မူးယစ်သတင်းပေးသူအတွက် လုံခြုံရေးကို ဘယ်လောက်အာမခံနိုင်မလဲ

မူးယစ်သတင်းပေးသူအတွက် လုံခြုံရေးကို ဘယ်လောက်အာမခံနိုင်မလဲ
Published 1 July 2018

နေပြည်တော်၌ ဇွန် ၂၆ ရက်က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ မိန့်ခွန်းပြောကြားစဉ်

“ခုအချိန်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်မိသားစု လုံခြုံရေးကို ဆောင်ရွက်နေရတယ်”

ကိုရာဇာဟိန်းရဲ့ ပြောလိုက်တဲ့ စကားသံမှာ ဆိုနင့်မှုတွေ ပါနေပါတယ်။ လက်ရှိ သူ့မိသားစုရဲ့ လုံခြုံရေး၊ စားဝတ်နေရေးကို သူတစ်ယောက်တည်းက ရုန်းကန်ပြီး ကာကွယ်စောင့်ရှောက် ကျွေးမွေးနေရတာပါ။

အရင်တုန်းကတော့ ကိုရာဇာဟိန်းရဲ့ ဘဝက အခုမျိုး မဟုတ်ခဲ့ပါဘူး။ သူ့ဘဝရဲ့ အချိုးအကွေ့လို့ ခေါ်ဆိုရမယ့် အဖြစ်အပျက်က ၂၀၁၆ ဒီဇင်ဘာမှာ ဖြစ်ပျက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ဒီဇင်ဘာ ၁၀ ရက်က ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ပန်းတောင်း-တောင်ကုတ် တောင်ကြားလမ်းက ညောင်ကျိုး စစ်ဆေးရေးဂိတ် အနီးမှာ ဆီပီပါတွေနဲ့ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်း တင်ဆောင်လာတဲ့ ခြောက်ဘီးတပ် အပြာရောင် (FAW-SKAT) မော်တော်ယာဉ်ကို ဖမ်းဆီးမိခဲ့ပါတယ်။

ဒီလို ဖမ်းမိဖို့အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူကတော့ သာမန်အရပ်သား တစ်ဦးဖြစ်တဲ့ ကိုရာဇာဟိန်းပဲ ဖြစ်ပါတယ်။ ကိုရာဇာဟိန်းအနေနဲ့ တောထဲမှာ ရှစ်ရက်လောက် အပင်ပန်းခံ ကင်းထောက်လှမ်းခဲ့ပြီး ရဲတပ်ဖွဲ့ကို ကနဦး သတင်းပေးခဲ့တာကြောင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းကျော်ကို မိခဲ့တာပါ။

ဒါကြောင့်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၆ ဒီဇင်ဘာလအတွက် ချီးကျူးဂုဏ်ပြု ထိုက်သူအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ကိုရာဇာဟိန်းကို ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ရခြင်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံနဲ့ ပြည်သူအတွက် အန္တရာယ်ကြီးမားလှတဲ့ မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးကို ကောင်းစွာသိမြင်ပြီး နိုင်ငံသားကောင်း စိတ်ဓာတ်နဲ့ ပမာဏ များပြားလှတဲ့ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိရေးကို စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်တာကြောင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ကိုရာဇာဟိန်းကို ရွေးချယ်လိုက်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးကနေ ၂၀၁၆ ဇန်နဝါရီ ၂၂ ရက်က ထုတ်ပြန်ခဲ့တဲ့ ပြည်သူသို့ ကျေးဇူးတင်လွှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံသူ နိုင်ငံသားတွေ အနေနဲ့လည်း ကိုရာဇာဟိန်းလိုမျိုး နိုင်ငံတော်အစိုးရရဲ့ မူးယစ်ဆေးဝါး လျော့နည်းကင်းစင်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီကြဖို့ တိုက်တွန်းကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားပါတယ်။

ဒီလို စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းကျော်ကို ဖမ်းဆီးနိုင်ဖို့ စွမ်းစွမ်းတမံ ကြိုးစားခဲ့တဲ့ ကိုရာဇာဟိန်း အနေနဲ့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေကျပ် ငါးသိန်းနဲ့ ရဲချုပ်က ဂုဏ်ပြုလက်မှတ် အပါအဝင် ဖုန်းဟန်းဆက်တစ်လုံး ချီးမြှင့်တာကို ရရှိခဲ့ပါတယ်။

