ပျောက်ဆုံးသူတို့ရွာ

ပျောက်ဆုံးသူတို့ရွာ
Published 23 August 2017

၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်(၁၀၅)မိုင်အနီးတွင် ပျောက်ဆုံးသွားသော မောင်အောင်မျိုးနှင့် မောင်မင်းမင်းတို့ နောက်ဆုံးရိုက်ခဲ့သော ဓာတ်ပုံနှင့် မိခင်နှစ်ဦးအား တွေ့ရစဉ်

မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့ရဲ့မြောက်ဘက်ငါးမိုင်ခန့်အကွာမှာ ခင်ကြီးဆိုသောရွာကြီးတစ်ရွာ ရှိသည်။ အဆိုပါ ခင်ကြီးကျေးရွာမှာ  အိမ်ခြေ ၈၀၀ ကျော်ရှိပြီး သံသေတ္တာ လုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ တောင်သူလုပ်ငန်း စတဲ့လုပ်ငန်းတွေနဲ့ အညာဒေသက သာမန်ရွာကြီးတစ်ရွာလို့ ထင်စရာရှိပေမယ့် ရွာအတွင်းထဲကို ဝင်ကြည့်ပြီး မေးမြန်းလိုက်ရင်တော့ ပျောက်ဆုံးသူတို့ကို မျှော်လင့်ရင်းစောင့်ဆိုင်းနေကြသော ဝမ်းနည်းမိသားစု ၄၀ ကျော် ရှိကြပါလိမ့်မည်။ 

ရွာလေးရဲ့မိရိုးဖလာအလုပ်တွေကို စွန့်လွှတ်ပြီး တစ်နယ်တစ်ကျေးကို ဒေသထွက် ပစ္စည်းလေးတွေ ထမ်းပိုးရောင်းချဖို့ အဝေး ရပ်ဆီကို ထွက်ခွာသွားကြရင်း မိသားစုထံ နှစ်ရှည်မပြန်နိုင် ဇာတ်လမ်းတချို့က လွန်ခဲ့သော  ၁၀ နှစ်ကျော်ကပင် ဒီရွာမှာ စတင်ခဲ့သည်။ ငြိမ်းချမ်းသောဒေသ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ နေထိုင်ပေမယ့် ဝမ်းရေး ရတက် မအေးနိုင်သည့်အတွက် မငြိမ်းချမ်းသေးသော ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် ဒေသတွေဆီကို ကုန်သွယ်သွားရင်း ယခုလို ဝမ်းနည်းဇာတ်လမ်းတွေ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါသည်။

အစောပိုင်းနှစ်တွေတုန်းကတော့ ရွာထွက်ပစ္စည်းတွေ ထမ်းပိုးရင်း သဲတောဘူတာကနေတစ်ဆင့် ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်းတစ်ခွင် လှည့်လည်ရောင်းချကာ အသက်မွေးဝမ်းကျောင်းနေသူ ခင်ကြီးရွာသားတွေအဖို့  တစ်နေ့မိသားစုနှင့် ခွဲခွာကြရလိမ့်မည်လို့ မည်သူမျှ မတွေးထင်မိခဲ့ပေ။  ယင်းကဲ့သို့ ကုန်သွယ်ဈေးရောင်းထွက်သူ ခင်ကြီးကျေးရွာသား ကိုးဦးကတော့ လွန်ခဲ့သော ကိုးနှစ်ကပင် ရှမ်းပြည်မြောက်ပိုင်းမှာ ဈေးရောင်းချရင်း ကိုးဦးစလုံး အိမ်ပြန် မလာနိုင်တော့။  ခါတိုင်း ဆယ့်လေးငါးရက် ဈေးသွားရောင်းပြီး ပြန်လာလေ့ရှိသော သား၊ ခင်ပွန်းတို့ ဘယ်အချိန်ပြန်လာနိုင်မလဲ ဘယ်သူမှ မသိနိုင်တော့ပြီ။ ရှမ်းပြည်မြောက်ပိုင်းကို ဈေးသွားရောင်းရင်း တည်းခိုသွားသော ဘုန်းကြီးကျောင်းမှ နောက်ဆုံးထွက်ခွာသွားပြီး ကိုးနှစ်ကျော်ကြာချိန်အထိ ခင်ကြီးရွာသားကိုးဦးကို ယနေ့ချိန်အထိ မည်သူမျှ တွေ့မြင်ရခြင်းမရှိတော့။  သား၊ ခင်ပွန်းအကြောင်းကို မျက်ရည်လည်ရွဲပြောရင်း ဒီတစ်ခေါက် ဈေးရောင်းထွက်တာ လက်နက်ကိုင်တွေနဲ့ တွေ့သွားပုံရတယ်လို့ ခန့်မှန်းချက်မှုန်မှုန်လေးသာ ကျန်ရစ်သူ မိသားစုက ပြောနိုင်တော့သည်။

