ကျန်းမာမှ ရှေ့ဆက်နိုင်မည်

ကျန်းမာမှ ရှေ့ဆက်နိုင်မည်
Published 22 June 2018

The Physician ဇာတ်ကားပိုစတာတစ်ခု

မိုး မကျသေးခင် အပူရှိန်တွေ တက်နေတဲ့အချိန်တုန်းက ရန်ကုန်ဆေးရုံကြီးရဲ့အထူးကြပ်မတ်ကုသဆောင်ကို ရောက်ခဲ့ရပါတယ်။ မိတ်ဆွေဆရာဝန်တစ်ဦးရဲ့သားဖြစ်သူ မောင်ကျောင်းသားကို လူနာမေးရောက်ခဲ့တာပါပဲ။ စာမေးပွဲသွားဖြေရင်းနဲ့ ကျောင်းရဲ့သုံးထပ်ဆောင်ပေါ်ကနေ အောက်ကို လိမ့်ကျခဲ့တာလို့ ဆိုပါတယ်။ ဝရန်တာမှာ ကာရံထားတဲ့ လက်ရန်းက နည်းနည်းနိမ့်တော့ တင်ပါးလွှဲ ထိုင်လိုက်ရာကနေ ပြုတ်ကျသွားပါတယ်တဲ့။

လိမ့်ကျတဲ့ကျောင်းက မှော်ဘီမှာဆိုတော့  လူနာကလေးကို အနီးဆုံးအင်းစိန်ဆေးရုံကို ခေါ်သွားကြပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးပြီးလို့ စစ်အစိုးရတက်လာတဲ့ ၁၉၉၃ ခုနှစ် နောက်ပိုင်းကတည်းက တက္ကသိုလ်ကျောင်းတွေကို မြို့ပြင်ကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ ကျောင်းသူ ကျောင်းသားတွေကို  အစိုးရဆောင်တွေမှာ နေခွင့်လည်း ပိတ်ခဲ့ပါတယ်။

နယ်ဝေးက လာတက်ရသူတွေကလည်း ကျောင်းနဲ့နီးရာ ရပ်ကွက်တွေမှာ အခန်းငှား နေကြရပါတယ်။ လမ်းခရီးက ဝေးတဲ့အပြင် ဘတ်စ်ကားလိုင်းကလည်း နည်းလေတော့ ကျပ်ကျပ်ညပ်ညပ်နဲ့ပဲ ကျောင်းကိုရောက်အောင် လာကြရပါတယ်။ မိဘတွေလည်း ပိုက်ဆံကုန် ကျောင်းတက်သူတွေလည်း ပင်ပန်းဆင်းရဲကြရပါတယ်။

ခု ကလေးကလည်း စာမေးပွဲဖြေနေချိန် ဆိုတော့ ခရီးဝေးလို့ ပင်ပန်းတဲ့ဒဏ်နဲ့ စာကြည့်ရလို့ အိပ်ရေးပျက်တဲ့ဒဏ်တွေနဲ့  ရောနေပါလိမ့်မယ်။ လိမ့်ကျပြီးကတည်းက အင်းစိန်ဆေးရုံရောက်တဲ့အထိ သတိလစ်နေခဲ့ပါတယ်။ ပြင်ပဒဏ်ရာ ကြီးကြီးမားမားမတွေ့ရပေမယ့် နံရိုးနဲ့ ကျောရိုးကနေ မြီးညောင်းရိုးအထိ သုံးနေရာလောက် ကျိုးသွားတာတွေ့ရပါတယ်။ ဒီအရိုးကျိုးတာတွေက သူ့ဘာသာ ပြန်ဆက်သွားနိုင်ပါတယ်။ နှလုံးခုန်တာမမှန်လို့ ဆေးထိုးပြီး ထိန်းနိုင်ပေမယ့် သွေးပေါင်ချိန်ကတော့ တဖြည်းဖြည်း ကျဆင်းနေတော့ စိုးရိမ်စရာ ဖြစ်လာပါတယ်။ ကလေး မိဘတွေကလည်း ကျန်းမာရေးအသိုင်းအဝန်းက ဖြစ်လေတော့ စိတ်မချနိုင်တဲ့အဆုံးမှာ ရန်ကုန်ဆေးရုံကြီးကို ပြောင်းရွှေ့ဖို့ ကြိုးစားကြပါတယ်။ သက်ဆိုင်ရာ လူကြီးမင်းများအကူအညီနဲ့ ရန်ကုန်ဆေးရုံကြီးရောက်တော့ စမ်းသပ်စစ်ဆေးကြတဲ့အခါမှာ အဆုတ်မှာ ဒဏ်ရာရတာ တွေ့ကြရပါတယ်။ ဒီဒဏ်ရာက ထွက်တဲ့သွေးတွေဟာ ကိုယ်တွင်းခေါင်းမှာ စုနေပါတယ်။ သွေးတွေ ထုတ်ဖို့  ရင်ဘတ်ရဲ့ ဘယ်ဘက်ရော ညာဘက်မှာပါ ပိုက်ထည့်ထားလိုက်ကြပါတယ်။ ကလေးကိုလည်း အထူးကြပ်မတ် ကုသဆောင် (ICU) ကို ပြောင်းရွှေ့ထားပေးပါတယ်။

