ရွှေသမင် ဘယ်ကထွက်ထွက် …

ရွှေသမင် ဘယ်ကထွက်ထွက် …
Published 9 July 2018

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကျေးရွာအတွင်း ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေဖမ်းဆီးစဉ်

ဖယောင်းတိုင်ထွန်းထားတဲ့ ကပ်ထရံ ကာတဲလေးထဲမှာ လူငယ်တချို့ မူးယစ်ဆေး သုံးစွဲနေတဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့ထွက်ပေါ်ခဲ့ပြီးတဲ့နောက် မန္တလေးမြို့က မူးယစ်ဆေးရောင်းချတဲ့ ကျော်စောနေရာအချို့ကို မူးယစ်တပ်ဖွဲ့က ပိုက်စိပ်တိုက် ဝင်ရောက်ရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့မူးယစ်တပ်ဖွဲ့အတွက် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး။ ကျော်စောသတင်းထွက် ပေါ်တဲ့နေရာတွေမှာ မူးယစ်ဆေးသုံးစွဲပြီး ကျန်ရှိခဲ့တဲ့ ခြေရာလက်ရာအဖြစ် ဆေးထိုးအပ်အချို့နဲ့ မသင်္ကာသူအချို့ကိုသာ တွေ့ရှိ ဖမ်းဆီးခဲ့ရလို့ပါပဲ။ မူးယစ်တပ်ဖွဲ့နဲ့ ပူးပေါင်း အဖွဲ့တွေဟာ မူးယစ်ဆေးရောင်းချတဲ့နေရာတွေကို ရှောင်တခင် ဝင်ရောက်ရှာဖွေခဲ့တာ ဖြစ်ပေမယ့် အရင်က ပွဲတော်တစ်ခုလို ရောင်းချနေမှုတွေဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့လို့ ရောင်းချသူတွေမှာ ကြိုတင်သတင်းရထားလို့လားဆိုတာ စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။

မန္တလေးက မြို့သစ်ရပ်ကွက်တချို့မှာ မူးယစ်ဆေးရောင်းချနေမှုတွေဟာ ကွမ်းယာရောင်းသလို ရောင်းချနေကြတယ်လို့ပြောရတဲ့အထိ ဆိုးဆိုးရွားရွား ပြောဆိုဝေဖန်မှုတွေရှိနေပြီး အဲဒီလိုမျိုး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့ နာမည်ကျော်ကြားတဲ့နေရာတွေဟာ မန္တလေးမြို့မှာ အများအပြားရှိနေပါတယ်။ အဲဒီလိုနေရာတွေကို ကလေးကအစ ဘယ်သူ့မေးမေး သိကြတယ်လို့ ပြောစမှတ်ဖြစ်နေပြီး လူမှုကွန်ရက် စာမျက်နှာများမှာလည်း နေရာအတိအကျ လမ်းညွှန်နဲ့တကွပျံ့နှံ့လျက်ရှိနေတာပါ။ ဒါကြောင့် မူးယစ်ဆေးဝါးရောင်းချမှုတွေကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနဲ့  မူခင်းလျော့ကျရေးအတွက် စစ်ဆင်ရေးကာလအဖြစ် ပြီးခဲ့တဲ့ဇွန်လကစလို့ ရက်ပေါင်း ၉၀ စီမံချက်သတ်မှတ်ပြီး ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအ တွင်းက မန္တလေးမြို့အနီးမှာရှိတဲ့ ဆင်ခြေဖုံး ရပ်ကွက်တစ်နေရာကို ရဲတပ်ဖွဲ့ဝင်တွေ ရုတ်တရက် ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့တဲ့နေရာဟာ မန္တလေးမြို့အနီးဝန်းကျင်တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး နာမည်ကျော်ကြားနေတဲ့ နေရာတွေထဲက တစ်ခုပါပဲ။ မူးယစ်တပ်ဖွဲ့ဝင်တွေဟာ ရှောင်တခင်ဝင်စစ်ခဲ့ပေမယ့် ဒုစရိုက်သမားတွေကိုတော့ မတွေ့ခဲ့ရဘဲ သူတို့စွန့်ပစ်ခဲ့တဲ့အမှိုက်တွေသာ သက်သေခံပစ္စည်းအနည်းငယ်အဖြစ် ရှာဖွေသိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဒါဟာ ဘာကြောင့်လဲ။ သတင်းကြိုတင်ပေါက်ကြားမှုကြောင့်လား။ ဒီလိုသတင်းတွေကို ဘယ်သူတွေက ဒုစရိုက်သမားတွေဆီကို ပို့ပေးနေတာလဲ…။ မေးခွန်းထုတ်စရာတွေရှိနေသလို စဉ်းစားကြည့်စရာ သို့လော… သို့လော အဖြေတွေကအများကြီး ပါ။ ဒါကြောင့် သတင်းပေါက်ကြားမှုမရှိစေဖို့ ရဲတပ်ဖွဲ့က ရုတ်တရက် စစ်ဆင်ရေးအသွင် ပုံသဏ္ဌာန်ဝင်ရောက်ရှာဖွေစီးနင်းခဲ့တာ ဖြစ်ပေမယ့် အောင်မြင်မှုမရှိသေးပါဘူး။

“မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေးနဲ့ပတ်သက်ပြီးပြောရရင်မကြာသေးခင်က သွားရောက်ဖမ်းဆီးခဲ့တဲ့ ဇီးအုပ်ကျေးရွာကို ဥပမာအနေနဲ့ပြောရမယ်။ ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ဖမ်းဆီးတဲ့အခါမှာ သူတို့ဘက်က ကင်းတွေ အထပ်ထပ်ချထားပြီး စောင့်ကြည့်နေကြတယ်။ ကင်းစောင့်နေတဲ့သူကိုလည်း ကျွန်တော်တို့ကသွားပြီး ဖမ်းဆီးလို့မရဘူး။ သူရဲ့လွတ်လပ်ခွင့်ရှိတယ်။ ကျွန်တော်တို့မှာ ကန့်သတ်ချက်တွေရှိနေပါတယ်။ ကျွန်တော်တို့က သတင်းတော့ရတယ်၊ လာဖမ်းဆီးတော့ သတင်းပေါက်တယ်။ ရောက်သွားတဲ့အခါမှာ မမိရင် ဘာမှလုပ်လို့မရဘူး။ အခု ဇွန် ၂၅ ရက်က စပြီးတော့ သိမ်းငှက်စစ်ဆင်ရေးဆိုပြီး ရက် ၉၀ သတ်မှတ်ပြီး ပိုပြီးတိုးမြှင့် လုပ်ဆောင်နေတာရှိပါတယ်။ ဒီလိုဆောင် ရွက်လိုက်တဲ့အတွက် ပိုပြီးတော့ အကျိုးသက်ရောက်မှုတွေရှိလာပါတယ်”လို့ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက လက်ရှိ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု တွေနဲ့ပတ်သက်ပြီး ဖမ်းဆီးအရေးယူဆောင် ရွက်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်နေမှုတွေကို ရဲတပ်ဖွဲ့ကသွားရောက်ဖမ်းဆီးရာမှာ ကြိုတင်သတင်းပေါက်ကြားနေပြီး အဓိကတရားခံတွေ လွတ်မြောက်နေတာမို့ ကျော်စောသတင်းရှိသူ ၂၄ ဦးမှာ ရှစ်ဦးကိုသာ ဖမ်းဆီးနိုင်သေးတယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က တိုင်းအစိုးရအဖွဲ့ရဲ့နှစ်နှစ် ပြည့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး အဲဒီလို သတင်းပေါက်ကြားမှုတွေ ရှိနေတာကြောင့် ရဲတပ်ဖွဲ့အနေနဲ့ ရုတ်တရက်ဝင်ရောက်စီးနင်း ရှာဖွေတာတွေလုပ်ဆောင်နေရတာ ဖြစ်တယ်လို့ လည်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့အစိုးရလက်ထက်မှာပဲ မူးယစ်နဲ့ပတ်သက်တဲ့ ကျော်ကြားတဲ့နေရာတွေကို ဝင်စီးတယ်။ ဆေးထိုးအပ်လေး ၁၀ ချောင်းလားပဲ ရလိုက်တယ်။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ သတင်းက ကြိုပေါက်တယ်။ ရွှေသမင်ဘယ်ကထွက်သလဲဆိုတဲ့ ဒီမေးခွန်းမေးရမှာဖြစ်တယ်။ မအောင်မြင်ဘူးဖြစ်နေ တယ်။ ကျွန်တော်မေးပါတယ်၊ ဘာလုပ်လို့ရမလဲပေါ့။ ဒါကြောင့် ဝင်စီးမှရမယ်။ အခုက ဘာဖြစ်နေလဲဆိုတော့ မူးယစ်တပ်ဖွဲ့ဝင်တွေ လှုပ်ရှားနေတာတွေက သူတို့က အမြဲသတင်းတွေရနေတယ်။ မူးယစ်နဲ့ပတ်သက်ပြီး ကျော်ကြားတဲ့သူရှိတယ်။ ကျော်ကြားတဲ့သူ ၂၄ ယောက်မှာ ကျွန်တော်တို့ ရှစ်ယောက်ပဲ ဖမ်းနိုင်သေးတယ်။ ကျန်တဲ့သူတွေက ရှောင်ထွက်သွားကြတယ်။ သူတို့ကို သတင်းပေးနေတဲ့သူတွေရှိနေတယ်”လို့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ကြိုတင်သတင်းပေါက်ကြားမှုတွေနဲ့ပတ်သက်ပြီး ပြောဆိုထားတာဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ၂၀၁၇ ဧပြီကနေ ၂၀၁၈ မတ်လအထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိတဲ့အမှုပေါင်း ၅၀၂ မှု၊ ကျား တရားခံ ၆၅၃ ဦး၊ မ တရားခံ ၁၀၃ ဦး စုစုပေါင်းတရားခံ ၇၅၆ ဦးကို ဖော်ထုတ်ဖမ်းဆီးထားပြီး သိမ်းဆည်းရမိ ငွေကျပ် ၄၇၆ ဒသမ ၃၇၄ သိန်း၊ မူးယစ်ဆေးဝါး တန်ဖိုးငွေ ကျပ် ၃၃၇၈၀၄ ဒသမ ၁၈၄ သိန်း ဖမ်းဆီးရမိခဲ့တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ နယ်လုံဝန်ကြီးက ပြောကြားထားပေမယ့် အဓိက ရောင်းချသူတွေကို ဖမ်းဆီးနိုင်ခြင်းမရှိသေး ခြင်းဖြစ်ပါတယ်။

