တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ (၉)

တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ (၉)
Published 27 June 2018

Photo: Asian Development Bank

■ နိဂုံး၏နိဒါန်း

ဆိုရှယ်လစ်စစ်ဗိုလ်ချုပ်ကြီးများက ပြည်သူစီရင်သော ပြည်သူ့တရားစီရင်ရေးဟု ဆိုသော်လည်း ပြည်သူများမှာ တရားစီရင်နိုင်သည့် ပညာအရည်အချင်း၊ အခြေအနေ၊ ဘဝအဆင့်အတန်းမရှိ။ အနှစ်သာရအားဖြင့် စစ်အာဏာရှင်စနစ်ကို ကိုယ်စားပြုသည့် မဆလပါတီ၏ ကေဒါများက တရားစီရင်ခြင်းသာဖြစ်သည်။

နိုင်ငံတကာတွင် ဂျူရီစနစ်ဖြင့် တရားစီရင်မှုများ ရှိသော်လည်း မြန်မာနိုင်ငံနှင့် ပုံစံမတူ။ တရားစီရင်ရေးစနစ်၏ အဆင့်နေရာတိုင်းတွင် မဆလပါတီက လွှမ်းမိုးချုပ်ကိုင်ထားပြီး တစ်စထက်တစ်စ စစ်ဘက်အရာရှိများက အစားထိုးဝင်ရောက် နေရာယူလာခဲ့ကြသည်။ ဥပဒေ ကျောထောက်နောက်ခံမရှိ၊ ပညာအရည်အချင်း ပြည့်ဝခြင်းမရှိသူများကို ပါတီဝင်စံသတ်မှတ်ချက်ဖြင့် တရားခွင်သို့ တင်ပေးလိုက်သည့် ကမောက်ကမ တရားစီရင်ရေး ပေါ်ပေါက်လာတော့သည်။

ဗဟိုတရားရုံးမှအပ ကျန်တရားရုံးများတွင် ပါတီ၏စွက်ဖက်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ စာရိတ္တအကျင့်ပျက်ခြစားမှုမှာ ယဉ်ကျေးမှု တစ်ခုလိုပင် ဖြစ်တည်လာသည်။ ၁၉၇၄ မှ ၁၉၈၈  ခုနှစ်အတွင်း မြန်မာ့တရားစီရင်ရေး စနစ် ပြိုလဲပျက်စီးလာပြီး ‘မျောက်အုန်းသီးရ’ တရားရေးစနစ်ဖြစ်လာသည်။ လက်ဖက်ရည်ဖိုး ယဉ်ကျေးမှုလည်း ဖြစ်ပေါ်လာသည်။ ထင်ရှားသည့် ရှေ့မီနောက်မီ ရှေ့နေကြီးတစ် ဦးက ပါလီမန်ဒီမိုကရေစီခေတ် တရားစီရင်ရေးမှာ မြေရှင်အရှင်းရှင် တရားစီရင်ရေး စနစ်ဖြစ်၍ ‘ငွေများတရားနိုင်’ ဖြစ်ကြောင်း၊ ယခု ပြည်သူ့တရား ပြည်သူစီရင်သည့် ဆိုရှယ် လစ်ခေတ်တွင်မူ ‘ဆောင်ပုဒ်’ ပြောင်းသွားကြောင်း ‘ငွေများ တရားနိုင်’ မဟုတ်တော့ဘဲ ‘ငွေနည်း တရားရှုံး’ ဟု လှောင်ပြောင်မှတ်ချက်ချခဲ့သည်။

၁၉၈၇ ခုနှစ် သြဂုတ် ၁၀ ရက်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေဝင်းက တိုင်းပြည်သို့ မိန့်ခွန်းပြောကြား ရာတွင် မအောင်မြင်မှုများ၊ ဆုံးရှုံးမှုများကို ဝန်ခံခဲ့သည်။ သူ့မိန့်ခွန်းတွင် မဆလပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ပါတီကလပ်စည်းများ အထူးအစည်းအဝေးတွင် တိုင်းပြည်၏ အခြေအနေကို အမှန်အတိုင်း ကဏ္ဍအလိုက် အစီရင်ခံရန် ညွှန်ကြားခဲ့ကြောင်း ပြောကြားသည်။