ကျွန်မ သတင်းမေးဖို့သွားတဲ့အချိန်မှာ ကလေးက သတိကောင်းကောင်းရနေပါပြီ။ ICU မှာပဲ အဝတ်လဲပြီး ဝင်ကြည့်ကြပါတယ်။ ကလေးက အစာလည်း အနည်းငယ် စားနိုင်နေပြီဆိုတော့ စိတ်ချရပါတယ်။ တစ်ခုပဲ ခံရခက်တာကတော့ အခန်းထဲမှာ အရမ်းအိုက်တာပါပဲ။ လူမမာလည်း အပူဒဏ်မခံနိုင်တဲ့အတွက် သူ့အဝတ်အစားတွေတောင် ချွတ်ထားလို့ ဘေးကနေ ယပ်ခတ်ပေးနေကြရပါတယ်။ ကျွန်မလည်း ICU ထဲ ဝင်ရင် ဝတ်ရတဲ့ အင်္ကျီနဲ့ ခေါင်းစွပ်ကြောင့် ပူတာနဲ့ နာရီဝက်လောက်ပဲ နေနိုင်ပါတယ်။ အဲယားကွန်းတပ်ထားပေမယ့် ဘာလို့ ပူနေလဲ မစဉ်းစားတတ်အောင်ပါပဲ။

အပြင်ထွက်လာတော့ ကလေးရဲ့ အမေနဲ့ ဦးကြီးတွေကို နှုတ်ဆက်ပြီး ညဘက် စောင့်ရတာအဆင်ပြေလား မေးကြည့်ပါတယ်။ ICU အခန်းရဲ့ရှေ့က လူသွားလမ်းဘေး ပလက်ဖောင်းမှာပဲ ဖြစ်သလို အိပ်ကြရတယ် ဆိုပါတယ်။ ညဘက်ဆိုရင် ခြင်ထောင်လေးတွေ တန်းစီထောင်ရင်း အိပ်ကြပါသတဲ့။  ဆေးပညာတွေ အဆင့်မြင့်လာတာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့ ကလေးအတွက် စိတ်ချသွားခဲ့ရပါတယ်။

ဆေးပညာတိုးတက်အောင် အသက်ကိုတောင် စွန့်ပြီး ပညာရှာရတဲ့ ဇာတ်ကားလေးလည်း ပြန်ကြည့်မိပါတယ်။ The Physician  ဆိုတဲ့ဇာတ်ကားမှာ Tom Payne က သမားတော်ဖြစ်ချင်သူ Robert Cole အဖြစ် ပါဝင်ထားပါတယ်။ အမှောင်ခေတ်လို့ခေါ်တဲ့ ခရစ်ယာန်ဘာသာဝင်တွေက နတ်တွေ စုန်းတွေကို ဖော်ထုတ်တိုက်ခိုက်နေတဲ့ ခေတ်ဖြစ်တဲ့ ၁၁ ရာစုကို နောက်ခံထားခဲ့ပါတယ်။ ဆေးပညာရဲ့ဖခင်ကြီး ဟစ်ပိုကရေးတီးစ်ရဲ့ ပညာတွေ စာတွေက ၁၂ ရာစုမှာမှ သင်ကြားနိုင်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံမှာ အဲဒီအချိန်က ဆံပင် ညှပ်ရင်း ဆေးလည်းကု မျက်လှည့်လည်း ပြရင်း ဆေးလည်းရောင်းတဲ့ နယ်လှည့်မုတ်ဆိတ်ရိတ် ဆရာကြီးတွေ ရှိခဲ့ပါတယ်။သူတို့ကို သူတို့ ဘာဘာအမည်ပေးထားကြပါတယ်။ ရောဘတ်ကိုးလ်ဆိုတဲ့ကလေးက မိခင်ကြီး နေမကောင်းလို့ ဆရာကြီးဘာဘာကို ခေါ်ပြပါတယ်။ အူအတက်ရောင်ပြီး ဗိုက်အောင့်တာမို့ မတတ်နိုင်ဘဲ မိခင်သေဆုံးခဲ့ပါတယ်။ ဆေးပညာကို ဝါသနာပါသူ ကိုးလ်ဟာ ဘာဘာဆီမှာ တောက်တိုမယ်ရ ကူညီပေးရင်း ကြီးပြင်းခဲ့ပါတယ်။ ဘာဘာကလည်းသွေးစမ်းတာတို့ အနာကုတာနဲ့ သွားနုတ်တာတွေ သင်ပေးပါတယ်။ ဘာဘာကိုယ်တိုင် မျက်လုံးမှာအတွင်း တိမ်ဖြစ်လာတော့ ဂျူးဆေးပညာရှင်က ကုပေးခဲ့ပါတယ်။ ကိုးလ်ဟာ ဆေးပညာသင်ကြားတဲ့ဒေသကို မေးတဲ့အခါမှာ ပါရှားပြည်က အစ်ဖာဟန်ဆိုတဲ့ဒေသမှာ သင်ပေးတာ သိခဲ့ရပါတယ်။ ဂျူးဘာသာစကားကို သင်ရင်းဂျူးအမည် ပြောင်းခဲ့ပါတယ်။ ဂျူးလူမျိုးရဲ့ ရိုးရာတွေအားလုံး လုပ်ပြီးချိန်မှာ ဆရာကြီး ဘာဘာကို နှုတ်ဆက်ပြီး အင်္ဂလန်ကနေ ထွက်လာခဲ့ပါတယ်။ မြေထဲပင်လယ်မှာ သဲမုန်တိုင်းနဲ့တိုးပြီး သေလုမြောပါးဖြစ်ခဲ့တဲ့ ကိုးလ်ဟာ အစ်ဖာဟန်ရောက်တော့ ဆေးရုံချက်ချင်း မတက်ရဘဲ ထိုးကြိတ်စစ်ဆေးခံရပါသေးတယ်။ နောက်တော့ ဆေးပညာသင်ပေးသူ ဆရာကြီး အီဘင်ဆီးနားနဲ့တွေ့ပြီး ပညာသင်ခွင့် ရခဲ့ပါတယ်။ မကြာခင်မှာ ဆရာကြီးရဲ့ လက်ထောက်ဖြစ်လာခဲ့ပါတယ်။

