သင်္ဘောပျက်များ

သင်္ဘောပျက်များ
Published 24 June 2018

Photo: Shutterstock

တစ်ခါတစ်ခါမှာ လူ့လောကဟာ ပင်လယ်ပြင်လိုပဲလို့ တွေးမိတယ်။ ကျွန်တော်တို့ ဘဝတွေအပေါ် သက်ရောက်လာတဲ့ ကံတရား အဆိုးအကောင်းတွေကတော့ ပင်လယ်ပြင်ကို ဖြတ်သန်းလာတဲ့ လေပြည်နုနုလေးတွေ၊ လှိုင်းထရေလွှာတွေနဲ့ အားကောင်းလွန်းတဲ့ မိုးသက်မုန်တိုင်းတွေပဲ ဖြစ်မှာပေါ့။ ကျွန်တော်တို့ဟာ မာလိန်မှူးကောင်းတွေ မဟုတ်ခဲ့ရင်တောင်မှ မာလိန်မှူးကောင်းတွေဖြစ်ဖို့ အစဉ်အမြဲ ကြိုးစားရုန်းကန်နေကြရတယ်။ နေ့စဉ်ဘဝရဲ့ လိုအပ်ချက် ဝဲဂယက်တွေကို အကောင်းမွန်ဆုံး ကျော်လွှားသွားနိုင်ဖို့ ကျွန်တော်တို့ ဘဝတွေကို သတိကြီးကြီးထားပြီး ခုတ်မောင်းနေရတယ်။ ဟုတ်တယ်။ ကျွန်တော်တို့ဘဝတွေက သင်္ဘောတွေပဲပေါ့။

ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ စိတ်အတွင်းပိုင်းထဲမှာရှိတဲ့ ပါဝါတစ်စုံတစ်ရာရဲ့ လမ်းညွှန်မှုနဲ့ ခရီးဆက်နေကြရတယ်။ ကျွန်တော်တို့ရဲ့ဘဝသင်္ဘောကြီး ဆက်လက်ခုတ်မောင်းနိုင်ဖို့ လိုအပ်တဲ့ လောင်စာတွေရရှိမှုဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ဘူး။ အခြေခံအားဖြင့်တော့ ဝါသနာတို့ ငွေကြေးတို့ ဂုဏ်သိက္ခာတို့ ချစ်ခြင်းမေတ္တာတို့ ဘာတို့ဖြစ်မှာပေါ့။ တစ်ယောက်ချင်းစီရဲ့ ခံယူချက် ယုံကြည်ချက်နဲ့ ဘဝပေးအခြေအနေတွေ ပေါ်မူတည်ပြီး ကျွန်တော်တို့ဟာ နိုင်ငံရေးသမားတွေ၊ အာဏာရှင်တွေ၊ ခရိုနီတွေ၊ သူပုန်သူကန်တွေနဲ့ သာမန်ပြည်သူပြည်သားတွေရယ်လို့ လူတန်းစားစုံလင် ကွဲပြားခြားနားသွားကြတယ်။

မြို့ပြရဲ့ လူစည်ကားတဲ့လမ်းမတစ်နေရာမှာ လူအုပ်ကြီးဟာ လှုပ်ရှားသွားလာနေကြတယ်။ ကျွန်တော်ဟာ ဒီမြင်ကွင်းကို တစ်ခုမကတဲ့ တီဗွီဖန်သားပြင် မြောက်မြားစွာထက်မှာ တစ်ပြိုင်နက်ပေါ်နေတာကို အရောင်းပြခန်းရဲ့ မှန်နံရံတစ်ဖက် ပလက်ဖောင်းပေါ်ကနေ ရပ်ငေးကြည့်နေမိတယ်။ ကိုယ့်ဘဝကိုယ့် သင်္ဘောတစ်စင်းလို ခုတ်မောင်းနေကြတဲ့ မြို့ပြလူသားတွေပါပဲ။ ဘယ်မာလိန်မှူးက မိမိသင်္ဘောကို အကောင်းမွန်ဆုံးလမ်းကြောင်းကနေ သယ်ဆောင်ပြီး ကျောက်သံပတ္တမြားတွေ ပြည့်နှက်နေတဲ့ ကျွန်းတစ်ကျွန်းဆီ အရောက်လှမ်းသွားနိုင်မလဲ။ ဘယ်မာလိန်မှူးက မိမိသင်္ဘောကို ပင်လယ်ပြင်တစ်နေရာမှာ ဘယ်လိုအကြောင်းနဲ့ ပျက်စီးဆုံးရှုံးစေမလဲ။

