တိတ်ဆိတ်မှု

တိတ်ဆိတ်မှု
Published 23 August 2017

အက်ဒွပ်မွန့်ချ်၏ အော်သံပန်းချီကား (Photo -KnowledgeNuts)

လေသည် သစ်ရွက်အကြိုအကြား၌ ပုန်းကွယ်၍နေလေသည်။ မွှေးရနံ့တို့သည် အလုပ်အကိုင်မဲ့လျက် ဝတ်မှုန်တို့၏ အလွှာကြား၌ ငိုက်မြည်းဇိမ်ကျလျက် ရှိလေ၏။ သစ်ရွက်တို့၏ တဖြည်းဖြည်း ရင့်ရော်ဝါကျင် ခြောက်သွေ့နေသံကို အတိုင်းသား ကြားနေရလေသည်။ အသံတွေအားလုံး ကြားနိုင်ရန်အတွက် ပထမဆုံး တိတ်ဆိတ်မှုတစ်ခုရှိနေရန် လိုအပ်ပါသည်။ ထို့အတူ တိတ်ဆိတ်မှု တစ်ခုရရှိရန် ပထမဆုံး ဆူညံမှုတွေအားလုံးကို ဖယ်ရှားပစ်ရပြန်ပါသည်။ ထို့ကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် အော်ဟစ်ပေါက်ကွဲပြီး တိတ်ဆိတ်လိုက်ပါသည်။ ထိုအခါတွင် အသံတို့သည် ကျွန်တော့်ထံသို့  စဉ်ဆက်မပြတ် စီးဝင်လာပါတော့သည်။

“ဟေ့ကောင် အသံမထွက်နဲ့၊ အခု တိတ်စမ်း။ ချစ်လွန်းလို့ အလိုလိုက်ထားတာ မင်းလုပ်ချင်တိုင်း လုပ်ဖို့၊ မိုက်ရိုင်းချင်တိုင်း မိုက်ရိုင်းဖို့ မဟုတ်ဘူး။ တစ်နေ့ တစ်နေ့ မင်းအတွက်နဲ့ပဲ ငါ့မှာ ပူရ ပင်ရ ရင်မောရ။ မင်းလုပ်သမျှ ငါ့ခေါင်းပေါ်ချည်းပဲ၊ ငါ့မှာ မင်းအတွက်နဲ့ပဲ အမြဲပြောခံနေရတယ်။ အေးလေ ငါကလည်း မင်းကို မွေးခဲ့မိတာကိုး။ အရာအားလုံး ငါ့တာဝန်ချည်းပဲပေါ့။ စဉ်းစားကြည့်စမ်းပါ ကိုယ့်ဟာကိုယ်။ မင်းအတွက်နဲ့ ငါဘယ်လောက် စိတ်ဆင်းရဲနေသလဲဆိုတာ။ ငါပူပင် နေရသမျှတွေဟာ မင်းအတွက်ချည်းပဲ။ ငါကောင်းစားဖို့ တစ်ခုမှ မပါဘူး။ မင်း လောကအလယ်မှာ မျက်နှာမငယ်ရအောင် လူတစ်လုံး သူတစ်လုံးဖြစ်ဖို့ ငါပြောနေတာ။ ငါ မှားပါတယ်။ ငါတောင်းပန်ပါတယ်။ အဲဒီလို အသေကောင်ကြီးလို ငါ့ကို မဆက်ဆံစမ်းပါနဲ့။ ငါလေ အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ် နေချင်လှပါပြီ။ နားတွေလည်း ပူလှပါပြီ။ ငါ့ကို နားလည်ပါ။ ငါ့ကိုသနားပါ”

