၆၀ ကျော်တစ်ဦးရဲ့ အမှန်တရားများ

၆၀ ကျော်တစ်ဦးရဲ့ အမှန်တရားများ
Published 23 June 2018

ဓာတ်ပုံ-ကြည်နိုင်

စာရေးဆရာမ အန်လာမော့ကို ကျွန်မ ဖတ်ခဲ့တဲ့ စာရေးနည်း စာအုပ်တစ်အုပ်က သူမရဲ့ ငှက်တစ်ကောင်ပြီးတစ်ကောင် (Bird by Bird) ဆိုတဲ့ စာအုပ်ကို ညွှန်းဆိုရာက သိခွင့်ရခဲ့ခြင်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၆ နှစ် လောက်ကဖြစ်မယ်လို့ ထင်ပါတယ်။ သူမ စာအုပ်ခေါင်းစဉ်က သူမတို့ ကလေးဘဝမှာ စာရေးဆရာတစ်ဦးဖြစ်တဲ့ သူမဖခင်က သူမ အစ်ကိုကိုပြောခဲ့တဲ့ စကားကနေ ဆင်းသက်လာခဲ့တာပါ။ သူမအစ်ကိုက ကျောင်းက အိမ်စာပေးလိုက်တဲ့ ငှက်တွေအကြောင်း စာတမ်းကိုမရေးဘဲ အချိန်ဆွဲပြီး နောက်ရွှေ့နေ ခဲ့ပါတယ်။ နောက်နေ့လို အပြီးသတ်ရတော့မယ်ဆိုတော့ သူက ငိုပါတယ်။ အဲဒီအချိန်မှာ သူမဖခင်က သူ့အစ်ကိုကို သူလုပ်ရမယ့် အလုပ်က တစ်ကြိမ်မှာ ငှက်တစ်ကောင်အကြောင်းကိုသာ ရေးသားရုံပါလို့ ပြောပြခဲ့ပါတယ်။ ငှက်တစ်ကောင်ပြီး တစ်ကောင် ပုံမှန် ရေးသားသွားခဲ့မယ်ဆိုရင် သူ့ရဲ့ စာတမ်းက အချိန်တန်ရင် ပြီးဆုံးသွားမယ်ဆိုတဲ့ သဘောပါ။ စာရေးချင်သူတွေကို အဲဒီဥပမာပြပြီး ပုံမှန်စာရေးဖို့ တိုက်တွန်းထားတာပါ။

အဲဒီစာအုပ်ကို ဖတ်ချင်ပေမယ့် ဖတ်ဖို့ နှစ်ပေါင်းများစွာ လက်လှမ်းမမီခဲ့ပါဘူး။ သို့ပေမဲ့ စာအုပ်ခေါင်းစဉ်ကို စွဲစွဲမြဲမြဲ မှတ်မိနေရင်း ကျွန်မ လက်လှမ်းမီနိုင်တဲ့အချိန်မှာ ဝယ်ယူဖြစ်ခဲ့ပါတယ်။ သူမရဲ့ ရေးသားချက်အရ သူမက ဘဝတစ်လျှောက်လုံးကို စာရေးခြင်းထဲမှာ နှစ်မြှုပ်ထားသူ၊ စာရေးနည်းလည်း သင်ကြားပေးသူတစ်ယောက်ဖြစ်ကြောင်း သိခဲ့ရပါတယ်။

