ပျော်ရွှင်ခြင်းရေပွက်

ပျော်ရွှင်ခြင်းရေပွက်
Published 22 June 2018

Photo: 20th Century Fox

မိုးက လေး ငါးရက်ဆက် တောက်လျှောက်ရွာနေတယ်။ တစ်ရက် နှစ်ရက်လောက် အထိတော့ အေးဆေးပဲ။ ကော်ဖီပူပူကလေး မှုတ်သောက်လိုက် စာကလေး ဖတ်လိုက်၊ ဖုန်းဖွင့်ကြည့်လိုက်။ လူ့ဘဝဟာ ဒီလိုချည်းသာဆိုရင် ဘယ်မှာဒုက္ခရှိတော့မလဲလို့ အဝိဇ္ဇာကြီးမိသေးတယ်။ သုံးရက်မြောက်တော့ မဆိုးသေးပါဘူးလို့ ထင်ဆဲပေမယ့် နည်းနည်းကလေး ပျင်းစပြုလာပြီ။ ဘဝမှာလည်း မိုးကာအင်္ကျီဝယ်တာနဲ့ အနွေးထည် ဝယ်တာကို ရာသီချိန်ခဏလေးသာ အသုံးတည့်လို့ ငွေဖြုန်းတာသက်သက်လို့ ထင်ခဲ့မိတော့ တစ်ခါမှ မဝယ်ဖြစ်ခဲ့ဘူး။ ဒီလိုအချိန်ကျတော့ သိပ်သိသာတာပဲ။ ဘယ်မှထွက်လို့ မကောင်းတော့ဘူး။ မိုးတစ်ခါမိတိုင်း အင်္ကျီတစ်ခါလဲရရင်လည်း အဆင်မပြေ။ လေး ငါးရက် ဖြစ်လာတော့ စိတ်ကမကြည်လင်တော့ဘူး။ စာတွေဖတ်ရတာလည်း ခေါင်းထဲ ထုံတောင်လာတယ်။ ဖုန်းဖွင့်ကြည့်တော့လည်း ဒုက္ခများလိုက်တာ။ ဒါတွေကို ငြီးငွေ့လွန်းလို့ အိမ်ရှေ့ထွက်ထိုင်တော့လည်း ဖွဲလိုက်၊ သည်းလိုက်၊ ကွဲလိုက်၊ မှုန်လိုက် ပျင်းစရာကောင်းအောင် ရွာမဆုံးနိုင်တဲ့ ကောင်းကင်မည်းမည်းကိုကြည့် ထပ်ဆင့် ထပ်ဆင့် ပျင်းလိုက်တာ။

ခြံထဲမှာလည်း မိုးဆက်တိုက် ရွာလွန်းတော့ အရင်ရက်တွေကမှ တစ်အိမ်သားလုံး ပျင်းပျင်းရှိတာနဲ့ထိုင်ပြီး အပင်ပန်းခံနုတ်ထားတဲ့ မြက်တွေ ပြန်ရှည်လာပြီ။ မြက်အမျိုးအစားတွေကလည်း များလိုက်တာ ဆိုတာ။ အရင်ကတော့ မြက်ဆိုရင်၊ ဂေါက်ကွင်းကျင်းစိမ်တဲ့နားမှာ အချပ်လိုက်ခင်းရတဲ့ ဂျပန်မြက်ဆိုတာရယ် လမ်းဘေးပေါက်တဲ့ မြက်ရယ် နှစ်မျိုးသာ ရှိတယ်ထင်ခဲ့တာ။ ကိုယ့်ခြံထဲ ပေါက်နေလို့ မေးကြည့်မှပဲ စားမြက်၊ မြေစာမြက်၊ ဝမ်းဘဲစာမြက်၊ မြက်ကလုံး၊ လေးခွမြက်၊ ဆင်ငိုမြက် များလိုက်တဲ့ မြက်အမျိုးအစားဗျာ၊ ဒါတောင် မြက်ချည်းပဲ ရှိသေးတယ်။ တစ်မိုးလောက် ခပ်ကောင်းကောင်း ကျလိုက်ရင် မြက်နဲ့အတူ ထွက်လာတတ်တဲ့ စားမရတဲ့ ဟင်းနုနယ် အရိုင်းတွေ၊ တောနှမ်းတွေ၊ တောပိစပ်တွေ၊ ကပ်စေးနှဲပင်တွေ မပါသေးဘူး။

