ပို၍ ... ပို၍ စိုးရိမ်စရာကောင်းလာသော မြန်မာ့အခြေအနေ

ပို၍ ... ပို၍ စိုးရိမ်စရာကောင်းလာသော မြန်မာ့အခြေအနေ
Published 18 June 2018

 

၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၁ ရက်က နယူးယောက်မြို့၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များ ရခိုင်အရေးနှင့်ပတ်သက်၍ တံခါးပိတ်ဆွေးနွေးပွဲကျင်းပစဉ်

ယခုရက်ပိုင်းဖတ်ရသော သတင်းများက ဆက်တိုက်ဆိုသလို မြန်မာ့အနာဂတ်စိုးရိမ်စရာအခြေအနေကို ထင်ဟပ်စေပြီး စိုးရိမ်မှုကို ညွှန်ပြနေသောညွှန်းကိန်း၊ နိမိတ်များအဖြစ် တွေ့ရပါလိမ့်မည်။

အထူးသဖြင့် နိုင်ငံငယ်များသည် လွယ်ကူစွာပင်ကျဆုံးနိုင်ငံ Failed State အဖြစ် ပြောင်းလဲသွားနိုင်သည်။ ထိုသို့ မဖြစ်စေရန် အစိုးရများက ကြိုးစားကြရ၏။ သို့သော်လည်း အစိုးရတိုင်းသည် အသိဆိုင်ရာ အနိမ့်အမြင့်ပေါ်မူတည်၍ ကိုယ့်နိုင်ငံကိုယ့်အကျိုးစီးပွားပေါ် ကာကွယ်နိုင်ပုံချင်း မတူညီကြချေ။ အင်အား အင်မတန်ကြီးမားခဲ့ပါသည်ဟုဆိုသော ဆိုဗီယက်ယူနီယံခေတ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး မီခေးလ်ဂိုဘာချော့ဗ် လက်ထက်တွင် နိုဘယ်ဆုပေးပြီး ဆိုဗီယက် ပြည်ထောင်စုကြီးကို စုံးစုံးကျသွား စေခဲ့သည်မှာ ကျန်နိုင်ငံများသင်ခန်းစာယူရဖို့ ကောင်းခဲ့၏။

G – 7 တွင် ဟာစီနာ “ရို” အရေးတင်ပြခဲ့

မြန်မာ့အနာဂတ် စိုးရိမ်ရေ မှတ်ဖြစ်စေသည့် အကြောင်းအရာ အချို့တွင် ဘင်္ဂါလီအရေးသည် အကြောင်းရင်းကြီးတစ်ခု ဖြစ်သည်။ မောင်တောကို ဦးစွာအရင်အကြမ်းဖက်၍ ရက်စက်စွာသတ်ဖြတ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်အခြေစိုက် ARSA အကြမ်းဖက်အဖွဲ့၊ သို့သော်လည်း ယနေ့ကမ္ဘာ့မီဒီယာတွင် ARSA အကြမ်းဖက်က ပျောက်ကွယ်ခဲ့ပြီး ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်ဘက်ထွက် ပြေးခဲ့သည့် သတင်းကသာ ဖုံးလွှမ်းခဲ့သည်။

အစိုးရအနေဖြင့် ချက်ချင်း ARSA ကို အကြမ်းဖက်သတ်မှတ်ပြီး တုံ့ပြန်လျှင် လက်ဦးမှုရနိုင်ပါသော်လည်း များစွာနောက်ကျခဲ့သည်။ မြန်မာသည် ယခုအခါ နိုင်ငံတကာဖိအားကို ကြီးမားစွာရရှိခဲ့၏။ မလိုအပ်ဘဲ “အာနန်ကော်မရှင်” ကို ဖွဲ့စည်းခဲ့ရာ တတ်သိနားလည်သူများက ကန့်ကွက်ခဲ့ပါသော်လည်း ရှေ့ဆက်တိုးမှုကြောင့် အာနန်ကော်မရှင် အစီရင်ခံစာကို အခြေခံ၍ ကမ္ဘာက တောင်းဆိုမှုများ ပြုလုပ်မှုနှင့် ရင်ဆိုင်နေရပြန်သည်။

