သိပ္ပံမောင်ဝ၊ မြန်မာအစိုးရနှင့် ပန်းချီပြတိုက်ကိစ္စ

သိပ္ပံမောင်ဝ၊ မြန်မာအစိုးရနှင့် ပန်းချီပြတိုက်ကိစ္စ
Published 21 June 2018

နိပါတ်တော်ရေး ပန်းချီဆရာကြီး ဦးချစ်မြဲ၏ ဘဝဇာတ်ကြောင်းကို ရေးသားရန် ဆရာကြီး၏ မိသားစုထံ သွားရောက်ခဲ့ဖူးသည်။ ဆရာကြီး၏ တပည့်များကိုလည်း လက်လှမ်းမီသလောက် ဆက်သွယ်မေးမြန်းခဲ့သည်။ ထိုစဉ်က ဆရာကြီးဦးချစ်မြဲ၏ မိသားစု ထိန်းသိမ်းထားသော ဆရာကြီးနှင့် ပတ်သက်သည့် ဓာတ်ပုံ၊ စာ၊ ပန်းချီမှတ်တမ်းများကို လေ့လာခွင့်ရရှိခဲ့သည်။ ထိုအထဲတွင် တန်ဖိုးရှိသည့် စာမှတ်တမ်းတစ်ခုမှာ သိပ္ပံမောင်ဝ၏ ‘အညာဘုရားပွဲ’ ဆောင်းပါးဖြစ်သည်။ သိပ္ပံမောင်ဝက “ဗုဒ္ဓဝင်ကားများ ရေးဆွဲထားရာ တန်ဆောင်းသို့သွားပြန်၏။ အစည်ကားဆုံးသော တန်ဆောင်ပေတည်း။ တိုး၍ပင်မပေါက်။ ထိုဗုဒ္ဓဝင်ကားများကမူ မန္တလေးပန်းချီကျော် ဦးချစ်မြဲ၏ ပန်းချီကားများ ဖြစ်လေသည်။ ယသော်ဓရာမင်းသမီး၏ အပျိုတော်များမှာ ယခုခေတ်အပျိုကလေးများကဲ့သို့ ဆံထုံးကြီးကြီး၊ ဆံမြိတ်တွေ ချထားလိုက်သေး။ ဝတ်စားထားသည်မှာလည်း အင်္ကျီလက်ရှည်ပင်ဖြစ်စေကာမူ အလွန်ပင်ခေတ်ဆန်လှပေ၏။ မျက်နှာပေါက်များမှာလည်း ခေတ်ဆန်သူ ရုပ်ချောချော ကလေးများ၏ မျက်နှာပေါက်များအတိုင်းပင်။ ထိုအရုပ်ကားများမှာ ဓာတ်မီး၏အရောင်တွင် အလွန်ပင်ပနံရလျက် နေကြလေသည်။ ခေတ်သမားမောင်လူအေးသည် ဦးချစ်မြဲ၏ လက်စွမ်းကို ချီးမွမ်း၍ မဆုံးတော့ပြီ” ဟု ရေးသားခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် ရက်ကလည်း လောကနတ်ပန်းချီပြခန်းသို့ ရောက်သည်။ မြန်မာပန်းချီလောက တိုးတက်စေရန်အကြောင်း ကိစ္စများကို အမြဲပြောလေ့ရှိသည့် ပန်းချီဆရာတစ်ဦးက “ကိုကို ရေးတာတွေ ဖတ်ရတယ်။ အခုဘာရေးနေလဲ” ဟု မေးသည်။ မိမိက သိပ္ပံမောင်ဝနှင့် မြန်မာပန်းချီပြတိုက် အကြောင်းရေးရန် အချက်အလက် စုနေကြောင်း၊ သိပ္ပံမောင်ဝ၊ ဗိုလ်လကျ်ာ၊ ဒဂုန်တာရာတို့သည် မြန်မာပန်းချီပြတိုက်များ ပေါ်ပေါက်ရန် စစ်ကြိုခေတ်၊ စစ်ပြီးခေတ်များက ကြိုးပမ်းခဲ့ကြကြောင်း ပြောမိသည်။ ဆရာက ဦးစံဝင်းတို့၊ ဦးလှရှိန်တို့လည်း ယခင်က စိတ်ကူးခဲ့ကြကြောင်း ပြန်ပြောသည်။ ဦးဘဉာဏ်၊ သိပ္ပံမောင်ဝ၊ ဦးဘဇော်၊ ဦးသာထွန်း၊ ဦးလှရှိန်၊ ဦးစံဝင်း၊ ဆရာဇော်ဂျီ၊ မင်းသုဝဏ်တို့သည် အနောက်နိုင်ငံတွင် ပညာသင်ခဲ့ကြ၍ ပန်းချီပြတိုက်သည် နိုင်ငံ၏ ဂုဏ်ကျက်သရေတစ်ခုဖြစ်ကြောင်း သိရှိကြသည်။ ဆက်လက်၍ ပန်းချီဆရာက “ယခု တိုင်းပြည်ကို အုပ်ချုပ်နေသူများကရော နိုင်ငံခြားမရောက်ဖူးလို့လား” ဟု ဆိုသည်။ မိမိလည်း ဘာပြန်ပြောရမှန်းမသိ။ သို့သော် လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ကျော်က သိပ္ပံမောင်ဝ၏ ပန်းချီပြတိုက်ရည်ရွယ်ချက်ကိုတော့ ပြောပြချင်မိသည်။

