တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ (၈)

တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ (၈)
Published 20 June 2018

Photo: wise GEEK

အထူးရာဇဝတ်ရုံး အယူခံအဖွဲ့

တော်လှန်ရေးကောင်စီသည် အထူးရာဇဝတ်ရုံးဥပဒေကို ၁၉၆၃ ခုနှစ်၊ ဥပဒေအမှတ် (၃၄) ဖြင့် ပြင်ဆင်ခဲ့သည်။ အဆိုပါ ပြင်ဆင်ဥပဒေအရ ပုဒ်မ (၃) ၌ ဇယားဝင်ပြစ်မှု တစ်ခုခုဟူသည့် စကားရပ်ကို ပယ်ဖျက်သည်။ အထူးရာဇဝတ်တရားရုံးကို မည်သည့်ပြစ်မှုကိုမဆို စစ်ဆေးစီရင်ခွင့် ပြင်ဆင်အပ်နှင်းသည်။ ၁၉၆၄ ခုနှစ် တော်လှန်ရေးကောင်စီ ဥပဒေအမှတ် (၁၁) ဖြင့် အထူးရာဇဝတ်ရုံး ဥပဒေကို ပြင်ဆင်ခဲ့ပြန်သည်။ ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၁ (၁) တွင် အထူးရာဇဝတ်ရုံးက ကြားနာစီရင်၍ အတည်ပြုအဖွဲ့က အတည်ပြုပြီးသော အမှုများကို တော်လှန်ရေးကောင်စီက ခန့်အပ်သော အယူခံအဖွဲ့သို့သာ အယူခံဝင်နိုင်ကြောင်း ပြဋ္ဌာန်းသည်။ ထိုအချိန်တွင် တရားလွှတ်တော်ချုပ် (Superme Court) ကို ဖျက်သိမ်း၍ တရားရုံးချုပ် (Chief Court) ကို တော်လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်တရားရုံးချုပ်၊ တရားသူကြီးများစာရင်း

(၁) တရားသူကြီးချုပ် ဦးဘိုကြီး
(၂) တရားသူကြီး ဦးစံမောင်
(၃) တရားသူကြီး ဦးစောဘသိန်း
(၄) တရားသူကြီး ဦးထွန်းတင်
(၅) တရားသူကြီး ဦးကျော်ဇံဦး
(၆) တရားသူကြီး ဒေါက်တာမောင်မောင်

အဆိုပါ ပုဂ္ဂိုလ်ကြီးများ ပါဝင်ဖွဲ့စည်းထားသော နိုင်ငံတော်တရားရုံးချုပ်၏ အခွင့်အာဏာကို လျှော့ချဖျက်သိမ်းရန် အဦးအစ ခြေလှမ်းအနေဖြင့် အထူးရာဇဝတ်ရုံး အယူခံအဖွဲ့ဆိုသည်ကို အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများက တည်ထောင်လိုက်ခြင်းပင် ဖြစ်သည်။

၄.၅.၁၉၆၃ ခုနှစ်တွင် တော်လှန်ရေး ကောင်စီက အထူးရာဇဝတ်ရုံး အတည်ပြု အာဏာပိုင်အဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းကြောင်း ကြေညာချက်အမှတ် (၁၁၂) ကို ထုတ်ပြန်သည်။

၁။ ဗိုလ်မှူးကြီးကျော်စိုး (ဥက္ကဋ္ဌ) (ပြည်ထဲရေးဌာနတာဝန်ခံ)
၂။ ဗိုလ်မှူးကြီးသန်းစိန် (အဖွဲ့ဝင်) (ဒုတိယဥက္ကဋ္ဌ၊ ဗဟိုလုံခြုံရေးနှင့်အုပ်ချုပ်မှု ကော်မတီ)
၃။ ဗိုလ်မှူးဝင်းဖေ (အဖွဲ့ဝင်) (ဒုစစ်ဥပဒေချုပ်၊ ကာကွယ်ရေးဌာန)

အထက်ပါအမိန့်ကို ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ၊ တရားရေးဌာန အတွင်းဝန်မောင်မောင်ဟု လက်မှတ်ရေးထိုး ထုတ်ပြန်သည်။

၂၁.၆.၁၉၆၃ ရက်စွဲပါ တော်လှန်ရေး ကောင်စီအစိုးရ၏ ကြော်ငြာချက်အမှတ် (၁၈၆) ဖြင့် အတည်ပြု အာဏာပိုင်အဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်။