၇.၅.၁၈ နေ့ သတင်းအရ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် ရိုဟင်ဂျာအရေးကို G -7 တွင် တင်ပြခဲ့သည်။ OIC နိုင်ငံများကို စည်းရုံးပြီး မြန်မာကိုဖိအားပေးခဲ့၏။ အစိုးရ၏ ကြီးမားသော အမှားပေါ်အခြေခံပြီး ဟာစီနာသည် OIC ကို များစွာ မစည်းရုံးလိုက်ရ။ “ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအသိုင်းအဝိုင်း” ဟူသော အစိုးရအသုံးအနှုန်းက ဘာသာရေးအပေါ်အခြေခံထားရာ OIC က ဖိအားပေးတော့သည်။ “ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအသိုင်းအဝိုင်းဟုဆိုလျှင် ဘင်္ဂါလီနှင့်သာသက်ဆိုင်သော်လည်း “မွတ်စလင်အသိုင်းအဝိုင်း” ဟု အဘယ်ကြောင့် အစိုးရက အဆင်အခြင်မဲ့စွာ သုံးစွဲခဲ့ပါသနည်း။

ကနေဒါနိုင်ငံ ကီးဘတ် (Quebec) တွင် ၈.၆.၁၈ နှင့် ၉.၆. ၁၈ နှစ်ရက် ပြုလုပ်သည့် စက်မှုအင်အားကြီး ခုနစ်နိုင်ငံ G -7 တွင် ဟာစီနာက ဘင်္ဂါလီအရေးတင်ပြခဲ့ရာ မြန်မာ့အရေးပို၍ ရင်လေးဖွယ်ရာ ဖြစ်လာ၏။ ထိုအစည်းအဝေးတွင် မြန်မာ့အရေးကို ကမ္ဘာ့အသိုင်းအဝိုင်းအထိ တိုးချဲ့နိုင်စေရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres, IMF ဥက္ကဋ္ဌဖြစ်သူ Christine Lagarde စသော သြဇာကြီးမားသော ခေါင်းဆောင်များနှင့်အတူ ခေါင်းဆောင် ၁၂ ဦး ပါဝင်ခဲ့သည်။ ဘင်္ဂါလီအရေးတွင် ကနေဒါ၏ပါဝင်မှုကို ဟာစီနာက မြှင့်တင်သည့်သဘောဖြစ်ပြီး ကမ္ဘာ့အသိုင်းအဝိုင်းပါဝင်လာရန် ကြိုးစားမှုတစ်ရပ် ဖြစ်သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး၏ ကြိုတင်တုံ့ပြန်မှု ဘာမျှမတွေ့ရချေ။ ဤသည်ကပင် မြန်မာသည် ခံစစ်ကို ပြင်ဆင်ထားခြင်းမရှိဟု ယူဆဖွယ်ရာ ရှိရာများစွာအံ့သြဖို့ ကောင်းလှပါ၏။

တောင်းဆိုချက် ရက် ၃၀ ပြန်ကြားပါ

ဘင်္ဂါလီအရေးသည် မြန်မာနိုင်ငံကို ရေတိမ်နစ်စေရန်အကြောင်း တစ်ခုဖြစ်သည်။ ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ရက် ၃၀ အတွင်း ပြန်ကြားရန် တောင်းဆိုရာဇသံပေး လိုက်သည်ကို တွေ့ရသည်။  အချုပ်အခြာအာဏာပိုင်သည့် လွတ်လပ်သော နိုင်ငံတစ်ခုအနေဖြင့် များစွာခံပြင်းစရာ ဖြစ်သည်။ ရို (ဘင်္ဂါလီ) အရေးကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တောင်းဆိုမှုကို လေ့လာခွင့်ရခဲ့သော AFP က သတင်းထုတ်ပြန်ခဲ့ပါသည်။

ARSA အကြမ်းဖက်မှုကို ဖျောက်ဖျက်၍ မြန်မာဘက်က လူမျိုးစုရှင်းလင်းရေး (Ethnic Cleansing) အဖြစ် စွပ်စွဲထားသည်။ ဘင်္ဂါလီကို ရိုဟင်ဂျာဟု အတင်းအဓမ္မ အမည်ပြောင်းထားပြီး ဘင်္ဂါလီအနည်းဆုံး ၇၀၀၀၀၀ ခန့် ထွက်ပြေးခဲ့သည်ဟု ဖော်ပြထား၏။ (ဟာစီနာ က ၁၃၀၀၀၀၀) ဟု လေသံပစ်ထားသည်။ တပ်မတော်က လုံခြုံရေးတာ ဝန်ယူထားသည့်အချိန်တွင် ဘင်္ဂါလီများ ထွက်ပြေးခဲ့သည်မှာ မှန်ပါသည်။ ရွာများတွင် အကြမ်းဖက်မှုများရှိနေသောကြောင့် သူတို့အကြောင်း သူတို့သိ၍ ထွက်ပြေးကြခြင်း ဖြစ်ပါ၏။ သို့သော်လည်း တပ်က ဆုတ်ခွာပြီးချိန်တွင်လည်း အုပ်စုလိုက် ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးသွားရခြင်းမှာ တစ်ဖက်ကမ်းတွင် UN အေဂျင်စီများက စားသောက်ဖွယ်ရာများ အလကားမျှဝေနေရာ “လာပါ-လာပါ” ဟု ခေါ်နေသောကြောင့် ဖြစ်ပါသည်။ တမင်ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပစ္စည်းအလကား ပေးခေါ်ယူခဲ့ခြင်းကို ထွက်ပြေးသူများအဖြစ် ပုံဖော်ခံခဲ့ရပြန်ပါသည်။

