မြန်မာ့တောဆင်ရိုင်းတွေ မျိုးသုဉ်းပျောက်ကွယ်တော့မှာလား

မြန်မာ့တောဆင်ရိုင်းတွေ မျိုးသုဉ်းပျောက်ကွယ်တော့မှာလား
Published 23 August 2017

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းမှ ဆင်များကို တွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းရှိ သစ်တောကြီးများထဲတွင် မကြာခဏ တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုဖြစ်စဉ်များမှာ ၂၀၁၇ ခုနှစ် အတွင်းတွင် ပိုမိုဖြစ်ပွားလျက်ရှိပါတယ်။ သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တပ်မတော်စစ်ကြောင်းများ မကြာခဏ တောနင်းရှာဖွေစစ်ဆေးနေသော်လည်း တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုများဟာ လစဉ်လိုလိုပင်ဖြစ်ပွားနေပါတယ်။ WCF၊ FFI၊ WWF တို့ရဲ့ ပူးပေါင်းထုတ်ပြန်ချက်များအရ ၂၀၁၇ ခုနှစ် နှစ်စပိုင်းကနေ သြဂုတ်လဆန်းပိုင်းအထိ တောဆင်ရိုင်း အကောင် ၃၀ ကျော် သတ်ဖြတ်ခံထားရတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။ မတွေ့ရှိရဘဲ တောတွင်းတစ်နေရာမှာတင် သတ်ဖြတ်ခံသေဆုံးခဲ့ရတဲ့ တောဆင်ရိုင်းတွေလည်း ဘယ်လောက်အထိ ရှိနေမယ်ဆိုတာ မမှန်းနိုင်ပါဘူး။

အာဖရိကဆင်နဲ့ အာရှဆင်ဟူ၍ အဓိက ဆင်အမျိုးအစားနှစ်မျိုးရှိတဲ့အနက် မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကျက်စားကြတဲ့ ဆင်အမျိုးအစားဟာ အာရှ ဆင်အမျိုးအစားပါ။ အာရှဆင်ဟာ အာဖရိကဆင်လောက် မကြီးထွားကြပေမယ့် ပခုံးကျယ်၍ တောင်းတင်းခိုင်မာတဲ့ မျိုးရိုးဗီဇကို ပိုင်ဆိုင်ထားကြပါတယ်။ ဝန်တင်ဖို့နဲ့ သစ်ဆွဲခြင်း၊ လိမ္မာယဉ်ကျေးအောင် သင်ပြပေးနိုင်ခြင်းမှာလည်း အာရှ ဆင်တွေဟာ အာဖရိကဆင်တွေထက် များစွာသာလွန်ပါတယ်။ စစ်တမ်းများအရ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ တောဆင်ရိုင်း အကောင်ရေ ၇၀၀ လောက်သာ ရှိတော့တယ်လို့ သိရပါတယ်။ မြန်မာတစ်နိုင်ငံလုံး အနေအထားဖြင့် တောဆင်ရိုင်းအကောင်ရေဟာ ၁၄၀၀ နဲ့ ၂၀၀၀ ခန့်သာ ကျန်ရှိပါတော့တယ်။ တောဆင်ရိုင်းများဟာ နှစ်စဉ် အကောင်ရေ ၃၀ မှ ၄၀ ကြား အသတ်ခံနေရတဲ့နှုန်းဖြင့် နှိုင်းယှဉ်ပါက နောင်လာမယ့် ဆယ်စုနှစ်သုံးခုခန့်အတွင်းမှာ မြန်မာ့တောဆင်ရိုင်းများ မျိုးသုန်းပျောက်ကွယ်တော့မှာ သေချာနေပါပြီ။