မြန်မာပန်းချီဖြစ်ပေါ် တိုးတက်မှုလမ်းကြောင်းတွင် စာရေးဆရာ၊ သတင်းစာဆရာများ၏ ပံ့ပိုးမှုသည် အစဉ်ပါရှိခဲ့သည်။ အချုပ်တန်းဆရာဖေကြောင့်သာလျှင် မင်းတုန်းမင်းခေတ် ပန်းချီတော်ဦးကြာညွန့်၏ ကျော်ကြားမှုကို မှန်းဆနိုင်ခဲ့ခြင်း ဖြစ်သည်။ ပီမိုးနင်း၏ အားထုတ်မှုကြောင့် ဦးဘဉာဏ်ကို မြန်မာများ ပိုမိုသိရှိခဲ့ရသည်။ ပန်းချီဆရာ၊ စာရေးဆရာ ဦးဘစိန်၏ ပြုစုမှုကြောင့် ပန်းချီတော်ဆရာချုံကို သတိထားမိခဲ့သလို သိပ္ပံမောင်ဝ၏ အညာဘုရားပွဲသည်လည်း ဦးချစ်မြဲ၏အခန်းကဏ္ဍကို လှစ်ပြနိုင်ခဲ့သည်။ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ်တို့ စာပေညီနောင်သုံးဦးသည် ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့ရင်း မြန်မာပန်းချီလောက တိုးတက်ရေးအတွက်လည်း ဆောင်ရွက်ခဲ့ကြသည်။ ထိုအထဲတွင် သိပ္ပံမောင်ဝမှာ အသက်တမ်းစေ့ မနေခဲ့ရသော်လည်း မြန်မာပန်းချီပညာအပေါ် အထူးစေတနာထားခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။