မြက်ဆိုတဲ့အမျိုးဟာ အင်မတန် အသက်ပြင်း၊ အင်မတန် ရှင်သန်လွယ်ပါလားလို့ ခြံနဲ့ ဝင်းနဲ့ မနေခဲ့ဖူးတော့ မသိခဲ့ဘူး။ အခုတစ်ကြိမ် ငှားနေရတဲ့ အိမ်ကတော့ ဘဝတစ်လျှောက်လုံး သတိရနေတော့မယ့် အိမ်မျိုးပဲ။ ခြံကကျယ်ကျယ် အုတ်ခံ၊ ထရံကာ သွပ်မိုး အိမ်ကလေး။ ငှားခက တစ်လ တစ်သိန်း။ နည်းနည်းများသလို ရှိပေမယ့် လူကျေနပ်ရင် အားလုံးတန်တာပါပဲ။ ရောက်ကာစကဆို အိမ်ဝင်းကို ပတ်ကြည့်ပြီး တစ်မိသားစုလုံး ပီတိတွေ ဖြစ်နေကြတာ။ အိမ်အရှေ့ဘက်ထောင့်မှာ အတော်ကြီးလို့ အရိပ်အင်မတန်ရနေတဲ့ စိမ်းစားသရက်ပင်တစ်ပင် ရှိနေတော့ ဝါးပက်လက် ကုလားထိုင်လေးချ စာရေး စာဖတ်လုပ်ရင် သိပ်ဇိမ်ကျတာပဲ။ အိမ်ရဲ့အနောက် မြေကွက်လပ်ကလည်း ကျယ်လေတော့။ ဒီတစ်ခါတော့ ငယ်ငယ်က ကျောင်းစာမှာ သင်ခဲ့ရတဲ့ အိမ်နောက်ဖေး ဈေးဆိုင်တည် အလုပ်ကို မုချလုပ်ရတော့မဟေ့ဆိုပြီး စိတ်ထဲကြုံးဝါးရင်း ဝမ်းသာနေမိတယ်။

ပေါက်ပြားဝယ်၊ ဂေါ်တူးရွင်းကလေး ဝယ်ပေါ့။ သူငယ်ချင်း ကဗျာဆရာတစ်ဦးကလည်း စိုက်ပျိုးရေးသမားဆိုတော့ ကျွန်တော်တော့ အိမ်မှာ ချဉ်ပေါင်၊ ကန်စွန်းနဲ့ တခြားသီးပင် စားပင်ကလေးတွေ စိုက်ချင်သဗျာလို့ ပြောမိတာ။ ချဉ်ပေါင်မျိုးစေ့တွေ ကြွပ်ကြွပ်အိတ်နဲ့ တစ်ထုပ်ကြီးပဲ ပေးလေတယ်။ မျိုးစေ့တွေကို ရေနွေးဆူဆူနဲ့ တစ်ရေလောက် ပြုတ်လိုက်ဦးတဲ့။ ဒါနဲ့ပဲ ပေါက်ပြားကိုင် ပေါင်လုပ်ခြင်း အနုပညာကို အရင်စတင်ရတာပေါ့။ ကျွန်တော်လည်း ငယ်ငယ်ကတော့ သူလို ကိုယ်လိုပါပဲ။ သူဌေးမိဘက မွေးသူကလွဲလို့ အဆင်မပြေနိုင်တဲ့ခေတ်ကြီးထဲ မိသားစု အလွန်အဆင်မပြေဖြစ်ခဲ့တဲ့ တစ်ချိန်တုန်းက အလုပ်ကြမ်းတွေ စုံအောင်လုပ်ခဲ့ဖူးသူပါ။ ငယ်ငယ်ကတော့ (အခုလည်း အသက်ကြီးလှပြီ မဟုတ်သေးပေမယ့်) ယူပီဂျီ အိမ်သုတ်ဆေးပုံးကြီး နှစ်ပုံးထမ်းပိုးနဲ့ ရေထမ်းရောင်းလိုက်သေး။ တစ်ထမ်း ၅၀၊ သုံးထမ်း ၁၀၀ ရခဲ့တာပေါ့။ အိမ်သာကျင်းဟဲ့ဆိုလည်း အဖေနဲ့ ကျွန်တော် သားအဖနှစ်ယောက် လိုက်တူးလိုက်တာပဲ။ ဂေါ်ပြားပေါက်ပြား တူရွင်းစသဖြင့် လက်မှုကိရိယာတွေနဲ့ သိပ်ကင်းလှသူမဟုတ်ခဲ့ဘူးဆိုတာ ပြောချင်တာပါ။

