ဇွန်မိုး၊ မလုံသည့်ခေါင်နှင့် ကမ်းနားသစ်ပင်များ

ဇွန်မိုး၊ မလုံသည့်ခေါင်နှင့် ကမ်းနားသစ်ပင်များ
Published 24 June 2018

ဇွန် ၁၇ ရက်က မော်လမြိုင်မြို့တစ်နေရာ၌ ရေလွှမ်းမိုးမှု ဖြစ်ပွားနေသည်ကို တွေ့မြင်ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

တံစက်မြိတ်မှ တဖြောက်ဖြောက်ကျနေသည့် ဇွန်မိုးစက်များကို အဓိပ္ပာယ်မဲ့ ကျွန်တော် ငေးနေမိသည်။ ဇွန်မိုးက အငြိုးကြီးစွာ ရွာသွန်းနေဆဲ။ နှစ်ဦးနှစ်ဖက် ထပ်တူပြု မရေးဆွဲနိုင်သေးသည့် သီအိုရီပေါင်းများစွာ ရပ်တန့်နေသလိုပင်။ လမ်းစပျောက်သူ တစ်ယောက်ပမာ ချိတ်ပိတ်ခံ နံနက်ခင်းများထဲ တဝဲ၀ဲလည်လျက် အိပ်စက်ရန် ခက်ခဲနေသည်။ အရိုးစွဲဝါဒနှင့် ဂျက်ပင်ထိုးရန် ခက်ခဲသော သစ်ရွက်အသေပေါ်က မာနမျဉ်းပြိုင်များ။

ဇွန်မိုးစက်များ ကျွန်တော့်ခန္ဓာအနှံ့ လာရောက်ပက်ဖျန်းသည်။ ဓာတ်မတည့်မှုက အဖုအပိမ့်များစွာဖြင့် ကျွန်တော့်တစ်ကိုယ်လုံး လွှမ်းခြုံသွားသည်။ စိတ်ထိခိုက်စရာ အခိုက်အတန့်လည်း တွေ့ကြုံခဲ့သည်။ တုန်လှုပ် ချောက်ချားဖွယ် မိုးသည်းညများလည်း ဖြတ်သန်းခဲ့ကြသည်။ ပျော်စရာများ ဆိတ်သုဉ်းနေဆဲ။ မျှော်လင့်ချက်များ လမ်းစပျောက်နေဆဲ။ မိုးသည်းညက ဆက်လက်ရှည်ကြာနေသည်။

ဓာတ်မတည့်မှုကို မည်သို့သော ခေတ်မီဆေးနှင့် ကာကွယ်ရမည်နည်း။ အတူတကွ ရုန်းကန်ခဲ့ပြီးမှ ဖောက်ပြန်သွားသည့် ပြပွဲနောက်ကွယ်က မျက်လှည့်များ။ “နိုင်ငံတော်ကို ကျေးဇူးဆပ်နေတာပါ” မဖြစ်စလောက် ကွက်သစ်မှာ ပိုးပုဆိုးဝတ်လူကြီး၏စကား။ ဆန်တက်ခွင့်မရှိသည့် အထက်အောက် အသက်ရှူသံကြား ကမ်းနားသစ်ပင်ဘဝများမှာ ရေမျောကမ်းတင်ကျန်ရန် ကြိုးစားရုန်းကန် နေရဦးမည်ဖြစ်သည်။

လူသားဆန်ပြီး နွေးထွေးသောရင်ခွင်ကို တောင့်တနေမိသည်။ “မလုပ်နိုင်လျှင် ထွက်စာတင်ပါ” ခြိမ်းခြောက် အပြစ်ပြောနေမှုက တာဝန်မဲ့နေသလိုပင်။ အဆင်ပြေပြေ လုပ်ကိုင်စားသောက်နိုင်ရန်ပင် အခြေအနေများ ဆိုးရွားလွန်းလှသည်။

လုပ်အားယိုဖိတ်မှုက အဆိုးသံသရာကို ဆွဲဆန့်ထားဆဲ။ ပြဇာတ်မဆန်သည့် နိစ္စဓူ၀ ဖြတ်သန်းမှုနှင့် အိပ်တန်းတက်ချိန်များ ဆက်လက်နောက်ကျနေသည်။ မိုးသည်းညက ဆက်လက်ရှည်ကြာနေဆဲ။