မြန်မာပန်းချီပညာကို တိုးတက်စေလိုသူ သိပ္ပံမောင်ဝ

၁၉၂၇ ခုနှစ် သိပ္ပံမောင်ဝ၏ အောက်စဖို့ဒ်ပညာသင်ခရီးတွင် ခရီးဖော်မှာ ပန်းချီဦးဘဇော်ဖြစ်သည်။ သိပ္ပံမောင်ဝက တိုင်းပြည်အုပ်ချုပ်ရေးပညာကို သင်ယူမည်ဖြစ်ပြီး ဦးဘဇော်မှာ ပန်းချီပညာကို သင်ယူရန်ဖြစ်သည်။ အင်္ဂလန်သို့ ရောက်သောအခါ ဗြိတိသျှပြတိုက်ကြီးကိုကြည့်ကာ သိပ္ပံမောင်ဝက “မြန်မာပြည်တွင် ပြတိုက်တစ်တိုက် မရှိသေးသည်မှာ အံ့သြစရာကြီး တစ်ရပ်ပါတကားဟူ၍လည်း စဉ်းစားမိသေး၏” ဟု မှတ်တမ်းတင်ခဲ့သည်။ ထို့နောက် အမျိုးသားပန်းချီပြတိုက် (National Gallery) သို့သွားရောက် ကြည့်ရှုခဲ့ပြန်သည်။ “ထိုပြတိုက်ကြီးအတွင်း ထူးဆန်းသော ပန်းချီကားများ ပြည့်နှက်လျက်နေသည်ကို မြင်ရ၏။ ကားမွန်၊ ကားကောင်းတို့၏ စုဝေးရာဌာနဖြစ်သောကြောင့် ကြည့်၍မငြီးတော့ပြီ။ ကျွန်တော်တို့ကဲ့သို့ ထိုကားများကို လာရောက်ကြည့်ရှုသူတို့လည်း များပြားလှပေ၏။ ပန်းချီဆရာအချို့မှာ မိမိတို့ကြိုက်ရာကားများကို ကူးယူနေကြလေသည်။ မြန်မာပြည်တွင်ကား ဤသို့သော ပြတိုက်မျိုးကိုထားရန် စိတ်ပင်မကူးကြသေးပေ။ အလွန်ဝမ်းနည်းမိတော့၏။ ဤသို့သော ပြတိုက်မျိုး မြန်မာပြည်တွင် တွေ့မြင်ရန် နှစ်ပေါင်းမည်မျှ စောင့်ရဦးမည်နည်း” ဟု ရင်မောခဲ့ရသည်။

သိပ္ပံမောင်ဝသည် ပန်းချီပညာ သင်လျက်ရှိသော ဆရာဦးဘဇော်ထံသို့လည်း သွားရောက် လည်ပတ်သည်။ ပန်းချီအကြောင်း၊ ကဗျာအကြောင်းများကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် လန်ဒန်မြို့တွင်းရှိ ပန်းချီပြတိုက်ကြီးများသို့ သွားရောက်ကာ တစ်နေကုန် ပန်းချီကား ကြည့်ကြသည်။ ဦးဘဇော်က ပန်းချီကား အကောင်းအညံ့၊ အဘယ်ကြောင့်ကောင်းသည် အဘယ်ကြောင့်ညံ့သည် စသည်များကို သိပ္ပံမောင်ဝကို ရှင်းပြသည်။ ပန်းချီဦးဘဇော်သည် အင်္ဂလန်သို့ ရောက်စတွင် မြန်မာဝတ်စုံကိုပင် ဝတ်မည်ဟု စိတ်ပိုင်းဖြတ်ထားသူ ဖြစ်သည်။ သို့သော် ချမ်းလှသည်ကတစ်မျိုး၊ လူအများက အထူးအဆန်းလုပ်ကာ ကြည့်ကြသည်တန်ကြောင့် စိတ်ပျက်ပျက်ဖြင့် အင်္ဂလိပ် အဝတ်အစားများကို ဝတ်ခဲ့သူဖြစ်သည်။ “မည်သူသည် မိမိအား သူတကာက အထူးအဆန်းလုပ်ကာ စိုက်၍ကြည့်ခြင်းကို ကြာရှည်သည်းခံနိုင်ပါအံ့နည်း” ဟု သိပ္ပံမောင်ဝက ဆိုခဲ့သည်။