ဒီလိုနှင့် ခင်ကြီးရွာလေးမှ ပျောက်ဆုံးသူတွေ ၁၀ နှစ်လောက်အတွင်း  လူဦးရေ ၄၀ လောက်ရှိလာပေမယ့် ပျောက်ဆုံးသူတို့ သေသလား၊ ရှင်သလား၊ ဘယ်အဖွဲ့အစည်းက ဖမ်းသွားလို့ အဆက်အသွယ်မရတာလဲ စတဲ့ မေးခွန်းတွေရဲ့အဖြေကို အခုချိန်အထိ သေချာရေရာ သိရှိရခြင်း မရှိတော့။ နောက်ဆုံး ဈေးရောင်းထွက်ရင်း ပျောက်ဆုံးရာဒေသကို လိုက်လံစုံစမ်းသော်လည်း ငြိမ်းချမ်းမှုမရှိခြင်း၊ တရားဥပဒေ စိုးမိုးမှုမရှိခြင်း၊ ဒေသစကား မပေါက်ခြင်း၊ အကူအညီမဲ့ခြင်းတို့ကြောင့် ပျောက်ဆုံးသူတို့၏ မိခင်တွေခမျာ အခုချိန် အထိ ကယ်တင်ရာမဲ့ ရှိနေဆဲ။

ဈေးရောင်းထွက်ရင်း ပျောက်ဆုံးရာ ကနေတစ်ဆင့် လက်နက်ကိုင်တွေ သတ်ဖြတ်လို့၊ ပစ္စည်းလိုချင်လို့ အသတ်ခံရသည် စသဖြင့် သေဆုံးသွားခဲ့ပြီဆိုလျှင်လည်း ထုံးတမ်းဓလေ့အတိုင်း လိုက်လံလုပ်ဆောင်ရမည်ဖြစ်သော်လည်း အခုချိန်အထိတော့ ပျောက်ဆုံးသူတွေအတွက် မည်သူကမျှ ရေစက်ချ အမျှမဝေရက်ကြ။ တစ်နေ့ပြန်လာနိုး တစ်နေ့ ပေါ်လာနိုးနှင့် စောင့်ဆိုင်းနေခဲ့ကြရသော ဇနီးမယားတို့မှာ သား၊ သမီး အလှူဓာတ်ပုံတွင် ခင်ပွန်းသည်ပုံကို Photoshop ဖြင့်ထည့်ရင်း ငါ့ယောက်ျား မသေသေးဟုသာ စိတ်အားတင်းနေကြရသည်။ ဝမ်းတွင်းမြို့နယ် ခင်ကြီးကျေးရွာမှ သုံးယောက်တစ်တွဲ ဈေးရောင်းထွက်သူတွေ၊ ငါးယောက်တစ်တွဲ ဈေးရောင်းချသူတွေ ကိုယ့်အဖွဲ့လေးနဲ့ကိုယ် ထွက်လေ့ရှိသော နေရာများကတော့ ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည် တောင်ပိုင်း၊ကယားပြည်နယ်၊ ကရင်ပြည်နယ် စသော နေရာဒေသအသီးသီးကို သွားရောက်ရောင်းချလေ့ရှိပြီး ရောင်းချသော  ပစ္စည်းများကတော့ မိုးကာ၊ စောင်၊ သံသေတ္တာ စသည့် ပစ္စည်းများဖြစ်ကာ တစ်ခေါက်တစ်ခရီး ဈေးရောင်းထွက်လျှင် မြတ်မြတ်စွန်းစွန်းရသည် ဖြစ်၍ ရွာတွင် တောင်သူလုပ်သည်ထက် ကိုက်သည်ဟုဆိုကာ စွန့်စားထွက်ကြသည့် အထဲတွင် လူငယ် အများအပြားပါကြသည်။