ဒါပေမဲ့ အဲဒါက နှစ်တွေကြာခဲ့ပြီခင်ဗျ။ အိမ်အနောက်မယ် အပင်ကလေးစိုက်ဖို့ မြေပေါင်ကလေး သုံးပေါင်လောက် တူးဆွမယ်ပေါ့။ ခပ်တည်တည်ပဲ၊ အင်္ကျီကလေးချွတ် ပုဆိုးခပ်တိုတိုဝတ်ပြီး ပေါက်တူးနဲ့ မြေပေါက်ချလိုက်တာ။ အမယ်လေး ခြောက်ချက် ခုနစ်ချက်လောက် ပေါက်ပြီးတော့ ခါးက နာလာသဗျ။ ဒါပေမဲ့ ကျွန်တော့်မှာ နာဟန်ကလည်း မပြနိုင်ဘူး။ ဘေးပတ်ဝန်းကျင်က အိမ်နီးချင်းတွေဟာ မိသားစုအသစ် ပြောင်းလာတာဆိုတော့ စနည်းနာ လေ့လာနေကြသေးသကိုး။ ဒါပြင် ငါ့ ယောကျ်ား ဒါမျိုးတွေ လုပ်နိုင်ပါ့မလားရယ်လို့ စေ့ငုနေတဲ့ မိန်းမကလည်း ဘေးမှာ မတ်တတ်ရပ်လို့ ကြည့်နေသေးတာကိုး။ ခါးနာတဲ့ကြားကပဲ မြေကလေး ငါးချက်လောက် ပေါက်လိုက်ဟာ ကျောက်ခဲတွေပဲကွ ကိုယ့်ဟာကိုယ်ပြောပြီး မြေဖွထားရာထဲ လက်ကလေးနှိုက် ကျောက်ခဲလျှောက် စမ်းသလိုလုပ်ရင်း ခဏနားနဲ့ ပြီးတော့ ပြီးသွားရှာပါတယ်။ ပင်ပင်ပန်းပန်းနဲ့ တည်ဆောက် ထွန်ယက်လိုက်ရတဲ့ မြေပေါင်ကလေး သုံးပေါင်ကို ကြည့်ရင်း ကြက်သီးမွေးညှင်းထ ပီတိများတောင် ဖြစ်မိသေးတယ်ဗျာ။

