အလုပ် လုပ်လျှင်

အလုပ် လုပ်လျှင်
Published 23 August 2017

အလုပ်လုပ်လျှင် မှားတာ မှန်တာရှိမည်။ ဘယ်သူမှ မှားသည့်အလုပ်ကို တမင်လုပ်သည်ဟု မရှိကြပေ။ လုပ်ရင်းကိုင်ရင်းက အမှားကို လုပ်မိခြင်းဖြစ်သည်။ မှန်သည်ထင်၍ လုပ်လိုက်မိရာက မှားသွားခြင်းပင်။ လုပ်ရင်းကိုင်ရင်း မှားသွားလျှင် အချိန်မီ အမှားကို ပြင်ဆင်ကုစားလိုက်ပါက မှားသည့်ကိစ္စ ပြီးသွားနိုင်ပေသည်။

ဘာပဲလုပ်လုပ် အလုပ်စလုပ်ပြီဆိုပါက မိမိအလုပ်ကို မိမိ၏ မိဖနှစ်ပါးကဲ့သို့ အထူးဂရုစိုက် ကြည့်ရှုတတ်ကြရပေမည်။ ဘာအလုပ်ဖြစ်ဖြစ် အလုပ်ဖြစ်ရုံ လုပ်လျှင်ကား အလုပ်လုပ်သည်ဟု ပြော၍မရပေ။ တကယ်စိတ်ပါလက်ပါ လုပ်မှသာလျှင် အလုပ် လုပ်သည်ဟု သတ်မှတ်ရပေမည်။

ကောင်းပြီ။ အလုပ်ကို ဘယ်လို သဘောထားရပါမည်လဲ။ အလုပ်သည် မိမိအသက် ထင်ရှားရှိနေသရွေ့ ချစ်မြတ်နိုးရမည့်ကိစ္စ။  တာဝန်တစ်ရပ်အနေဖြင့် မလုပ်မဖြစ်လုပ်ကို လုပ်ရမည့်ကိစ္စ။ မြဲစွဲရမည့်ကိစ္စ။

သို့သော် လုပ်ချင်စိတ်မရှိပါဘဲ အတင်းမလုပ်မဖြစ် လုပ်ဖြစ်အောင် အဓမ္မစေ့ဆော် တိုက်တွန်းပြီးလုပ်ရမည့် အလုပ်မျိုးသည် တစ်ခါတစ်ရံသာလျှင် ကောင်းနိုင်ပေသည်။ အရေးသိပ်ကြီးသည့်အခါ လုပ်ရမည့်ကိစ္စမျိုးမှာတော့ မဖြစ်မနေ လုပ်ရမည်ပင်။ ယင်းကဲ့သို့သောအလုပ်ကို မုချလုပ်ရမည့်ကိစ္စမျိုးသည် တစ်ခါတစ်ရံတော့ လုပ်ပေးရပေမည်။ ယင်းသို့လုပ်ရသည်မှာ မိမိကိုယ်မိမိတော့ဒါကြောင့် ကိုးဟုခွင့်လွှတ်နိုင်သည်။ သို့သော် အရေးပေါ်လုပ်ရသည့် ကိစ္စမျိုး ဖုတ်ပူမီးတိုက်လုပ်ရသည့် အလုပ်မျိုးသည် မကြာခဏလုပ်ပေးရလျှင်ကား မသင့်တော်ပေ။ အလုပ်ကြောင့် မိမိစိတ်နှင့်ကိုယ်ကို ညှဉ်းဆဲရာကျမည်။ အနိုင်ကျင့်ရာကျမည်။ ခဏခဏဆိုလျှင် စိတ်ဒဏ်ရာရလိမ့်မည်။ စိတ်ဒဏ်ရာဖြင့် မိမိစိတ် ညှဉ်းဆဲခံရပြီဆိုလျှင် စိတ်ထောင်းမှုဖြစ်လာမည်။ စိတ်ထောင်းတော့ ကိုယ်ကြေလာမည်။ စိတ်ထောင်းမှုကြောင့် ကိုယ်ကြေပြုန်းလာ ပြီဆိုပါက မိမိ၏ ကျန်းမာရေးထိခိုက်လာမည်ကို အထူးသတိပြုရပေမည်။

မိမိကျန်းမာရေး ထိခိုက်မှုပြုခြင်းသည် မိမိအသက်ကို တိုအောင်နည်းလမ်းရှာခြင်း ဖြစ်သည်။ မုချရှောင်ရမည်။ မရှောင်လျှင် အသက်ကိုရန်ရှာရန် ခွင့်ပြုထားသလို ဖြစ်နေရာ ခပ်မြန်မြန်သေဖို့ ဖန်တီးရာကျ၏။ လုံးဝရှောင်ကြဉ်သင့်၏။ ဘယ်တော့မှ မကြံကောင်းမစည်ရာ မုချအသေအချာ ရှောင်ကြဉ်ရပေမည်။