ထိုသို့အစီရင်ခံရာတွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပြည် သူ့တရားစီရင်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်ဟိန်း တစ်ဦးတည်းကသာ ပြည်သူ့တရားစီ ရင်ရေးစနစ် လုံး၀ မအောင်မြင်ကြောင်းနှင့် တိုင်းပြည်အခြေအနေ၊ စီးပွားရေးအပါအဝင် ဘက်ပေါင်းစုံ ယိုယွင်းပျက်စီးလျက်ရှိ ကြောင်း အစီရင်ခံခဲ့သည်။ အထက်တွင် တင်ပြခဲ့သည့်အတိုင်း မဆလလက်ထက် ပြည်သူ့တရားသူကြီးများအဖွဲ့အနက်  ဦးတင်အောင်ဟိန်းခေါင်းဆောင်သည့် ပြည်သူ့ တရားသူကြီးအဖွဲ့မှာ ဂုဏ်သိက္ခာအရှိဆုံး ဖြစ်သည်။ ဗဟိုတရားရုံးသို့ ရောက်ရှိလာလျှင် ပေါ်လစီအမှုများမှအပ အမှန်တရားနှင့် နီးစပ်အောင် ဆုံးဖြတ်ခဲ့ကြသည်ဟု ထင်မြင်ယူဆပါသည်။ အဆိုပါ တရားသူကြီးအဖွဲ့မှာ

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်ပြည်သူ့တရားသူကြီးအဖွဲ့

(၁-၁-၈၈ နေ့မှ ၁၈-၉-၈၈) နေ့အထိ

၁။ ဦးတင်အောင်ဟိန်း            ဥက္ကဋ္ဌ

၂။ ဦးကိုကြီး                  အဖွဲ့ဝင်

၃။ ဦးခင်မောင်ကျော်       အဖွဲ့ဝင်

၄။ ဝဏ္ဏကျော်ထင် သီရိပျံချီ ဦးတွမ်းမှုန်               အဖွဲ့ဝင်

၅။ ဦးထွန်းတင်            အဖွဲ့ဝင်

၆။ ဦးဘမော်                အဖွဲ့ဝင်

၇။ ဒေါက်တာမောင်မောင်အေး      အဖွဲ့ဝင်

၈။ ဦးဝင်းမောင် (၁)                  အဖွဲ့ဝင်

၉။ ဦးအေးစန်း                      အဖွဲ့ဝင်

၁၀။ ဒေါက်တာမန်းသက်စံ          အဖွဲ့ဝင်

၁၁။ ဦးမျိုးမြင့်               အဖွဲ့ဝင်

၁၂။ ဦးဝင်းမောင် (၂)      အဖွဲ့ဝင်

တို့ဖြစ်ပါသည်။

■ သမိုင်းတင် မဆလတရားစီရင်ရေးဇာတ်ဝင်ခန်း

ရွှေဘိုခရိုင်အတွင်း သမိုင်းဝင်မြို့နယ်တစ်ခုမှ မြို့နယ်တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ ဟောင်းမှာ ပြောစမှတ်တွင်လောက်အောင် ထင်ရှားသည်။ တစ်ရက်တွင် အမှုရုံးချိန်းယူကြရာ တရားသူကြီးအဖွဲ့ဥက္ကဋ္ဌက ဖေဖော်ဝါရီ ၃၁ ရက်နေ့ကို ချိန်းဆိုသည်။ နှစ်ဖက်ရှေ့နေများက ‘‘ဥက္ကဋ္ဌကြီးခင်ဗျား ဖေဖော်ဝါရီမှာ ၃၁ ရက် မရှိပါဟု’’ မရဲတရဲတင်ပြရာ ဥက္ကဋ္ဌ က ဒေါသတကြီးဖြင့် ‘‘ဟေ့ကောင် ရှေ့နေတွေ ငါ ဥက္ကဋ္ဌ၊ ငါချိန်းတဲ့ရက် မင်းတို့လာခဲ့ လျှာမရှည်နဲ့ ဒါပဲ’’ ဟု ပြန်ဖြေသည်ဟူသတတ်။