ကိုရာဇာဟိန်းတစ်ယောက် စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်း ကျော်ကို ဖမ်းဆီးရမိအောင် ဆောင်ရွက်ပေးပြီး နောက်ပိုင်းမှာတော့ သူ့ဘဝက တစ်ဆစ်ချိုး ပြောင်းသွားပါတယ်။ အမှန်တရားအတွက် ရဲရင့်ခဲ့သူ တစ်ယောက်ရဲ့ ရလဒ်က သူဘယ်လိုမှ ထင်မထားတဲ့အဖြေ ဖြစ်နေပါတယ်။

စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးမိပြီးနောက်ပိုင်း ကိုရာဇာဟိန်းအနေနဲ့ အိမ်အပြင် မထွက်ရဲတာကြောင့် အပြင်အခန်းငှားဖွင့်တဲ့ ဆိုင်ကယ်ပြင်ဆိုင်လေးကို သူ့အိမ်မှာဖွင့်ပြီး လုပ်ကိုင်ခဲ့ပေမယ့် စီးပွားရေးက အရင်လို အဆင်မပြေတော့ပါဘူး။ သူ့ဇနီးရဲ့ စက်ချုပ်ဆိုင်ကိုလည်း အထည်လာအပ်တဲ့သူ မရှိတော့တဲ့အပြင် သင်တန်းသားတွေကလည်း လာတက်ခြင်း မရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဆိုင်ကိုလာရင် နောက်စေ့ သေနတ်မှန်မှာစိုးတဲ့အတွက် မလာကြတော့တာ ဖြစ်တယ်လို့ ကိုရာဇာဟိန်းက ဆိုပါတယ်။

“မူးယစ်ဆေးဝါး ဖမ်းမိတဲ့ နောက်ပိုင်းမှာ ကျွန်တော့်အိမ်မှာ ဆိုင်ကယ်ပြင်ဆိုင်လေး ဖွင့်တယ်။ ကျွန်တော့် မိန်းမကလည်း စက်ချုပ်တယ်။ သူ့အလုပ်မှာလည်း မူးယစ်ဆေးဝါး ဖမ်းမိပြီးနောက်ပိုင်း ဘာဖြစ်လာလဲဆိုတော့ အပ်ထည်သမားတွေ၊ သင်တန်းသားတွေကအစ မလာကြတော့ဘူး။ ကြောက်သွားတာပေါ့။ ကျွန်တော်တို့ဆီကိုလာရင် နောက်စေ့သေနတ်မှန်မှာစိုးလို့ မလာကြဘူးလို့ အဲဒီလို ပြောကြတယ်။ ပြီးတော့ နယ်ခံတွေက အစ၊ ကျွန်တော့် အပေါင်းအသင်း သူငယ်ချင်းတွေကအစ ကျွန်တော့်ကို ရှောင်ဖယ်ရှောင်ဖယ် ဖြစ်သွားကြတယ်” လို့ ကိုရာဇာဟိန်းက ဆိုပါတယ်။

အဲဒီအချိန်တုန်းက ကိုရာဇာဟိန်းရဲ့ လုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်ထားတယ်လို့ သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့ပါတယ်။

ကိုရာဇာဟိန်းရဲ့ လုံခြုံရေးအတွက် ဥသျှစ်ပင်ရဲစခန်းက တာဝန်ယူခဲ့ပြီး မနက် ၆ နာရီကနေ နေ့လယ် ၁၂ နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁၂ နာရီကနေ ည ၁၂ နာရီအထိ တစ်ကြိမ် တစ်နေ့ကို နှစ်ကြိမ် အလှည့်ကျ ရဲတပ်ဖွဲ့ဝင် တစ်ယောက်က သူ့အိမ်မှာ လာစောင့်ပေးတယ်လို့ ကိုရာဇာဝင်းဟိန်းက ဆိုပါတယ်။

ဒါပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးပေးမှုအပိုင်းနဲ့ ပတ်သက်လို့ သူတွေ့ကြုံရတာတွေကိုလည်း အခုလိုမျိုး ပြန်လည်ပြီးတော့ ပြောပြပါတယ်။