လူသည် တစ်ခါတလေ မိမိကိုယ်ကိုယ် အားစမ်းသည့်အနေဖြင့် ‘လုပ်ကြည့်မယ်’ ဟု လွှတ်ပေးလေ့ရှိ၏။ အစရှိ အနောင်နောင်ဆိုသည်မှာ အကျင့်ပါအောင် လုပ်ရာကျ၏။ မြန်မြန်အသက်တိုအောင် အကျင့်ပါသွားမည့် ကိစ္စမျိုးသည် စင်စစ် လုပ်ရန်မဆိုနှင့်။ တွေးလျှင်ပင် လွန်လှချေပြီ။ အသက်ဓာတ်ရှိနေ၍သာ ကြံစည်ကြိုးစားအားထုတ်မှုများ ပွားများနေသည်ကို သတိချပ်ရမည်။ အသက်တိုမည့်ကိစ္စ ငါလုံးဝမလုပ်။ လုပ်မိသည်နှင့် ချက်ချင်းရပ်ပစ်လိုက်မည်ဟု ပြတ်သားစွာ ဆုံးဖြတ်ထားရပေမည်။ ဆုံးဖြတ်ချက်အတိုင်း ချက်ချင်းရပ်ပစ်ရမည်။ ဘယ်တော့မဆို ယင်းသို့ကြုံလာသည်နှင့် သတိကြပ်ကြပ်ထား၍ ချက်ချင်းရပ်မှသာ မိမိဆက်သွားမည့် ရှေ့ခရီးကို ဖြောင့်တန်းစွာ သွားနိုင်ပေလိမ့်မည်။ သို့မဟုတ်ပါက ဖြောင့်တန်းသော ခရီးလမ်းကို ပုံမှန်မသွားနိုင်အောင် ဆန့်ကျင်ရာ ဆို့ပိတ်ရာကျပေတော့မည်။ သေမင်းနှင့် စစ်ခင်းရာကျလျက် မုချရှုံးသွားနိုင်ပေသည်။

အလုပ်သည် စင်စစ်ခင်တွယ်အောင် မြတ်နိုးအောင် အလုပ်လုပ်နေရသည်ကို မွေ့လျော်အောင် မိမိစိတ်ကို တိမ်းညွတ်လာအောင် လုပ်ချင်လာအောင် အလုပ်လုပ်နေ ရချိန်မှာ အလုပ်အပေါ် သံယောဇဉ်တွယ် တာလာအောင် ပြုမူကျင့်ကြံနေထိုင်တတ်ရပေသည်။

ယင်းသည် အပြောလွယ်သလောက် အမှန်တကယ် လုပ်ကိုင်သည့်အခါတွင် လွယ်ကူလွန်းသည်တော့ မဟုတ်ပါ။

အလုပ်သည် မိမိ မိသားစု၏ စားဝတ်နေရေးအတွက် အရေးကြီးသော အထောက်အကူပြုနေပေသည်။ ယင်းကြောင့် အလုပ်ကို လုပ်ချင်လာအောင် လုပ်နေခိုက်မှာ အလုပ်လုပ်ရသည့်အတွက် ကျေနပ်လာအောင် ပျော်လာအောင် စိတ်နှလုံးသွင်းရပေမည်။ တကယ်က မိမိအလုပ်အပေါ် စိတ်နှလုံးသွင်းခြင်းသည် ထပ်တလဲလဲ မိမိစိတ်က အလုပ်ကို ခင်တွယ်လာအောင် အလုပ်လုပ်ရသည်ကို နှစ်သက်လာအောင် ကြိုးပမ်းအားထုတ်ခြင်းပင် ဖြစ်သည်။ ငါသည် ယခု ငါလုပ်နေသော အလုပ်ကို အမှန်တကယ် ဆောင်ရွက်ရသည်ကို ငါနှစ်သက်သည်။ ကျေနပ်အားရသည်ဟု မိမိကိုယ်မိမိ အသိပေးရမည်။ တစ်ကြိမ်မဟုတ် နှစ်ကြိမ်မဟုတ် ထပ်တလဲလဲ ပြောဆိုသတိပေးရပေမည်။

အစတွင် အလုပ်ကို နှစ်သက်မြတ်နိုးကြောင်း ပင်ပန်းသည်ဟု လုံးဝမယူဆကြောင်း အလုပ်ကို ကောင်းစွာလုပ်ကိုင်နိုင်သော မိမိကိုယ်မိမိ ဂုဏ်ယူကြောင်း အတွေးကောင်း စိတ်ကောင်း မွေးပေးရပေမည်။