အဲဒီနောက်မှာတော့ ရေနွေးပြုတ်ထားတဲ့ ချဉ်ပေါင်စေ့ မည်းမည်းကလေးတွေ ပေါင်ပေါ်ကြဲပြီး တစ်နေ့တာ အလုပ်ပြီးခဲ့ပါတယ်။ နောက်တစ်ရက်မှာတော့ စိန်ချဉ်ပေါင်ပြီး မြကန်စွန်းအလှည့်ပေါ့။ ကန်စွန်းကတော့ ဈေးက ဝယ်လာတဲ့ ကန်စွန်းနှစ်စည်းကိုပဲ အပေါ်ပိုင်းချက်စား အောက်ပိုင်း အရိုးကလေးတွေ ချန်ပြီး ပေါင်နှုတ်ခမ်းတွေမှာ ထိုးစိုက်လိုက်ပါတယ်။ ဒီလိုနဲ့ တစ်ရက် နှစ်ရက် သုံး လေး ငါး ရက် တစ်ပတ်။ ညနေတိုင်း ရေကလေးလောင်း အပင်တွေ ထွက်ပလား ထွက်ပလား၊ ရှင်မှရှင်ပါ့မလား ကြည့်ရတာအလုပ်တစ်ခု။ အိမ်အနောက်ပြတင်းပေါက် အနားမှာ ရေအိုးစင် ရှိလေတော့ ရေထသောက်မိတိုင်း တည်ငြိမ်လှတဲ့ မြေပေါင်ကလေး သုံးပေါင်ကို လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင် ရတာလည်း အမောပေါ့လေ။

တစ်သက်လုံး ပျော်ချင်ရင် သစ်ပင်စိုက်ဆိုတဲ့ စကားကိုကြားဖူး ဖတ်ဖူးတုန်းကတော့ သာမန်ဝါကျတစ်ကြောင်းပါပဲ။ ဘာမှထူးဆန်းလှတယ် မထင်ဘူး။ စာရေးဆရာဆိုတာတွေဟာ တစ်ခါတစ်ခါမှာ ဘာမှမဟုတ်တာတွေကိုလည်း ပြာလဲ့ကို ဇာချဲ့ခံစား လျှောက်ရေးတတ်ကြတာပဲ မဟုတ်လားလို့ တွေးတာပေါ့။ သစ်ပင်ဆိုတဲ့ ကြီးကြီးမားမား အရိပ်ရမှာ၊ အသီးစားရမှာ စတဲ့ နှစ်ကာလများ ရှည်ကြာမယ့်ကိစ္စကို ထားပါဦး။ တစ်ပတ်အတွင်း အညှောက်ထွက်လာတဲ့ ချဉ်ပေါင်ပင် ကလေးတွေ၊ အရိုးဟောင်းကနေ တိုးထွက်လာတဲ့ ရွက်သစ်၊ ရိုးသစ်ကန်စွန်းပင်ကလေးတွေကို ကြည့်ပြီး ကျေနပ်နှစ်သိမ့်စိတ်ဖြစ်ရတာမျိုးကတော့ လူ့ဘဝမှာ ရှားမှရှားတဲ့ ခံစားမှုပါပဲ။ ဖရဏာပီတိဂွမ်းဆီထိသကဲ့သို့များ နှိုင်းရမလားပဲ။ တရိပ်ရိပ်တက်လာတဲ့ ချဉ်ပေါင်ပင်ကလေးတွေကြားက များပြားလှတဲ့ မြက်အမျိုးအစားပေါင်း သောင်းခြောက်ထောင်ကို ပေါင်းနုတ်ရင်း ဘယ်တော့စားလို့ ဖြစ်တော့မလဲလို့ ခန့်မှန်းရတာလည်း အင်မတန် အရသာရှိလှပါတယ်။