တစ်ခါသားတွင်လည်း အမှုတစ်ခုတွင် တရားခံရှေ့နေက မိမိတရားခံ အပြစ်မရှိကြောင်း စီရင်ထုံးအကိုးအကားများဖြင့် အကျယ်တဝင့် လျှောက်လဲနေရာ ဥက္ကဋ္ဌကြီးက နားကြားပြင်းကတ်လာပြီး ရုတ်တရက်ဝင်ဖြတ် ကာ ‘‘ဟေ့ကောင် ရှေ့နေ မင်း စကားတတ်တိုင်း လျှောက်ပြောမနေနဲ့ မင်းကောင်ကို ထောင်ခုနစ်နှစ်ချဖို့ မနေ့ညကတည်းက ငါ စဉ်းစားပြီးပြီ’’ ဟု ပြောသည်ဟူသတတ်။

တစ်ခါသော် အနှီဥက္ကဋ္ဌကြီး၏ရုံးသို့ မန္တလေးမြို့မှ နာမည်ကြီးရှေ့နေတစ်ဦးက တရားခံများအတွက် လာရောက်လိုက်ပါ ဆောင်ရွက်သည်။ ဥက္ကဋ္ဌကြီးက မြို့နယ်ကျော် ငှားသည့်အတွက် တရားခံများကို မကျေနပ်။ မန္တလေးမြို့မှ ရှေ့နေကြီးကိုလည်း ဂိုက်များသည်ဟုထင်ကာ အမြင်ကတ်နေသည်။ သို့ဖြင့် ရှေ့နေကြီးကို ဥက္ကဋ္ဌရုံးခန်းအတွင်းခေါ်ကာ လက်ဖက်ရည်ဖြင့် ဧည့်ခံသည်။ အမှုမှာ နောက်ရက်အမိန့်ချမည်ဖြစ်၍ ဥက္ကဋ္ဌကြီးက ‘‘ကဲ ရှေ့နေကြီး ဒီအမှု မနက်ဖြန် အမိန့်ချမှာ ခင်ဗျား ဘယ်လိုထင်သလဲ’’ ဟု မေးသည်။ ‘‘ကံဆိုး ကံကောင်းပါပဲခင်ဗျား’’ ဟု ရှေ့နေကြီးက ပြန်ဖြေသည်။ ‘‘ခင်ဗျားဟာက ကံဆိုးကံကောင်း ဆိုတာ ဘာလဲဗျ’’ ဟု ဥက္ကဋ္ဌကြီးက မေးသည်။ ရှေ့နေကြီးက ကံဆိုးကံကောင်းဆိုတာ ဒီလို ပါဟု ရှေ့နေကြီးက ရှင်းပြသည်။ ‘‘သူတို့ ကံဆိုးပြီး ကျွန်တော် ကံကောင်းရင် မနက်ဖြန် သူတို့ ထောင်ကျမယ်လေ။ ဒါဆို ကျွန်တော် အယူခံ မှုထပ်လိုက်ရလို့ ပိုက်ဆံရမှာ ကျွန်တော် ကံကောင်းတာပေါ့။ တကယ်လို့ ကျွန်တော် ကံဆိုးပြီး သူတို့ ကံကောင်းရင်တော့ မနက်ဖြန် သူတို့ လွတ်သွားပြီး ကျွန်တော် ပိုက်ဆံ ထပ်မရတော့ဘူး’’ ဟု ဖြေခဲ့သည်ဆို၏။ ဥက္ကဋ္ဌကြီး က ရှေ့နေကြီးကို အတော်ချစ်ခင်ပုံရသည်။ နောက်နေ့တွင် တရားခံများအားလုံး ကွင်းလုံး ကျွတ် လွတ်သွားသည်ဟူ၏။ ဤအဖြစ်အပျက်သုံးခုမှာ ရွှေဘိုမြို့နှင့် မလှမ်းမကမ်း မြို့နယ်လေးတစ်ခုတွင် အမှန်တကယ် ဖြစ်ပျက်ခဲ့ပြီး အဆိုပါဥက္ကဋ္ဌကြီးမှာ ယခုအချိန်ထိ အသက်ရှင်နေသေးသည်ဆိုပါသည်။