ကျွန်မ နှစ်များစွာ စိတ်ဝင်တစားရှိခဲ့တဲ့ စာရေးဆရာမတစ်ဦးကို TED Talk ပြောသူအဖြစ် အွန်လိုင်းပေါ်မှာ တွေ့ခဲ့ရချိန်မှာ သူမရဲ့ TED Talk ကို အလေးထားပြီး နားထောင်ဖြစ်ခဲ့ပါတယ်။ သူမရဲ့ ရုပ်ပုံလွှာကို ပထမဆုံးအကြိမ် မြင်ဖူးခဲ့ခြင်းပါ။ သူမက အသက် ၆၀ ကျော်နေပြီဖြစ်ကြောင်း သူမရဲ့ ဟောပြောချက်ထဲကတစ်ဆင့် သိခွင့်ရခဲ့ပါတယ်။ သူမရဲ့ ဟောပြောမှုခေါင်းစဉ်က ဘ၀ နဲ့ စာရေးသားခြင်းတွေကနေ သူမ သင်ယူရရှိခဲ့တဲ့ အမှန်တရား ၁၂ ခု ဖြစ်ပါတယ်။ သူမ ပြောတဲ့ အမှန်တရားတွေကို နားထောင်ရင်း ကျွန်မသိမြင်လာခဲ့တဲ့ အမှန်တရားတွေနဲ့ လိုက်လံချိန်ထိုးကြည့်မိပါတယ်။

သူမ ပြောခဲ့တဲ့ ပထမဆုံး အမှန်တရားက အမှန်တရားတွေအားလုံးက ဝိရောဓိဖြစ် နေပါတယ်တဲ့။ ဘဝကတစ်ဖက်မှာ လှပ ကောင်းမွန်တဲ့ အရာတွေကို ပေးအပ်ထားသလို အခြားတစ်ဖက်မှာ ဆိုးရွားတဲ့အရာ တွေ၊ ထိန်းချုပ်လို့ မရတဲ့အရာတွေကိုလည်း ပေးအပ်ထားကြောင်း သူမက ညွှန်းဆိုပြော ပြသွားခဲ့ပါတယ်။ အမှန်တရားတွေ အားလုံးက ဝိရောဓိဆိုတာကို အငြင်းပွားနိုင်မှာဖြစ်ပေမယ့် သူမရဲ့ရှင်းလင်းချက်ကိုတော့ ငြင်းဖို့ ခက်ပါတယ်။ ဒုတိယ အမှန်တရားက ဆက်သွယ်မှုတွေအားလုံးကို မိနစ်အနည်းငယ် ဖြုတ်ပစ်လိုက်ရင် အရာရာတိုင်းက ပြန်ပြီး အဆင်ပြေသွားမှာပါတဲ့။ သူမက ပြောမသွားခဲ့ပေမဲ့ ကျွန်မ ပထမဆုံးတွေးမိတဲ့ ဥပမာတစ်ခုက ဆိုရှယ်မီဒီယာပါ။ Facebook သုံးဖြစ်တဲ့ ကာလတွေတုန်းက တစ်ခါတစ်ရံအထဲမှာ ငြင်းခုံရန်ဖြစ် ဒါမှမဟုတ် ပို့စ်တွေကို ကြည့်ပြီး စိတ်ဆင်းရဲ၊ ဒေါသထွက်တွေ ဖြစ်ခဲ့တဲ့ ကာလတွေကို ကြုံခဲ့ဖူးပါတယ်။ အဲဒီလို အချိန်တွေမှာ အဲဒါတွေအားလုံးကို ပိတ်ထားပြီးဝေးရာမှာ နေကြည့်လိုက်ရင် လောကကြီးကို မြင်တဲ့အမြင်တွေ ပြောင်းလဲလာပြီး အရာရာ ပြန်အဆင်ပြေလာတယ်လို့ ခံစားရတာကို သတိပြုမိခဲ့ဖူးပါတယ်။ အမေရိကန်နိုင်ငံ ယူစီဘာကလေတက္ကသိုလ်ရဲ့ Greater Good မဂ္ဂဇင်းက ဆောင်းပါးတစ်ပုဒ်ထဲမှာ Facebook သုံးသူ ၅၀၀၀ ကျော်ကို နှစ်နှစ်အကြာမှာ တိုင်းတာကြည့်တဲ့အခါ ဘဝကို ကျေနပ်ရောင့်ရဲမှုတွေ လျော့ကျသွားပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေ ပိုမိုဆိုးရွားလာတယ်လို့တွေ့ရကြောင်း ဆိုထားပါတယ်။ အဲဒါက ပို့စ်တွေတင်၊ ကွန်မန့်တွေပေး စသဖြင့် တက်တက်ကြွကြွပဲ သုံး နေနေ၊ အခြားသူတွေ တင်တာတွေကိုပဲ ထိုင်ကြည့်ထိုင်ဖတ်ပြီး ခပ်အေးအေးပဲ သုံးနေနေ အတူတူပါပဲတဲ့။ ကျွန်မ ကမ္ဘာ့သတင်းတွေ ကြည့်ပါများခဲ့တဲ့ ကာလတွေကလည်း ကမ္ဘာ့ ဒေသအသီးသီးမှာရှိနေတဲ့ ထိခိုက်ပျက်စီးမှုတွေ၊ ထိတ်လန့်အံ့သြစရာတွေ၊ စိုးရိမ်ပူပန် စရာတွေကသာ အဓိကသတင်းတွေဖြစ်လေ့ရှိတာမို့ အပျက်တွေချည်းမြင်ပြီး စိုးရိမ်ပူပန် စိတ်တွေ များလာခဲ့ဖူးပါတယ်။ အစစအရာရာ အဆင်မပြေတော့ဘူးလို့ ခံစားရတိုင်း အားလုံးကို ပိတ်၊ လူတွေနဲ့ ဝေးရာမှာ ခဏနေလိုက်တာက ကိုယ့်မှာ တကယ်ရှိမနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းပဲလို့ သိခဲ့ဖူးတာကြောင့် သူမ ပြောတာကို ကျွန်မ သဘောတူဖြစ်ပါတယ်။

