ်ရန်၊ မနာလိုဝန်တိုမှုကို ဖုံးကွယ်ရန်၊ ကောက်ကျစ်စဉ်းလဲမှုကို ဖုံးကွယ်ရန်၊ ရက်စက်ကြမ်းကြုတ်မှုကို ဖုံးကွယ်ရန် လိုအပ်သည့် မျက်နှာဖုံးများကို အမျိုးမျိုး တပ်ဆင်ကြသည်။ ကြင်နာစွာ ပြုံးပြတတ်သော မျက်နှာဖုံးရှိသည်။ စိတ်ရှည်သည်း ခံပြတတ်သော မျက်နှာဖုံးရှိသည်။ အပြစ်ကင်းစင်ဟန် ဖော်ပြတတ်သော မျက်နှာဖုံး ရှိသည်။ ချစ်ခင်နှစ်လိုဟန် မျက်နှာဖုံးရှိသည်။ သဘောထားမြင့်မြတ်စွာ ကူညီလိုဟန် မျက်နှာဖုံးရှိသည်။ ကမ္ဘာလောကတွင် မျက်နှာဖုံးများသာ မရှိခဲ့လျှင် လူဦးရေ တော်တော်လျော့သွားနိုင်၏။ ထို့အတူ မိတ်ဆွေဟူသည့် စကားလုံးသည်လည်း ယခုလောက် ဖောင်းပွနေစရာ အကြောင်းမရှိပါ။ မျက်နှာဖုံးကျွတ်သွားသည့် လူတစ်ယောက်၏ ပကတိမျက်နှာကို မြင်တွေ့ရသည့်အဖြစ်သည် အလွန်အံ့သြတုန်လှုပ်စရာ ကောင်းပါသည်” လို့ သူ့ရဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာ ရေးသားထားခဲ့ဖူးပါတယ်။