■ ဒေါက်တာမောင်မောင်နှင့် ဗိုလ်မှူးချုပ်မောင်မောင်

ဥပဒေပညာရှင်တစ်ဦးဖြစ်ခဲ့ပြီး မဆလပါတီ၏ မရှုမလှဇာတ်သိမ်းခန်းတွင် မဆလ ပါတီဥက္ကဋ္ဌနှင့် သမ္မတဖြစ်ခဲ့သော ဒေါက်တာ မောင်မောင်ကို ဗိုလ်ချုပ်ကြီးနေဝင်း၏ တပ် ရင်း (၄) တွင် တပ်ရေးဗိုလ်ကြီးအဖြစ် တာဝန်ထမ်းခဲ့သူဖြစ်ကြောင်း တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ (၈) တွင် ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါပုဂ္ဂိုလ်မှာ ဒေါက်တာမောင်မောင်မဟုတ်ဘဲ ဗိုလ်မှူးချုပ်မောင်မောင်ဖြစ်ကြောင်း လူမှုကွန်ရက်တွင် သိမီသူတစ်ဦးက ဖော်ပြလာပါသည်။

ဒေါက်တာမောင်မောင်သည် မြန်မာနိုင်ငံ၏ သတ္တမမြောက်သမ္မတအဖြစ် (၁၉. ၈. ၁၉၉၈) ရက်မှ (၁၈.၉.၁၉၉၈) ထိ တာဝန် ထမ်းဆောင်သူဖြစ်သည်။ ထိုစဉ်က ဖောင်းကားစားမောင်မောင်နှင့် နှိုင်းယှဉ်ခံရသူဖြစ်သည်။ စစ်အာဏာရှင်စနစ်၏ အခါပေးပုဂ္ဂိုလ်အဖြစ် ယုံကြည်ခြင်းခံရသူဖြစ်သည်။ (၁၁.၁.၁၉၂၅) တွင်ဖွားမြင်ပြီး (၂.၇.၁၉၉၄) တွင် ကွယ်လွန်သည်။ ၁၉၆၄ တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့နှင့် ၁၉၄၉ တွင် ဥပဒေ ဘွဲ့များ ရရှိခဲ့သည်။ ၁၉၅၆ တွင် Utrecht  (University ) မှ (LL.D)  1962 တွင် ယေးလ် တက္ကသိုလ်မှ JSD ဘွဲ့များ ရရှိခဲ့သည်။

ဗိုလ်မှူးချုပ်မောင်မောင်က ဆိုရှယ်လစ်ပါတီခေါင်းဆောင် ထင်ရှားသော တပ်မှူးကြီးဖြစ်သည်။ ၁၉၅၈ ခုနှစ် ဝတ်စုံပြည့် အာဏာသိမ်းလေ့ကျင့်ပွဲတွင် ဗိုလ်မှူးချုပ်အောင်ကြီးနှင့်အတူ ဝန်ကြီးချုပ်ဦးနုထံ အာဏာလွှဲပြောင်းပေးရန် သွားရောက်ပြောဆိုခဲ့သူဖြစ်သည်။ ဆိုရှယ်လစ်ပါတီ တပ်မှူးများ အနက် သဘောတရားဆရာအဖြစ် ထင်ရှားသူ ဖြစ်ပြီး ဥပဒေပညာ ကျောထောက်နောက်ခံရှိသည်ဟု မကြားဖူးပါ။

■ ဒုတိယစစ်အာဏာရှင်ခေတ်

တရားစီရင်ရေး (၁၉၈၈-၂၀၁၀) (သို့မဟုတ်)နောက်လာတဲ့မောင်ပုလဲ

၁၈.၉.၁၉၈၈ တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န.ဝ.တ) က နိုင်ငံတော်အာဏာကို သိမ်းပိုက်လိုက်သည်။ ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရပ်ဆိုင်းလိုက်သည်။