ရွှေရောင်အနာဂတ်ဆိုတဲ့ စကားလုံးကို ကြားဖူးကြမှာပေါ့။ တစ်နေရာရာမှာ တစ်ယောက်ယောက်က ဒီစကားလုံးကို သုံးနှုန်း ပြောဆိုလိုက်တဲ့အခါမျိုး ဒါမှမဟုတ် စာအုပ်တစ်အုပ်အုပ် သီချင်းတစ်ပုဒ်ပုဒ်ထဲမှာ ဒီစကားလုံးကို ဖတ်လိုက်ရတဲ့အခါမျိုး နားထောင်လိုက်ရတဲ့အခါမျိုးတွေမှာ ဘယ်လိုဖြစ်တယ်မပြောတတ်ဘူး။ ကျွန်တော်ဟာ ဆွေမျိုးထဲက ဦးလေးတစ်ယောက်ကိုပဲ ပြန်သတိရသွားမိတတ်တယ်။ အထူးသဖြင့် အဲဒီဦးလေးနဲ့ စတွေ့ကာစ အချိန်တွေပေါ့လေ။ အသက် ၂၀ ဝန်းကျင် လူငယ်တစ်ယောက်၊ တက္ကသိုလ်လက်ရွေးစင် ဘောလုံးသမား။ သူ့သေတ္တာကို လှပ်လိုက်ရင် တီရှပ်အထပ်လိုက်၊ သူ့အံဆွဲကို ဖွင့်လိုက်ရင် အင်္ဂလိပ်သီချင်းခွေအထပ်လိုက်၊ မြန်မာပြည်က အကြီးဆုံးဟိုတယ်တစ်ခုမှာ ဘားမန်းလုပ်တယ်။ မကြာခင် ပြည်ပနိုင်ငံတစ်ခုကို အလုပ်သွားလုပ်ရမယ်။ အဲသလို အနေအထားမှာ ကျွန်တော်ဟာ ဦးလေးနဲ့ စတင်ဆုံတွေ့ခဲ့တယ်။

ဦးလေးဟာ အတော်ဆုံး ဟုတ်ချင်မှဟုတ်မယ်။ ဒါပေမဲ့ ဦးလေးဟာ အတော်ဆုံးတွေထဲက တစ်ယောက်ပါပဲ။ ဒါကိုတော့ ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်ခဲ့ရတယ်။ တရွေ့ရွေ့ နီးကပ်လာနေတဲ့ မုန်တိုင်းကိုတော့ ဘယ်သူမှ မမြင်ခဲ့ကြပါဘူး။ ပင်လယ်ပြင်ဟာ လူ့လောကနဲ့တူတယ် ဆိုရင်တောင် အနည်းဆုံးတော့ မုန်တိုင်းလာမယ် မလာဘူး ကြိုတင်ခန့်မှန်း သိနိုင်ပါလိမ့်မယ်။ လူ့လောက ပင်လယ်ပြင်ကတော့ ဘာကိုမှ ကြိုတင်မခန့်မှန်းနိုင်ဘူး။ ဦးလေးဟာ ပြည်ပနိုင်ငံတစ်ခုကိုအထွက် လေယာဉ်ပေါ်မှာပဲ ပြဿနာတက်ပြီး အိမ်နီးချင်းနိုင်ငံတစ်ခုမှာ နှစ်ရှည်ထောင်ကျသွားခဲ့ ရပါတော့တယ်။ ဒီအကြောင်းတွေကိုလည်း ကျွန်တော်တို့ဟာ နှစ်ချီကြာမှ သိရတယ်။ ဒီလိုနဲ့ ဦးလေးဟာ ကျွန်တော်တို့နဲ့ ဝေးကွာသွားခဲ့ရတယ်။