၁။ ဗိုလ်မှူးကြီးသန်းစိန် (ဥက္ကဋ္ဌ) (ဗဟိုလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ)
၂။ ဗိုလ်မှူးကြီးလှဟန် (အဖွဲ့ဝင်) (ပညာရေးနှင့် ကျန်းမာရေးဌာနတာဝန်ခံ)
၃။ ဗိုလ်မှူးဝင်းဖေ (အဖွဲ့ဝင်) (ဒုစစ်ဥပဒေချုပ်၊ ကာကွယ်ရေးဌာန)

ဤကြော်ငြာချက်ကိုလည်း တရားရေးဌာန အတွင်းဝန် မောင်မောင်ကပင် လက်မှတ်ရေးထိုး ထုတ်ပြန်သည်။

၁၈.၈.၁၉၆၄ ရက်စွဲပါ ကြော်ငြာချက် အမှတ် (၂၂၉) ဖြင့် အထက်တွင် ဖော်ပြသည့် ကြော်ငြာချက်အမှတ် (၁၁၂)၊ (၁၈၆) တို့ကို ပယ်ဖျက်လိုက်သည်။ ၎င်းတို့အစား အောက်ပါအတည်ပြုအဖွဲ့ကို ဖွဲ့စည်းသည်။

၁။ ဒုဗိုလ်မှူးကြီးမောင်လွင် (ဥက္ကဋ္ဌ) လူမှုဝန်ထမ်းဌာန၊ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးဌာန တာဝန်ခံ
၂။ ဗိုလ်မှူးချုပ်သောင်းတင် (အဖွဲ့ဝင်) ဒုကာကွယ်ရေးဦးစီးချုပ် (ရေ)
၃။ ဗိုလ်ကြီးဟောင်းကျော်မြင့် (အဖွဲ့ဝင်)

ဤအမိန့်ကြောငြာစာအမှတ် (၂၂၉) ကို ထုတ်ပြန်ရာတွင် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ၊ တရားရေးဌာနအတွင်းဝန် ဗိုလ်ချုပ်အောင်ဝင်းက လက်မှတ်ရေးထိုး ထုတ်ပြန်သည်။ ထို့ကြောင့် မြန်မာ့သမိုင်းတွင် တရားရေးဌာနကို စစ်ဘက်က ၁၈.၈.၁၉၆၄ တွင် တရားဝင် စီးနင်းကိုင်တွယ်ပြီးဖြစ်ကြောင်း ထင်ရှားသည်။

၃၁.၈.၁၉၆၄ ရက်စွဲဖြင့် ၁၉၆၄ ခုနှစ် တော်လှန်ရေးကောင်စီအမိန့်အမှတ် (၆) ကို ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်နေဝင်းက လက်မှတ်ရေး ထိုးထုတ်ပြန်သည်။ ယင်းကြော်ငြာချက်အရ တော်လှန်ရေးကောင်စီသည် အောက်ပါပုဂ္ဂိုလ်များဖြင့် အထူးရာဇဝတ်ရုံး အယူခံအဖွဲ့ကို ခန့်ထားလိုက်သည်။

၁။ ဗိုလ်မှူးကြီးလှဟန် (ဥက္ကဋ္ဌ) (ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ ပြန်ကြားရေးဌာနနှင့် ယဉ်ကျေးမှုဌာန တာဝန်ခံ)
၂။ ဗိုလ်မှူးကြီးသန်းစိန် (အဖွဲ့ဝင်) (စက်မှုလက်မှုဌာနနှင့် အလုပ်သမားဌာနတာဝန်ခံ)
၃။ ဒေါက်တာမောင်မောင် (အဖွဲ့ဝင်) (တရားသူကြီး၊ မြန်မာနိုင်ငံတရားရုံးချုပ်)

ဒေါက်တာမောင်မောင်သည်လည်း ဗိုလ်နေဝင်းတပ်ရင်းမှူးအဖြစ် ဦးစီးသည့် ဗမာ့တပ်မတော် တပ်ရင်း (၄) ၏ တပ်ရေးဗိုလ်ကြီး ဖြစ်ခဲ့သည်။