၁၉၈၈ ခုနှစ် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေဖြင့် တရားရုံးအဆင့်ဆင့် တည်ထောင်ဖွဲ့စည်းသည်။ (၂၇-၉-၁၉၈၈)ရက် တွင် တည်ထောင်လိုက်သည့် တရားရုံးချုပ်တွင် အောက်ပါပုဂ္ဂိုလ်များ ပါဝင်သည်။

၁။ ဦးအောင်တိုး - တရားသူကြီးချုပ်

၂။ ဦးအေးအုန်း  - တရားသူကြီး

၃။ ဦးကျော်တင့်  - တရားသူကြီး

၄။ ဦးမျိုးထွန်းလင်း  - တရားသူကြီး

၅။ ဦးကျော်ဝင်း  - တရားသူကြီး

ဤဥပဒေကို ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေဖြင့် ရုပ်သိမ်းခဲ့သည်။ ထိုအချိန်တွင် (န.ဝ.တ)အစိုးရက နိုင်ငံရေး အတိုက်အခံများ ဒီမိုကရေစီလိုလားသူများ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်သူများကို စစ်ခုံရုံးများ ထူထောင်ကာ ဖိနှိပ်သည်။ စစ်ခုံရုံးဖြစ်၍ မည်သည့်ဥပဒေကိုမျှ လိုက်နာရန် မလိုဘူးဆိုကာ တစ်ချက်လွှတ် တရားစီရင်ခဲ့သည်။

■ စစ်ခုံရုံးနှင့် ဝါးလုံးကွဲဟာသများ

နိုင်ငံရေးသိပ္ပံပညာရပ်တွင် တော်လှန်ရေးတစ်ခု ကျရှုံးချေမှုန်းခံရသော်လည်း ထိုတော်လှန်ရေး၏ တောင်းဆိုချက်များကိုမူ လိုက်လျောရစမြဲရှိသည်ဟု ဆိုရိုးရှိသည်။

လက်ဝဲ၊ လက်ယာ၊ မြေပေါ်၊ မြေ အောက်၊ ပြည်တွင်း၊ ပြည်ပ အဖျက်သမားများဟု စစ်အာဏာရှင်များက ကင်ပွန်းတပ်ခံရသည်အထိ ၎င်းတို့နှင့် လက်တစ်ဆုပ်စာ အလိုတော်ရိများမှအပ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ကမ္ဘာတွင်မရှိဖူးသည့် တစ်နိုင်ငံလုံး အုံကြွမှုကြီးကို သွေးချောင်းစီး သတ်ဖြတ်နှိမ်နင်း အာဏာသိမ်းခဲ့သည့် ဒုတိယမျိုးဆက် စစ်အာဏာရှင်များက ပါတီ စုံဒီမိုကရေစီစနစ် ဆိုသည်ကို မလွှဲမရှောင် သာ အသိအမှတ်ပြုခဲ့ရသည်။

သို့ရာတွင် ဒီမိုကရေစီတိုက်ပွဲဝင် ရဟန်းရှင်၊ ပြည်သူများကို စစ်ခုံရုံးတင်၍ သေဒဏ်၊  ကျွန်းဒဏ်၊ နှစ်ရှည်ထောင်ဒဏ်များ ချမှတ် သည်။ စစ်ခုံရုံးတွင် ပါဝင်သော ဥက္ကဋ္ဌနှင့် အ ဖွဲ့ဝင်များမှာ စစ်ဘက်အရာရှိများသာ ဖြစ်သည်။ ခုခံချေပခွင့်မရှိ၊ ရှေ့နေငှားခွင့်မရှိ ကြီးလေးသည့် ပြစ်မှုကြီးများကိုပင် အကျဉ်းနည်းဖြင့် စစ်ဆေးသည်။

ကျွန်တော့်အား မန္တလေးတိုင်း၊ စစ်ခုံရုံး အမှတ်(၄)က ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ၅(ည)၏ အမြင့်ဆုံး ပြစ်ဒဏ်မှာ (၇)နှစ်ဖြစ်သော်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၁၄)နှစ် ချမှတ်သည်။  အမှုလိုက်အရာရှိ တရားလိုမှာ SB မှ ရဲအုပ်သန်းစိန်ဖြစ်သည်။ အမှုလိုက်ဥပဒေအရာရှိမှာ ဦးဂျီသန်းဖေ(ကွယ်လွန်)ဖြစ်သည်။