ထိုသို့ စွန့်စားထွက်ရင်း ဈေးရောင်းဈေးဝယ် ပါးနပ်လာတော့ ရှမ်းပြည်မြောက်ပိုင်းကို လူလွတ်တက်သွားပြီး မိုးကာ၊ ဖျာ၊ စောင်တွေကို လားရှိုးဈေး၌ ဝင်ဝယ်ကာ  ရှမ်းပြည်နယ်အတွင်း လမ်းပေါက်သလောက် ဆိုင်ကယ်စီးဝင်ရင်း အရောင်းအဝယ်လုပ်ကြသည်။ ထိုသို့ ဆိုင်ကယ်ပေါ် ဈေးပစ္စည်းတင်ရင်း ရှမ်းပြည်သို့ ဈေးအရောင်းထွက်ကြသည့်အထဲတွင် နောက်ဆုံးပျောက်ဆုံးသွားသူ ခင်ကြီးရွာမှ မောင်အောင်မျိုး အသက်(၂၆)နှစ်နှင့် မောင်မင်းမင်း အသက်(၂၆)နှစ်တို့ ပျောက်ဆုံးချိန်သည်   (၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက် )ရွေးကောက်ပွဲမတိုင်ခင် ရှစ်ရက်ကဖြစ်၍ နှစ်နှစ်မပြည့်သေးဟု ဆိုရမည်။

မောင်အောင်မျိုးနှင့် မောင်မင်းမင်းတို့ သည် ခင်ကြီးရွာမှထွက်လာပြီးကတည်းက မိသားစုနှင့် အဆက်အသွယ်မပြတ် ရှိနေပြီး ရှမ်းပြည်မြောက်ပိုင်း (၁၀၅) မိုင်တွင် အိမ်ငှားနေကာ ဈေးရောင်းထွက်ကြရင်း ၂၀၁၅  ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ရှစ်ရက်အလိုတွင် ပျောက်ဆုံးသွားကြခြင်းဖြစ်ပြီး ရွေးကောက်ပွဲတွင် သူတို့အခေါ် အမေစုပါတီ NLD ကို မဲပေးကြဖို့ စိတ်အားထက်သန်နေသူများ ဖြစ်ကြသည်။

သို့သော် ခင်ကြီးရွာသား မောင်အောင်မျိုးနှင့် မောင်မင်းမင်းတို့ နှစ်ယောက်လုံး ရွေးကောက်ပွဲ မဲမပေးလိုက်ရပဲ NLD အလံပါသော အကျီဝတ်ကာ မူဆယ်တွင် နောက်ဆုံးရိုက်ခဲ့သော ဓာတ်ပုံသာ မိသားစုထံ  ပြန်ရောက်လာခဲ့သည်။ မောင်အောင်မျိုးနှင့် မောင်မင်းမင်း တို့ ပျောက်ဆုံးရာနေရာက မူဆယ်မြို့နယ် (၁၀၅) မိုင်အနီးက ဆိုင်ကယ်ဖြင့် တစ်နာရီကျော်ကျော်စီးရသော ကျေးရွာတွေဘက် ဈေးရောင်းထွက်သော ခရီးစဉ်တွင် ဖြစ်ပြီး ပျောက်ဆုံးချိန်က ၂၀၁၅ နိုဝင်ဘာလဆန်းပိုင်းဖြစ်သည်။