ကျွန်တော်တို့ဟာ မွေးကတည်းက စစ်အုပ်ချုပ်ရေးလက်အောက်မှာ နေထိုင်လာခဲ့ကြရတာမို့ အစစအရာရာ ခက်ခဲတယ်။ အဆက်အသွယ်မျိုးစုံနဲ့ ဦးလေးအတွက် ကြိုးစားကြပေမဲ့ အရာသိပ်မထင်ဘူး။ ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ လွတ်ငြိမ်းချမ်းသာခွင့် တစ်ခုမှာ ဦးလေး ပြန်လွတ်လာတယ်။ ထွက်သွားတုန်းကနဲ့ ဘာမှမဆိုင်တဲ့ အသွင်အပြင် ကျန်းမာရေးမျိုးနဲ့ပေါ့။ အမျိုးတွေအိမ် လှည့်ပတ်နေရင်း တစ်ကြိမ်မှာ ဦးလေးဟာ ကျွန်တော်တို့ အိမ်ရောက်လာတယ်။ ဒီကြားထဲ သူ့အရင် သူငယ်ချင်းဟောင်းတွေ ကူညီလို့ အလုပ်ကလေးတစ်ခု နှစ်ခု ဝင်လုပ်ပါသေးတယ်။ ကြာရှည် အဆင်မပြေပါဘူး။ သူနေခဲ့တဲ့အမျိုးတွေအိမ်မှာလည်း ပြဿနာငယ် တစ်ခုမဟုတ်တစ်ခု တက်ခဲ့တာချည်းပါပဲ။ ကျွန်တော်တို့အိမ်မှာတော့ ဦးလေးဟာ နှစ်နှစ်ခွဲ သုံးနှစ်လောက် နေသွားခဲ့ပါတယ်။ ထုံးစံအတိုင်း ကျွန်တော့်ညီနဲ့ ဘာမဟုတ်တဲ့ ပြဿနာတစ်ခုတက်ပြီး ထွက်မသွားခင်အထိပေါ့။

တကယ်တော့ ပြဿနာတိုင်းက သူ့အမှားချည်းပဲတော့လည်း မဟုတ်ပါဘူး။ သူ့ဘဝမှာ သူဟာ မာလိန်မှူးကောင်းတစ်ယောက် ဖြစ်ခဲ့ပြီးသားပါ။ ဒါပေမဲ့ သူ့သင်္ဘောဟာ ကြီးမားတဲ့ မိုးသက်မုန်တိုင်းဒဏ်ကို အလူးအလဲ ခံလိုက်ရတယ်။ ရွက်တိုင်တွေ လဲပြို၊ နံရံတွေ ကျိုးပေါက်၊ ကြမ်းပြင်တွေ အက်ကွဲ၊ မည်းမည်းမှောင်နေတဲ့ ကောင်းကင်မုန်တိုင်းအောက်မှာ သူ့သင်္ဘောဟာ ရေစုန်မျောခဲ့တယ်။ ကံကောင်းထောက်မလို့ ဆက်လက်ရှင်သန်ခွင့်ရခဲ့ပေမယ့် သူ့အတွင်းထဲက အရေးကြီးတဲ့ အစိတ်အပိုင်းတချို့ဟာ ပုံစံမပျက် ဆွေးမြည့်သွားခဲ့ကြပုံရတယ်။ ဦးလေးဟာ တိတ်ဆိတ်လာတယ်။ ဘယ်သူ့ကိုမှ သူမယုံဘူး။ ပြည်ပနိုင်ငံကိုအသွား လေယာဉ်ပေါ်မှာ ပါလာတဲ့ စစ်ထောက်လှမ်းရေးလို့ ယူဆရသူတစ်ဦးနဲ့ သူရန်ဖြစ်ခဲ့တယ်။ သူဟာ စစ်အစိုးရဆန့်ကျင် သူမြေအောက်လှုပ်ရှားသူတစ်ယောက်အဖြစ် ချောက်ချ သတင်းပေးခံထားရတယ်။ ပြည်ပမှာရှိတဲ့ ကျောင်းသားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဖို့ ထွက်ခွာသူတစ်ယောက်လို့ စစ်ထောက်လှမ်းရေးက ယူဆပြီး ပြဿနာရှာတယ်။ ကျွန်တော်တို့ အိမ်ရောက်လာကာစတုန်းက သူ ပြောပြခဲ့တာတွေဟာ ယုံတမ်းစကားတွေလိုပါပဲ။ ဖြစ်ချင်တော့ လေယာဉ်ပေါ်မှာ ရန်ဖြစ်တဲ့သူ့အမှုက နိုင်ငံတကာရဲမှုခင်း ဖြစ်သွားတယ်။ ပိုဆိုးသွားတာက သူက အရက်သောက်ထားပြီး တစ်ဖက်လူက မူးယစ်ကင်းစင်နေခဲ့တယ်။