 

■ ကြိုတင်သတင်းပေါက်ကြားတာ ဘယ်သူ့ဆီကလဲ

မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေတာတွေနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့စတဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက သွားရောက်ဖမ်းဆီးရာမှာ သတင်းကြိုတင်ပေါက် ကြားမှုတွေရှိနေတာကြောင့် အဓိကတရားခံတွေ ထွက်ပြေးလွတ်မြောက်နေတယ်လို့  မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ နယ်လုံဝန်ကြီးကလည်း တိုင်းအစိုးရအဖွဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ နယ်လုံဝန်ကြီး ပြောကြားထားတာတစ်ခုကို ပြန်ကောက်ပြီးပြောရမယ်ဆိုရင် မူးယစ်ရဲတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်နေရာတွေကို သွားရောက်ဖမ်းဆီးတဲ့အခါမှာ ရဲတပ်ဖွဲ့ဝင်တွေကို မူးယစ်ဆေးရောင်းဝယ်သုံးစွဲနေသူတွေက ကင်းတွေချပြီးစောင့်ကြည့်နေတယ်လို့ ပြောဆိုထားပါတယ်။ ဒါကလည်း ကြိုတင် သတင်းပေါက်ကြားမှုတွေထဲက တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်ဆို မူးယစ်တပ်ဖွဲ့ဝင်တွေ ဘယ်အချိန်ရောက်လာမလဲဆိုတာ ကြိုတင်မသိရှိနိုင်တဲ့အတွက် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူတွေက သူတို့လူတွေကို ကင်း ချစောင့်ကြည့်ခိုင်းထားတာကြောင့် ယူနီဖောင်းဝတ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာတာ သို့မဟုတ် မသင်္ကာဖွယ်ရာ အရပ်ဝတ်လူတွေရောက်ရှိလာတာကို သူတို့လူတွေကတွေ့ရှိသွားပြီဆိုရင် ဆက်သွယ်ရေးတွေ ကောင်းမွန်နေတဲ့ခေတ်ဖြစ်တာကြောင့် မိနစ်ပိုင်းအတွင်း ထွက်ပြေးတိမ်းရှောင်ဖို့အချိန်ရရှိမှာ ဖြစ်သလို မူးယစ်ဆေးဝါးရောင်းဝယ်၊ သုံးစွဲနေသူတွေကလည်း အချိန်မရွေးဖမ်းဆီးခံရနိုင်တာကြောင့် ထွက်ပြေးဖို့အတွက် အစကတည်းက သူတို့အနေနဲ့ပြင်ဆင်ထားမှာ မလွဲပါဘူး။

နောက်တစ်မျိုး သတင်းကြိုတင်ပေါက်ကြားတာက အန္တရာယ်များပါတယ်။ ပထမတစ်ချက်က မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူတွေက သူတို့အချင်းချင်း ကင်းချစောင့် ကြည့်နေတာကြောင့် သတင်းရပြီးထွက်ပြေးလွတ်မြောက်သွားတာဖြစ်ပါတယ်။ ယခု ဒုတိယတစ်ချက်ကတော့ ကင်းချစောင့်ကြည့်နေတာမျိုးမဟုတ်တော့ဘဲ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေသူတွေထံကို ကြိုတင်ပြီး သတင်းရောက်နေတာတွေဖြစ်ပါတယ်။ အဲဒီလို ကြိုတင်သတင်းရောက်ရှိနေတာက မူးယစ်ဆေးဝါးသမားတွေအတွက် ပြင်ဆင်ချိန်အများကြီး ရသွားသလို အချိန်မီ အေးအေးဆေးဆေး ထွက်ပြေးတိမ်းရှောင်ခွင့် ရရှိသွားမှာဖြစ်ပါ တယ်။ ဒါကြောင့် ဒုတိယအချက် သတင်းကြို တင်ပေါက်ကြားမှုဟာ အလွန်အန္တရာယ်များသလို မူးယစ်ဆေးဝါးရောင်းဝယ်၊ သုံးစွဲနေသူ တွေကို တစ်ဖက်တစ်လမ်းကနေကူညီရာ ရောက်နေသလို သတင်းပေးသူကိုယ်တိုင် ပူးပေါင်းကြံစည်မှုမြောက်နေတာ အထင်အရှား ဖြစ်ပါတယ်။ ဒါကြောင့် ဒုတိသတင်းပေါက်ကြားမှုက ဘယ်သူ့ဆီကလဲ။ ဘယ်သူက ပေးလိုက်တာလဲဆိုတာ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တိုင်းဒေသကြီးရဲတပ်ဖွဲ့တာဝန်ရှိသူတွေအနေနဲ့ စုံစမ်းစစ်ဆေးပြီး သတင်းပေါက်ကြားစေခဲ့သူကို ဖော်ထုတ်အရေးယူပေးဖို့အ ရေးကြီးပါတယ်။

ကြိုတင်သတင်းပေါက်ကြားမှုတွေနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဖမ်းဖို့ကျွန်တော် အမြဲ ပြောပါတယ်။ ဘာကြောင့်ဆို ဒါဟာ အမျိုးသားရေးရန်သူလို့ သတ်မှတ်ထားလို့ပါ။ တချို့ မိဘတွေဆို မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ကျွန်တော့်ဆီကို လာပြောကြတာတွေ ရှိပါတယ်။ ဖမ်းဆီးအရေးယူပေးဖို့အတွက်။ ဒါကြောင့် ဖမ်းမှဖြစ်မှာဖြစ်တဲ့အတွက် မူးယစ်တာဝန်ခံကြီးကို ကျွန်တော်မေးပါတယ်။ ဘာ ကြောင့် မမိတာလဲပေါ့။ သူက ပြန်ပြောတယ်။