ကျွန်တော့်တူ (၁၀၅)မိုင်မှာ ဈေးရောင်းထွက်ရင်း  ပြန်မလာပဲ ပျောက်သွားတဲ့ သတင်းကြားကြားချင်း  ကျွန်တော်လည်း ချက်ချင်းသွားရှာတာ၊ ကျွန်တော့်တူတို့က လေးယောက်အဖွဲ့၊ အဲ့ဒီနေ့က နှစ်ယောက်က (၁၀၅)မိုင်နားက ရွာတွေ ဈေးရောင်းထွက်လိုက်အုံးမယ် ဆိုပြိး ဆိုင်ကယ်နဲ့ ထွက်သွားတာ ပြန်ရောက်ချိန်မတိုင်လို့ နောက်ကျန်နှစ်ယောက်က ဖုန်းဆက်တာမှာ ညနေသုံးနာရီလောက်ထိ အဆက်အသွယ်ရသေးတယ်၊ ဆိုင်ကယ်ပျက်နေလို့ နည်းနည်းနောက်ကျမယ် ခုပြန်လာနေပြီ နာရီဝက်လောက်နေရင် ရောက်မယ် ဖုန်း ပြောသွားတယ်၊ နောက်ပိုင်းကျ ဖုန်းပိတ်သွားတာ ၊အဆက်အသွယ် မရတော့ဘူး၊ ကျွန်တော်ရောက်သွားပြီး ရွာအုပ်ချုပ်ရေးမှုးတွေ ရှာတွေ့၊ မေးမြန်းကြည့်တော့လည်းအကြောင်းမထူးတော့ဘူး၊ အဲ့ဒီဘက်က လက်နက်ကိုင်လည်းရှိတယ်၊ ဘိန်းဝိုင်း လောင်းကစားဝိုင်းတွေလည်းရှိတယ်၊ ဒေသခံတွေ မေးမြန်းကြည့်တော့လည်း  ဘယ်သူမှ ရေရေရာရာမပြောနိုင်ဘူး၊ ဟိုအဖွဲ့ကပဲ ဖမ်းသွားသလိုလို၊ ဒီအဖွဲ့ကပဲ ဖမ်းသွားသလိုလို နဲ့ ခုချိန်ထိ ဘာသံမှ မကြားရဘူးဟု မောင်အောင်မျိုးရဲ့ ဦးလေးတော်စပ်သူက ပြောပြသည်။

ဝမ်းတွင်းမြို့နယ်  ခင်ကြီးကျေးရွာက ဈေးရောင်းရင်း ပျောက်ဆုံးသွားသူတွေအနက် မောင်အောင်မျိုးနဲ့ မောင်မင်းမင်းတို့မှာ နောက်ဆုံးပျောက်ဆုံးသွားသူတွေ ဖြစ်ပြီး ရဲစခန်းသို့ လူပျောက်ကြောင်း တရားဝင် တိုင်ကြား ထားသူတွေလည်းဖြစ်သည်။

ရွေးကောက်ပွဲရက်လောက်က မူဆယ်ရဲစခန်းကို လူပျောက်တိုင်ကြားခဲ့တယ်၊ ပျောက်သွားတဲ့ ကောင်လေးတွေရဲ့ ဓာတ်ပုံတွေလည်း ပေးခဲ့တယ်၊ မူဆယ်ရဲတွေက စုံစမ်းပေးမယ်လို့တော့ ပြောတာပဲ၊ ခုချိန်ထိတော့ မဆက်သွယ်တော့ဘူး၊ နှစ်နှစ်နီးပါးရှိပြီလို့ မောင်အောင်မျိုးရဲ့ မိသားစုဝင်တွေက ပြောပြသည်။ ကျွန်မမောင်လေးက ဒီတစ်ခေါက် မဲပေးပြန်လာမှာဆိုပြီး ပျော်လို့ ၊ အကျီမှာလည်း အမေစုပါတီ အလံ (NLD)ပါတဲ့ အကျီတွေရွေးဝတ်လို့၊ ဆိုင်ကယ်တွေမှာလည်း ပါတီအလံတွေ ကပ်လို့ ပြန်မယ့်ရက်နီးပြီဆိုပြီး  ပျော်နေကြတာ၊ နေ့တိုင်း ဖုန်းအဆက်အသွယ်ရတယ်၊ ဒီမှာ ဆိုင်ကယ်ဝယ်ထားပြီ ဓာတ်ပုံ ဘာညာဆိုလည်း Viber ကနေ ပို့ပေးတယ်၊ ရှမ်းပြည်မြောက်ပိုင်း (၁၀၅)မိုင်မှာ ပျောက်တဲ့နေ့ကစပြီး သူ့ဖုန်းကို တစ်ရက်တစ်ကြိမ်ခေါ်ကြည့်တယ်၊ စက်ပိတ်ထားတယ် ပြောနေတာပဲ၊  သုံးလလောက်နေတော့ Viber မှာ ပေါ်နေလို့ လှမ်းစကားပြောကြည့်တော့ ပြန်ပိတ်သွားတယ်၊ ကျွန်မတို့ကတော့ စိတ်မလျှော့သေးဘူး၊ ငွေပေးလို့ ပြန်ရွေးဆိုလည် ရွေးမှာ ၊ကြိုးစားပြီး အဆက်အသွယ်လုပ်နေတုံးပဲ၊ မောင်လေးဖုန်းလည်း တစ်ရက်မပြတ် ခေါ်ကြည့်တုံးပဲဟု မောင်အောင်မျိုးရဲ့ အစ်မက  မျှော်လင့်တကြီး ရှင်းပြသည်။