ပွားများအောင် စိတ်ကောင်း၊ နှလုံးကောင်း မွေးရခြင်းသည် ကြာလာလေလေ တစ်စတစ်စ ရည်ရွယ်ချက် ထမြောက်အောင် မြင်လာသည်ကို လေ့ကျင့်ရင်းက ကိုယ်တွေ့ သိမြင်လာပေလိမ့်မည်။ မလုပ်ခင်မှာ ငါလုပ်မှ လုပ်နိုင်ပါ့မလားဟု မိမိကိုယ်မိမိ သံသယ ဝင်တတ်ပေသည်။ ယင်းသံသယစိတ်သည် ဖြစ်မှဖြစ်ပါ့မလားဟူသော အပျက်စိတ်ဖြစ်သည်။ အပျက်စိတ်ဝင်လာတိုင်း ငါလုပ်နိုင်တယ်၊ ငါတကယ်လုပ်နိုင်တယ်၊ ငါအခု တကယ်စလုပ်နေပြီ၊ ကြည့်စမ်း၊ တကယ်လုပ်တော့ အဟုတ်ဖြစ်လာပါလားဟု မိမိ၏လက်တွေ့ အလုပ်လုပ်နေမှုက သက်သေပြ လာပေလိမ့်မည်။ မလုပ်ခင်က နှောင့်နှေးစေသော အစွဲတို့သည် လက်တွေ့အလုပ်လုပ်တိုင်း နှောင့်နှေးစိတ်၊ တွန့်ဆုတ်စိတ်တို့ကို ဘယ်တော့မဆို ချေဖျက်ပေးတတ်လေသည်။ အောင်မြင်မှုနှင့် ဆက်လက်လုပ်ချင်စိတ်ကို ဆွဲဆောင်သိမ်းသွင်းသွားပေလိမ့်မည်။ စင်စစ် အလုပ်လက်တွေ့သည် မလုပ်ခင် နှောင့်နှေးတွန့်ဆုတ်စိတ်ကို တဖြည်းဖြည်း မောင်းထုတ်ရင်းက မိမိ၏ အားထုတ်ကြိုးပမ်းစိတ် ကို ပထမ မသိမသာ အားပေး၏။ ဆက်လက်၍ မသိမသာ အားပေးရင်းက သိသိသာသာ တစ်စတစ်စ အားပေးလာ၏။ ထိုအခါတွင် မိမိလုပ်ရပ် အောင်မြင်တော့မည်ကို ခေါင်းလောင်းထိုးလိုက်ခြင်းပင် ဖြစ်၏။ အောင်မြင်မှုဟူသည် လက်တွေ့တည်းဟူသော လုပ်ရပ်က ရယူပို့ဆောင်ပေးသည်ကို သေချာပေါက် တွေ့ရှိလာသည်ပင်။

ထို့ကြောင့် အောင်မြင်လိုသူတို့သည် လက်တွေ့စမ်းသပ်မှုဖြင့် မိမိ၏ အရည်အသွေးကို ထုတ်ဖော်ပြသနိုင်ကြပေသည်။ လက်တွေ့ မစမ်းသပ် မပြုလုပ်ရသေးမီ အလုပ်ကို အဟန့်အတားပြုမှုများသည် မလွဲမရှောင်သာ ရှိတတ်၏။ တွေ့တတ်၏။ အဟန့် အတားပမာ ပြုတတ်ကြ၏။ လက်တွေ့လုပ်ရပ်က အမှန်အကန် ဖော်ပြတော့မည်ကို ယုံကြည်လက်ခံစိတ်ဖြင့် ပြုလုပ်သူတိုင်းသည် မည်သည့်နည်းနှင့်မဆို အနှေးနှင့်အမြန် အောင်မြင်မှုကို ရရှိကြပေလိမ့်မည်။

ယင်းကြောင့် ဘာပဲလုပ်လုပ် အလုပ်တိုင်းကို စမ်းသပ်လုပ်ကိုင်ကြည့်ခြင်းဖြင့်သာလျှင် အလုပ်၏အဖြေကို တွေ့ရှိ၏။ အလုပ်လုပ်လာရင်းက ထိုအလုပ်သည် လုပ်လာလေ ဆက်လုပ်လာလေ အလုပ်လုပ်သူကို        ‘ဆက်လုပ်၊ ဟုတ်ပြီ၊ ဘယ့်နဲ့လဲ၊ လုပ်လို့ဖြစ်တယ် မဟုတ်လား၊ အလုပ်လုပ်ရတာ ပျော်တဲ့စိတ်ထည့်ထားလိုက်စမ်း၊ အလုပ်က ဆက်လုပ်ချင်လာအောင် ဆွဲခေါ်သွားပြီမဟုတ်လား’ ဟု အလုပ်သည် ပြီးစီးမှုဆီသို့ ကောင်းမွန်စွာ ဆွဲခေါ်သွားပေလိမ့်မည်။

အလုပ်လုပ်လျှင် စိတ်ကြည်လင်နေပါစေ။ စိတ်အေးချမ်းနေပါစေ။ အလုပ်ကို ပြီးဆုံးအောင် လုပ်သွားမည်ဟူသော သန္နိဋ္ဌာန် စိတ်ထားလုပ်ပါက အလုပ်သည် နောက်ဆုံးလိုရာခရီးကို ပို့ဆောင်နိုင်ကြောင်း ယခုပင် လုပ်ကြည့်၍ အဖြေထုတ်ကြည့်လိုက်ကြစမ်းပါအဆွေ။

Most Read

Most Recent