သူမ ပြောတဲ့ တတိယအမှန်တရားက ခန္ဓာကိုယ်က အစိတ်အပိုင်း တစ်စုံတစ်ခုကို လဲလှယ်ဖို့ အလှူရှင်ကို စောင့်နေရတဲ့ အခြေအနေမျိုးကလွဲရင် မိမိရဲ့ ပြင်ပကအရာတွေက မိမိကို ရေရှည်အတွက် ကူညီနိုင်စွမ်း မရှိပါဘူးတဲ့။ မိမိငြိမ်းချမ်းဖို့၊ မိမိအတွက် ရေရှည်ခံမယ့် တိုးတက်မှုတွေ ရရှိဖို့ဆိုတာ မိမိအတွင်းထဲကသာ ဆောင်ရွက်လို့ရတဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်တဲ့။ သူတစ်ပါးရဲ့ ပြဿနာ တွေ၊ ကိစ္စရပ်တွေကို ကျွန်မတို့က ဝင်ဖြေ ရှင်းပေးလို့ မရနိုင်ကြောင်း၊ အရွယ်ရောက်ပြီး ဖြစ်တဲ့ မိမိသားသမီးတွေရဲ့ ပြဿနာတွေ၊ ကိစ္စရပ်တွေ ဖြစ်နေရင်တောင် သူတို့ဘာသာ သူတို့ အဖြေရှာဖို့ ခွင့်ပြုရမှာဖြစ်ကြောင်း သူမက ပြောခဲ့တာ ဖြစ်ပါတယ်။ ကျွန်မ အမြဲတမ်း မှတ်မိနေတဲ့ စတီဖန်အာကိုဗေးရဲ့ The Seven Habits of Highly Effective People စာအုပ်ထဲက ဥပမာပေးဇာတ်လမ်းကလေးကို ပြေးသတိရမိပါတယ်။ မျက်မှန်စမ်းသပ်စစ်ဆေးသူက မျက်စိလာစမ်းသူကို သူ့မျက်မှန်ချွတ်ပေးပြီး အနစ်နာခံ ကူညီလိုက်တဲ့ ဥပမာပါ။ သူ မျက်မှန် ဆုံးရှုံးရသလို လာစစ်ဆေးသူအတွက်ကလည်း ပါဝါမကိုက်တဲ့ မျက်မှန်မို့ ဘာမှအသုံးမဝင်ပါဘူး။ ဘယ်သူမှ အကျိုးမရှိတဲ့ အကူအညီတွေကို ကျွန်မကိုယ်တိုင် ဘယ်နှကြိမ်ပေးခဲ့ဖူးသလဲ။ ဘယ် နှကြိမ် အပေးခံခဲ့ရသလဲ။ ကျွန်မ သတိတရ ရှိနေဆဲ ဖြစ်ရပ်အချို့က ကျွန်မကို စိတ်မသက်သာစွာ ပြုံးမိစေခဲ့ပါတယ်။ သူမက ကျွန်မတို့ရဲ့ အကူအညီပေးမှုတွေက များ သောအားဖြင့် အဆိပ်တွေဖြစ်သွားတတ်တယ်တဲ့။ ကျွန်မ အကြွင်းမဲ့ လက်ခံဖြစ်တဲ့ အမှန်တရားတစ်ခုပါပဲ။