“ကျွန်တော့်အိမ်မှာ မနက် ၆ နာရီကနေ နေ့ခင်း ၁၂ နာရီအထိ ရဲတစ်ယောက်၊ နေ့ခင်း ၁၂ နာရီကနေ ည ၁၂ နာရီအထိ ရဲတစ်ယောက်လာတယ်။ ဒီလိုလာပေမယ့် တစ်လတောင် မပြည့်ပါဘူး။ ကိုရာဇာ ဒီနေ့ကျွန်တော့်အလှည့် ကျွန်တော် လက်ဖက်ရည်ဆိုင်မှာ ရှိတယ်။ သွားကြည့်လိုက် လက်ဖက်ရည်ဆိုင်မှာ မရှိဘူး။ ပျောက်နေတယ်။ လုံခြုံရေး ပေးတာကလည်း သုံးလတည်းပါပဲ။ သူတို့ လုံခြုံရေးပေးတာက သုံးလဆိုပေမယ့် တစ်လနဲ့တင် ကျွန်တော် တော်တော်လေး သိသွားတယ်။ အဲဒီလိုဖြစ်တဲ့ အခါကျတော့ ကျွန်တော့်စိတ်ထဲ တော်တော်မကောင်းဘူး။ ကျွန်တော် ဒီလောက်လုပ်ပေးခဲ့တာတောင် ကျွန်တော့်အပေါ်မှာ နည်းနည်းလေးမှ သူတို့က လုံခြုံရေးအပိုင်းကို လှည့်မကြည့်ကြဘူး” လို့ ကိုရာဇာဟိန်းက ဆိုပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ သူ့ကိုဖုန်းနဲ့ ခြိမ်းခြောက်တာတွေအပြင် သူနဲ့သူ့ဇနီးကိုလည်း ကားနဲ့ လိုက်တိုက်တာ နှစ်ကြိမ်လောက် ကြုံရပေမယ့် သတိထားပြီး ရှောင်နိုင်ခဲ့လို့ သေဘေးက လွတ်ခဲ့ပါတယ်။

“ကျွန်တော့်ဆီ ဖုန်းနဲ့ဆက်ပြီး မင်းထမင်းဝအောင် စားထား၊ မင်းသေဖို့သာ ပြင်ထားဆိုပြီး ခဏခဏ ခြိမ်းခြောက်တာတွေရှိတယ်။ အပြင်မှာ ကျွန်တော်နဲ့ ကျွန်တော့်မိန်းမကို ကားနဲ့လိုက်တိုက်တာ နှစ်ကြိမ်လောက်ဖြစ်တယ်။ သတိကြီးကြီးနဲ့ ရှောင်လိုက်နိုင်လို့သာ ကျွန်တော်တို့ မသေတာ” လို့ သူကဆိုပါတယ်။

ကိုရာဇာဟိန်းအနေနဲ့ လက်ရှိမှာ ကြုံရာကျပန်းအလုပ်ကို ပင်ပင်ပန်းပန်း လုပ်ကိုင်ရင်း မိသားစုကို ရှာဖွေကျွေးမွေး နေတာပါ။ ကိုရာဇာဟိန်းမှာ သူ့မိန်းမရယ်၊ ကိုးတန်းတက်နေတဲ့ သားရယ်၊ နှစ်တန်းတက်နေတဲ့ သမီးရယ်ဆိုပြီး မိသားစုလေးယောက် ရှိပါတယ်။ လက်ရှိအချိန်မှာ ကိုရာဇာဟိန်း တစ်ဦးတည်းရဲ့ ဝင်ငွေနဲ့ မိသားစု တစ်စုလုံးက စားဝတ်နေရေးကို ခက်ခက်ခဲခဲ ကျော်ဖြတ်နေရပါတယ်။

လက်ရှိအချိန်မှာတော့ ကိုရာဇာဟိန်းရဲ့ လုံခြုံရေးနဲ့ သူ့မိသားစု လုံခြုံရေးကို အစိုးရက ဘာမှ လုပ်ဆောင်ပေးတာမျိုး မရှိတော့ပါဘူး။ အချိန်ကာလအားဖြင့် တစ်နှစ်ကျော် ကြာခဲ့ပေမယ့် ကိုရာဇာဟိန်းတို့ မိသားစုကတော့ အခုအချိန်အထိ ကျီးလန့်စာ စားနေရဆဲ ဖြစ်ပါတယ်။