ကုလသမဂ္ဂတွင် ဗြိတိန်ကဦးဆောင်ပြီး အမေရိကန်၊ ပြင်သစ်နှင့်အတူ လူမျိုးစုရှင်းလင်းခဲ့သောကြောင့် ဘင်္ဂါလီများ ထွက်ပြေးရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာကို အရေးယူရန် ကြိုးစားခဲ့သည်ကို တွေ့ရသည်။ ထိုစွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ၏ တောင်းဆိုမှုကို မြန်မာအစိုးရက သဘောတူခဲ့သည်။ (တပ်မတော်က စုံစမ်းစစ်ဆေးပြီး၊ ထိပ်တန်းအရာရှိကြီးများ အပါအဝင်အများအပြားကို ပြစ်ဒဏ်ပေး ခဲ့ပြီးဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏ ဆောင်ရွက်မှုကိုမည်မျှပစ်ပယ်ပြီး အချုပ်အခြာကို မည်မျှစော်ကားရာရောက်ကြောင်း ဆင်ခြင်နိုင်ပါလိမ့်မည်။)

အခြေအနေအရပ်ရပ်သည် အလွန်စိုးရိမ်စရာကောင်းသည်ဟု စာတွင် ဖော်ပြထားပြီး ကုသသမဂ္ဂ၏ တောင်းဆိုချက်ကို ရက်ပေါင်း ၃၀ အတွင်း ပြန်ကြားရန် ရာဇသံ ပေးခြင်းခံနေရပါသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ဖြစ်သော ခရစ္စတင်းရှရိန်နာဘာဂျင်နာ အနေဖြင့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပါဦးမည်။

ကုလသမဂ္ဂအနေဖြင့် ARSA အဖွဲ့၏ အကြမ်းဖက်မှုကို အဘယ်ကြောင့် ထိမ်ချန်ထားပါသနည်း။

မြန်မာအစိုးရအနေဖြင့်လည်း အကြမ်းဖက်ခံရမှုကြောင့် ဖြစ်လာသော နောက်ဆက်တွဲပြဿနာများဖြစ်ကြောင်း အဘယ်ကြောင့် ထိထိမိမိ မတုံ့ပြန်ရပါသနည်း။

မြန်မာကို အမိန့်ပေးနေသည်လား

အမေရိကန်သံရုံးက အစိုးရ၏ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ထောက်ခံကြောင်း ထုတ်ပြန်ခဲ့သည်။ ကြေညာချက်သည် ထောက်ခံမှုထက် “အမိန့်ပေး” နေသည်နှင့်မခြားကြောင်း တွေ့ရသည်။

“စုံစမ်းစစ်ဆေးရာတွင် ပွင့်လင်းမြင်သာမှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှု၏ အမြင့်ဆုံးစံချိန်စံညွှန်းများကို စွဲကိုင်သွားရန်နှင့် စုံစမ်းစစ်ဆေးမှု၏ ရလဒ်တစ်ခုအနေဖြင့် သင့်လျော်သောအရေး ယူမှုများတွင် အစိုးရက ဆောင်ရွက်ရန်အတွက်လည်း အရေးကြီးမည် ဖြစ်ပါသည်” ဟု ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရ၏။

ထိုစာပိုဒ်ကို အသေအချာဖတ်လျှင် အစိုးရကို အမိန့်ပေးထားသည့် ပုံစံ၊ လမ်းညွှန်ထားသည့်ပုံစံ ဖြစ်နေသည်ကို တွေ့နိုင်ပါသည်။