ဝန်ကြီးချုပ်ကြီး။ ခေတ်ကပြောင်းသွားပြီတဲ့။ အရင်တုန်းက မူးယစ်တပ်ဖွဲ့က မူးယစ်ရောင်းတဲ့သူတွေကို စောင့်ကြည်တာ။ အခုက မူးယစ် ရောင်းတဲ့သူတွေက မူးယစ်တပ်ဖွဲ့ဝင်တွေကို စောင့်ကြည့်နေကြတာတဲ့။ ဒါကြောင့် ကျွန်တော်တို့က ထွက်မယ်ဆိုပြီး လုပ်လိုက်ကတည်းက သတင်းကဖုန်းတွေနဲ့ရသွားပြီးဖြစ် နေတယ်။ ဘယ်သူသတင်းပို့တယ်ဆိုတာ တော့ ကျွန်တော်မပြောဘူးနော်။ သတင်းက ရသွားတယ်။ ကျွန်တော်တို့အစိုးရလက်ထက်မှာပဲ မူးယစ်နဲ့ပတ်သက်တဲ့ ကျော်ကြားတဲ့နေရာတွေကို ဝင်စီးတယ်။ ဆေးထိုးအပ်လေး ၁၀ ချောင်းလားပဲ ရလိုက်တယ်။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ သတင်းက ကြိုပေါက် တယ်။ ရွှေသမင်ဘယ်ကထွက်သလဲဆိုတဲ့ ဒီမေးခွန်းမေးရမှာဖြစ်တယ်။ မအောင်မြင်ဘူး ဖြစ်နေတယ်”လို့ မူးယစ်ဆေးဝါးဖမ်းဆီးရာ မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

 

■ မန္တလေးမှာဖြစ်ပွားနေတဲ့မှုခင်းတွေက မူးယစ်ဆေးဝါးနဲ့ ဆက်စပ်နေလား

မန္တလေးမြို့မှာ ညပိုင်းအချိန်တွေမှာ ဖြစ်ပွားနေတဲ့ မှုခင်းတွေမှာဆိုရင် လုယက်မှု၊ ခိုးမှုတွေက အများဆုံးဆိုသလို တွေ့နေရပါတယ်။ ပိုဆိုးလာတာက နေ့ခင်းအချိန်တွေမှာ လုယက်တာ၊ လူမြင်ကွင်းမှာလုယက်လာတာ၊ ရွှေဆိုင်လို တန်ဖိုးကြီးပစ္စည်းတွေရောင်းချနေ တဲ့ဆိုင်တွေကို အနုကြမ်းဝင်စီးတာ စတဲ့ ဒုစရိုက်မှုတွေ ခပ်စိတ်စိတ်ကြုံလာနေရချိန်မှာ မြို့ခံလူထုကြားမှာ နေ့စဉ်လှုပ်ရှားသွားလာမှုတွေမှာ စိုးရိမ်စိတ်တွေနဲ့အတူ မလုံခြုံမှုတွေက နေ့စဉ်လိုလိုခံစားနေကြရပါတယ်။ ဒါ့အပြင် လုယက်မှုနဲ့ခိုးမှုဖြစ်စဉ်တွေထဲက မှုခင်းဖြစ်စဉ်အချို့မှာဆိုရင် ကျူးလွန်သူက တစ်ဖက်လူ ကို အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အထိ တုတ်၊ ဓားလက်နက်တွေနဲ့ ရန်ပြုတိုက်ခိုက်တာတွေ ဖြစ်လာပါတယ်။ နေအိမ်တံခါးကို ဖျက်ဆီးပြီး ဆိုင်ကယ်ခိုးယူတဲ့ဖြစ်စဉ်တွေမှာ ဆိုရင် ခိုးယူတဲ့သူတွေဟာ လူငယ်များဖြစ် ကြပြီး သူတို့မှာ ဓားရှည်ကိုယ်စီကိုင်ထားပြီး ဝင်ရောက်ခိုးယူကြတဲ့ စီစီတီဗွီမှတ်တမ်းတွေဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီ စီစီတီဗွီမှတ်တမ်းတွေ ကြည့်မြင်ရတဲ့သူတွေမှာ အထိတ်တလန့် ဖြစ်ခဲ့ကြရပြီး မိမိတို့အိမ် လုံခြုံမှုအတွက် စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။ ဒီလိုမှုခင်းဖြစ်စဉ်တွေရဲ့ နောက်ကွယ်မှာကျူးလွန်သူတွေမှာ အကြောင်းတရားတွေ များစွာရှိနေနိုင်ပါတယ်။ အချောင်ရနေလို့ ကျူးလွန်တာ၊ စီးပွားရေး အရမ်းကျပ်တည်းပြီး ငွေလိုအပ်လို့ ကျူးလွန်တာ၊ ဒီလိုဒုစ ရိုက်မှုတွေကိုပဲ အမြဲလိုလိုအလုပ်တစ်ခုလို ကျူးလွန်နေတာ၊ မူးယစ်ဆေးဝါးသုံးစွဲဖို့အတွက် ကျူးလွန်တာစတဲ့ ကျူးလွန်မှုပုံစံတွေ အမျိုးမျိုးရှိနေတာကို ရဲတပ်ဖွဲ့ရဲ့မှုခင်းစစ် ဆေးချက်တွေအရ သိရပါတယ်။ အချို့သော မှုခင်းဖြစ်စဉ်တွေမှာ မူးယစ်ဆေးဝါးနဲ့ ပတ် သက်နေတာတွေ အများကြီးတွေ့လာရပါတယ်။ ဆေးသုံးစွဲဖို့အတွက် ရတဲ့ပစ္စည်းကို လုယူတာ၊ ခိုးယူတာ၊ လူကိုရန်ပြုတာစတဲ့ဖြစ်စဉ်တွေ တွေ့လာနေရပါတယ်။ ညပိုင်း လုယက်မှု၊ ခိုးမှုတွေ ခပ်စိတ်စိတ်ဖြစ်ပွားလာနေတာကြောင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့က ညစဉ်လိုလို မြို့တွင်းမြို့ပြင်တွေမှာ လှည့်ကင်း၊ ပတ်ကင်း၊ဝပ်ကင်းတွေနဲ့ ဆောင်ရွက်နေတာတွေ့ နေရပါတယ်။ သို့သော် လုံခြုံရေး လစ်လပ်နေတဲ့နေရာအချို့မှာတော့ မူခင်းတွေက ဆက်လက်ဖြစ်ပွားနေဆဲပါ။