ကိုးလ် ရောက်တာ အစ္စလာမ္မစ်တိုင်းပြည် ဖြစ်လေတော့ ဘာသာရေးခေါင်းဆောင်ဆိုတဲ့ မူလာတွေက အရမ်းသြဇာကြီးကြပါတယ်။ ရှားဘုရင်နဲ့ ဆဲလ်ဂျပ်လူမျိုးတွေကြားမှာ ငြိမ်းချမ်းရေးပျက်သွားချိန်မှာ မူလာအချို့ဟာ ဆဲလ်ဂျပ်တွေနဲ့ ပေါင်းလိုက်ကြပါတယ်။ ကိုးလ်ဟာ မိခင်နဲ့ ဝေဒနာတူတဲ့ သေဆုံးသူရဲ့ ရုပ်အလောင်းကိုခိုးပြီး လေ့လာခဲ့ပါတယ်။ ခန္ဓာဗေဒပညာရပ်နဲ့ ကိုယ်တွင်းခေါင်းကို လေ့လာချင်သူ ကိုးလ်ဟာ အလောင်းများစွာကို လေ့လာနေစဉ် အဖမ်းခံရပါတယ်။ မူလာတွေက ကိုးလ်နဲ့  ဆရာကြီးအီဘင်တို့ကို  အောက်လမ်းပညာတွေ စမ်းသပ်မှု၊ လူသေတွေကို ခိုးယူမှုနဲ့ စွဲချက်တင်ပြီး သေဒဏ်ပေးဖို့ ပြင်ကြပါတယ်။

ဒီအချိန်မှာ ရှားဘုရင်ဟာ အူအတက်ပုပ်တဲ့ ဝေဒနာကို ခံစားရတော့ ကိုးလ်နဲ့ ဆရာ အီဘင်တို့ ကုသပေးရပါတယ်။ ရှားဘုရင်ကို မေ့ဆေးပေးပြီး ဗိုက်ကိုဖွင့်ပြီး ခွဲစိတ်ပေးခဲ့ပါတယ်။ ကိုးလ်ဟာ သေဒဏ်က လွတ်ပြီး အစ်ဖာဟန် ပြန်ရောက်ချိန်မှာ ပညာသင်ရာ ဆေးရုံဟာ မီးလောင်နေပါပြီ။ ဆရာအီဘင်ဟာ မီးလောင်နေတဲ့ကြားက ဆေးပညာစာရွက်တွေကို ကိုးလ်ကို ပေးရင်းနဲ့ ဟာကင် HAKIM ဆိုတဲ့အမည်ကို စာအုပ်အမည်ပေးဖို့ ပြောရင်း သေခဲ့ပါတယ်။ ကိုးလ်ဟာ ရှားဘုရင် ညွှန်ပြသလို ထွက်ပြေးခဲ့ရင်း အင်္ဂလန် ပြန်ရောက်ခဲ့ပါတယ်။ လက်ဦးဆရာ ဘာဘာက တပည့်ကြီးကို ကြိုဆိုခဲ့ပါတယ်။

ဆေးပညာတွေ အဆင့်ဆင့် တိုးတက်လာတာနဲ့အမျှ သေဆုံးသူတွေလည်း လျော့ပါးသွားကြမယ်လို့  မျှော်လင့်ပါတယ်။ တကယ်တမ်းတော့ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတာ အမှန်ဆုံးပါပဲ။ ကျန်းမာမှ ဘဝကို ရှေ့ဆက်တိုးနိုင်ကြမှာ မဟုတ်ပါလား။

Most Read

Most Recent