အနာနှင့်ဆေး တေ့လွဲသည့်အဖြစ်များ ဆက်တိုက်ကြုံခဲ့ရသည်။ ရေပေါ်ဆီ အသွေးအသားကို ပိုမိုစုံမက်နေသလိုပါ။ ငြိမ်းချမ်းရေး ရောင်းကုန်များ ဈေးပေါလာသည်။ သောကမီးလျှံများ တောက်လောင်နေဆဲ။ ဇွန်မိုးစက်က ပရိယာယ်များနှင့်။ ဆုတ်ခေတ်အတိတ် နိမိတ်ဆောင်သည့် သဘာဝကပ်ဘေးများ ဆက်တိုက်ကြုံတွေ့လာသည်။ မိုးသည်းညက ဆက်လက်ပြင်းထန်နေသည်။

တစ်ခါတစ်ရံ ဘာမှမဟုတ်သည့် အကြောင်းတရားများသည် ကြီးမားသော အကျိုးတရားကို ဖြစ်ထွန်းစေသည်။ မျှော်လင့်မထားသော အရာအချို့တို့သည်လည်း ပြင်းထန်သော ဆိုးကျိုးပေးလာတတ်သည်။ မမြဲခြင်းနိယာမတရားအောက် ကတုံးပေါ်ထိပ်ကွက်၊ အချောင်သမားများ ပိုမိုနေရာရလာသည်။ မျက်ကန်းမျိုးချစ်များ၏ ဆင်ခြင်တုံ တရားမဲ့လုပ်ရပ်များ အားပေးအားမြှောက်မှု ပြုလာသည်။ ဘုန်းတော်ဘွဲ့များ ကြီးကြီးကျယ်ကျယ် ဖွဲ့ဆိုကြသည်။ ဇွန်မိုးစက်များ ဆက်လက်ဒုက္ခပေးနေဆဲ။

မိုးဖွဲဖွဲကျနေသည့် လယ်ကွင်းစိမ်းကို ကျွန်တော် ဖြတ်လျှောက်မိသည်။ အအေးဒဏ်က ကျောရိုးမကြီးထိတိုင် စိမ့်ဝင်ပျံ့နှံ့သွားသည်။ ကမ်းနားသစ်ပင်ဘဝတွင် နပ်မမှန်သေးသည့် နံနက်ခင်းများအကြောင်း ညည်းချင်းမထုတ်လိုတော့။ ဖန်တစ်ရာတေပုံစံခွက်ထဲ မလုံသေးသည့် ခေါင်အကြောင်း ဆင်ခြေမပေးလိုတော့ပါ။ ပိုမိုကျပ်တည်းလာသည့် ပစ္စုပ္ပန် အခြေအနေကို မည်သို့ကျော်ဖြတ်ရမည်ကိုသာ ကျွန်တော် နည်းလမ်းထုတ်နေမိသည်။

ဆန်တက်ခွင့်မရှိသည့် အထက်အောက် အသက်ရှူသံကြား ဖုတ်လှိုက်ဖုတ်လှိုက်နှင့် အသက်လုရှူရသည့် ကျွန်တော်၏အိမ်တွင်းရေးကို ဖောက်သည်မချဖြစ်တော့ပါ။ အက်ဆစ်ဓာတ် ရောနှောနေသည့် ဇွန်မိုးစက်၏ ဓာတ်မတည့်မှုအတွက်သာ မှန်ကန်သော ကုသမှုကို ကျွန်တော် လိုလားတောင့်တမိသည်။

လူသားတိုင်း အသက်ရှင်သန်ရန်အတွက် နောက်ဆုံးအခြေအနေထိ ရုန်းကန်ကြသည်။ စိုးရိမ်ပူပန်မှုဖြင့် အာမခံချက်မရှိ ရှင်သန်ရသောဘဝသည် ကွင်းပြောင်ထဲက အပင်ငယ်ပမာ။ ကြံ့ခိုင်မှုစွမ်းရည်ဖြင့် အတော်ကျားကန်ထားရလိမ့်မည်။ ကျောတစ်ခင်းစာသည် မည်မျှခက်ခဲကြောင်း ခံစားဖူးသူတိုင်း နားလည်သည်။ မလုံမခြုံ ခေါင်မလုံသည့် အိမ်နှင့် မဝရေစာဘဝသည် မည်သို့မျှ အဆင်ပြေချောမွေ့မှု မရှိပါ။