မန္တလေးမြို့မှာ ဖြစ်ပွားနေတဲ့ မှုခင်းဖြစ်စဉ်အချို့မှာ မူးယစ်ဆေးဝါးသုံးစွဲဖို့အတွက် ပစ္စည်းလုယူတာ၊ ဆိုင်ကယ်ခိုးယူသွားတာတွေ မကြာခဏဆိုသလို ကြားနေရပါတယ်။ မူးယစ်ဆေးဝါးအတွက် ပစ္စည်းခိုးယူ ပြစ်မှုကျူးလွန်သူတွေကိုကြည့်မယ်ဆိုရင် အသက်အရွယ်တွေက ဆယ်ကျော်သက်အရွယ်နဲ့လူ ငယ်တွေ အများဆုံးတွေ့နေရတာဖြစ်ပါ တယ်။ ပစ္စည်းခိုးယူသွားတဲ့ လူငယ်လူရွယ် အချို့ဆိုရင် အခြေအနေမဲ့တွေ မဟုတ်ကြဘဲ အပေါင်းအသင်းအမှားကြောင့် မူးယစ်ဆေးဝါးကို စမ်းသပ်သုံးစွဲကြည့်ရာကတစ်ဆင့် မူး ယစ်ဆေးစွဲလာပြီး အိမ်မှာရှိတဲ့ပစ္စည်းအချို့ကို ခိုးယူရောင်းချကြ၊ အခြေအနေမကောင်းရင် အပြင်မှာ ပြစ်မှုကျူးလွန်ကြတဲ့အထိ ဖြစ်ပွားနေတာကို မကြားချင်အဆုံးကြားသိနေရပါတယ်။ ဒါကြောင့် မန္တလေးမြို့မှာဖြစ်ပွားနေတဲ့ မူခင်းဖြစ်စဉ်အချို့မှာဆိုရင် နောက်ကွယ်မှာ မူးယစ်ဆေးဝါးနဲ့တိုက်ရိုက်ပတ်သက်မှုတွေအများရှိနေတာဖြစ်ပါတယ်။

 