ထိုအချိန်တွင် တရားရေးဝန်ကြီးဌာနကို မဖျက်သိမ်းသေး။ သို့ရာတွင် နိုင်ငံတော် တရားရုံးချုပ်၏ ရာဇဝတ်ဆိုင်ရာ အာဏာများကို ဖဲ့ယူပြီးဖြစ်သည်။ တရားစီရင်သည့် ပညာရှင် တရားသူကြီးများ၏ နေရာတွင် တရားစီရင်ရေး အတွေ့အကြုံနှင့် ဥပဒေပညာ ကျောထောက်နောက်ခံ လုံးဝမရှိသည့် စစ်ဗိုလ်ကြီးများက အစားထိုး ဝင်ရောက် နေရာယူသည်။

၁၉.၈.၁၉၇၁ ခုနှစ်တွင် ဗိုလ်မှူးကြီးသန်းစိန်က တရားရေးဝန်ကြီးအဖြစ် ပြစ်မှုကျူးလွန်သည့် ကလေးများနှင့် ပတ်သက်သော ဆွေးနွေးပွဲတွင် တက်ရောက်မိန့်ခွန်း မြွက်ကြားသည်။ ထိုအခမ်းအနားသို့ ထိုစဉ်က နိုင်ငံတော်တရားသူကြီးချုပ် ဒေါက်တာမောင်မောင်လည်း တက်ရောက်သည်။ ဆိုခဲ့ပြီးသည့်အတိုင်း ဒေါက်တာမောင်မောင်မှာ စစ်အာဏာရှင်တို့ ကျွေးမွေးစောင့်ရှောက် မြေတောင်မြှောက်ခဲ့သူဖြစ်ရာ ထိုအချိန်တွင် မြန်မာ့တရားစီရင်ရေး စနစ်တစ်ခုလုံး စစ်အာဏာရှင်တို့၏ လက်အောက်သို့ လုံးလုံးလျားလျား ရောက်သွားသည်ဟု ဆိုနိုင်ပါသည်။

နိုင်ငံတော်တရားရုံးချုပ်၏ အခန်းကဏ္ဍ

၁၉၆၂ မှ ပြည်သူ့တရာစီရင်ရေးစနစ် မစတင်မီ ၁၉၇၃ ခုနှစ်အထိ နိုင်ငံတော်တရားရုံးချုပ်သည် မိမိတို့လက်ထဲတွင် ကျန်ရှိသော တရားစီရင်ရေးမဏ္ဍိုင်ကို တတ်နိုင်သမျှ ထိန်းသိမ်းပဲ့ပြင်ခဲ့ကြသည်။ နိုင်ငံတော်တရားရုံးချုပ်က စီရင်ဆုံးဖြတ်ချက်များကို စီရင်ထုံးများအဖြစ် နှစ်စဉ်ထုတ်ဝေသည်။ နိုင်ငံတော် တရားရုံးချုပ်က စီရင်ဆုံးဖြတ်သမျှ ပြောင်မြောက်သည့် ဥပဒေသုံးသပ်ချက်များ၊ ထုံးဖွဲ့ချက်များကို ယင်းကာလစီရင်ထုံးများတွင် တွေ့မြင်နိုင်သည်။ အထူးသဖြင့် ၁၉၆၆ ခုနှစ်တွင် ထုတ်ဝေသည့် စီရင်ထုံးနှစ်တွဲတွင် အရေးပါသည့် တရားမ၊ ရာဇဝတ်ဆိုင်ရာ စီရင်ဆုံးဖြတ်ချက်များ ပါဝင်သည်။ ခေတ်အဆက်ဆက် လက်မလွှတ်တမ်း အကိုးအကားပြုကြရသည်။ တရားရုံး အဆင့်ဆင့်၏ စီရင်ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ပြည်သူလူထုဘက်မှ မကျေနပ်သံ၊ ဝေဖန်သံဟူ၍ ပဲ့တင်ကျန်ခဲ့ ကြောင်း သမိုင်းအထောက်အထား မတွေ့ရ။

၁၉၇၄ ခုနှစ်၊ ပြည်သူ့တရားစီရင်ရေးစနစ် (သို့မဟုတ်) ရှင်ဘုရင်နှင့် ညားတော့ မိဖုရား၊ ဆိုက်ကားသမားနှင့်ညားတော့ တရားသူကြီး ကတော်ခေတ်

၁၉၇၄ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေပုဒ်မအမှတ် ၈ ဖြင့် အထူးရာဇဝတ်ရုံးဥပဒေကို ရုပ်သိမ်းခဲ့သည်။ ၁၉၇၄ ခုနှစ် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲဖြင့် ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့တရားသူကြီးအဖွဲ့ အဆင့်ဆင့် ပေါ်ပေါက်လာသည်။ ယင်းတို့မှာ-