နံပါတ်လေး အမှန်တရားကတော့ လူတိုင်းမှာ အဆင်မပြေမှုတွေ၊ ထိခိုက်မှုတွေ၊ တွယ်ဖက်မှုတွေ၊ ကြောက်ရွံ့မှုတွေ ရှိနေတာ ကြောင့် လူတွေရဲ့ အပြင်ပန်းကိုကြည့်ပြီး မိမိရဲ့အတွင်းနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်ပါနဲ့တဲ့။အဲဒါက မိမိကို လက်ရှိထက် အခြေအနေ ပို ဆိုးသွားစေပါလိမ့်မယ်တဲ့။ ဟုတ်ပါတယ်။ လူတွေအားလုံးက ကိုယ့်အပူနဲ့ကိုယ် ရုန်းကန်နေကြရတာချည်းပါပဲ။ ညည်းညူမနေတိုင်း အစစအရာရာ အဆင်ပြေနေတာ မဟုတ် ပါဘူး။ နံပါတ်ငါးကတော့ ၇၅ ရာခိုင်နှုန်းကို ကာပါတဲ့ ချောကလက်က စားစရာမဟုတ်ပါဘူးတဲ့။ မြွေထောင်ဖို့၊ လှုပ်နေတဲ့ခုံကို ငြိမ်အောင် ခုဖို့လောက်သာ ကောင်းမယ့်အရာပါတဲ့။ ချောကလက်အမည်းတွေက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတဲ့ စာတွေကို ဖတ်ခဲ့ဖူးတာမို့ ကိုကာရာခိုင်နှုန်းများတဲ့ ချောကလက်တွေကို ရွေးစားဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ၇၂ ရာခိုင်နှုန်းအထိသာ စားလို့ရခဲ့ပြီး အဲဒီထက် ကိုကာပိုများတာတွေက ဆေးခါးမျိုရသလို ခံစားရတာမို့ သူမပြောတာကို သဘောတူမိပြန်ပါတယ်။