ကျွန်တော်သည် ထိုင်ရာမှထကာ အခန်း၏ အပြင်ဘက်သို့ ထွက်ခဲ့လိုက်ပါသည်။ အပြင်ဘက်တွင် နေရာအနှံ့ အလင်းရောင်၏ ပြေးလွှားနေသံကို ကြားနေရသည်။ လေဟာပြင်ထဲသို့ တိုးဝင်လိုက်သောအခါ အပျင်းထူ အိပ်ပျော်နေသော လေပြေသည် လန့်နိုးကာ ကျွန်တော့်ကို နေရာဖယ်ပေးလေသည်။ ကျွန်တော်သည် ငြိမ်သက်အေးစက်နေသော အရာများကို တွန်းဖယ်လျက် တိတ်ဆိတ်မှုကို မဖိတ်မစင်ယူငင်ကာ ထွက်ပြေးခဲ့ခြင်းမျိုး ဖြစ်သည်။ တိတ်ဆိတ်ခြင်းကို အပြေးအလွှား ရှာဖွေနေရခြင်းကပင်လျှင် ဆူညံမှုကို ဖြစ်နေစေပြန်သေးသည်။ အရာရာသည် ခါရမ်းလျက် ဆူညံကျန်ခဲ့မည်ကို လှည့်မကြည့်ဘဲ သိနေပြန်ပါသည်။

“ကြားလို့မှကောင်းသေးရဲ့လား အရပ်ကတို့ရေ့၊ အံ့သြပါ့၊ သူခိုးက လူပြန်ဟစ်လို့၊ မှတ်တောင်ထားရဦးမယ်။ လင်ခိုးမရဲ့၊ ယောက်ျား ဒီလောက်ရှားသလားဟဲ့၊ ဟေ့အရှက်မရှိ ကိုယ့်လင်ကို နိုင်အောင်မထိန်းဘဲနဲ့ အော်မနေနဲ့၊ ဟားဟား၊ ကြည့်စမ်း ကောင်မက ပြည့်တန်ဆာလုပ်စားတာကိုပဲ ဂုဏ်ယူပြော နေလိုက်သေးတယ်။ အေး ငါ့ဟာငါ ဘာပဲလုပ်စားစား ဘာဖြစ်လဲအေ့၊ နင့်လို အထက်ကိုဖားပြီး စားနေတဲ့သူ မဟုတ်ဘူးဟေ့။ ဟဲ့ ပြည့်တန်ဆာမ၊ နင် ပြောလေ ကဲလေပါလား၊ လာစမ်း နင့်ကိုသတ်မယ်။ သတ်လေ၊ သတ်ပေါ့။ ငါက နင်တို့ကို သတ်ထားပြီးပြီဆိုတာ နင်မသိသေးဘူးမဟုတ်လား၊ ဟားဟား” ။

ကျွန်တော်သည် အက်ဒွပ်မွန့်ချ်၏ အော်သံအမည်ရ ပန်းချီကားကို ငေးကြည့်နေမိပါသည်။ စူးစူးဝါးဝါး အော်သံတို့ကို နားထဲတွင် ဆူညံကျယ်လောင်စွာ ကြားလာရသည်ထင်ကာ နားနှစ်ဖက်ကို ယောင်ပိတ်မိမလို ဖြစ်သွားသေးသည်။ ကြည့်ရသည်နှင့်ပင် အော်သံသည် ချောက်ချားဖွယ် ကောင်းလှပါသည်။ အော်သံကို ကြောက်လန့်ကာ ကိုယ်တိုင်စူးစူးဝါးဝါး အော်လိုက်မိသည့် အဖြစ်မျိုးဖြစ်ပါသည်။ တိတ်ဆိတ်ငြိမ်သက်ခြင်းသည် အပ်ကျသံကို ကျယ်လောင်စေပါသည်။

