အရာရာ အရသာလျော့လာတယ်

အရာရာ အရသာလျော့လာတယ်
Published 19 June 2018


Photo -CNN Money

(၁)

ဒီနေ့ဆိုတာကလည်း မနေ့က အငွေ့အသက်ကို မနည်းပြန်ရအောင် လုပ်ယူထားရသလိုပါပဲ။ မနေ့က အကြောင်းအရာ အဖြစ်အပျက်တိုင်းကို ပြန်မျှားယူနေရသလို ဒီကနေ့ကိုလည်း ပျင်းရိငြီးငွေ့စွာ ကုန်ဆုံးစေလိုက်တာမျိုးပေါ့။  နေ့စဉ်နေ့တိုင်း ကိုယ့်အယူအဆကိုယ် အမှန်ထင်နေတဲ့ အတ္တမနက်ဖြန်ကို ကြိုတင်မခန့်မှန်းနိုင်သေးတဲ့ ကိစ္စတွေကြားမှာ ကျွန်တော်တို့အားလုံး ဗျာများနေကြရတယ် မဟုတ်လား။ မနက်ဖြန်ကို ကြိုမစဉ်းစားချင်ဘူးဆိုတာကတော့ ကိုယ့်စိတ်ထဲက တစ်စုံတစ်ခု ထပ်မံလျော့ကျသွားလိမ့်ဦး မလားဆိုတာကို တွေးပြီးကြောက်နေရတာမျိုးပါ။ ဒါပေမဲ့ အရင်က အခြေအနေတွေ ပြန်ကြုံချင်သေးလားလို့ လာမေးရင်တော့ တချို့တစ်ဝက်လောက်ကိုသာ ပြန်လိုချင်နေမိတယ်လို့ပဲ ဖြေရမှာပေါ့။ ဖြစ်သမျှ အရာရာ အရင်က ဖြစ်ရပ်အားလုံးကိုတော့ အရင်ကအတိုင်း ပြန်မခံစား မကြုံတွေ့ချင်တော့ဘူးလေ။ ကဲအခုရော ကျွန်တော်တို့ ဘယ်ကိုသွားနေကြရတာလဲတဲ့။ အခု လတ်တလော အခြေအနေတွေမှာ ကျွန်တော်တို့ကိုယ်တိုင် ကိုကဘာမှ ကြိုတင်တွက်ဆထားလို့မရတဲ့ လမ်းမပေါ် ရောက်နေခဲ့တာတဲ့လေ။ ဟုတ်လား။ ဘယ်သူမှ မသိကြပါဘူး။

နံနက်ခင်းမှာ အိပ်ရာအဟောင်းပေါ်ကနေသာ ကျွန်တော်တို့ဟာ လောကထဲ နေ့အသစ်တစ်ခုထဲ တစ်ဖန် နိုးထလာခဲ့ကြတယ်။ ပျော်ရွှင်ဖွယ်ရာ ဝမ်းနည်းဖွယ်ရာ ဘာပဲဖြစ်ဖြစ် အဆင်သင့်ဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ကို နံနက်စာ စားပွဲပေါ် တွဲမြင်ရသလို ကြုံတွေ့ခံစားကြရမှာပါ။ ဆိုပေမဲ့ နေရောင်ကျရောက်လာတယ် ဆိုရုံလောက်နဲ့ ဒီနေ့လည်း ကျွန်တော်တို့အားလုံး မနေ့က အတိုင်းပဲ ဖြစ်ပျက်လာလိမ့်မယ်။ မနေ့က အတိုင်းပဲ ပူပန်မှုလောကဓံထဲ လျှောက်နေရဦးမယ်လို့လည်း မထင်စေချင်ပါဘူး။ အဲဒီလိုပဲ အိမ်အပြင်ဘက်လမ်းမပေါ် ထွက်လာခဲ့ရုံနဲ့ မနေ့ကတွေ့တဲ့ လူတွေနဲ့သာ တွေ့လိမ့်မယ်။ မနေ့က ပြဿနာအဟောင်းတွေနဲ့သာ  ရင်ဆိုင်တိုးမိလိမ့်မယ်လို့ ထင်နေမိတာကိုက မှားနေကြတာပဲပေါ့လေ။ အဆိုးပဲဖြစ်ဖြစ် အကောင်းဖြစ်ဖြစ် အဖြစ်အပျက်အဟောင်းတွေဆိုတာ ပြန်ပြန်ကျော့နေတတ်တဲ့သဘောမှ အမြဲရှိမနေတတ်တာ။ အရာရာ အားလုံးဟာ သူ့အစီအစဉ်အတိုင်း တစ်ခုချင်းဖြစ်ပျက်နေတာပေါ့။ ဟုတ်တယ်။ သူ့အလိုလိုသာ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေတာ။ အကုန်လုံးဟာ လိုအပ်လို့ကို ပြောင်းလဲနေကြရ  ဖြစ်နေကြရသလိုပါပဲ။ အဖြစ်အပျက်ဟောင်းတွေထဲ ကိုယ်တိုင်ကိုက ပြန်ပြန်ရောက်ချင်နေတဲ့စိတ် ဖြစ်နေတာက တစ်ပိုင်းပေါ့လေ။ လက်တွေ့မှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး မဟုတ်လား။ ဒါပေမဲ့ ပန်းရနံ့တွေကသာ အိမ်တံခါး၀ အရောက်မလာချင် မလာဘဲ ဖြစ်နေတတ်တာ၊ ဒုက္ခတရားတွေကတော့ အိမ်တံခါးကို အမြဲလာခေါက်နေလေ့ ရှိတယ်လို့လည်း ဆိုတတ်သေး၊ ပြောလို့ရနေပြန်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဟာ နေ့စဉ်ဘဝရဲ့ အမြဲလိုအပ်နေတဲ့ ဝမ်းရေးကွက်လပ်မှာ အဖြေချရေးဖို့ကို အမြဲ အရေးကြီးနေတတ်ပေမယ့် တွန့်ဆုတ် မေ့လျော့နေမိကြသလိုမျိုးပေါ့။