ဆင်တွေကို အစွယ်ပေါက်ပုံလိုက်ပြီးတော့ စွယ်စုံဆင်၊ ဟိုင်းဆင်၊ တယ်ဆင်၊ တန်ဆင်၊ ဟန်ဆင်၊ ဆင်မ ဆိုပြီး ခွဲခြားနိုင်ပါတယ်။ စွယ်စုံဆင်များမှာဖြူ ဖွေးထင်ရှားတဲ့ အစွယ်နှစ်ချောင်းပါဝင်တဲ့ ဆင်ထီးများဖြစ်ပါတယ်။ အစွယ် လုံးဝမထွက်သော်လည်း အရွယ်အစား ကြီးထွားသန်မာတဲ့ နှာမောင်းနဲ့ နားရွက်ကားတဲ့ ဆင်တွေကိုဟိုင်းဆင်လို့ ခေါ်ပါတယ်။ စွယ်ဖုံးအပြင်ဘက်ထွက်ရုံ အစွယ်တိုတိုသာပါရှိသော စွယ်စုံဆင်ထီးများကို ဟန်ဆင်လို့ ခေါ်ပါတယ်။ ဟန်ဆင်တွေဟာ ဒေါသကြီးတတ်ပါတယ်။ ဆင်များဟာ သူတို့ရဲ့ ဆင်ဦးစီးများနဲ့ ဆက်သွယ်တဲ့ ဘာသာစကားဟာလည်း အရေးကြီးပါတယ်။ ဆင်များနားလည်တဲ့ ဘာသာစကားဟာ ဟင်ဒီဘာသာ၊ အာသံနဲ့ ခန္တီးရှမ်းဘာသာများမှ ဆင်းသက်ခဲ့တယ်လို့ ရှေးဆိုစကားများ ရှိပါတယ်။ ဆင်များကိုခိုင်းစေလိုပါက သူတို့နားလည်တဲ့ ဘာသာစကားနဲ့ ခိုင်းစေရပါတယ်။ ဥပမာ- သွားလာနေတဲ့ ဆင်တစ်ကောင်ကို ရပ်စေချင်ပါက ဟောင်/ရာလို့ ပြောဆိုရပါတယ်။ ငြိမ်နေစေချင်ပါက ယား(ရ်)လို့ ပြောဆိုရပါတယ်။ အိပ်စေချင်ပါက မက်လုံးလို့ ပြောဆိုရပါတယ်။ ဒီနေရာမှာ ဆင်တွေကို ဆင်ဦးစီးက အာဏာသံပါပါနဲ့ အမိန့်ပေး ပြောဆိုမှ နားထောင်ကြပါတယ်။ သူဟာလည်း တိရစ္ဆာန်ထဲမှာ အားအကြီးဆုံးဆိုတော့ မာန်လေးတော့ ရှိနေတာပေါ့။

မြန်မာ့ဆင်များရဲ့ ပျမ်းမျှသက်တမ်းဟာ အသက် ၆၀ နှစ်ဖြစ်ပါတယ်။ မွေးဖွားလာချိန်ကနေ အသက်လေးနှစ်အထိ အမိနောက်လိုက် ဆင်ကလေး အဖြစ်သာရှိနေသေးပြီး နို့မခွဲနိုင်သေးပါဘူး။ အသက်ငါးနှစ်ကနေ ၁၅ နှစ်အထိ ရောက်ရှိချိန်မှာတောင်မှ အချို့သော ဆင်ငယ်လေးများဟာ နို့မခွဲနိုင်သေးပါ ဘူး။ အသက် ၁၅ နှစ် ၁၈နှစ်အကြား ရောက်ရှိမှသာ စတင်သင်ကြားတတ် မြောက်ကြပါတယ်။ အသက် ၂၅ နှစ်ကနေ အသက် ၄၅ နှစ်အထိအရွယ်ဟာ ဆင်တစ်ကောင်ရဲ့ မွန်းလတ်ချိန်၊ မွန်းတည့်ချိန်လို့ခေါ်တဲ့ အရွယ်ကောင်းပါပဲ။ အသက် ၅၀ နှစ်နောက်ပိုင်းဟာတော့ ဆင်တစ်ကောင်ရဲ့ မွန်းလွဲချိန်ဖြစ်ခဲ့ပါပြီ။ ဆင်တစ်ကောင်ဟာ အသက် ၁၈ ခန့်မှာ စတင်ပြီးတော့ မိတ်လိုက်နိုင်ကြပါတယ်။ ဆင်မတစ်ကောင်ရဲ့ ကိုယ်ဝန်ဆောင်ချိန်ဟာ ၂၂  လအထိ ကြာမြင့်ပါတယ်။ ဆင်မတစ်ကောင်ဟာ သူ့ရဲ့ မွန်းလတ်ချိန် ၊ မွန်းတည့်ချိန် သက်တမ်းတစ်လျှောက် ခြောက်ကြိမ်ခန့်အထိသာ ကိုယ်ဝန်ဆောင်နိုင်ကြပါတယ်။ မွေးဖွားနှုန်းသေဆုံးနှုန်းနှင့် အခုလိုအသတ်ခံနေရတဲ့ ဘေးတွေကို အချိုးချကြည့်ပါက မျိုးသုဉ်းပျောက်ကွယ်ဖို့ နီးကပ်လာနေတဲ့ မြန်မာ ဆင်များကိုအရေးပေါ် စောင့်ရှောက်ကူညီပေးဖို့ လိုနေပါပြီ။