သိပ္ပံမောင်ဝသည် မြန်မာပြည်သို့ ပြန်ရောက်ပြီးနောက် နယ်ဘက်အုပ်ချုပ်ရေးတွင် နယ်ပိုင်၊ အရေးပိုင်စသည်ဖြင့် အမှုထမ်းရင်း အနုပညာဆောင်းပါးများစွာကို ရေးသားခဲ့သည်။ ထိုစဉ်က ဘားမားအတ်ကလပ်သည် ပန်းချီပညာ တိုးတက်ပြန့်ပွားရေးကို ရှေးရှုဆောင်ရွက်နေသလို စာနယ်ဇင်းများကလည်း ပန်းချီပညာကို အလေးထားခဲ့ကြသည်။ သို့သော် လန်ဒန်ရှိ ပန်းချီပြတိုက်များကို လေ့လာကြည့်ရှုခဲ့သူ သိပ္ပံမောင်၀ အတွက်တော့ မြန်မာပန်းချီလောကသည် အားရစရာ အခြေအနေ မဟုတ်ခဲ့ပေ။ အနည်းဆုံးတော့ ပန်းချီပြတိုက်တစ်ခု ရှိစေချင်ခဲ့သည်။ သိပ္ပံမောင်ဝသည် နယ်တကာလှည့်ရင်း ဘုရား၊ တန်ဆောင်း၊ ဇရပ်၊ ဘုန်းကြီးပျံလောင်တိုက်မှ ပန်းချီကားများကို လေ့လာခံစားသည်။ မဟာဝင်၊ ရာဇဝင်၊ ဗုဒ္ဓဝင်၊ နိပါတ် ပန်းချီကားများကိုကြည့်ရင်း မြန်မာပန်းချီဆရာများသည် ဝတ္ထုဆရာ၊ ရာဇဝင်ဆရာ၊ နိပါတ်ဟော ဆရာများနှင့် တူသည်ဟု ကောက်ချက်ချသည်။ ဘုန်းကြီးပျံလောင် တိုက်ပါသွားသော ခေတ်ပြိုင်ပန်းချီလက်ရာများကိုလည်း နှမြောနေမိသည်။ “အကယ်၍သာ ဤကားများ အနောက်နိုင်ငံများမှာ ကဲ့သို့ပြတိုက်ကြီးများတွင် သိမ်းဆည်းထားမည်ဆိုပါလျှင် ရှေးပန်းချီဆရာကြီးများ၏ စိတ်ကူးစိတ်သန်း မည်သို့ရှိကြောင်း၊ တစ်ဦးနှင့်တစ်ဦး မည်သို့ စိတ်ကူးခြားနားကြောင်းကို ကောင်းစွာသိရပေလိမ့်မည်။ မြန်မာပြည်တွင် ပန်းချီကားပြတိုက်မရှိသည်မှာ ဝမ်းနည်းစရာကြီးဖြစ်တော့သည်” ဟု ဆိုခဲ့သည်။

ပန်းချီဦးဘဉာဏ် အင်္ဂလန်မှ ပြန်လာပြီးနောက်ပိုင်းတွင် ပန်းချီပြပွဲများကို ယခင်ကထက် လူစိတ်ဝင်စားမှု များလာခဲ့သည်။ အထူးသဖြင့် ရန်ကုန်နေပရိသတ်များသည် ပန်းချီပွဲများနှင့် ပိုမိုထိတွေ့ ခွင့်ရခဲ့ကြသည်။ ပန်းချီဦးဘစိန်ကလည်း ပန်းချီဆောင်းပါးများကို ကဝိမျက်မှန်မဂ္ဂဇင်းတွင် ရေးသားခဲ့သည်။ သိပ္ပံမောင်ဝသည် ကိုယ်တိုင်စာပေများကို ရေးသားနေရင်း မြန်မာပန်းချီလောက၏ ပြောင်းလဲမှုများကို စောင့်ကြည့်နေခဲ့သည်။ “အနောက်နိုင်ငံသို့ သွားရောက်၍ ပန်းချီပညာရပ်များကို သွားရောက်လေ့လာခြင်း မပြုခဲ့သော်လည်း အနောက်နိုင်ငံစနစ်အတိုင်း ပုံတူကားများ ရေးဆွဲလေ့ရှိသော ပန်းချီကျော်တို့ကား ဦးဘလုံ၊ ဦးအုန်းလွင်တို့ ဖြစ်ကြလေသည်။ ထိုပန်းချီကျော်တို့မှာ ဒဂုန်မဂ္ဂဇင်းတွင် စတင်နာမည်ထွက်လာခဲ့ကြလေသည်။ အရှေ့နိုင်ငံစနစ်နှင့် အနောက်နိုင်ငံစနစ်တို့ကိုပါ လိုက်စားလေ့လာသော ပန်းချီဆရာကား ဦးဘစိန် ဖြစ်လေသည်။ …ရှေးစနစ်အတိုင်းလည်း မကတက၊ အနောက်နိုင်ငံစနစ်လည်း မကျတကျပုံများကို ရေးဆွဲလေ့ရှိသော ပန်းချီကျော်တို့ကား ဦးချစ်မြဲနှင့် ဦးဘရင်ကြီးတို့ ဖြစ်ကြလေသည်။…ဦးထွန်းကြွယ်၏ ပုံများကား ရှေးစနစ် အရိပ်အငွေ့လုံးလုံး မကင်းသေးသော်လည်း ခေတ်ဆန်သောကားများ ဖြစ်လေသည်” ဟု ဆိုခဲ့သည်။ ပန်းချီဦးဘဉာဏ်ကိုမူ အီတလီပန်းချီကျော် မိုက်ကယ်အန်ဂျလိုနှင့် နှိုင်းယှဉ်ခဲ့သည်။