(၂)

မျှော်လင့်ချက်တွေတောင်မှ တဖြည်းဖြည်း အရောင်ဖျော့ကျလာခဲ့ပြီလို့ ဆိုချင်မိပါတယ်။ အရာရာ အရသာ လျော့ကျနေတယ်။ အဲဒီစကားလုံးကို သုံးစွဲဖို့ ဖြစ်လာရတာကလည်း တကယ့်ကို ခံစားချက်တွေ၊ အရသာတွေ မှိန်ဖျော့ လျော့ကျလာခဲ့လို့ပါပဲ။ အားယူနိုးထလာတဲ့ မနက်ခင်းတွေတောင်မှ အရောင်အဆင်း ကင်းမဲ့လို့ နေရောင်ဟာ မွဲပြာခြောက် သွေ့နေတယ်။ ဒီတစ်နေ့လည်း ဘာတစ်ခုမှ အရာမထင်ဘဲ သူ့အလိုလို ပြီးဆုံးသွားလိမ့် ဦးမယ်လို့သာ စိတ်ကထင်မိပြန်တယ်။ ညတုန်းက မက်ခဲ့တဲ့ အိပ်မက်ထဲ အရောင်လွင့်နေတဲ့ ပိတ်စလေးတစ်စကို မြင်ခဲ့ရသလိုပဲ ကိုယ့်ကိုယ်ကိုယ် တဖြည်းဖြည်း မှိန်ဖျော့ပျောက်ကွယ် သွားလိမ့်မယ်လို့သာ ထင်နေမိပါတော့တယ်။ ကျွန်တော်တို့အားလုံး အတိတ်ကို ပြန်နှိုးဆွ တမ်းတလွမ်းဆွတ်ပြီး နေသင့်ပါရဲ့လားတဲ့။ တစ်ခါတစ်ခါပေါ့လေ။ လွမ်းမောမှုဆိုတာ တစ်ခါတစ်ခါကျရင် နံရံကိုပြန်ကန် ထွက်လာတဲ့မြားလို မထင်မှတ်တဲ့ အချိန်မထင်မှတ်တဲ့ နေရာကနေ ရင်ဝကိုလည်း တည့်တည့်စိုက်ဝင်စေတတ်တာ မဟုတ်လား။ ကျွန်တော်တို့ မထင်မှတ်တဲ့ အခြေအနေမှာ ရူးလောက်အောင် နာကျင်နေရတတ်တာပေါ့။ ဘာကြောင့်လဲဆိုတော့ ဖျတ်ခနဲ စူးနင့်သွားတဲ့ ဝေဒနာဆိုတာ အနာဟောင်းပြန်ပေါ်လာသလို ကြီးကြီးမားမား ခံစားသွားရတတ်တာကိုး။ ဒါပေမဲ့ အတိတ်ဖြစ်ရပ် တော်တော်များများကိုတော့ ပြန်မလိုချင် မကြုံဆုံချင်တော့ပါဘူး။ ဘဝထဲ နောက်တစ်ကြိမ် ပြန်မကြုံချင်တော့လောက်အောင်လည်း ကြိုးစားမေ့ပစ် လိုက်ချင်နေမိပြန်တယ်။ ဟုတ်တယ်လေ။ အတိတ်ဖြစ်ရပ်တိုင်းဟာ ကျွန်တော်တို့အတွက် အမြဲနာကျင်ခံစားလွမ်းမောနေဖို့မှ မလိုတာ။