■ ဆင်နှင့် လူ ပဋိပက္ခများ

ဆင်နှင့်လူ ပဋိပက္ခဖြစ်စဉ်များဖြစ်ပွားခဲ့တာဟာ အခုဆိုရင် ဆယ်စုနှစ်တစ်စုမက ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ဘာကြောင့်များ တောတွင်းမှာ နေထိုင်ကျက်စားနေတဲ့ ဆင်တွေနဲ့ လူတွေ ပဋိပက္ခဖြစ်ရလဲဆိုတာဟာ အရင်းပြန်စစ်ရရင် ဝိသမလောဘသား လူအချို့ကြောင့်ပဲ ဖြစ်နေပါတယ်။ တောများ ပြုန်းတီးသည်အထိ သစ်တွေကိုခုတ်ယူခဲ့ကြတာ ဘယ်သူတွေပါလဲ။ ခုတ်ယူပြီးသစ်တောများကို ပြန်လည် အစားထိုးစိုက်ပျိုးပေးခြင်း  မရှိခဲ့တာ ဘယ်သူတွေပါလဲ။ ဆင်တွေဟာ  နေထိုင်ရှာဖွေ စားသောက်စရာ သစ်တောများ မရှိတော့တဲ့အတွက် လူနေထိုင်ရာကျေးရွာများ အထိကိုပါ အစားအသောက်များ လာရောက်ရှာဖွေကြရပါတော့တယ်။ ဒေသခံ ပြည်သူများဟာလည်း မိမိတို့စိုက်ပျိုးထားတဲ့  သီးနှံများ မပျက်စီးစေရေးအတွက် ဆင်များကို ခြောက်လှန့်လွှတ်ကြရပါတယ်။ ဒေသခံပြည်သူတွေဟာလည်း မိမိတို့ သီးနှံလေးမပျက်စီးရေး၊ ဆင်များဟာလည်း မိမိအစားသောက် ရရှိရေးအတွက် လွန်ဆွဲပြိုင်ရာကနေ ဆင်နှင့်လူ ပဋိပက္ခများဟာ စတင်ခဲ့ရပါတော့တယ်။ အရင်းစစ်ရရင်တော့ သစ်တောတွေ ပျောက်ဆုံးခဲ့မှုပါပဲ။

■ ဘာလို့ ဆင်သတ်ဂိုဏ်းတွေ ကြီးစိုးနေရတာလဲ

ယခင်အချိန်များက ဆင်နှင့်လူပဋိပက္ခ ဖြစ်စဉ်တွေ နည်းပါးချိန်မှာ ဒေသခံပြည်သူတွေဟာ တောတွင်းနေရာများမှ တောဆင်ရိုင်း သတ်ဖြတ်မယ့်သူလို့ မသင်္ကာသူများ  တွေ့ရှိပါက သစ်တောဌာနကို အကြောင်းကြား ကူညီပေးကြတာ များပါတယ်။ ပဋိပက္ခ ဖြစ်စဉ်တွေ များပြားလာချိန်မှာတော့ ဒီဆင်တွေ မရှိတော့လည်း ကောင်းတာပဲလို့ သူတို့ ယူဆခဲ့ရပါပြီ။ ဒီဖြစ်စဉ်တွေဟာ ဒေသခံပြည်သူတွေအတွက်လည်း လွဲမှားနေတဲ့ အယူအဆတစ်ခု မဟုတ်ပေမယ့် နိုင်ငံတော်အစိုးရ အနေနဲ့ကတော့ ဆင်ရိုင်းများဖျက်ဆီးလို့ ပျက်စီးခဲ့ရတဲ့ ဒေသခံပြည်သူများရဲ့ စိုက်ခင်းတွေကိုနစ်နာကြေးတွေ ပေးလျော်ပေးပြီး ဒေသခံပြည်သူတွေကို ပူးပေါင်းဆောင်ရွက်လာစေချင်စိတ်ရှိအောင် စွဲဆောင်နိုင်ဖို့ဆိုတဲ့ အချက်တစ်ခု လိုအပ်နေလို့ပဲဖြစ်ပါတယ်။ ပုသိမ်မြို့နယ် ငွေဆောင်မြို့တစ်ခုတည်းမှာပင် ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တော ဆင်ရိုင်းများကြောင့် လူရှစ်ဦးအထိ အသက် ဆုံးရှုံးခဲ့ရသလို သီးနှံစိုက်ပျိုးထားတဲ့ ဧက ၇၈ ဒသမ ၃၃ အထိ ပျက်စီးဆုံးရှုံးခဲ့ရတာကြောင့် ဒေသခံပြည်သူများမှာလည်း နစ်နာမှုတွေ အပြည့်နဲ့ပါ။ တောဆင်ရိုင်းများ နေစရာ နေရာမရှိလောက်အောင် သစ်ထုတ်ခဲ့သူက တစ်ဦး၊ ခံရသူကတစ်ဦးဆိုတော့ ဒေသခံတွေအတွက် မထောင်းလှပါဘူး။ ဒါ့ကြောင့်မို့ ဆင်သတ်ဂိုဏ်းတွေကို တွေ့ရှိရင်တောင်မှ သတင်းပေးဖို့ဆိုတာ မလွယ်လှတော့ပါဘူး။