ဟုတ်ပါတယ်။ တကယ်တော့ ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းသူဖြစ်ဖြစ် ဘယ်လောက်ပဲ ဟန်ဆောင်မျက်နှာဖုံးတွေကို တပ်ထား တပ်ထား တစ်ချိန်ချိန်တော့ အဲဒီမျက်နှာဖုံးတွေ၊ ဟန်ဆောင်လိမ်ညာထားမှုတွေကို ချွတ်ချပစ်လိုက်ကြရတာပါပဲ။ အမှန်တရားရဲ့အောက်မှာ ကွာကျသွားကြရတာပါပဲ။ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးဆိုတဲ့စကားဟာ ဟန်ဆောင်လိမ်ညာတတ်သူတွေ၊ ဟန်ဆောင်မျက်နှာဖုံးတွေကို တပ်ဆင်ထားလေ့ရှိသူတွေကြောင့်သာ ပေါ်ပေါက်လာတယ်လို့ ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆိုက်ကားနင်းနေတဲ့ လူတစ်ယောက်ကနေ အဲယားကွန်းခန်းထဲမှာ ထိုင်နေတဲ့ အရာရှိကြီး တစ်ယောက်အထိ ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ မကင်းကွာနိုင်ကြတာလည်း အသေအချာပဲ ဖြစ်ပါတယ်။ တကယ်လည်း ကျွန်တော်တို့တတွေဟာ ကျွန်တော်တို့ရင်ထဲမှာ ဖြစ်ပေါ်ခံစားနေရတဲ့ စိတ်တွင်းခံစားမှုတွေ၊ ပကတိ အရှိတရားတွေကို မတူညီတဲ့ မျက်နှာဖုံးတွေနဲ့ ဖုံးကွယ်ထားတတ်ကြတဲ့သူတွေသာ ဖြစ်ပါတယ်။ အပြုံးမျက်နှာဖုံး၊ အငိုမျက်နှာဖုံး၊ ရယ်မောခြင်းမျက်နှာဖုံး၊ ခက်ထန်မာကျောမှုမျက်နှာဖုံး၊ ၀မ်းနည်းကြေကွဲခြင်းမျက်နှာဖုံး၊ ပျော်ရွှင်ခြင်းမျက်နှာဖုံး၊ စိတ်ရှည်သည်းခံနိုင်ခြင်း မျက်နှာဖုံး၊ လေးစားရိုသေဟန်မျက်နှာဖုံး အစရှိတဲ့ မျက်နှာဖုံးတွေနဲ့ ဖုံးကွယ်ထားတတ်ကြသူတွေပဲ ဖြစ်ပါတယ်။ တကယ်တော့ ပုံသဏ္ဌာန် အမျိုးမျိုးရှိတဲ့ မျက်နှာဖုံးတွေထဲကမှ အများဆုံး အသုံးပြုကြတာဟာ အပြုံးမျက်နှာဖုံး၊ အပျော်မျက်နှာဖုံး စတဲ့လူကြိုက်များတဲ့ မျက်နှာဖုံးတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲဒီအပြုံးတွေရဲ့နောက်ကွယ်က ငိုကြွေးနေတဲ့ အသံတွေ၊ တင်းမာခက်ထန်နေတဲ့ မျက်နှာတွေ၊ ဟားတိုက်လှောင်ပြောင် ရယ်မောမှုတွေ၊ ကောက်ကျစ်စဉ်းလဲမှုတွေ၊ ပူဆွေးသောကရောက်မှုတွေကိုတော့ ဘယ်သူမှ မြင်နိုင်ကြလိမ့်မယ်လို့ မထင်ပါဘူး။ တကယ်တော့ မျက်နှာဖုံးတွေနဲ့ပတ်သက်တဲ့ ကျွန်တော်ရဲ့ ခံစားမှုဟာ အနည်းငယ် အစွန်းရောက်ကောင်း ရောက်နေနိုင်ပါတယ်။ ဒါပေမဲ့ ဟန်ဆောင်မျက်နှာဖုံးတွေ တပ်ထားတဲ့လူတွေ၊ မျက်နှာအတုတွေနဲ့ လူတွေဟာ ကျွန်တော်တို့တတွေရဲ့ အနီးအနားမှာ အမြောက်အမြား ရှိနေတာဟာလည်း အမှန်တကယ်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ချစ်ခင်ဟန်ဆောင်တတ်တဲ့ မျက်နှာတွေ၊ ရိုးသားမှု တံဆိပ်ကပ်ထားတဲ့ မျက်နှာတွေ၊ စာနာမှုပုံစံ ရေးခြယ်ထားတဲ့ မျက်နှာတွေ၊ ကြင်နာဟန် သနားဟန်ဆောင်ထားတဲ့ မျက်နှာတွေကို ကျွန်တော်တို့ ကျင်လည်ရာ ပတ်ဝန်းကျင်၊ ကျွန်တော်တို့ရဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်အသင်းတွေရဲ့ ကြားမှာပဲ တွေ့မြင်နိုင်ကြမှာ ဖြစ်ပါတယ်။