■ မူးယစ်ဆေးနဲ့ပတ်သက်တဲ့ သမ္မတမိန့်ခွန်း

ပြီးခဲ့တဲ့ ဇွန်လအတွင်းက နိုင်ငံတော်သမ္မတရုံးကနေပြီး သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတရုံး ရဲ့ ၂၂.၆.၂၀၁၈ ရက်စွဲပါ ရုံးအမိန့်အမှတ် (၁၈၇/၂၀၁၈)ဖြင့် ‘မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန’ကို စတင်ဖွဲ့စည်းခဲ့ ပါတယ်။ ‘မူးယစ်ဆေးဝါး အထူးသတင်းတိုင် ကြားရေးဌာန’ အနေဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သည့် ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်နှိမ်နင်းရေးအတွက် ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာသည့် သတင်းအချက်အလက်များကို စနစ်တကျလက်ခံရယူနိုင်ရန်အတွက် ဖွဲ့စည်း ဆောင်ရွက်ထားခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဌာနကို ဆက်သွယ်တိုင်ကြားသူတွေရဲ့ လုံခြုံရေးနဲ့သတင်းအချက်အလက်မပေါက်ကြားစေရေးအတွက် လုံခြုံမှုအဆင့်အတန်း သတ်မှတ်ဆောင်ရွက်ထားတယ်လို့ ထုတ်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေမှုတွေနဲ့ပတ်သက်ပြီး မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပါတယ်။ သမ္မတရဲ့ မိန့်ခွန်းထဲမှာဆိုရင် မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး၊ မူးယစ်ကုန်သည်တွေကို ဖမ်းဆီးအရေးယူဖို့ တာဝန်ရှိသူတွေအနေနဲ့ တာဝန်ပျက်ကွက်မှုတွေအပေါ်မှာ အရေးယူဖို့၊ မူးယစ်ဆေးစွဲသူတွေကို မူးယစ်ဆေးဖြတ်ဌာနတွေမှာ ဆေးဖြတ်ပေးဖို့၊ သမ္မတရုံးကနေ ဖွဲ့စည်းထားတဲ့ ‘မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန’ ကို တိုင်ကြားလာတဲ့အမှုတွေနဲ့ ပတ်သက်ပြီး အထူးမူးယစ်တပ်ဖွဲ့ဝင် တွေက အချိန်တိုအတွင်း သတင်းစုံစမ်း ထောက်လှမ်းပြီး ဖော်ထုတ်ဖမ်းဆီးဖို့၊ ဘိန်း စိုက်ပျိုးထုတ်လုပ်နေတဲ့ တိုင်းရင်းသားဒေသတွေအတွက် အခြားဝင်ငွေရရှိနိုင်မယ့်အစား ထိုးသီးနှံများ၊ မြေယာများ ဖော်ထုတ်ပေးဖို့ စတဲ့ အားရဖွယ်ရာအချက်တွေ  များစွာပါဝင် နေတာတွေ့ရပါတယ်။ နိုင်ငံတော်သမ္မတက သူ့အနေနဲ့ သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုတဲ့အချိန်မှာ မူးယစ်ဆေးဝါးကို ဆန့်ကျင်တိုက်ဖျက်သွားမယ့် အကြောင်းနဲ့ မြန်မာနှစ်သစ်ကူး မိန့်ခွန်းမှာလည်း မူးယစ်ဆေးဝါးကို ပိုမိုတိုက်ဖျက်သွားမည့်အကြောင်းကို ပြောကြားထားတာနဲ့ပတ်သက်ပြီး ထပ်မံ ရှင်းလင်းပြောကြားခဲ့တာတွေ့ ရပါတယ်။

“ကျွန်တော့်အနေနဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကတိသစ္စာပြုခဲ့တဲ့အချိန်မှာ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းဖို့ ပြောကြားခဲ့သလို မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ချိန် မှာလည်း မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းနိုင်ဖို့အတွက် အဓိကထုတ်လုပ်၊ ဖြန့်ဖြူး၊ သိုလှောင်တဲ့ လက်ကြီးသမားတွေကို ဦးစားပေးနှိမ်နင်းဖို့၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေ ဖောဖောသီသီ ရောင်းဝယ် ဖောက်ကားနေတာတွေကို မသိချင်ယောင်ဆောင်ထားတဲ့၊ သိလျက်နဲ့ လွှတ်ထားတဲ့ ဖြစ်စဉ်မျိုးတွေဖြစ်လာရင် အဓိက တာဝန်ရှိသူတွေကို ဦးစားပေးပြီး အရေးယူမှုတွေ ပြုလုပ်ဖို့၊ ကွင်းဆက်ပျောက်သွားတဲ့၊ ပိုင်ရှင်မဲ့ဖြစ်သွားတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမှုတွေကိုလည်း