အားလုံးကတော့ အနာဂတ်မှာ တောက်ပလာမလား၊ နေရောင်ကို မျှော်လင့်နေကြပေမယ့် အတိတ်ကို ပြန်ရောက်သွားမလား ကြောက်နေကြရတုန်းပါ။ ကျွန်တော်တို့ ကြုံခဲ့ရတဲ့ အတိတ်ဟာ လွယ်လွယ်လေး မေ့ပစ်လို့မှ မရခဲ့တာပဲဗျာ။ အဲဒီလိုမဟုတ်လား။ အားလုံးရဲ့အတိတ်ဟာ ခါးသီးခဲ့ရတာချည်း ပဲလို့တောင်မှ ဆိုလို့ရနေပြန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နောက်ပြန်လှည့်ရမှာလည်း  ကြောက်နေကြရတယ် ဆိုပေမယ့် ရှေ့ကို မျှော်ငေးကြည့်တော့လည်း ရောင်နီအလင်းစ  လေးတစ်စလောက်မျှ မမြင်ကြရသေးဘူးပေါ့။ အဲဒီလို အခုပြောပြချင်နေတဲ့ အရာရာတိုင်းမှာ အရသာ လျော့ကျလာတယ်ဆိုတာ ကတကယ်ပါ။ နေ့စဉ် အဖြစ်အပျက်တိုင်းမှာ ကြုံတွေ့ခံစားရသမျှ အခြေအနေတိုင်းကို  ပျော်ဝင်ခံစားရတာ အရသာကင်းမဲ့လာတယ်။  ခပ်ကြောင်ကြောင် ဥပမာပေးရရင် အစားအသောက်တွေကအစ အရသာမရှိ ဖြစ်လာခဲ့တာပါပဲ။

(၃)

မလွတ်လပ်ခဲ့ရတဲ့ အတိတ်နဲ့ လွတ်လပ်စွာနေလိုတဲ့ လူငယ်ဘဝတွေတုန်းကတော့ စိတ်ဟာ ခြံတံခါးသံဆူးကြိုးမှာ ငြိနေတဲ့ နွယ်ပင်လေးတစ်ပင်လိုပဲ။ အပေါ်ကိုသာ တွန်းကန်တက်သွားချင်ခဲ့တာပါ။ ကျွန်တော်တို့  စိတ်တွေကို အရာရာက တုပ်နှောင်နေတယ်။  မလွတ်လပ်ဘူးဆိုပေမယ့် အချိန်တိုင်းမှာ ရုန်းကန်ထွက်ပြေးချင်နေမိသလိုပေါ့။ ရည်ရွယ်ရာမဲ့တဲ့ လမ်းတွေ ရည်မှန်းချက်အပြည့်ရှိနေပေမယ့် ဆာလောင်မွတ်သိပ်နေရတဲ့ ဘဝဟာ ဘယ်လောက်များ နာကျင်ကြေကွဲစရာ  ကောင်းလိုက်သလဲလို့။ ဟုတ်တယ် မဟုတ်လား။ အဲဒီတုန်းကများ ပြောပါတယ်၊ စိတ်ဟာ သစ်ရွက်ကလေးလိုပဲ လွတ်လပ်ရင်ပြီးရော၊  ခြောက်သွေ့ ကြွေကျမယ်ဆိုရင်တောင်မှ ကြွေချင်နေတော့တာလေ။ လွတ်လပ်လို စိတ်ဘယ်လောက်များ ပြင်းထန်နေခဲ့သလဲဆိုတာ ပြောပါတယ်။ အမှတ်တရဖြစ်ရပ်တွေ အရင်တုန်းက ရှိခဲ့ဖူးတဲ့ သံယောဇဉ်ချစ်မေတ္တာတွေကို ပြန်အောက်မေ့ တမ်းတနေမိခဲ့တာလည်း ရှိတာပေါ့။ ဟိုးအရင်က ချစ်ခင်ရင်း နှီးခဲ့ဖူးတဲ့ လူတွေနဲ့ သေကွဲကွဲခဲ့ရတာ ရှိသလို တချို့လည်း ဘဝတစ်ကွေ့မှာ ရှင်ကွဲခွဲခွာလာခဲ့ရဖူးတာလည်း ရှိနေခဲ့ပါသေးတယ်။ အဲဒီလိုဆိုတော့လည်း အလွမ်းဟာ မျက်ရည်လွယ် လာတတ်တဲ့ ချစ်မေတ္တာတရားတွေ ဖြစ်သွား ခဲ့တာပေါ့။ အရာရာ အရသာ လျော့လာတယ်။လွတ်လပ်လိုစိတ်တွေ အရသာလျော့ကျလာရဲ့။ လူမှုဘ၀ အခင်းအကျင်းမှာ ပိုပြီးပူလောင် မွန်းကျပ်လာတဲ့ စိတ်တွေနဲ့သာ အတိတ်ကို ပြန်နှိုးဆွ လိုက်ရှာနေမိတယ်။ ဒါပေမဲ့ အတိတ်ထဲမှာလည်း အမှတ်တရဖြစ်ရပ်တွေ အကောင်းအတိုင်းရှိနေဆဲ၊ သတိရ လွမ်းဆွတ်မှုဆိုတာထက် ဆိုးရွားမှုတွေကသာ ပိုပြီးနေရာယူနေတော့တာပါပဲ။ ချစ်ခြင်းမေတ္တာတရားနဲ့ ဖြူစင်ရိုးသားမှုဆိုတာထက်လည်း နာကျင်ဖွယ်ကောင်းတဲ့ အဖြစ်အပျက်တွေကသာ မိုးလုံး ပြည့်နေရာယူထားတာပေါ့။ အဲဒီလိုဆိုတော့လည်း ဘာမှ မတတ်နိုင်ခဲ့ပြန်ဘူးပေါ့လေ။