နောက်တစ်ချက်ကတော့ ဆင်သတ်ဂိုဏ်းတွေမှာ လက်နက်ကိုယ်စီ ရှိနေကြတာ ဖြစ်ပါတယ်။ နိုင်ငံတော်က  သစ်တောဝန်ထမ်းများအတွက် လက်နက်တွေ ထုတ်ပေးဖို့ကို စီစဉ်နေဆဲအချိန်မှာ တောတွင်းမှာ လက်နက်တွေနဲ့ ကျက်စားနေတဲ့ ဆင်သတ်မုဆိုးတွေကို သစ်တောဝန်ထမ်းတွေဟာ ရဲရဲရင်ဆိုင် ရှေ့တိုးဖို့ဆိုတာ မဖြစ်သင့်တဲ့အရာပါ။ တပ်မတော်စစ်ကြောင်း၊ ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့များနဲ့သာ တောနင်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ လွယ်ကူပါလိမ့်မယ်။ ဒါဟာလည်း နေ့စဉ် အပတ်စဉ် ဆောင်ရွက်ဖို့ဆိုတာ လွယ်ကူလှတဲ့ ကိစ္စရပ်တစ်ခုမဟုတ်ပါဘူး။

■ ဆင်သတ်ဂိုဏ်းတွေကို ဘယ်လိုပပျောက်အောင် လုပ်မလဲ

ဆင်တွေကို ဘာကြောင့်သတ်ရလဲဆိုတာဟာ အဓိကအားဖြင့် ဆင်စွယ်၊ ဆင်နှာမောင်း၊ ဆင်သားရေကို လိုချင်လို့ သတ်ဖြတ်နေတာပါ။ ဒီပစ္စည်းတွေဟာ ခိုင်မာတဲ့ မှောင်ခိုဈေးကွက်တစ်ခု ရှိနေတာ အသေအချာပါပဲ။ နယ်စပ်ဖြတ်ကျော်ဂိတ်များ၊ တိုင်းဒေသကြီး ဖြတ်ကျော်ဂိတ်များကနေ ဒီလိုတရားမဝင် ပစ္စည်းတွေကို သယ်ဆောင်လာခြင်း ရှိ မရှိ လည်း အသေအချာ စစ်ဆေးဖို့လိုပါတယ်။ သစ်တောဝန်ထမ်းများကိုလည်း အင်အားတိုးချဲ့ပေးခြင်း၊ လက်နက်များ တပ်ဆင်ပေး ခြင်းများကိုလည်း လျင်မြန်စွာလုပ်ဆောင်ဖို့ လိုနေပါပြီ။

မသင်္ကာဖွယ် ဆင်သတ်ဂိုဏ်းမှဟု ယူဆရသူများကို သတင်းပေးတဲ့ ပြည်သူများကိုလည်း ထိုက်တန်တဲ့ ဂုဏ်ပြုချီးမြှင့်မှုများ ပြုလုပ်ပေးဖို့ လိုအပ်နေပါတယ်။ ဆင်နှင့်လူ ပဋိပက္ခဖြစ်စဉ်များ မဖြစ်ပွားလာစေရေး တောဆင်ရိုင်းများ လွတ်လပ်စွာမျိုးပွား ရှင်သန်နိုင်ရေးအတွက် သစ်တောများလည်း လျင်မြန်စွာ ပြန်လည်ထူထောင်ပေးဖို့ လိုအပ်နေပါတယ်။ ဒီနေရာမှာ ဒေသခံပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ်ဟာ အရမ်း အရေးပါလှတာမို့ ဆင်နှင့်လူ ပဋိပက္ခဖြစ်စဉ် နေရာများမှာ ပြည်သူတွေကို အသိပညာဖြန့် ဝေပေးခြင်း၊ နစ်နာခဲ့သည်များကိုထောက်ပံ့ ကူညီပေးခြင်းဟာ မဖြစ်မနေလုပ်ဆောင်ရမယ့် အချက်တစ်ခုပဲဖြစ်ပါတယ်။ ပြည်သူတွေရဲ့ သတင်းပေးပို့ချက်၊ သစ်တောဝန်ထမ်းတွေရဲ့ တောနင်း စစ်ဆေးမှုတွေနဲ့ဆိုလျှင် ဆင်သတ်ဂိုဏ်းတွေအတွက် နေရာအတော်ကို နည်းပါးသွားပါလိမ့်မယ်။

Most Read

Most Recent