(၁) ဗဟိုတရားရုံး၊
(၂) တိုင်း၊ ပြည်နယ် ပြည်သူ့တရားရုံး၊
(၃) မြို့နယ်ပြည်သူ့တရားရုံး၊
(၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု ပြည်သူ့တရားရုံးတို့ ဖြစ်သည်။

တရားစီရင်ရေးအဖွဲ့များတွင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပါဝင်ဖွဲ့စည်းသည်။ မြို့နယ်တစ်ခုတွင် မြို့နယ်တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌရှိပြီး မြို့နယ်အကျယ်အဝန်းနှင့် လူဦးရေ အချိုးအစားအရ တရားသူကြီးအဖွဲ့ အဖွဲ့ဝင်များ ပါဝင်သည်။ တရားစီရင်ရေး အဖွဲ့ခွဲတိုင်းတွင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် နှစ်ဦး ပါဝင်သည်။ အဖွဲ့ဝင်များသည် အချိန်ပိုင်း ပြည်သူ့တရားသူကြီးများ ဖြစ်ကြသည်။

ပြည်သူကိုယ်တိုင် စီရင်သည့် ပြည်သူ့တရားစီရင်ရေးစနစ်ဟု အကြီးအကျယ် ချီးမွမ်းခန်းဖွင့်ခဲ့ကြသည်။ သို့ရာတွင် အရာရာတွင် ပါတီဦးဆောင်မှုက အဓိကဟူသည့် မဆလမူအရ ကောင်စီအဆင့်ဆင့်မှာ ပါတီ၏ လက်အောက်သို့ ရောက်ရှိနေသည်။ အဆိုပါ အာဏာရပါတီသို့ ဝန်ထမ်းဟူသမျှနှင့် အခွင့်အရေး မျှော်ကိုးသူများ၊ ခေတ်ပြောင်းလေမလားဟု ထင်ယောင်ထင်မှားဖြစ်ကြသူများ အကြီးအကျယ် ဝင်ရောက်ခဲ့ကြသည်။ အစပိုင်းတွင် တောပြန်များ၊ လက်နက်ချများ၊ ဆိုရှယ်လစ်အနွယ်ဝင် နိုင်ငံရေးပါတီမှ ကေဒါများကို သစ်မရှိခင်စပ်ကြား ဝါးပေါင်းကွပ်သုံးခဲ့သေးသော်လည်း မဆလပါတီ တတိယအကြိမ် ညီလာခံတွင် စစ်တပ်နှင့် စစ်တပ်လိုလားသူများမှအပ ကျန်နိုင်ငံရေး အင်အားစုအားလုံးကို ကန်ထုတ်ပစ်သည်။ နိုင်ငံရေး ‘နကန်းတစ်လုံးမျှ နားမလည်သော’ စစ်ဗိုလ်ကြီးများက ပါတီယူနစ်ဥက္ကဋ္ဌများ၊ ပြည်သူ့ကောင်စီ အဆင့်ဆင့် ဥက္ကဋ္ဌများအဖြစ် တာဝန်ခံ ဆောင်ရွက်ကြတော့သည်။ သို့ဖြင့် သမိုင်းတွင် မကြုံဖူးသည့် ပျက်ရယ်ပြုဖွယ် တရားရုံးများ ပေါ်ပေါက်လာသည်။