အချုပ်အခြာပိုင်သော နိုင်ငံတစ်ခုကို အခြားမည်သည့်နိုင်ငံကမှ အမိန့်ပေး၍မရ၊ လမ်းညွှန်၍မရပါ။ “ဖြစ်သင့်သည်ဟု ယူဆပါသည်”  “ထိုသို့ဆောင်ရွက်မှုအတွက် အမြင်သဘောထား တူညီပါသည်” စသည့်အရေးအသားမျိုးသာ ဖြစ်ရပါလိမ့်မည်။

ပြီးခဲ့သောရက်ပိုင်းအတွင်းက ရုရှားမှ သတင်းတစ်ခု ထုတ်ပြန်ခဲ့သည်။ အမေရိကန်အနေဖြင့်  အနည်းဆုံး နိုင်ငံပေါင်း ၆၀ ၏ ရွေးကောက်ပွဲ ပေါင်း ၁၂၀ ထက်မနည်းတွင် ပါဝင်ခြေရှုပ်ခဲ့သည်ဟူသော သတင်းဖြစ်သည်။ လေ့လာအားကောင်းသူများ အတွက်မူ ဆန့်ကြယ်လှသည့်သတင်းတော့ မဟုတ်ပါ။ နိုင်ငံများစွာ၌ ပါဝါနိုင်ငံများ၏ မည်သို့ပါဝင်ပတ်သက်ခဲ့သည်၊ မည်သို့သြဇာသက်ရောက် စေထားသည်ဟူသော အခြေအနေတစ်ရပ်အဖြစ် ရှုမြင်နိုင်ပါသည်။

သဘောတူလက်မှတ်များ ရေးထိုး

အတိုင်ပင်ခံရုံးမှထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အချို့က  စိုးရိမ်စရာကို မြင့်တက်စေပြန်ပါသည်။ ယခင်ကလည်း “အာနန်ကော်မရှင်” ကို အများစုတားဆီးနေသည့်ကြားက ဖွဲ့စည်းခဲ့၏။ “အကြံပြုမှုသာဖြစ်ပြီး လိုက်ပါလုပ်ဆောင်ရန် မဟုတ်ပါ” ဟူသော အကြောင်းပြချက် ပေးခဲ့၏။ သို့သော်လည်း ယခုအခါ ထိုအကြံပြုချက်ကိုပင် “အတိအကျ လိုက်နာ၍ အမြန်ဆုံးအကောင်အထည်ဖော်ပါ” ဟု နိုင်ငံတကာက အာနန်အကြံပြုချက်ကို အခြေခံပြီး ဖိအားပေးလာခဲ့ပါသည်။

ယခုအခါတွင်လည်း UNDP ၊ UNHCR စသော ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းအတော်များများနှင့် သဘောတူ လက်မှတ်ထိုးခဲ့သည်ကို တွေ့ရသည်။ လွတ်လပ်သော ကော်မရှင်တစ်ရပ်ကို “ကမ္ဘာ့ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးက ဦးဆောင်၍”ဟူကာ အတိုင်ပင်ခံရုံး ကြေညာချက်တွင် တွေ့လိုက်ရပြန်သည်။ “အာနန်ကော်မရှင်” ဖွဲ့စည်းစဉ်က ပြည်တွင်းအရေးကို နိုင်ငံတကာ ဇာတ်ခုံပေါ် ရောက်နိုင်ကြောင်း တတ်သိသူများ၊ နိုင်ငံရေးပါတီများ၊ အစုအဖွဲ့များ၏ သတိပေးမှုကြားက ဆောင်ရွက်ခဲ့ရာ ထိုအကျိုးဆက်ကို ခံစားနေရဆဲ ထပ်မံ၍ “နိုင်ငံခြားသား” ဦးဆောင်အဖွဲ့ကို ထပ်မံဖွဲ့စည်းခြင်းသည် သင့်လျော်၊ မသင့်လျော် ဆင်ခြင်စဉ်းစားနိုင်ဖို့ ကောင်းပါ၏။ ပို၍ ဆိုးဝါးသည်က ကြေညာချက်ဟူသည့်  အဆင့်ထုတ်ပြန်ရာတွင် အမည်နာမ နောက်ခံကိုဖော်ပြထားခြင်း မရှိဘဲ “ကမ္ဘာ့ထင်ရှားနိုင်ငံခြားသား တစ်ဦး”ဆိုသည့် အသုံးမှာ နိုင်ငံတကာရုံး လုပ်ထုံးလုပ်နည်းများနှင့် များစွာ ဆန့်ကျင်နေသည်ကို တွေ့ရပါ၏။