“နှစ်နှစ်ကျော်ကာလ ရောက်ပေမယ့် စိုးရိမ်စိတ်ကတော့ အခုချိန်အထိ ရှိတုန်းပဲ။ ညဘက်ကျရင် အသံတစ်ခုခု ကြားတာနဲ့ ထကြည့်ရတယ်။ ကလေးတွေ ကျောင်းသွားရင် စိတ်မချလို့ ကိုယ်တိုင်လိုက်ကြည့်ရတယ်။ ကျွန်တော်တွေးထားတာက တစ်နှစ်ပြီး တစ်နှစ် ကျွန်တော်ပိုပြီး ဂရုစိုက်ရမယ်လို့ တွေးထားတယ်။ သူတို့ကတော့ ငြိုးနေမှာပဲ” လို့ ကိုရာဇာဟိန်းက စိုးရိမ်စွာ ပြောပါတယ်။

NLD အစိုးရလက်ထက် သမ္မတဟောင်း ဦးထင်ကျော် အနားယူပြီး ၂၀၁၈ မတ် ၃၀ ရက်က သမ္မတသစ် ဦးဝင်းမြင့် ပထမဆုံးပြောကြားတဲ့ မိန့်ခွန်းမှာ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းသွားမယ်လို့ ထည့်သွင်းပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၈ ဧပြီ ၁၇ ရက်က သမ္မတ ဦးဝင်းမြင့် ပြောကြားခဲ့တဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားမှာလည်း မူးယစ်ဆေးဝါး နှိမ်နင်းရေးနဲ့ ပတ်သက်ပြီး အချက် ငါးချက်ကို ထည့်သွင်းပြောကြား ခဲ့ပါတယ်။

အဲဒီအချက် ငါးချက်ကတော့  အဓိကထုတ်လုပ်၊ ဖြန့်ဖြူး၊ သိုလှောင်တဲ့ လက်ကြီးသမားတွေကို ဦးစားပေးနှိမ်နင်းရေး၊ အဓိက တာဝန်ရှိသူတွေကို ဦးစားပေး အရေးယူရေး၊ ပိုင်ရှင်မဲ့ဖြစ်သွားတဲ့ မူးယစ်ဆေး ဖမ်းဆီးရမှုတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရေး၊ မူးယစ်ရဲတွေရဲ့ လုပ်ပိုင်ခွင့် မြှင့်တင်ပေးပြီး ဆုပေးဒဏ်ပေးစနစ်ကို ထိထိရောက်ရောက် ဖြစ်အောင် ပြင်ဆင်ရေး၊ လိုအပ်ပါက ဗဟိုမှာ လျှပ်တစ်ပြက် ဖမ်းဆီးနိုင်တဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး အဖွဲ့တစ်ဖွဲ့ ထားရှိရေး စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

သမ္မတ ဦးဝင်းမြင့်ရဲ့ ပထမဆုံး မိန့်ခွန်းနဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားက ကာလအားဖြင့် ၁၇ ရက်သာ ခြားခဲ့ပြီး မူးယစ်ဆေးဝါး နှိမ်နင်းရေးနဲ့ ပတ်သက်လို့ ဒီလို ပြောဆိုလာမှုအပေါ်မှာ ပြည်သူတွေက ကြိုဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ဇွန် ၂၆ ရက်က ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာတော့ သမ္မတဦးဝင်းမြင့်က မိန့်ခွန်းပြောကြားရာမှာ နိုင်ငံတော် သမ္မတရုံးကနေ “မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန” တစ်ခုကို ဖွဲ့စည်းထားရှိပြီး ဖြစ်တယ်လို့ ထည့်သွင်းပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် သတင်းပေး တိုင်ကြားသူတွေကို ထိုက်ထိုက်တန်တန် ဆုကြေးချီးမြင့်မှာဖြစ်ပြီး လုံခြုံရေးအတွက် သတင်းထုတ်ပြန်မှာ မဟုတ်တဲ့အပြင် နိုင်ငံတော်က ချီးမြင့်ငွေ ဖြစ်တာကြောင့် အခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေးလည်း ပေးအပ်သွားမှာ ဖြစ်တယ်လို့ သမ္မတက ပြောကြားခဲ့ပါတယ်။

မူးယစ်ဆေး ဖမ်းဆီးရမိမှုနဲ့ ပတ်သက်လို့ အကြမ်းဖျင်းအနေနဲ့ သတင်းပေးတိုင်ကြားသူကို ဖမ်းဆီးရမိတဲ့ တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းနဲ့ သွားရောက်ဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုတော့ ရာခိုင်နှုန်း ၂၀ ဆုကြေးချီးမြှင့်မယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက ပြောကြားထားပါတယ်။