နံပါတ်ခြောက်က စာရေးခြင်းနဲ့ပတ်သက်လို့ပါ။ ကျွန်မတို့ သိတဲ့ စာရေးသူတိုင်းရဲ့ ပထမဆုံးရေးတဲ့ စာမူကြမ်းတွေက အလွန်ကို ဆိုးဆိုးရွားရွား ဖြစ်ပါတယ်တဲ့။ ကွာခြားသွားစေတဲ့အချက်ဟာ သူတို့က အလုပ်လုပ်ကြတယ်။ သူတို့ကို ဖြတ်သန်းလာတဲ့ ဇာတ်လမ်းတွေကို နည်းနည်းချင်း ရေးသားသွားကြတယ်တဲ့။ ပထမဆုံးရေးတဲ့ စာမူကြမ်းတွေဟာ အလွန်ကို ဆိုးရွားတာကတော့ ကျွန်မအတွက် အမှန်ပါပဲ။ စာရေးဖု့ိကို ဘယ်ကစရမယ်မှန်းမသိရင် ကျွန်မတို့တွေ့ကြုံခံစားခဲ့ ရတဲ့အရာတွေက ကျွန်မတို့ရဲ့ ကိုယ်ပိုင်တွေ မို့ အဲဒီအတိုင်း စတင်ရေးသားဖို့ တိုက်တွန်းထားပါတယ်။ လူတွေက သူတို့အကြောင်း ပိုပြီး နွေးနွေးထွေးထွေး အရေးခံချင်ရင် သူတို့ က ပိုပြီး ကောင်းကောင်းမွန်မွန် နေခဲ့ကြပေါ့တဲ့။ ကိုယ့်အသံကိုယ် ထုတ်ဖော်ပြီး မရေးခဲ့ရင် တစ်နေ့မှာ နောင်တရနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ ကျွန်မ သတ္တိတွေမွေးနေဆဲပါပဲ။

နံပါတ်ခုနစ်က ပုံနှိပ်ထုတ်ဝေခံရမှုတွေ၊ ဖန်တီးခြင်းနဲ့ပတ်သက်တဲ့ ယာယီအောင်မြင်မှုတွေက စာရေးသူတွေအတွက် အဲဒီကနေ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာအောင် ကြိုးစားရမယ့် အရာတွေသာ ဖြစ်ပါတယ်တဲ့။ အဲဒီအရာတွေက စာရေးသူတွေကို သတ်ပစ်နိုင်ပါတယ်တဲ့။ အောင်မြင်မှုတွေက အတွင်းထဲမှာ ရှိနေတဲ့ စိတ်ဒဏ်ရာတွေကို မကျက်စေနိုင်ပါဘူး။ စာရေးသားခြင်းကသာ စိတ်ဒဏ်ရာတွေကို ကျက်စေနိုင်တာ ဖြစ်ပါတယ်တဲ့။ အောင်မြင်မှုတွေက စာရေးသူတွေကို နာကျင်စေနိုင်တယ်၊ ပျက်စီးစေနိုင်တယ်၊ ထင်မထားတဲ့ ပုံစံအထိ ပြောင်းလဲသွားစေနိုင်တယ်လို့ သူမက ဆိုပါတယ်။ အောင်မြင်မှုတွေနဲ့ ပတ်သက်လို့ ကျွန်မခန့်မှန်းနားလည်လို့သာ ရနိုင်ပေမယ့် စာရေးသားခြင်းက စိတ်ဒဏ်ရာတွေကို အတိုင်းအတာတစ်ခုအထိ ကျက်စေနိုင်တယ် ဆိုတာကိုတော့ လက်ခံမိပါတယ်။ နံပါတ်ရှစ်က မိသားစုတွေက ဘယ်လောက် ချစ်မြတ်နိုးတာပဲဖြစ်ဖြစ်၊ ဘယ်လောက် အံ့အားသင့်စရာ ကောင်းတာ ပဲဖြစ်ဖြစ် အလွန်ကိုခက်ခဲပါတယ်တဲ့။ မိသားစု ဆုံတွေ့ပွဲတွေမှာ လူသတ်မိမလို၊ ကိုယ့် ကိုယ်ကိုယ် သတ်သေမိမလို ရုတ်တရက် ခံ စားရတာမျိုးအထိ ဖြစ်တတ်ပါတယ်တဲ့။ ခွင့် လွှတ်မှုတွေကို ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်မှု ကနေ စတင်ဆောင်ရွက်ဖို့ သူမက အကြံပြု ထားပါတယ်။ ကျွန်မအတွက် အငြင်းပွားစရာ မရှိပါဘူး။