အမှုစစ်သည့်အခါ တရားလိုက မစိုးရိမ်တိုက်မှ ပိုင်ရှင်မဲ့သိမ်းဆည်းရရှိခဲ့သည့်  သက်သေခံ စာရွက်စာတမ်းများကို ရုံးသို့  သက်သေခံတင်သည်။ ထိုအခါ စစ်ခုံရုံးဥက္ကဋ္ဌ ဒုဗိုလ်မှူးကြီးက ‘‘ပိုင်ရှင်မဲ့လို့ မလုပ်နဲ့လေ၊  သိန်းသန်းဦးဆီက မိတာလို့ ရေးလိုက်’’ ဟု  ပြောသည်။ ထိုအခါ ဥပဒေအရာရှိက ‘‘ဗိုလ်မှူးကြီးခင်ဗျား ရှာဖွေပုံစံမှာ ပိုင်ရှင်မဲ့သိမ်းလာပြီး ပေးအပ်သူအဖြစ် ကောင်စီက လက် မှတ် ရေးထိုးထားတာ။ သိန်းသန်းဦးဆီက မဟုတ်ဘူးခင်ဗျ’’ဟု ပြန်ပြောပါသည်။ ခုံဥက္ကဋ္ဌ က ‘‘ဒါ စစ်ခုံရုံးပဲ။ အကုန်လုပ်လို့ရတယ်။ သိန်းသန်းဦးဆီက မိတယ်လို့သာ မှတ်တမ်းတင်လိုက်’’ဟု ခပ်ပြတ်ပြတ် အမိန့်ပေးပါ သည်။  ကျွန်တော်တို့ တရားခံ ၂၂ ဦးက တိုင်ပင်မထားဘဲ ဝါးကနဲ ရယ်လိုက်ကြပါသည်။ အဆိုပါ ခုံဥက္ကဋ္ဌမှာ ဒုဗိုလ်မှူးကြီးကျော်ဝင်းဟု  ကျွန်တော်ထင်ပါသည်။ အခြားတစ်ဦးမှာ လက်မောင်းတွင် ဆီမီးခွက်တံဆိပ်ဖြင့် ဗိုလ်မှူး ခင်မောင်တင့်ဟု ကျွန်တော်မှတ်သားမိ  ပါသည်။

ထို့နောက် ကျွန်တော်တို့အပေါ် အရည် မရ အဖတ်မရ စွပ်စွဲချက်များကို ရဲနှင့်ထောက် လှမ်းရေးများ တစ်ယောက်ပြီးတစ်ယောက်  လာရောက်ထွက်ဆိုနေကြရာ ကျွန်တော်တို့ ကတော့ လုံး၀ စိတ်မဝင်စား ကျွန်တော်စိတ်ဝင်စားနေသည်မှာ ခုံရုံးစားပွဲပေါ်တွင် ခင်းကျင်းထားသော စမူဆာများ၊ ကောက်ညှင်းပေါင်းနှင့် အကြော်များ၊ လက်ဖက်ရည်ခွက်များ ဖြစ်သည်။ အကြောင်းမူ ကျွန်တော်တို့ က တိုက်ထဲတွင် ငတ်နေ၍ဖြစ်သည်။

စဉ်းစားခန်းဝင်ရန် စစ်ခုံရုံးနားသည်နှင့် ကျွန်တော်တို့က မုန့်ပန်းကန်များ ဆွဲယူပြီး လက်ဖက်ရည်များ ဝိုင်းတီးလိုက်ကြသည်။  ဤကဲ့သို့သော စစ်ခုံရုံးများစွာဖြင့် ဒီမိုကရေစီ လိုလားသူ၊ အပြစ်မဲ့နိုင်ငံသားများ သေ  ဒဏ်၊ ကျွန်းဒဏ်၊ နှစ်ရှည်ထောင်ဒဏ်အသီးသီး ချမှတ်လက်စားချေခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။

Most Read

Most Recent