နေ့ညမပြတ် လည်ပတ်နေသော မြို့ပြ၏ ခွေးသွားစိပ်တို့၏ ကြိတ်ခြေသံတို့၏ အကြားမှ ‘ဝုန်း’ ဆိုသော ကျယ်လောင်သည့် အသံသည် ဟိန်းထွက်လာပြီး နောက်တွင် ‘အား’ ဟု အော်လိုက်သော အသံသည်လည်း လမ်းအသွယ်သွယ်သို့ ဖြာထွက်သွားလေသည်။ ပန်းတစ်ပွင့်၏ ရိုးတံတွင် မှီထိုင်နေကြသော ချစ်သူနှစ်ဦးသည် သူတို့အချင်းချင်း ခုန်နေသောရင်၏ စည်းချက်ကို နားထောင်နေရာမှ မတ်ခနဲဖြစ်သွားကာ ‘မောင် ကြားလိုက်လားဟင်၊ ဘာသံလဲ မသိဘူး၊ ချစ်ဖြင့် တုန်ကိုသွားတာပဲ’ ဟု ကောင်မလေးက ပြောသည်။ သို့သော် ကောင်ကလေးသည် ‘ဟင် မောင်ဖြင့် ဘာမှမကြားရပါလားကွယ်၊ ချစ်ရဲ့ ထွက်သက်၊ ဝင်သက် ရင်ခုန်သံတွေနဲ့ပဲ မောင့်နားနှစ်ဖက်လုံး ပြည့်နေလို့ပဲ ထင်ပါရဲ့’ ဟု ပြောကာ ကောင်မလေး၏ ရင်အစုံပေါ်သို့ နားကို ဖိကပ်ထားလေသည်။ ထိုအဖြစ်အပျက်သည် မြို့ပြ၏ မထူးဆန်းလှသော ဖြစ်ရိုးဖြစ်စဉ် တစ်ခုမျှသာ ဖြစ်ပါသည်။

နေ့လယ်ခင်းအချိန်မှာဖြစ်သည်။ လူသွားလူလာ အနည်းငယ်ရှင်းလင်း၍ လမ်းသွယ်လေးသည် တိတ်ဆိတ်သလို ဖြစ်နေသည်။ ငါးလွှာရှိသော တိုက်တန်းတစ်ခု၏ အခန်းတစ်ခုထဲမှ ‘အား’ ခနဲ အော်သံတစ်ခု ကြားလိုက်ရပြီးနောက် ပြန်လည် တိတ်ဆိတ်သွားလေသည်။ ဘယ်သူ့ အော်သံလဲ၊ ဘာဖြစ်လို့ အော်တာပါလိမ့်၊ အသတ်ခံရလို့ အော်တာလား၊ ဒါမှမဟုတ် တစ်ခုခုကို ကြောက်လို့ အော်တဲ့အသံလား စသည်ဖြင့် ဘယ်သူမှ ဆန်းစစ်နေသူမရှိပါ။ သို့သော် ရဲများ ရောက်လာ၍ အလောင်းကိုတွေ့၍ စစ်ဆေးသောအခါတွင်မှ ဝေဖန်ဆန်းစစ်သံတို့သည် ဆူညံ၍ နေလေတော့သည်။

ကျွန်တော် အခန်းထဲသို့ ဝင်လိုက်သည့်အခါ သူမသည် အခန်းထောင့်တစ်နေရာတွင် အလှပြင်နေပါသည်။ သူမလက်ဖြင့် ပါးပြင်ပေါ်သို့ သနပ်ခါးပွတ်လိမ်းနေသံကို ကြားနေရပါသည်။ ပါးခြစ်တံဖြင့် ပါးပေါ်သို့ ခြစ်နေသည့်အသံလည်း ကြားရသည်။ မိတ်ကပ်ဘူးဖွင့်သံ၊ ပိတ်သံ၊ ပစ္စည်းလေးတွေ တစ်ခုနှင့်တစ်ခု တိုးတိုက်မိသံ၊ နှုတ်ခမ်းနီဘူး လှည့်ဖွင့်သံ၊ နှုတ်ခမ်းပေါ်သို့ နှုတ်ခမ်းနီ ထောင့်ဖိစွဲသည့်အသံ စသည်ဖြင့် ကြားနေရပါသည်။ ထိုအခိုက် သူမဆီမှ ‘ကို’ ဟု ခေါ်လိုက်သော နုနုညံ့ညံ့ ခေါ်သံကို ကြားလိုက်ရသည့်အခါ ကျွန်တော်သည် ရုတ်တရက် လန့်ဖျပ် ကြောက်လန့်သွားမိပါသည်။ ‘ဟာ လန့်လိုက်တာကွာ’ အသံသည် ကျယ်လောင်စွာ ထွက်သွားလေသည်။