လက်ရှိအချိန်မှာ လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ ပြည်ထဲရေး ဝန်ကြီးဌာနမှာ အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

သမ္မတ ဦးဝင်းမြင့်အနေနဲ့ မူးယစ်သတင်းပေးသူကို ဆုကြေးချီးမြှင့်တာအပြင် အခွန်သက်သာခွင့်ပါ ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်က သတင်းပေးသူတွေ များများပေါ်လာအောင်လို့ လုပ်ဆောင်တာ ဖြစ်ပေမယ့် လုံခြုံရေးအရ ကိုရာဇာဟိန်းလို အဖြစ်မျိုး မဖြစ်အောင်လည်း စီမံရမှာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြောကြားခဲ့တဲ့ သမ္မတရဲ့ မိန့်ခွန်းထဲမှာလည်း မန္တလေးမြို့မှာ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုနဲ့ ပတ်သက်လို့ ပြည်သူတွေက သိပေမယ့် သူတို့ကို အန္တရာယ်ပြုလာမှာ စိုးတဲ့အတွက် သတင်းမပေးရဲကြဘူး ဆိုတာကို ထည့်သွင်းပြောကြား ခဲ့ပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် မည်သို့ပင်ဆိုစေကာမူ မူးယစ်သတင်းပေးမယ့် ပြည်သူ့တွေအတွက် ဆုကြေးငွေထက်စာရင် သူတို့ရဲ့ လုံခြုံရေးကို အစိုးရက အာမခံနိုင်ရပါ့မယ်။

ဘာကြောင့်လဲဆိုတော့ မူးယစ်ဆေးဝါးက မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ ကိစ္စဖြစ်သလို အမျိုးသားရေး တာဝန်တစ်ရပ် အနေနဲ့ အစိုးရ အဆက်ဆက်က ဖြေရှင်းခဲ့ပေမယ့် လက်ရှိအစိုးရ အချိန်အထိ မူးယစ်ဆေး အချီကြီးတွေ မိနေတာကိုကြည့်ရင် နောက်ကွယ်က အင်အားဘယ်လောက်ကြီးတယ် ဆိုတာကို ခန့်မှန်းရခက်ပါတယ်။ တကယ်လို့သာ အကောင်ကြီး အမြီးရှည်သူ တစ်ယောက်ရဲ့ မူးယစ်ဆေး ရောင်းဝယ် ဖောက်ကားမှုကို သတင်းပေးမိတဲ့ သာမန်လူတစ်ယောက် အတွက်တော့ သူ့အသက်အန္တရာယ် သာမက သူ့မိသားစုရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာနိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။

သမ္မတဦးဝင်းမြင့်ကတော့ သတင်းပေးသူရဲ့ လုံခြုံရေးအတွက် ဆုကြေးငွေ ချီးမြှင့်ရာမှာ သတင်းထုတ်ပြန်မှာ မဟုတ်ဘူးလို့ ပြောကြားထားပေမယ့် သတင်းပေးသူအတွက် ဒီလောက်နဲ့တော့ လုံလောက်မယ် မထင်ပါဘူး။

“အစိုးရအနေနဲ့ မူးယစ်ဆေးဝါး ဖမ်းပေးတဲ့ လူတစ်ယောက်ရဲ့ လုံခြုံရေးကိုတော့ ပေးကိုပေးသင့်တယ်။ အမြဲတမ်း အဆက်အသွယ် မပြတ်ပေါ့နော်။ ဒါမှလည်း ကျွန်တော်တို့ ဖမ်းပေးတဲ့သူတွေ အနေနဲ့လည်း အသက်အန္တရာယ်ကင်းမှာ” လို့ ကိုရာဇာဟိန်းက ထောက်ပြပါတယ်။

လက်ရှိအချိန်မှာ တစ်မျိုးသားလုံး လူညွန့်တုံးစေမယ့် စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းကျော်ကို ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံ စောင့်ကြည့်ထောက်လှမ်းပြီး သတင်းပေးခဲ့တဲ့ ကိုရာဇာဟိန်းဘဝကတော့ လုံခြုံမှု မရှိသလို မိသားစုစားဝတ်နေရေး ကျပ်တည်းတဲ့အတွက် သူ့ကိုလေးစားကြတဲ့ ပြည်သူတွေက ကူညီထောက်ပံ့မှုအချို့ ပြုလုပ်ပေးခဲ့တာ ရှိပါတယ်။