လယ်ကွင်းများအလယ် အကောင်ပလောင် လိုက်ကောက်နေသည့် အရွယ်မတိုင်သေးသော ကျောင်းနေရွယ်ကလေးငယ်များကို ကျွန်တော် ငေးမောမိသည်။ ပေတိပေစုတ်နှင့် တစ်ကိုယ်လုံး ရွှံ့ဗွက်များ ပေလူးနေသည်။ သူတို့ တစ်ခုခုကို သည်းကြီးမည်းကြီး ရှာဖွေနေလျက်။ သူတို့မျက်လုံးများ မျှော်လင့်ချက် ရောင်ခြည်တောက်ပနေသည်။ တစ်ခုခုကို ရှာဖွေသွားနိုင်မှသာ သူတို့ အိမ်အပြန် မျက်နှာပန်းလှမည်ဟု ကျွန်တော် ထင်သည်။ လယ်ကွင်းအရှေ့ ပေတရာလမ်းမပေါ် ဇိမ်ခံကား အကောင်းစားများက လုံခြုံရေးမီးတန်းအပြည့်နှင့် အရှိန်ပြင်းပြင်း မောင်းနှင်ဖြတ်သန်းသွားသည်။

အခမဲ့ပညာရေးသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မလွှမ်းခြုံနိုင်သေးပါ။ ဝမ်းရေးမီးတောက်က ပိုမိုခက်ခဲသည်။ အိပ်မက်များ ကျပျောက်သွားသည့် အိပ်ဆေးခတ်ညနက်များကို အိမ်တွင်းရေးက ဆွဲဆန့်ထားဆဲ။ တစ်ကိုယ်ရေလုံခြုံမှုသည် တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည်ဟု ကျွန်တော် ထင်မိသည်။ မြင်ကွင်းများက ရိရွဲနေသည့် ပြည်တည်နာပမာ ရင်ဘတ်ကိုယ်စီ လှိုက်စားနေဆဲ။

မဝရေစာလုပ်အားခနှင့် မလုံသည့် ခေါင်မိုးအကြောင်း။ ရာထူးအာဏာ အားကိုးပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်မှုအကြောင်း ရိုးမယ်ဖွဲ့ပြောမနေတော့။ အဖာတစ်ရာ ထူထပ်နေသည့် မှောင်နေဆဲညအောက်က မလုံသေးသည့်ခေါင်ကိုသာ တွေတွေလေး ကျွန်တော် ကြည့်နေမိသည်။ လူသားမဆန်သည့် ဖြစ်ရပ်များသည် အမှန်တရားကို မျက်ကွယ်ပြုထားသကဲ့သို့ပင်။ ကမ်းနားသစ်ပင် ဘဝတွင် အမြစ်ခိုင်မာအောင် နည်းမျိုးစုံဖြင့် တောင့်ခံနေရသည်။

မိုးညနေခင်းသည် စိုးရိမ်ပူပန်ခြင်းများစွာနှင့်။ တောကို မမှီနိုင်တော့သည့် ဥတုရာသီကလည်း သဘာဝကပ်ဘေးများနှင့်။ ဖောက်ပြန်သွားသည့် သဘာတရားအောက် ရှင်သန်နေရသော သက်ရှိများမှာ ရင်တထိတ်ထိတ်။ အထက်အောက်လွန်ဆွဲမှုက မမျှတသည့် အသက်ရှူသံကြားက ကွက်ကြားမိုးပမာ။

ဇွန်မိုးစက်များနှင့်အတူ စိမ်းလန်းခြင်း၏ အခြားတစ်ဖက်တွင် ပူလောင်မှုများ ဒွန်တွဲထားသကဲ့သို့ပင်။ မိုးနှင့်အပြိုင် စစ်မက်များ ပိုမိုထူပြောလာသည်။ စိတ်မချမ်းမြေ့စရာ စစ်အနိဋ္ဌာရုံများ နေရာအနှံ့။ ထာဝရငြိမ်းချမ်းရေးသည် ကုန်စည်ပြပွဲတစ်ခုလား။ သားရေပင်တစ်ပင်လို လိုသလို ဆွဲဆန့်နိုင်သော အလျှော့အတင်းများလား။ မရေရာညနက်ထဲ ဇွန်မိုးစက်များက ဆက်လက်သည်းထန်နေသည်။