သို့သော် မြန်မာပန်းချီပညာ၏ အခြေအနေကို သိပ္ပံမောင်၀ မသုံးသပ်နိုင်ခဲ့ပေ။ “တိုးတက်လာသလော၊ ဆုတ်ယုတ်၍သွားသလော။ ဤအမေးကို ဖြေကြားရန် အလွန်တရာမှပင် ခက်လှပေသည်။ မြန်မာပြည်တွင် ပန်းချီကားပြတိုက်တစ်တိုက် မရှိသေးသမျှ ကာလပတ်လုံး မြန်မာပန်းချီပညာ၏ အခြေအနေကို ဆုံးဖြတ်ရန် ခဲယဉ်းလှပေသည်” ဟု ဆိုခဲ့သည်။ ပန်းချီဦးဘဇော် ကျန်းမာရေးမကောင်း၍ ပန်းချီမဆွဲနိုင်သောအခါ သိပ္ပံမောင်၀ ဝမ်းနည်းရသည်။ ပန်းချီလောကအတွက် စိတ်မကောင်းဖြစ်ရသည်။ ပန်းချီဦးဘဉာဏ်၏ပြပွဲများ မလုပ်ဖြစ်သဖြင့် အားမလို အားမရဖြစ်ရသည်။ မြန်မာပန်းချီပညာ ပြန့်ပွားရန် ဦးသာထွန်း၏ ကြိုးပမ်းမှုများကို ကျေနပ်ခဲ့ရသည်။ ထို့ပြင် သိပ္ပံမောင်ဝသည် ကာတွန်းကျော်များဖြစ်ကြသော ဦးဘကလေး၊ ဦးဘဂျမ်း၊ ဦးဟိန်စွန်း ကာတွန်းလက်ရာများကိုလည်း ဝေဖန်ခဲ့သည်။ ကာတွန်း၏ တိုးတက်မှုကိုမူ အားရခဲ့သည်။

ရှေးက မြန်မာနိုင်ငံတွင် ပန်းချီကားများကို ဘုရား၊ တန်ဆောင်း၊ ဘုန်းကြီးပျံတလား၊ ပြာသာဒ်များနှင့်သာ ဆိုင်သည်ဟု အများစုက ယူဆခဲ့ကြသည်။ ထို့ကြောင့် မြန်မာပန်းချီကားများကို ထိထိရောက်ရောက် အားပေးမှု မပြုလုပ်ခဲ့ကြပေ။ အနောက်နိုင်ငံသားအချို့ကသာ တန်ဖိုးထား ဝယ်ယူသွားကြသည်။ ပန်းချီပညာကို ထမင်းငတ်မည့် ပညာဟူ၍ မြန်မာသမီးရှင်များက ယူဆကြသည်။ ထိုဒဏ်ကို ရှေးမြန်မာပန်းချီဆရာကြီး အတော်များများ ခံခဲ့ကြရပေသည်။ ပန်းချီကား အများစုမှာလည်း ဈေးကောင်းမရကြ။ ထိုသို့ဖြစ်ရခြင်းမှာ မြန်မာပြည်တွင် ပန်းချီကားကို ဝေဖန်ပိုင်းခြားတတ်သူရှား၍ ဖြစ်သည်ဟု သိပ္ပံမောင်ဝကယူဆခဲ့သည်။ ပန်းချီကား တစ်ခုနှင့်တစ်ခုကို နှိုင်းယှဉ်ပိုင်းခြား ဝေဖန်ရန်မှာ လုံးဝမလွယ်ကူသောကိစ္စဖြစ်သည်။ ပန်းချီကားများကို ဂရုတစိုက်ကြည့်ရှု လေ့လာနေမှသာလျှင် ပန်းချီပညာဘက်တွင် ကျွမ်းကျင်နေပေလိမ့်မည်။ ပန်းချီကားများကိုယှဉ်ကာ မကြာမကြာ ကြည့်ရှုဝေဖန်နိုင်မှသာ ပန်းချီကားတို့၏ အကျိုးအပြစ်ကို မြင်လာပေလိမ့်မည်။