ရပ်နေရာက နောက်ပြန်လှည့် ပြန်ရောက်သွားချင်တဲ့ အတိတ်ဆိုတာ အရင်က ကိုယ်နေထိုင်ဖူးတဲ့ နေရာမှာ အရင်က သံယောဇဉ် လက်ကျန်လူတွေနဲ့ အရာဝတ္ထုတွေ ချစ်ခြင်းမေတ္တာတွေ အကောင်းအတိုင်း ရှိနေခဲ့ခြင်းဆီကိုသာ။ ကိုယ်သယ်သွားစရာ အထုပ်အပိုးဆိုလို့လည်း လွမ်းဆွတ်တမ်းတ ဖြစ်ရပ်တွေနဲ့ ချစ်ခြင်းမေတ္တာတရားပဲ ရှိပါလိမ့်မယ်။ အနာဂတ်ကိုလည်း အဲဒီစိတ်တွေနဲ့သာ ဆက်သွားဖြစ်နေလိမ့်မယ်လို့ ထင်ပါတယ်။ နောက်ပြီး စားခဲ့ဖူးတဲ့ သရက်သီးတစ်လုံး မုန့်တစ်ခုမှာ  မေ့မရအောင် ချဉ်ခြင်းတက် လွမ်းဆွတ်နေမိသလို သွားဖူးတဲ့နေရာ ထိုင်ဖူးတဲ့ ခုံတန်းလျား၊ ကိုယ်ဖြတ်သန်းဖူးတဲ့ ပတ်ဝန်းကျင်အရိပ် အငွေ့တွေကို သတိရနေဖြစ်ပေမယ့် နောက်ကျောက တစ်လျှောက်လုံးပါနေတဲ့ ဇာတ်လမ်း ကျောရိုး ခေတ်အခြေအနေ ဆိုးကြီးကိုတော့ ဘယ်လိုမှ ပြန်မဆုံချင်တော့ဘူးပေါ့။ အဲဒါကို ပဲပြန်တမ်းတ၊ ရွှေထီးကို သစ်စေးထပ်ချချင်နေသူတွေလည်း တွေ့နေရတော့ အခုကတည်းက စကားပြတ်အောင် ပြောထားလိုက် မိတာပါ။ တကယ်ကို အံသြနာကျင်ဖွယ်ရာ တွေပါပဲ။ ကိုယ့်နောက်ကျောကို စိုက်ဖူးတဲ့ ဓားဖျားကိုမှ ပြန်လွမ်းနေတယ်ဆိုတာ အံ့သြတုန်လှုပ်စရာ သိပ်ကောင်းတာပေါ့ဗျာ။ မဟုတ်ဘူးလား။

(၄)