တကယ်တော့ ရိုးသားအပြစ်ကင်းတဲ့ ကလေးတွေကလွဲရင် ကျန်လူတိုင်းစီမှာ ကိုယ်နဲ့သင့်လျော်ရာ မျက်နှာအတုကိုယ်စီ၊ မျက်နှာဖုံးကိုယ်စီ ရှိကြပါတယ်။ အပြုံးမျက်နှာဖုံးကို ခင်မင်နှစ်လိုဖွယ်မျက်နှာဖုံး၊ မင်းသားမျက်နှာဖုံး စသည်စသည်ဖြင့် မျက်နှာဖုံးကိုယ်စီ ရှိခဲ့ကြပြီးသား ဖြစ်ပါတယ်။ အဲဒီလိုပါပဲ၊ တချို့က သူတော်ကောင်းမျက်နှာဖုံးတွေကို တပ်ဆင်ထားကြပြီး တချို့ကတော့ ရောက်ရှိကျင်လည်ရာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်နိုင်မယ့် မျက်နှာဖုံးအမျိုးမျိုးကို ပြောင်းလဲတပ်ဆင်တတ်ကြပါတယ်။ တကယ်တော့ မိမိရဲ့ မူလစိတ်နဲ့ဆန့်ကျင်ပြီး ဘယ်လောက်ပဲ ပြုံးထား ပြုံးထား အဲဒီအပြုံးဟာ အသက်မ၀င်တဲ့ အပြုံးပဲဖြစ်နေမှာပါ။ အဲဒီလိုပါပဲ၊ ဘယ်လို လှပတဲ့ မျက်နှာဖုံးကိုပဲ ဖန်တီးတပ်ဆင်ထားပေမယ့်လည်း စိတ်ရင်းမမှန်ရင် တစ်ချိန်ချိန်မှာ အကျည်းတန်တဲ့ မျက်နှာဖုံးအဖြစ် ပြောင်းလဲသွားမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ အဲဒီလိုပါပဲ၊ မျက်နှာဖုံးတွေ၊ ဟန်ဆောင်အပြုံးတွေ၊ ဟန်ဆောင်ပြုမူမှုတွေ၊ မျက်နှာအတုတွေနဲ့ လူတွေဟာလည်း ကျွန်တော်ရဲ့ပတ်ဝန်းကျင်၊ ကျွန်တော်တို့ရဲ့ အနီးအနားတွေမှာ ရှိနေကြလိမ့်ဦးမယ်သာ ဖြစ်ပါတယ်။ ရှိကို ရှိနေဦးမယ်လို့ ပြောရင်တော့ ပိုမှန်လိမ့်မယ် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ဆောင်မှုတွေ များလာတဲ့အခါ ကျွန်တော်တို့အတွက် ပျော်ရွှင်မှုတွေ နည်းပါးလာနိုင်တယ်ဆိုတာကိုတော့ သတိပြုကြရမှာ ဖြစ်ပါတယ်။ ဟန်ဆောင်ရတာ များလာတဲ့အခါ ကျွန်တော်တို့ စိတ်တွေမှာ ပင်ပန်းနာကျင်လာနိုင်ကြောင်းကို သတိပြုကြရမှာ ဖြစ်ပါတယ်။ အဲဒီလိုပါပဲ၊ ဟန်ဆောင်ထားရခြင်းဟာ ပကတိအရှိတရားကို လုံးဝ ဖုံးကွယ်မပေးထားနိုင်ဘူး ဆိုတာကိုလည်း ကျွန်တော်တို့ မေ့လျော့ထားကြလို့ မရဘူးလို့ ထင်ပါတယ်။ အဲဒီလိုပါပဲ၊ ဟန်ဆောင်မျက်နှာဖုံးတွေ၊ မျက်နှာအတုတွေနဲ့ ကင်းကွာနိုင်ဖို့ဆိုတာလည်း လုံးဝမဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။

ဆိုတော့ အပူရုပ်ကို ဟန်လုပ်နေတဲ့ မျက်နှာဖုံး၊ ပျော်ချင်ယောင်ဆောင်တဲ့ မျက်နှာဖုံး၊ ၀မ်းနည်းချင်ယောင်ဆောင်ထားတဲ့ မျက်နှာဖုံး၊ ဘာမှမသိသလို မတတ်သလို မျက်နှာဖုံး၊ ‘အ’ ချင်ယောင်ဆောင်တဲ့ မျက်နှာဖုံး၊ အပြုံးမျက်နှာဖုံး၊ အရယ်မျက်နှာဖုံး၊ အငိုမျက်နှာဖုံးဆိုတဲ့ မျက်နှာဖုံးတွေထဲက ကျွန်တော်ကရော ဘာမျက်နှာဖုံးကို တပ်ဆင်ထားမိပါသလဲ၊ ခင်ဗျားတို့ကရော ဘာမျက်နှာဖုံးကို တပ်ထားပါသလဲ။ သေချာတာကတော့ ဟန်ဆောင်မှုတွေနဲ့ ဖွဲ့စည်းဖြစ်တည်နေတဲ့ ဒီနေ့ခေတ် လူ့အဖွဲ့အစည်းကြီးထဲမှာ မျက်နှာဖုံးတွေ၊ မျက်နှာအတုတွေဟာ ရေပန်းစား လူကြိုက်များနေကြဦးမှာပါပဲ။

July 10, 2018














Copy Protected by Chetan's WP-Copyprotect.