အမှောင်သည် တဖျစ်ဖျစ်မြည်လျက် တဖြည်းဖြည်းချင်း မည်းမှောင်လာနေသည်။ နာရီစက်သံ တစ်ချက်ချက်သည် အမှောင်၏ ကြားတွင် သေငယ်ဇောဖြင့် နစ်မျောနေလေသည်။ သောက်ရေအိုးစင်မှ စိမ့်ထွက်သော ရေတစ်ပေါက်ချင်းကျသံသည် ည၏နံရံတွင် တစ်ပေါက်ပေါက် မြည်ဟည်းလျက်ရှိသည်။ ခန်းဆီးစသည် မလှုပ်မယှက်ဖြင့် တိတ်ဆိတ်ခြင်းကို အသံပြုနေလေသည်။ အပြင်ဘက်ဆီမှ အကောင်တစ်ကောင်၏ ချွတ်ချွတ်ချက် ချက်သွားနေသည့်အသံကို ကြားနေရသည်။ ကျွန်တော်သည် မလှုပ်မယှက် အသေကောင် တစ်ကောင်ကဲ့သို့ အိပ်ရာပေါ်မှာ ငြိမ်သက်တိတ်ဆိတ်နေရသည်။

ထိုအခိုက် စူးစူးဝါးဝါး ကြောက်မက်ဖွယ် အော်သံကြီး ကြားလိုက်ရလေသည်။ ကျွန်တော်သည် ဗြန်းခနဲ အိပ်ရာမှ ထလိုက်မိသည်။ နံဘေးမှ သူမသည် ရုတ်တရက် နိုးလာကာ ‘ကို ဘာဖြစ်တာလဲဟင်၊ ဘာဖြစ်တာလဲ၊ အိပ်မက်ယောင်တာလား၊ အော်လိုက်တာ အကျယ်ကြီးပဲ’ ‘ဟာ ကို မအော်ရပါဘူး။ အဲဒီ အော်သံကြီး ကြားလိုက်ရလို့ လန့်ပြီးထထိုင်မိတာ’ ညသည် ပိုမိုမှောင်မိုက်ကာ ပိုမို၍ တိတ်ဆိတ်ငြိမ်သက်သွား လေတော့သည်။ ကျွန်တော်သည် အမှောင်ထဲသို့ ပြူးစက်နေသော မျက်လုံးများဖြင့် အော်သံကို ရှာဖွေနေမိသည်။ အော်သံသည် အမှောင်အတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားပြီ ထင်သည်။ ညပိုးကောင်တို့၏ တစီစီ မြည်သံကို ခြေရာအဖြစ် ထားရစ်ခဲ့လေသည်။

အော်သံဟာ ဘယ်က လာတာလဲ၊ မီးခိုးထွက်နေသော သေနတ်ပြောင်းဝဆီကလား၊ ဒုက္ခသည်စခန်းက ကလေးတစ်ယောက်ဆီကလား၊ အမှောင်ရိပ် ကားမှတ်တိုင်မှာ ရပ်စောင့်နေတဲ့ ညဉ့်ငှက်မလေးဆီကလား၊ မြိုပြရဲ့ တိုက်ခန်းတစ်ခန်းဆီကလား၊ လူအများ နင်းဖြတ်သွားနေတဲ့ ပလက်ဖောင်းပေါ်ကလား၊ လှိုင်းဂယက် အနည်းငယ်ထနေတဲ့ ရေပြင်တစ်ခုဆီကလား။ အမှောင်ရိပ်က ကျနေတဲ့ လမ်းချိုးတစ်ခုဆီကလား အဝေးပြေးလမ်းမထက်က ဟိုင်းဝေးပြေးကားတစ်စီးရဲ့ ဘီးအောက်ဆီကလား၊ အရှိန်အဟုန်နဲ့ ထိုးဆင်းသွားတဲ့ ချောက်နက်နက်ကြီးဆီကလား၊ ပန်းခြံတစ်ခုရှေ့က ပလက်ဖောင်းပေါ်ဆီကလား၊ ဘယ်က အော်သံလဲ၊ တစ်တိုင်း ပြည်လုံးက လူတွေအားလုံး အော်လိုက်တဲ့ အော်သံလား၊ အော်သံဟာ အမှောင်ယံအထက် ပဲ့တင်ထပ်လို့ နေခဲ့ပြီ။ ကျွန်တော်သည် အော်သံကို မရပ်မနား ရှာဖွေနေစဉ်မှာပင် Roger Rosenblatt ၏ အော်သံကို အောက်ပါအတိုင်း ကြားလိုက်ရလေသည်။