မောင်အောင်မျိုးနှင့်အတူ ပျောက်ဆုံးသွားသည့် မောင်မင်းမင်း မိခင်ဒေါ်ခင်ဝင်းကတော့ “သားတို့ အဆက်အသွယ်ရရင်လည်း ပြောပေးပါနော် ၊အမေတို့ အားလုံး လုပ်ပေးပါမယ်ဟု လာသမျှလူကို မျှော်လင့်တစ်ကြီးပြောပြနေရှာသည်။ 

မောင်အောင်မျိုးနှင့် မောင်မင်းမင်းသည် ရှမ်းပြည်နယ် မြောက်ပိုင်း (၁၀၅)မိုင်အနီး မှာ ဈေးရောင်းထွက်ရင်း ပျောက်ဆုံးခဲ့သည်မှာ နှစ်နှစ် နီးပါးရှိနေသော်လည်း တစ်နေ့နေ့ ပြန်လာလိမ့်မည်ဟု မိသားစုက မျှော်လင့်နေကြဆဲဖြစ်ပြီး ဘုရား ၊တရားအပြင် ရတက်သမျှ ဗေဒင်ယတြာတွေနှင့် ပြန်လာအောင် ကြိုးစားနေကြဆဲဖြစ်သည်။  

ပျောက်ဆုံးသူတို့ရွာ (သို့မဟုတ်)ခင်ကြီးရွာထဲ ကျွန်တော်တို့လှည့်လည် သွားနေတော့ ဟိုအိမ်က ခေါ် ဒီအိမ်က ခေါ်ရင်း “ကျွန်မယောက်ကျားပေါ့ ကလေးနှစ်နှစ်သားထဲက ဈေးရောင်းထွက်ရင်း  ပြန်မလာတော့တာခု ကလေးကိုးတန်းရောက်နေပြီ

အမေ့သားလေးက လူလိမ်မာလေးပါ သားရယ် ဈေးရောင်းမထွက်ပါနဲ့ ဒီမှာ ထင်းခုတ်စားရအောင်ပါဆိုတာကို ဒီတစ်ခေါက်ထဲဆိုပြိး လိုက်သွားတာ ခုချိန်ထိ ပြန်မလာလို့ ပြန်လာခဲ့ဖို့ တွေ့ရင်ပြောလိုက်ပါ ငါ့သားရဲ့ ဆိုသည့် အမယ်အိုကို ကြည့်ရင်း ပြန်ပြောစရာ စကား ဆွံအခဲ့ရသည်။

ပျောက်ဆုံးနေသူတို့ အမြန်ဆုံးပြန်ရောက်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သကာ  ဒီအချိန်ဆို မူဆယ်(၁၀၅)အနီးတွင် နောက်ဆုံးပျောက်သွားသည့် လူငယ်လေးနှစ်ဦး ဘာလုပ်နေပါလိမ့်၊ ဘာလို့များ မိသားစုကို မဆက်သွယ်တာပါလိမ့်ဟု တွေးတောရင်း အခြားပျောက်ဆုံးသွားသူတွေလည်း ဘေးဘယာကင်းကွာပြီး မိသားစုနဲ့ အမြန်ဆုံးပြန်ဆုံတွေ့နိုင်ပါစေကြောင်း  ဆုတောင်းပေးရင်းသာ ခင်ကြီးရွာက ကျွန်တော်ပြန်ခဲ့ပါသည်။

Most Read

Most Recent