တင်းတင်းကျပ်ကျပ်ကိုင်တွယ်ဖို့၊ မူးယစ်ရဲတွေရဲ့ လုပ်ပိုင်ခွင့်ကို မြှင့်တင်ပေးပြီး တစ်ဖက်မှာလည်း ဆုပေးဒဏ်ပေးစနစ်ကို ထိထိရောက်ရောက်ဖြစ်အောင် ပြင်ဆင်ပေးဖို့၊ အခြေအနေအရ လိုအပ်ရင် ဗဟိုမှာ လျှပ်တစ်ပြက် ဖမ်းဆီးနိုင်တဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့တစ်ဖွဲ့ထားရှိပြီး ဆောင်ရွက်ဖို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေ ၃၁ ရက်မှာလည်း ကျွန်တော့်အနေနဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌနဲ့  အဖွဲ့ဝင်တွေကိုတွေ့ဆုံပြီး အသေးစိတ်မှာကြားခဲ့ပြီးဖြစ်ပါတယ်”လို့ သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ဘာကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ယခုလိုအလေးထား ဆောင်ရွက်နေရတာနဲ့ပတ်သက်ပြီး “ဘာဖြစ်လို့ ကျွန်တော်တို့အနေနဲ့ မူးယစ်ဆေးဝါး ပြဿနာကို အလေးထား ဦးစားပေးပြီး ဆောင်ရွက်နေရပါသလဲ။ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်းမှာ တရားဥပဒေစိုးမိုးရေးကော်မတီ အတွင်းရေးမှူးအနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို လှည့်လည်သွား ရောက်ခဲ့ချိန်မှာ ကျောင်းသားကျောင်းသူတွေဟာ ကျောင်းချိန်အတွင်းမှာကိုပဲ မူးယစ်ဆေးဝါးတွေ သုံးစွဲနေကြတာကို စိတ်မကောင်းဖွယ်ရာ ကြားသိတွေ့ရှိခဲ့ရပါတယ်။ စာသင်ကျောင်းတွေမှာတောင် မူးယစ်ဆေးဝါးကို ကျောင်းသားလူငယ်တွေ အဖိုးနည်းနည်းနဲ့ လက်လှမ်းမီ လွယ်လင့်တကူသုံးစွဲနေကြတဲ့ သတင်းတွေကြားသိခဲ့ရပါတယ်။ ဒါဟာ အလွန်ရင်နာစရာကောင်းပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်၊ ကျွန်တော်တို့ နိုင်ငံရဲ့ မျှော်လင့်ချက်တွေ ဖြစ်တဲ့ ဒီကနေ့ လူငယ်တွေဟာ မူးယစ်ဆေးဝါးတွေကို လွယ်လွယ်ကူကူရရှိပြီး မူးယစ်သားကောင်တွေ ဖြစ်နေကြရတာဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ကျရှုံးမှုနွံတွင်းထဲ တွန်းပို့နေသလိုပဲ ကျွန်တော် ခံစားရပါတယ်။ ဘာဖြစ်လို့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါးတွေကို ဒီလိုမျိုး ဖောဖောသီသီရရှိနေကြတာလဲ။ ပြန်ကြည့်လိုက်ရင် ပြည်တွင်းလက် နက်ကိုင်ပဋိပက္ခဒဏ်ကြောင့် တရားဥပဒေစိုးမိုးရေးကို နယ်စပ်ဒေသတွေအထိ ပြည့်ပြည့်၀၀ ခိုင်ခိုင်မာမာ ဖြန့်ကြက်နိုင်ခြင်းမရှိတဲ့အတွက် ဝေးလံခေါင်းပါးပြီး ဖွံ့ဖြိုးမှုနောက်ကျ ကျန်ရစ်ခဲ့တဲ့ဒေသတွေမှာ ဘိန်းစိုက်ပျိုးမှု၊ ဘိန်းဖြူနဲ့ စိတ်ကြွ ဆေးဝါး ထုတ်လုပ်မှုတွေ ခိုင်မာအားကောင်းနေခဲ့ပြီး ထိရောက်စွာ နှိမ်နင်းနိုင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း လစ်ဟင်းမှုတွေကြောင့် ဖြစ်ပါတယ်။ လွယ်လွယ်ကူကူရရှိနိုင်မှုရဲ့ အကျိုးဆက်အနေနဲ့ သုံးစွဲမှုတွေ မြင့်တက်လာနေတာတွေကို စိတ်မကောင်းဖွယ်ရာ တွေ့ရှိရပါတယ်။ လူငယ်လူရွယ်တွေအကြားမှာ မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်း မြင့်တက်လာတာနဲ့အမျှ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်ပြီး ရာဇဝတ်မှုတွေ ထူပြောလာတာတွေလည်း ဆိုးကျိုးသံသရာ ဖြစ်ပေါ်နေပါတယ်”လို့ နိုင်ငံတော်သမ္မတက မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်မှုကို အလေးထား ဆောင်ရွက်နေမှု နဲ့ပတ်သက်ပြီး ရှင်းလင်း ပြောကြားထားတာဖြစ်ပါတယ်။