■ ရင်လောက်တင်မှ ဒူးလောက်ကျသော လုံခြုံရေး

နိုင်ငံတစ်ခု၏ လုံခြုံရေးသည် များစွာ အရေးကြီးလှပါ၏။ ယနေ့ Fail State ဖြစ်ခဲ့ရသော နိုင်ငံများ၏အဖြစ်က သက်သေခံပြီး ဖြစ်ပါသည်။ နိုင်ငံတစ်ခု၏ လုံခြုံရေးအစီအမံ ဆိုသည်မှာ ရင်လောက်တင်ထားမှ ဒူးလောက်ရသည့် အခြေအနေ ဖြစ်ပါ၏။ တစ်ဖက်ကလည်း သူ့နည်းသူ့ဟန်ဖြင့် ပုံစံအမျိုးမျိုးသုံးကာ ထိုးဖောက်တတ်သောကြောင့် ဖြစ်သည်။

ယနေ့ UN အဖွဲ့အစည်း အများအပြားကို ဝင်ခွင့်ပေးခဲ့၏။ မည်သည့် အတိုင်းအတာမျိုးဖြင့် ခွင့်ပြုထားပါမည်နည်း။ အစိုးရတစ်ရပ် အနေဖြင့် မည်မျှ ပြင်ဆင်ထားပါသလဲ။ နဂိုကပင် သဘောတူညီချက် ရယူထားရပါလိမ့်မည်။ အကြမ်းဖက် ARSA တို့ ခိုအောင်းရာတွင် ကုလသမဂ္ဂ အကူအညီပေးခဲ့သော စားသောက်ဖွယ်ရာ၊ ဆေးဝါးများကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ ဆက်လက် စဉ်းစားနိုင်ပါလိမ့်မည်။

ယနေ့ UN အဖွဲ့အစည်းများမှာပင် Economic Hit Man ဟူသော သူလျှိုများစွာ ပါဝင်နေသည်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိကြပြီး ဖြစ်ပါသည်။ ကိုယ်တိုင် EHM ဖြစ်ခဲ့ သော John Perkins ၏ စာအုပ်တွင် ကုလသမဂ္ဂ၏ မည်သည့် အဖွဲ့အစည်းများတွင် မည်သို့ပါဝင်ခဲ့ကြောင်း ထုတ်ဖော် ရေးသားခဲ့ရာ ငြင်းပယ်၍ရသော အရာမဟုတ်တော့ပါ။

ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၏ ဝင်ရောက်မှုကြောင့် ပြဿနာပို၍ လျော့ပါးသွားသောနိုင်ငံများနှင့် ပြဿနာပို၍ ကြီးထွားလာသော နိုင်ငံအရေအတွက်ကို သုတေသနပြု၍ လေ့လာလျှင် ပို၍ ထင်ရှားစွာ တွေ့ရပါလိမ့်မည်။ ထိုသို့ သုံးသပ်ရေးသားထားသော အကြောင်းအရာများလည်း များစွာရှိနေပါ၏။

ခြုံငုံ၍ဆိုရလျှင် မြန်မာ့ပစ္စက္ခ အခြေအနေသည် များစွာ စိုးရိမ်ဖွယ်ရာကောင်းသော အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်နေရပြီး အနာဂတ် အလားအလာမှာလည်း နွံနစ်နေသူ တစ်ဦးကဲ့သို့ “လှုပ်လေ မြုပ်လေ” အခြေအနေမျိုးဖြစ်သဖြင့် ဆိုးသထက်သာ ပို၍ဆိုးလာစရာ ရှိသည်ဟု သုံးသပ်ရပါ၏။

မြန်မာတို့အနေဖြင့် ရွေးချယ်ရန် လမ်းခွဆုံတစ်ခုသို့ ရောက်နေသည်ဟု မြင်ပါသည်။ ခေါင်းပုံခံ၍ တအိအိနွံနစ်ခံမည်လား။

ယခုမျိုးဆက်များ၏ ဆောင်ရွက်မှုသည် မိမိတို့၏ သားမြေးတို့၏ အနာဂတ်ဖြစ်သည်ကို မမေ့မလျော့ ရန်ဖြစ်သည်။

မြန်မာတို့ ညံ့ကြပြီလားဟူ၍လည်း ကိုယ့် ကိုယ်ကိုယ်မှန်ကြည့်၍ မေးရန် အခြေအနေသို့ ရောက်လာခဲ့ပြီဟုလည်း မြင်ပါသည်။

Most Read

Most Recent