ပူနေဆဲ နေရောင်ထဲဆိုပေမယ့် ရှေ့ကိုသာ ဆက်လျှောက်ဖြစ်နေကြတယ် ဆိုရသလိုပေါ့။ အတိတ်ဆိုတာကတော့ ပြန်တမ်းတမိတယ်ဆိုတာကလွဲရင် ထပ်ပြန်ကျော့ကျော့ပြီး ရောက်လာလေ့ မရှိတတ်လို့လည်း ဆွေးမြည့်နေရုံကလွဲ ကြောက်စိတ်နဲ့ ပူလောင်နေတယ်ဆိုတာမျိုးတော့ မရှိနေပါဘူး။ အခုလည်း ကျွန်တော်တို့က ဘာဖြစ်နေလို့လဲတဲ့။ ဘယ်နေရာမှာ အခြေကျ ရပ်နေမိလို့လဲဆိုရင် ဘယ်နေရာမှာမှကို အခြေမကျ အမြဲယိမ်းယိုင်နေတော့တာလေ။ အဖြစ်အပျက်တိုင်း ခံစားချက် အရာရာတိုင်း ယိမ်းထိုးလှုပ်ခတ်နေတော့တာ။ အရသာမဲ့လာတယ်ဆိုတာလည်း အဲဒါပါပဲ။ အရာရာမှာ အရသာလျော့ ကျလာတယ်။ စားမှုသောက်မှု နေမှုထိုင်မှု သံယောဇဉ်လက်ကျန် ချစ်ခြင်းမေတ္တာ အရာရာအားလုံး အရသာ လျော့ကျလာခဲ့တာပေါ့။ နေရောင်ကိုမြင်တယ်၊ ကြယ်ရောင်ပျောက်တယ်၊ ဝမ်းသာတယ်၊ ကျေနပ်တယ်၊ ပျော်ရွှင်ရယ်မောရတယ်ဆိုတာ အားလုံးဖြစ်နေဆဲလို့ ဆိုပေမယ့် ခံစားမှုမှာ အရသာမရှိတော့တာက ကြာပါပြီ။

တချို့လူတွေက ငွေကို ရှာနိုင်ခဲ့ကြတယ်။ တချို့ကတော့ အောင်မြင်မှုကို ရှာတွေ့ခဲ့ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်ကတော့ လွမ်းဆွေးလိုမှုကိုသာ အမြဲဖက်တွယ်ထား မိလေရဲ့။ ပတ်ဝန်းကျင် အနီးအနားမှာကိုက သတင်းစကားတွေဟာ ဝံပုလွေအရုပ်ရေးပြီး သိုးရေခြုံ ယုန်ယောင်ဆောင်လာခဲ့တာ မဟုတ်လား။ ကျွန်တော်တို့အားလုံး ဝမ်းနည်းကြေကွဲ ရတယ်။ အသိဉာဏ် ဆင်ခြင်တုံတရားတွေ မရှိတော့ဘူးလားတောင် ထင်နေမိတယ်။ တကယ်တော့ ကျွန်တော်တို့အားလုံးကလည်း နောက်ဆုံးလက်ကျန် လူ့သက်တမ်းမှာ ရောက်နေရှိနေ ဖြစ်နေကျန်နေခဲ့ကြရတာပါ။ လူ့လောကထဲ သစ္စာတရားဟာ ကင်းပလာခဲ့တယ်။ ချစ်ခြင်းမေတ္တာတွေ ကင်းလွတ်လာခဲ့ကြတယ်။ အသိဉာဏ်နည်းပါးလာ ရိုးသားမှုတွေဟာ ပျောက်ဆုံးလာခဲ့ပါတော့တယ်။ ကိုယ်ချင်းစာတရားဆိုတာ ခန်းခြောက်လာခဲ့ ပြီးပြီဖြစ်လို့ အဲဒါကိုပဲ ကျွန်တော်တို့မှာ ဘယ်သူမှ မစေခိုင်းဘဲနဲ့ ရင်နဲ့ မဆံ့အောင် ကြုံတွေ့ခံစားနေရတယ်။ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မျက်စိအောက်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေတိုင်းကို ဝမ်းနဲ့မလွယ်ခဲ့ရင်တောင် မျက်ရည်လွယ်ခဲ့ရတယ်။ ဝေဒနာထက်မက နာကျင်နေခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်တစ်လျှောက်လုံး ပြောလာခဲ့တဲ့ အရာရာဟာ အရသာ လျော့ကျလာတယ် ဆိုတာကလည်း ဖြစ်နေဆဲပေါ့။ ဘာမှ မတတ်နိုင်ပါဘူး။

Most Read

Most Recent