NLD အစိုးရသက်တမ်းနှစ်နှစ်ပြည့်ချိန်မှာ သမ္မတဦးထင်ကျော် ရာထူးကနုတ်ထွက် အနားယူသွားပြီးတဲ့နောက် ၂၀၁၈ မတ်လမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့် က နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးချိန် ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်းပြောကြားခဲ့ရာမှာ မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမယ့်အကြောင်းကို ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် မြန်မာ့နှစ်သစ်ကူး မိန့်ခွန်းမှာလည်း သမ္မတဦးဝင်းမြင့်က ရှေ့ဆက်ဆောင်ရွက်သွားမယ့်လုပ်ငန်းစဉ်တွေထဲမှာ မူးယစ်ဆေး ဝါးကိစ္စကို ထပ်မံထည့်သွင်းပြောကြားခဲ့ပြီး ပြီးခဲ့တဲ့ဇွန်လမှာပဲ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ‘မူးယစ်ဆေးဝါး အထူးသတင်းတိုင် ကြားရေးဌာန’ ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ သမ္မတဦးဝင်းမြင့်တက်လာပြီးနောက် ယခင် သမ္မတဦးထင်ကျော်နဲ့ကွာခြားသွားတာက တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး၊ သိမ်းဆည်းမြေယာများကိစ္စ ဖြေရှင်းဆောင်ရွက်နိုင်ရေး၊ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးစတဲ့ အရေးကြီးတဲ့အချက်တွေကို စတင်ကိုင်တွယ်ဆောင်ရွက်လာ တာဖြစ်တဲ့အတွက် ပြည်သူလူထုအကြားမှာ မျှော်လင့်ချက်တွေ ပိုမိုမြင့်တက်လာတာအ မှန်ပင်ဖြစ်ပါတယ်။ ယခုဆောင်ရွက်သွားမယ့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စရပ်များမှာလည်း ပြည်တွင်းစစ်နဲ့အပြိုင်သက်ဆိုးရှည် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေမှုတွေကို ဘယ်လောက်အထိဖော်ထုတ်၊ တိုက်ဖျက်ပြီး အမြစ်ပြတ်ချေမှုန်းသွားမလဲဆိုတာ မျှော်လင့် စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ ပတ်သက်ပြီး သတင်ပေးတိုင်ကြားမှုအားနည်းတာ၊ သိပေမယ့် မတိုင်ကြားရဲတာနဲ့ပတ်သက်ပြီး မန္တလေးမြို့ကဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်က “မကြာသေးခင်ကပဲ မန္တလေးတိုင်းဒေသကြီးမှာ မူးယစ်ဆေးဝါးတွေရောင်းဝယ်ဖောက်ကားနေတဲ့ သတင်း တွေ လူမှုကွန်ရက်ပေါ် ရောက်ရှိပြီး ပျံ့နံှ့လာတဲ့အတွက် တိုင်းဒေသကြီးအစိုးရရဲ့ အစီအ စဉ်နဲ့ဝင်ရောက်ဖမ်းဆီးခဲ့ရပါတယ်။ အဲဒီအနီးနားမှာ နေထိုင်ကြတဲ့ ပြည်သူတွေ မသိကြဘူးလား မေးကြည့်တော့ သိကြပါတယ်။ သူတို့ကို ရန်ရှာ အန္တရာယ်ပြုမှာကို စိုးရိမ်တဲ့အတွက် ဘယ်သူ့ကိုမှ သတင်းမပေးရဲကြဘူးဆိုတာ သိရပါတယ်။ ဒီအချက်ဟာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှု ရရှိနိုင်ဖို့အတွက် အရေးကြီးတဲ့ အချက်ပေးမှုတစ်ရပ် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူတွေ၊ သား သမီးတွေရဲ့ မိဘတွေ၊ ကျောင်းသားလူငယ်တွေရဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ မျိုးဆက်သစ်လူငယ်များရဲ့ ရှေ့ရေးမို့ မူးယစ်ဆေးဝါး နှိမ်နင်းရေးကို ကျွန်တော်တို့နဲ့အတူ အလေး အနက်ထားကြဖို့ လိုအပ်ပါတယ်”လို့ သူ့ရဲ့ မိန့်ခွန်းထဲမှာ ဥပမာပေးထည့်သွင်း ပြောကြား သွားခဲ့ပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်နေမှုတွေနဲ့ ပတ်သက်ပြီး ရောင်းဝယ်သုံးစွဲမှုတွေပြုလုပ်နေတဲ့နေရာမှာ နေထိုင်နေကြသူတွေက မသိကြတာ မဟုတ်ပါဘူး။ တာဝန်သိသိနဲ့တိုင်လိုက်မယ်ဆိုရင် သူ့အတွက် အသက်အန္တ ရာယ် ခြိမ်းခြောက်ခံရနိုင်သလို စိုးရိမ်စရာလည်း ရှိနေပါတယ်။ တချို့တိုင်ကြားတာကို မူးယစ်ရောင်းဝယ်နေသူတွေက ကြိုသိသွားတာ၊ သတင်းပြန်ပေါက်သွားတာတွေကြောင့် တိုင်ကြားသူအချို့ အသက်အန္တရာယ်ခြိမ်း ခြောက်ခံရတာ တိုင်ကြားသူအိမ်ကို မူးယစ်ဆေးဝါးပစ်ပြီး အမှုပြန်ဆင်ပြီး ဖမ်းဆီးခိုင်းတာစတဲ့ အကျိုးဆက်တွေကြောင့် ဒေသခံပြည်သူတွေဟာ ဖော်ထုတ်တိုင်ကြားဖို့အတွက် စိုးရိမ်နေကြတာဖြစ်ပါတယ်။ တိုင်ကြားသူတွေအတွက် သက်ဆိုင်ရာအစိုးရက လုံခြုံရေး အပြည့်အဝအာမခံမှုပေးနိုင်ဖို့ အဓိကဖြစ်ပါတယ်။ သို့သော် လက်ရှိအချိန်မှာ မူးယစ်ဆေးဝါးဖမ်းဆီးရာမှာ သတင်းပေါက်ကြားမှုတွေရှိနေတာကြောင့် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် မေးခွန်းထုတ်ခဲ့သလို ရွှေသမင်ဘယ်ကထွက်ထွက် ဖော်ထုတ် အရေးယူနိုင်ဖို့လိုပါတယ်။ ဒါ့အပြင် မလေးရှားနိုင်ငံ ဆိပ်ကမ်းတစ်ခုမှာ မြန်မာနိုင်ငံကတင်ပို့တဲ့ ဒေါ်လာ ၁၈ သန်းခန့် တန်ကြေးရှိ မူးယစ်ဆေးဝါး တန်နဲ့ချီ ဖမ်းဆီးရမိတဲ့ဖြစ်စဉ်ဟာ ရွှေသမင်ဘယ်ကထွက်ဆိုပြီး မေးခွန်းထုတ်ချင်စရာ ကောင်းလှပါတယ်။ အဲဒီဖြစ် စဉ်ရဲ့ ကွင်းဆက်တရားခံတစ်ဦးကိုလည်း မန္တလေးမှာ ဆက်စပ်ဖမ်းဆီးမိတာကြောင့် မန္တလေးမြို့ရဲ့ မူးယစ်ဆေးဝါးပျံ့နှံ့မှုဟာ စိုး ရိမ်စရာအနေအထားဖြစ်ပါတယ်။ ဒါကြောင့် NLD အစိုးရအနေနဲ့ ရွှေသမင်ဘယ်က ထွက်ထွက်ထိရောက်တဲ့ တိုက်ဖျက်မှုတွေ ပြုလုပ်သွားနိုင်မလား ။ ဒါမှမဟုတ် လက်တွေ့မပါတဲ့ သဘောတရား အပြောသက်သက်ဖြစ် သွားဦးမလားဆိုတာ ...

Most Read

Most Recent