ပြည်သူတွေက ကိုရာဇာဟိန်းအပေါ် ဘာလို့ အကူအညီ ပေးကြပါသလဲ။ အဓိကကတော့ အမှန်တရားအတွက် ရဲရင့်သူ တစ်ယောက်ရဲ့ဘ၀ နိမ့်ကျနေတာကို မကြည့်ရက်ကြလို့ ဖြစ်ပါတယ်။

“သူ့ကို ဒီလိုကြီး မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ သူငယ်ချင်းတွေ စုစပ်ပြီး သူ့ကို ကူညီတယ် ဆိုတာကလည်း ရှင်းရှင်းပြောရရင် မှန်ကန်တယ်လို့ထင်လို့ ကူညီတာ။ အဓိက ကတော့ ကျွန်တော်တို့ ပြောချင်တာ ဒီလိုလူ တစ်ယောက်ကို မပစ်ပယ်ထားသင့်ဘူး။ မပစ်ပယ်ထားမှ နောင်ဆိုလည်း လူတွေက သတင်းပေးကြမှာပေါ့။ အခုကျတော့ သူက ဒီလိုလည်း လုပ်ပြီးရော ဘဝပျက်နေတယ်ဆိုတော့ ကျန်တဲ့သူတွေကိုပါ ခြေထောက်ရိုက်ချိုး လိုက်သလိုများ ဖြစ်သွားသလားလို့ ခံစားရတယ်။ လက်ရှိ သူအဆင်မပြေတာမြင်တော့ ဒီလိုလုပ်ပေးခဲ့သူ တစ်ယောက် အဆင်ပြေစေချင်တယ်” လို့ ကိုရာဇာဟိန်းကို အကူအညီပေးဖူးတဲ့ ကိုနေမျိုးဟန်က ဆိုပါတယ်။

လက်ရှိအချိန်မှာ NLD အစိုးရ အနေနဲ့ မူးယစ်ဆေးတိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ပြီး ပြည်သူတွေထဲက သတင်းပေးတွေ တကယ်ထွက်လာဖို့ဆိုရင် ကိုရာဇာဟိန်းလို အဖြစ်မျိုး နောက်ထပ် ထွက်ပေါ်လာမယ့် သတင်းပေးတွေ မကြုံရအောင်လို့ အခုကတည်းက ထောင့်စေ့အောင် ကြိုတင်ပြင်ဆင် ထားဖို့လိုပါတယ်။

ဒီလိုမှ မဟုတ်ဘဲ သတင်းပေးသူကို ဆုကြေးပေး၊ အခွန်ကင်းလွတ်ခွင့် ပြုရုံသာဆိုရင် ကိုရာဇာဟိန်းရဲ့ နမူနာကို ကြည့်ပြီး ဘယ်ပြည်သူကမှ သတင်းပေးလာကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် သမ္မတဦးဝင်းမြင့် ရည်မှန်းထားတဲ့ မူးယစ်ဆေး တိုက်ဖျက်ရေးမှာ ပြည်သူတွေ ပါဝင်ပြီး သတင်းပေးဖို့ဆိုရင် အစိုးရက လုံခြုံရေးကို ဘယ်လောက်အထိ အာမခံပေးမလဲ အပေါ်မှာ မူတည်နေတာ ဖြစ်တဲ့အတွက် လုံခြုံရေးပေးနိုင်မှု ရှိ မရှိကတော့ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကိုရာဇာဟိန်းက “ကျွန်တော်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကြည့်ပြီး မူးယစ်ဆေးဝါး သတင်းပေးတဲ့သူတွေ ထပ်ပေါ်မလာမှာကိုပဲ စိုးရိမ်ပါတယ်။ ကျွန်တော့်လို စီးပွားရေး၊ လူမှုရေးနဲ့ မိသားစုအတွက် အန္တရာယ်ရှာခံရနိုင်တာတွေ ရှိလာတဲ့အတွက် ကျွန်တော့်အဖြစ်ကို ကြည့်ပြီး သတင်းပေးမယ့် သူတွေက ကြောက်သွားမှာကို စိုးတာပါ” လို့ မှတ်ချက်ပြုပါတယ်။

 

Most Read

Most Recent