ဟိုယခင်လူကြီးတွေကတော့ သန့်ရှင်းသော စေတနာ၊ ကြီးစွာသော အမြော်အမြင်နဲ့ အသီးအရွက် များများစားသုံးခြင်းဟာ အသက်ရှည်ဆေးတစ်မျိုးပဲလို့ ဆိုကြပေမယ့် ကျွန်တော့်သူငယ်ချင်း တောင်သူတစ်ဦးကတော့ ယနေ့ခေတ်မှာတော့ အသီးအရွက်သာ များများစား မြန်မြန်သေမှာပဲလို့ ဆိုပြန်ပါတယ်။ ဟယ် ဘယ်လိုများ ဖြစ်လို့ပါလိမ့်ဆိုတော့ အသီးအရွက်တွေမှာလည်း စိုက်ကတည်းက ကမ်မီကယ်ဓာတ်မြေသြဇာတွေ၊ ရွက်ဖျန်းဆေး၊ ပိုးသတ်ဆေးတွေ၊ မြန်မြန်မှည့်ဖို့၊ ရောင်းတန်းဝင်ဖို့အတွက် အသီးလှဖို့၊ အရွက်လှဖို့ ဆေးဖြန်း၊ ဆေးထိုးစသဖြင့်တွေနဲ့ ဘယ်ဟာမှ မကောင်းတော့ကြောင်း စိတ်ပျက်လက်ပျက်နဲ့ ပြောရှာပါတယ်။ တတ်နိုင်ရင် အသီးအရွက်ကို ကိုယ့်ဘာသာကိုယ်သာ သဘာဝအတိုင်း စိုက်စား၊ အဲဒါ အကောင်းဆုံးပါပဲတဲ့။ ဆိုတော့ ကျွန်တော့်အဖြစ်ကို တွေးတောကြည့်ပါ။ မြေကလေးဆွပေးရုံ မြက်ကလေးရှင်းပေးရုံနဲ့ ထွက်လာတဲ့ ကိုယ်တိုင်လုပ် အရွက်ကလေးတွေကိုကြည့် ဘယ်လောက် စိတ်ချမ်းသာရတဲ့အဖြစ်လဲ။

ချဉ်ပေါင်၊ ကန်စွန်းလောက်နဲ့ ကျွန်တော့်မှာ အားမရသေး၊ ရုံးပတီ၊ ဖရုံ၊ ခရမ်းချဉ်၊ ငရုတ် စသဖြင့် ထပ်စိုက်ဖို့ မျိုးတွေ ဝယ်ပါတယ်။ မြေပေါင်အသစ်တွေ ထပ်ဖော်ပါတယ်။ ရေချိုးရေကန်ကနေ ထွက်တဲ့ရေကို အလဟဿ မဖြစ်ရအောင် စိုက်ခင်းပတ်လည် မြောင်းငယ်ကလေးတွေသွယ်၊ အံမယ် ကျွန်တော့်မှာ ရှေးပုဂံခေတ်က အနော်ရထာကြီး လယ်တွင်း ကိုးခရိုင် ဆည်တွေ ဆောက်၊ မြောင်းတွေ ဖောက်တဲ့အဖြစ်ကိုတောင် သွားသတိရမိသေးတော့။ ပေါင်အသစ်တွေလုပ် မျိုးစေ့တွေကြဲ၊ ဖရုံကိုတော့ တစ်ထွာသာသာလောက်အနက် ကျင်းကလေး ခြောက်ကျင်းတူး တစ်ကျင်းကို အစေ့ဝါဝါကလေး သုံးစေ့စီ စိုက်ချပစ်လိုက်တယ်။ အဲဒီနောက် မနက် မျက်နှာသစ်ရင်လည်း အညှောင့်ထွက်သလား ကြည့်၊ ရေသောက်ရင်းလည်း အပင်ပေါက်ပလားကြည့် အဲဒီသီးနှံစိုက်ခင်း အသေးစားကလေးနဲ့ ကျွန်တော်ဟာ ပျော်လို့သာနေခဲ့တာပါပဲ။ မင်းသားမက်ဒေမွန် သရုပ်ဆောင်တဲ့ ရုပ်ရှင်တစ်ခုမှာ အင်္ဂါဂြိုဟ်ပေါ် တစ်ယောက်တည်းကျန်ခဲ့တဲ့ မက်ဒေမွန်တစ်ယောက် အာလူးတွေ စိုက်နေသလိုပေါ့။