ဆိုရှယ်လစ်ဝါဒ၏ စံနှုန်းများ၊ မူများ၊ တရားကိုယ်သဘောများကို ကြားပင်မကြားဖူးသည့် စစ်ဗိုလ်ကြီးများက နိုင်ငံရေးအာဏာကို ကိုင်စွဲကျင့်သုံးသည့်အခါ ရင်သပ်ရှုမောဖွယ် လူတန်းစား အကဲဖြတ်ချက်များ ပေါ်ပေါက်လာသည်။ ဆိုရှယ်လစ်ဝါဒအရ အလုပ်သမားလူတန်းစားကို အခြေခံ၍ လယ်သမားနှင့် ပေါင်းစည်းကာ ပြည်သူအာဏာ ထူထောင်ရမည်ဟု ဆိုသော်လည်း ဗိုလ်ချုပ်ကြီးနေဝင်းက ၎င်းတို့၏ မြန်မာနည်း၊ မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်အရ စစ်တပ်ကို အခြေခံ လူတန်းစားအဖြစ် သတ်မှတ်သည်။ နိုင်ငံတကာ ဆိုရှယ်လစ်ပါတီများတွင် ပါတီနှင့် တပ်၏ ဆက်ဆံရေးကို ‘သေနတ်က ပါတီကိုအမိန့်မပေးရ၊ ပါတီကသာ သေနတ်ကို အမိန့်ပေးရမည်’ ဟူသည့်မူကို စွဲကိုင်ကြသည်။ သို့ရာတွင် ဗိုလ်ချုပ်ကြီးနေဝင်းကမူ သူ၏ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်တွင် စစ်တပ်ကို လူတန်းစားအခြေခံဟု သတ်မှတ်ရုံမက ပါတီနှင့် စစ်တပ်ကို တစ်ခုတည်းဖြစ်အောင် ရောမွှေခဲ့သည်။ သို့ဖြစ်ရာ တပ်မတော်အတွင်းရှိ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်၊ ဗိုလ်ချုပ်ကြီးဆိုသူများသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတွင်လည်း ဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ အလိုအလျောက် ဖြစ်လာကြသည်။ လမ်းစဉ်ပါတီ၏ဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူး အဖွဲ့ဝင်များ စသူတို့မှာလည်း အငြိမ်းစားဗိုလ်ချုပ်၊ ဗိုလ်ချုပ်ကြီးများ ဖြစ်ကြသည်။

သို့ဖြင့် ဆင်းရဲသားများဖြင့် ကောင်စီအဆင့်ဆင့်တွင် တည်ဆောက်ရမည်ဟူသည့် လမ်းညွှန်ချက်အရ ပထမအကြိမ် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲများတွင် ဆိုက်ကားသမားများပင် အခြေခံ လူတန်းစားအဖြစ် ရွေးကောက်တင်မြှောက်ခံကြရသည်။ အချို့ မြို့နယ်တရားသူကြီးအဖွဲ့များတွင် ပါတီဝါစဉ်အရ ဆိုက်ကားသမားက မြို့နယ်တရားသူကြီးအဖွဲ့ဥက္ကဋ္ဌ ဖြစ်လာသည်။ သို့ဖြင့် ‘ရှင်ဘုရင်နှင့်ညားတော့ မိဖုရား၊ ဆိုက်ကားသမားနှင့်ညားတော့ တရားသူကြီးကတော်’ ဟူသည့် ပြက်လုံးပေါ်ပေါက်လာသည်။

ဗဟိုတရားရုံး

ဗဟိုတရားရုံးတွင် ဖွဲ့စည်းခဲ့သည့် ဗဟိုပြည်သူ့တရားသူကြီးအဖွဲ့တွင် သီလ၊ သမာဓိနှင့် ပြည့်စုံပြီး ဥပဒေပညာထူးချွန်သည့် အရပ်သားပုဂ္ဂိုလ်များလည်း ပါဝင်ပါသည်။ ဗိုလ်ချုပ်အေးစံကဲ့သို့ တရားသူကြီးနှင့် အမှန်တကယ် တူသည့် စစ်ဘက်ပုဂ္ဂိုလ်အချို့ ပါဝင်ခဲ့သည်ကိုလည်း အသိအမှတ်ပြုရပါမည်။ ဤမဆလ တရားစီရင်ရေးစနစ်ကြီးကို အစအဆုံး မျက်ဝါးထင်ထင် တွေ့မြင်ဖြတ်သန်းခဲ့ရသည့် ရှေ့နေတစ်ဦးအနေဖြင့် ပြောရလျှင် တတိယအကြိမ် ဗဟိုပြည်သူ့တရားသူကြီးအဖွဲ့၊ ဗဟိုတရားရုံးတို့မှာ မဆလခေတ်တစ်လျှောက် အကောင်းဆုံး၊ အမှန်တရားနှင့် အနီးစပ်ဆုံးဖြစ်သည်ဟု ဆိုချင်ပါသည်။ ပြည်သူ့တရားသူကြီးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်ဟိန်းကဲ့သို့ ဖြောင့်မတ်တည်ကြည်သည့် တရားသူကြီးတစ်ဦး ရှိခဲ့ဖူးသည်ကိုလည်း မှတ်တမ်းတင်ရပါလိမ့်မည်။

(ဆက်လက်ဖော်ပြပါမည်)

Most Read

Most Recent