နံပါတ်ကိုးကတော့ အစားအစာနဲ့ပတ်သက်လို့ အနည်းငယ် ပိုကောင်းကောင်းမွန်မွန် ဆောင်ရွက်ဖို့ပါ။ နံပါတ် ၁၀ နဲ့ ၁၁ က သူမရဲ့ ဘာသာရေးအမြင်နဲ့ ပတ်သက်နေတာတွေမို့ ကျွန်မ ချန်ထားလိုက်ပါတယ်။ နောက်ဆုံးဖြစ်တဲ့ နံပါတ် ၁၂ က သေခြင်းတရားအကြောင်းပါ။ မိမိဘဝထဲမှာ သူတို့မရှိဘဲ မနေနိုင်ဘူးလို့ ခံစားရတဲ့ လူအနည်းငယ်ပဲ ရှိတတ်ပါတယ်။ အဲဒီထဲက တစ်စုံတစ်ယောက် သေဆုံးသွားချိန်မှာ အဲဒီအခြေအနေကို ကျော်လွန်ဖြတ်သန်းဖို့ တကယ်တမ်းမှာ မလွယ်ကူလှပါဘူးတဲ့။ ဒါပေမဲ့ သူမလို အရွယ်မျိုးရောက်လာရင် ကျွန်မတို့က သေခြင်းတရားဟာ မွေးဖွားခြင်းလိုပဲ အထွတ်အမြတ်ထားအပ်တဲ့အရာလို့ မြင်လာပါလိမ့်မယ်တဲ့။ သူမက “အားလုံးပြောပြီး ဆိုပြီးရှိကြတဲ့အခါ၊ ငါတို့အားလုံးက တကယ်တော့ တစ်ယောက်ကိုတစ်ယောက် အိမ်ပြန်ပို့နေကြတာပါပဲ”ဆိုတဲ့ စိတ်ပညာရှင်၊ စာ ရေးဆရာရမ်ဒါ့စ်ရဲ့ စကားကို ကောက်နုတ် ပြောပြခဲ့ပါတယ်။

သေခြင်းတရားကို သတိရလိုက်ခြင်းက လူတစ်ယောက်ကို ချက်ချင်း ရိုကျိုးနှိမ့်ချသွားစေနိုင်ပါတယ်။ ဒါက ကျွန်မတို့ အားလုံးရဲ့ သွားရာလမ်း၊ ကျွန်မတို့ မရှိမဖြစ်လို အပ်တယ်လို့ ခံစားရသူတွေရဲ့ သွားရာလမ်း ပါပဲ။ ထွက်ခွာသူတွေလည်း ထွက်ခွာသွားခဲ့ ပြီးပါပြီ။ နောက်ထပ် ဘယ်သူအရင် ထွက်ခွာမလဲ မသိနိုင်ပါဘူး။ ဒါကို သတိရတိုင်းမှာ ဦးစားပေးမှုတွေ ပြောင်းသွားတတ်သလို အမြင်တွေလည်း ပြောင်းသွားတတ်ပါတယ်။ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် အိမ်ပြန်ပို့ရင်း လမ်းမှာ ရန်တွေဖြစ်နေမလား၊ တစ်ယောက်ကို တစ်ယောက် ဆွဲချနေကြမလား၊ မကျေမနပ်တွေ ဖြစ်နေကြမလား၊ ၆၀ ကျော် စာရေးဆရာမတစ်ဦး ပြောသွားခဲ့တဲ့ အမှန်တရားတွေက ကျွန်မကို ဆက်တွေးစရာတွေ အများကြီးနဲ့ ချန်ထားခဲ့ပါတယ်။

(Ref: 12 Truths I learned from Life and Writing by Anne Lamott TED Talk, How to use social media wisely and mindfully by Ravi Chandra)

Most Read

Most Recent