အခုဆိုရင် ကျွန်တော့်အိမ် အနောက်ဘက်မှာ စားမနိုင်အောင် ချဉ်ပေါင်၊ ကန်စွန်း၊ ပင်စိမ်း၊ ရုံးပတီ၊ ပူဒီနာ၊ ဖရုံ(ညွန့်) အခင်းရှိနေပါပြီ။ ငရုတ်နဲ့ ခရမ်းချဉ်ကတော့ ဘာကြောင့်မှန်းမသိ မဖြစ်ဘူးခင်ဗျ။ ကျန်တာတွေကတော့ ဘေးပတ်ဝန်းကျင်အိမ်တွေကိုတောင် ဟင်းရွက်အလှူ လုပ်နိုင်နေပါပြီ။ ကျွန်တော် တစ်ယောက်များ ညနေ ညနေ အပင်တွေကြား ပေါက်ပြားတစ်လက်၊ ဂေါ်တူးရွင်းတစ်လက်နဲ့ အလုပ်ရှုပ်နေပြီဆိုရင် ခြံဝင်းအကာအရံက သံဆန်ခါကွက်မို့ ဘေးပတ်ဝန်းကျင်က မြင်နိုင်လေတော့ လူစိမ်း သူစိမ်းတွေကလည်း တအံ့တသြ ငေးမောကြည့်ရင်း သူတို့ချင်း လက်တို့ ချီးကျူးဂုဏ်ပြုနေကြလေရဲ့။ “ကြည့်စမ်း ကြည့်စမ်း ဖြစ်လိုက်တဲ့ စိုက်ခင်းလေး၊ တော်လိုက်တာ” စသည် စသဖြင့်ပေါ့။ ဒီလိုများဆိုရင် အလုပ်လုပ်ရတာ ဘယ်မှာ ပင်ပန်းတော့လို့တုန်း။ “ကန်စွန်း၊ ချဉ်ပေါင် ချဉ်ရည်ဟင်းချက်၊ ကြော်စား၊ လာခူးကြပါ ခင်ဗျာပေါ့”။ လောကွတ်လုပ်ရတာ အရသာရှိလိုက်တာ။

အဲဒီလို အရသာရှိလိုက်တာဗျာလို့ ခံစားမိလိုက်တဲ့အချိန်တိုင်းရဲ့ နောက်ဆက်တွဲ ခံစားချက်ကတော့ မကောင်းပါဘူး။ အဲဒီ ဝေဒနာဟာ နာကျင်ခံခက် ဖြစ်လှပါတယ်။ နေပျော်လှတဲ့ ဒီခြံဒီဝင်းကလေးကနေ တစ်နေ့ထွက်သွားရဦးမှာပဲဆိုတဲ့ အိမ်ငှားအသိစိတ်က ဝင်လာတာကိုး။ သြော် ကိုယ့်အပိုင် ခြံဝင်းကလေးသာ ဖြစ်လိုက်ရင် ဘယ်လောက်များကောင်းလိမ့်မလဲလို့ မချိတင်ကဲ ဝမ်းနည်းမိပါတယ်။ “ပျော်လိုက် ရွှင်လိုက် ငိုကာ ရယ်ကာ ဘယ်ဟာ မတည်မြဲ ဖောက်လွဲ ဖောက်ပြန် အကြောင်းကံကမ္မသကာ ဖြစ်ချင်တာတွေလည်း မဖြစ်ရပါ၊ မဖြစ်ချင်တာတွေလည်း ဖြစ်ရမှာ” ဆိုတဲ့ ဘဝသံသရာ သီချင်းလိုပါပဲ။ ပျော်ရွှင်ရခြင်း ရေပွက်ဟာ သေးငယ်လှတဲ့ လှိုင်းကလေးခတ်ပြီး ဖျော့တော့ ပျောက်ဆုံးသွားရတာပဲ။ သြော် ပျော်ရတယ်ဆိုတာများ ဘယ်မှာပျော်ရလို့တုန်းဗျာ။

Most Read

Most Recent