‘စူးစူးဝါးဝါး အော်သံတစ်ခုကို မကြားမချင်း ကိုယ်ဘာလုပ်မည်ကို မည်သူမျှ မပြောနိုင်ပါ။ သို့ရာတွင် သင်မည်သို့ ဖြစ်သည်ကိုမူ ကျွန်တော် ပြောနိုင်ပါသည်။ ပထမအားဖြင့် ထိုအော်သံကိုကြားလျှင် သင်သည် လန့်ဖျပ်ကာ တစ်ကိုယ်လုံး အေးစက်သွားမည်။ ထို့နောက် လန့်နေသော ငှက်တစ်ကောင်၏ ခေါင်းကဲ့သို့ ခေါင်းကို ဆတ်ခနဲ လှည့်ကြည့်မိလိမ့်မည်။ ထို့နောက် မျက်လုံးပြူးလာလိမ့်မည်။ ခုတင်အောက်သို့ ဝင်ပုန်းနေရမည်လော၊ သူ့ကိုသွား၍ ကယ်ရမည်လောဟု အကြာကြီး စဉ်းစားနေမိပေလိမ့်မည်။ တစ်ကိုယ်လုံး အေးစက်သွားလိမ့်မည်ဟု ပြောခြင်းမှာ ထိုအသံကို သင်မှတ်မိသောကြောင့် ဖြစ်ပါသည်။ ထိုအသံသည် သင့်ကိုယ်တွင်းမှလာခြင်း ဖြစ်ပါသည်။ သင့်ချောက်ချားမှု သင့်ဝေဒနာထဲမှလာခြင်း ဖြစ်ပါသည်။ သင့်ဘဝ၏ စူးစူးဝါးဝါး အော်သံများထဲမှလာခြင်း ဖြစ်ပါသည်။ လေထဲတွင် ထိုကြောက်ဖွယ် ပေါက်ကွဲသံသည် သင်၏ အသံပင်ဖြစ်ပါသည်။ တစ်နေရာရာမှ ပေါ်လာသော စူးစူးဝါးဝါး အော်သံကြီးသည် သင့်ကိုယ်တွင်းမှ လာခြင်းဖြစ်ပါသည်။ သင်သည် ထိုအော်သံ ရှိရာသို့ သွားရပါလိမ့်မည်။ တံခါးကိုဖွင့်၍ ထိုအော်သံကို ရပ်တန့်သွားအောင် လုပ်ရပါလိမ့်မည်” တဲ့။

တစ်ဆက်တည်း ကဗျာဆရာလင်းလွင်၏ ‘အော်သံ’ ကိုလည်း အားလုံးကို ကြားစေချင်မိပါသည်။

အော်သံ

လေပြေဟာ

ဆက်သွယ်ရေးစက် ပျက်နေတဲ့ သင်္ဘော။

မမြင်ရတဲ့ ကမ်းနဲ့

မမြင်ရတဲ့ လမ်းနဲ့။

ညကြီးရဲ့

အလယ်တည့်တည့်။

“ဟေး…

အသက်ကယ်ဝတ်စုံတွေ ဘယ်ရောက်နေလဲ”။

အော်သံတစ်ခု ပြီးဆုံးသွားသည့် အခါတွင် ထုံးစံအတိုင်း တိတ်ဆိတ်ငြိမ်သက်မှုသည် အမှောင်တွင်းသို့ တိုးဝင်ပျောက်ကွယ်သွားပေလိမ့်ဦးမည်။

Most Read

Most Recent