ဇွန်မိုးစက်များက ဂီတသံစဉ်တစ်ခုပမာ မလုံသည့်ခေါင်မှ တဖြောက်ဖြောက်ကျနေသည်။ ကျွန်တော့်အသက်ရှူသံ ပိုမိုမြန်ဆန်လာသည်။ သိုလှောင်ထားသော ထုတ်လုပ်မှု စားရိတ် တစ်လစာရိက္ခာဆန်များ လုံခြုံအောင် ထုပ်ပိုးထားရသည်။ မိုးသည်းညထဲ ဇောချွေးများက မိုးနှင့်အပြိုင် ကျွန်တော့်တစ်ကိုယ်လုံး ရွှဲနစ်နေသည်။ လုပ်ခလစာများ လုံးပါးပါးနေချိန် ကျပ်နှစ်ရာပင် ကျွန်တော့်အတွက် တန်ဖိုးရှိလှသည်။

မိုးသည်းညအကြောင်း ဒိုင်ယာရီထဲ အမှတ်တမဲ့ ကျွန်တော် ရေးခြစ်နေမိသည်။ ရေးခြစ်နေမိသည့် ယခုပစ္စုပ္ပန်သည် နောင်တစ်ချိန်တွင် မှတ်တမ်းကောင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထုတ်ဖော်မပြရဲသော လိပ်ပြာမလုံသည့် အကြောင်းအရာလည်း ဖြစ်ချင်ဖြစ်မည်။ ထိုအကြောင်းအရာများသည် ဘဝစာမျက်နှာအတွက် ထိန်ချန်၍မရသော ဖြတ်သန်းမှုဖြစ်စဉ်များပင် မဟုတ်ပါလား။

မိုးရိပ်မိုးငွေ့များသည် တစ်ခါတစ်ရံ အုံ့ဆိုင်းဆိုင်းနှင့် ဣန္ဒြရစွာ ငြိမ်သက်နေတတ်သည်။ တစ်ခါတစ်ရံ အငြိုးတကြီး ရွာချသည်။ ပါးပြင်ထောင်နေသော မြွေဟောက်တစ်ကောင် ကဲ့သို့လည်း ဒေါသတကြီး မာန်ဖီတတ်သည်။ အိမ်ကျယ် ‘ခွေးအ’ များလို အုပ်စုဖွဲ့ အနိုင်ကျင့်တတ်သေးသည်။ အခြေအနေ အချိန်အခါကိုလိုက်ပြီး အမျိုးမျိုး အရေခွံ လဲလှယ်တတ်သေးသည်။ ဇွန်မိုးစက်နှင့်အပြိုင် နေရာလပ်မကျန် စားသုံးခွင့်ရနေသူများက ညည်းချင်းထုတ်နေမှာ အတော်အော့နှလုံး နာမိသည်။

ဇွန်မိုးစက်များကြား ကမ်းနားသစ်ပင်များမှာ အခြေခိုင်အောင် ဖြစ်သလို ရုန်းကန်နေရသည့် ရာသီခွင်လည်းဖြစ်သည်။ တိုးလိုက်သည့် လုပ်အားနှင့်အပြိုင် ကုန်ဈေးနှုန်းက တရိပ်ရိပ်။ ဇွန်မိုးနှင့်အတူ မလုံသည့်ခေါင်မိုးများအကြောင်း၊ ငှက်မြန်လေးများ၏ အနာဂတ်အကြောင်း၊ ခြိုးခြံချွေတာရင်းနှင့် အကြွေးခေါင်ခိုက်နေသည့် အကြောင်းအရာများမှာ ကမ်းနားသစ်ပင်များအတွက် ပုံမှန်တွေ့ကြုံနေရသော မထူးတော့သည့် နိစ္စဓူဝပင် ဖြစ်သည်။

မာယာများလွန်းသည့် ဇွန်မိုးစက်များကြား ကမ်းနားသစ်ပင်များမှာ အလဲလဲ အပြိုပြို။ မရေရာစိတ်ကူးများ ပုံဖော်နိုင်ရန် မနိုင်ဝန်များ ထမ်းပိုးရင်း ဝဲဂယက်ထဲ နစ်မြုပ်နေဆဲပင်။ မဆုံးသော အဆိုးသံသရာထဲ အားကုန်ကူးခတ်ရင်း ဝမ်းတစ်ထွာက ဘောင်ဘင်ခတ်လျက်။ ခေါင်မှ ယိုစိမ့်ကျနေသည့် ဇွန်မိုးစက်များကို ငေးရင်း မနက်ဖြန်အကြောင်း မေ့ထားချင်မိသည်။

Most Read

Most Recent