သိပ္ပံမောင်ဝက “ဤသို့ ပန်းချီကားများကို ကြည့်ရှုလေ့လာနိုင်ရန် မြန်မာနိုင်ငံတွင် လွယ်ကူလှသည်မဟုတ်ပေ။ မြန်မာနိုင်ငံတွင် ပန်းချီကားပြတိုက်ဟူ၍ အလျဉ်းမရှိ။ ဝမ်းနည်းဖွယ်ကောင်းလှပေသည်။ မြန်မာမှုတွင် အပါအဝင်ဖြစ်သော ပန်းချီပညာကို မြန်မာနိုင်ငံတွင် တိုးတက်ထွန်းကားစေလိုလျှင် ပန်းချီကားပြတိုက်ကြီး တစ်တိုက်ကို အမြန်ဆုံး တည်ထောင်ရပေလိမ့်မည်။ သို့မှသာ မြန်မာပန်းချီပညာမှာ တိုးတက်ထွန်းကားလာပေမည်။ ဤပြတိုက်ကို တည်ထောင်ပေးရန်မှာ မည်သူ၏ တာဝန်ပါနည်း။ အစိုးရ၏ တာဝန်သာဖြစ်၏။ သို့ဖြစ်သောကြောင့် ပန်းချီကားပြတိုက်ကြီးတစ်တိုက်ကို တည်ထောင်ဖွင့်လှစ်ပေးရန် မြန်မာနိုင်ငံ အစိုးရအား တိုက်တွန်းလိုက်ရပေသတည်း” ဟု အလေးအနက် တိုက်တွန်းခဲ့လေသည်။ ထိုသို့ တိုက်တွန်းပြီး တစ်နှစ်မပြည့်ခင် ၁၉၄၂ ခုနှစ်တွင် သိပ္ပံမောင်ဝသည် ဓားပြများ၏လက်ချက်ဖြင့် ကွယ်လွန်ခဲ့လေသည်။ ယခုအခါ သိပ္ပံမောင်၀ ကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ၇၆ နှစ်ရှိပြီဖြစ်သည်။ လွတ်လပ်သော မြန်မာနိုင်ငံတွင်လည်း အစိုးရအဆက်ဆက် ပြောင်းလဲခဲ့ပြီဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများလည်း ပန်းချီပညာတွင်များစွာ ဖွံ့ဖြိုးတိုးတက်ကြကုန်ပြီဟု ဆိုကြသည်။ လွန်ခဲ့သည့်ရက်က ပန်းချီစံမင်း၏ ထောင်စီးရီးပန်းချီပြပွဲ ပြုလုပ်သွားသည်။ ဝယ်ယူသူများမှာ ယူကေ၊ စင်ကာပူနှင့် ရှန်ဟိုင်းမှ ဖြစ်သည်ကို တွေ့ရသည်။ နောင်ထိုပန်းချီကားများကို ကြည့်လိုလျှင် ယူကေ၊ စင်ကာပူပန်းချီပြတိုက်နှင့် ရှန်ဟိုင်းပန်းချီပြတိုက်သို့ သွားရပေတော့မည်။

ရည်ညွှန်း
မြန်မာပန်းချီပညာ (သိပ္ပံမောင်ဝ)
မြန်မာပန်းချီကားများ (သိပ္ပံမောင်ဝ)
အညာဘုရားပွဲ (သိပ္ပံမောင်ဝ)
အောက်စဖို့တက္ကသိုလ်သွား မှတ်တမ်း (သိပ္ပံမောင်ဝ)

Most Read

Most Recent