သူ့သင်္ဘောဟာ ဖြည်းဖြည်းချင်း နစ်မြုပ်နေခဲ့တယ်။ သူ့ဘဝကလည်း သင်္ဘောပျက် တစ်စင်းပေါ်က မာလိန်မှူးဖြစ်သွားတယ်။ တစ်ခါတစ်ခါတော့လည်း အကောင်းမြင်စိတ်နဲ့ သူဟာ သင်္ဘောဝမ်းဗိုက်ထဲ ဝင်ရောက်နေတဲ့ ရေတွေကို ခပ်ထုတ်လို့ပေါ့။ ဒါပေမဲ့ များသောအားဖြင့်တော့ သူ့သင်္ဘော ဘယ်ရောက်ရောက် သူလိုက်ပါသွားဖို့ အဆင်သင့်စိတ်နဲ့ အေးစက်နေတတ်တာ များတယ်။ ဘယ်လို မျှော်လင့်ချက်မျိုးနဲ့မှ သူဟာ ပြန်မလာတော့ဘူးဆိုတဲ့ အတွေးမျိုး ကျွန်တော် မကြာခဏ တွေးမိတိုင်း သူ့နာကျင်မှုတွေက ကျွန်တော့်ဆီ ကူးစက်လာသလို ခံစားရတယ်။ ပင်လယ်အောက်ခြေမှာ တွေ့ရှိသူမရှိ၊ ငြိမ်သက်နေတဲ့ ရတနာသေတ္တာတွေလိုပဲ သူ့စိတ်ရဲ့အတွင်းပိုင်းထဲမှာ အနာတရတွေဟာ အနည်ကျ ကျောက်ဖြစ်နေကြသလို ထင်ရတယ်။ သူဟာ သီးခြားပိုဆန်လာတယ်။ အမျိုးတစ်ယောက်ယောက်ဆီမှာ သူ နေထိုင်နေမှာဖြစ်ပေမဲ့ သူ မရှိသလိုပါပဲ။ ပင်လယ်ပြင်အောက်မှာ ရပ်တန့်နေတဲ့ သင်္ဘောပျက်တွေလိုပေါ့။

ကျွန်တော့်မှာ လှိုင်းထန်လေကြမ်းတဲ့ အချိန်ကာလတွေနဲ့ ရင်ဆိုင်ရပြီဆိုရင် ဦးလေးကို သတိရမိသွားတတ်တယ်။ ကျွန်တော်ဟာ ဘဝကို ရည်ရွယ်ချက် ကြီးကြီးမားမားတွေဘာတွေ ထားရှိခဲ့ဖူးတဲ့ကောင် မဟုတ်ပါဘူး။ ဦးလေးလို ရွှေရောင်အနာဂတ်မျိုးလည်း ကျွန်တော် မပိုင်ဆိုင်ခဲ့ဖူးဘူး။ ဦးလေးလို မုန်တိုင်းဆိုးမျိုးလည်း မကြုံတွေ့ခဲ့ဖူးတော့ ကျွန်တော့်သင်္ဘောဟာ ခုတ်မောင်းမြဲပေါ့။ ခက်တာက ကျွန်တော်တို့ဟာ အစကတည်းက အခွင့်အလမ်းတို့ အခွင့်အရေးတို့ သိပ်နည်းပါးလွန်းတဲ့ နေရာမှာ နေထိုင်ကြရတာ မဟုတ်လား။ တစ်ခါတလေတော့လည်း ကျွန်တော့်လို အစွမ်းအစ ခပ်နည်းနည်း မာလိန်မှူးတစ်ယောက် ပျာယာခတ်သွားစေမယ့် ကံဆိုးမိုးမှောင်ကျမှုတွေကို ကြုံခဲ့ရတယ်။ ဒီလိုအဆိုးမျိုးတွေ ကြုံလာပြီးနောက်ပိုင်း ကျွန်တော် မြင်တတ်လာတယ်။ ကျွန်တော်တို့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လမ်းပျောက်သွားတဲ့ မာလိန်မှူးတွေ။ မတရားသဖြင့် ဆိုးရွားပြင်းထန်လွန်းတဲ့ မုန်တိုင်းတွေ၊ နောက်ပြီး ပင်လယ်ပြင်အောက်က အေးစက်သင်္ဘောပျက်တွေလေ။ အထီးကျန် အမှောင်တိုက်ထဲမှာ ဘယ်လိုတေးသီချင်းမျိုးကမှ သူတို့ကို လှုပ်နှိုးနိုင်တော့မယ်မထင်ဘူး။

(၂၀၀၃ ခုနှစ် ဇန်နဝါရီလထုတ် Idea မဂ္ဂဇင်းပါ ကဗျာဆရာပိုင်ရဲ့ ‘သင်္ဘောပျက်များ’ ခေတ်ပေါ်ကဗျာမှတစ်ဆင့် ခံစားရေးဖွဲ့ပါတယ်)

Most Read

Most Recent